← Chapters

လူသေတွင်း။ သစ်တောနက်စီရင်စုမြို့။ (၃)

Vol. 8 Ch. 106

လူသေတွင်း။ သစ်တောနက်စီရင်စုမြို့။ (၃)

Vol. 8 Ch. 106

စူးချန်ခုန်း၏ လေးလံပြီး ကြီးမားသော သံဖြတ်ဓားသည် သာမန်လူတစ်ယောက် ကိုင်ဆောင်နိုင်သော အရာမဟုတ်ကြောင်း မော့ထျဲက ရှင်းရှင်းလင်းလင်း သတိရမိသည်။

စူးချန်ခုန်း ထွက်ခွာသွားသည့်ညတွင်ပင် သံချပ်ကာဝတ်ဆင်ထားသည့် လျှို့ဝှက်ဆန်းကြယ်သော ကျွမ်းကျင်ပညာရှင်တစ်ဦးသည် အနက်ရောင်မြင်းတပ်ဂိုဏ်းတွင် ပေါ်လာပြီး ရှစ်ကျစ်ကျန်းနှင့် ချန်ကျွမ်းတို့ကို သတ်ဖြတ်ခဲ့ရာ မော့ထျဲအား ထိုအဖြစ်အပျက်နှစ်ခုကို ပေါင်းစပ်ရန် လှုံ့ဆော်ပေးခဲ့သည်။

သံနက်အိမ်တော်တွင် စူးချန်ခုန်းသည် နေ့တိုင်း လက်သီးထိုးနည်းများကို လေ့ကျင့်ခဲ့ပြီး ရံဖန်ရံခါ ခြံစောင့်အဖွဲ့များက သူ့ကို မြင်သော်လည်း စူးချန်ခုန်း၏ ဝူချင်းရှီသည် သမားတော်ထံမှ သင်ယူခဲ့သော ကျန်းမာရေးထိန်းသိမ်းသည့် လက်သီးလေ့ကျင့်ခန်းများထက် ဘာမှမပိုကြောင်းကို သိရှိထားကြသည်။

ဒါတင်မကသေးဘဲ ယန်ဖေးနဲ့ သူ့တပည့်နှစ်ယောက်က သံနက်အိမ်တော်ကနေ ပြန်ပေးဆွဲခံရသောကြောင့် သူတို့ ထွက်သွားပြီး မကြာခင်မှာပဲ တစ်စုံတစ်ယောက်က ယန်ဖေးနဲ့ တခြားသူတွေကို ဘုရားကျောင်းတစ်ခုမှာ သတ်ပစ်ခဲ့တာကို မော့ထျဲက ပြန်သတိရမိသည်။ ထိုအချိန်တွင် မော့ထျဲနှင့် အခြားသူများက ထိုကိစ္စက သိုင်းပညာရှင်အချင်းချင်း ရန်ဖြစ်ခြင်းဟုသာ ရိုးရိုးရှင်းရှင်း ထင်မြင်ခဲ့ကြသည်။

ယခုမူကား ထိုလူဆိုးသုံးယောက်ကိုသတ်ပြီး သံနက်အိမ်တော်အတွက် ပြဿနာကိုဖြေရှင်းခဲ့သူမှာ အပြင်လူမဟုတ်ဘဲ စူးချန်ခုန်း ဖြစ်နေလေ၏။ သူသည် သံနက်အိမ်တော်ကို အမြဲတမ်း လျှို့ဝှက်စွာ ကာကွယ်ပေးနေခဲ့တာ ဖြစ်သည်။

သံနက်အိမ်တော်သည် အနက်ရောင်မြင်းတပ်ဂိုဏ်းမှ အမြစ်ဖျက်ခံရတော့မည့် ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရချိန်တွင် စူးချန်ခုန်းသည် စကားတစ်ခွန်းမှ မဆိုဘဲ အနက်ရောင်မြင်းတပ်ဂိုဏ်း၏ တစ်ကိုယ်တော် စွန့်စားကာ ချင်းရွှေတစ်မြို့လုံးကို အံ့အားသင့်စေခဲ့သည်။

မိမိဘာသာ အေးအေးဆေးဆေး အားထုတ်၍ တစ်ကိုယ်တည်း ကျင့်ကြံအားထုတ်တတ်သော ထိုလူငယ်လေးက အချည်းနှီးမဖြစ်ခဲ့ပါ။ သူသည် စစ်မှန်သော သိုင်းပညာ ထူးချွန်သူတစ်ယောက် ဖြစ်လာခဲ့သည်။ သူ၏ နှစ်ပေါင်းများစွာ လုံ့လဝီရိယ လေ့ကျင့်မှုသည် လူအများစု စိတ်ကူးယဉ်နိုင်သည့် အဆင့်ကို ကျော်လွန်သွားခဲ့ပြီဖြစ်သည်။

ရက်အတော်ကြာပြီးနောက် မော့ထျဲသည် အိမ်တော်၏အဖွဲ့ဝင်များကို ပြန်လာရန် စုရုံးလိုက်သော်လည်း စူးချန်ခုန်းကို နောက်တစ်ကြိမ်မတွေ့ခဲ့ရသလို အခြားအိမ်ခြံဝင်းအဖွဲ့ဝင်များကလည်း သူ့အကြောင်း သတင်းမကြားခဲ့ပေ။

“ချန်ခုန်း… ဘေးကင်းပြီး ချောမွေ့တဲ့ခရီးကို ပိုင်ဆိုင်ပါစေလို့ မျှော်လင့်ပါတယ်” မော့ထျဲက တိတ်တဆိတ် သက်ပြင်းချလိုက်လေ၏။ အစက သူအနားယူပြီးနောက် သံနက်အိမ်တော်ကို စူးချန်ခုန်းဆီ လွှဲပြောင်းပေးဖို့ စီစဉ်ခဲ့တာ ဖြစ်သည်။

ယခုတော့ စူးချန်ခုန်း၏ ဆန္ဒများသည် သံနက်အိမ်တော်ကို အမွေဆက်ခံဖို့ပင် မဟုတ်ကြောင်း သူနားလည်သွားလေပြီ။ သူ့မှာ ကြီးကျယ်ခမ်းနားတဲ့ ရည်မှန်းချက်တွေနဲ့ စိတ်ကူးတွေရှိသည်။ မော့ထျဲ လုပ်ပေးနိုင်တာက သူအဆင်ပြေပါစေဟု တတ်နိုင်သမျှ ဆုတောင်းပေးရုံသာ။

“သွားတော့မယ်” ဟု စူးချန်ခုန်းက ဆိုလိုက်လေ၏။

သံနက်အိမ်တော်၏ ဝင်းတံတိုင်းအပြင်ဘက်တွင် စူးချန်ခုန်းသည် သံနက်အိမ်တော်လမ်းကြောင်းပေါ်သို့ ပြန်ရောက်နေပြီဖြစ်သည်ကို သိရသော် သူ့စိတ်ထဲတွင် နောက်ဆုံးသောစိုးရိမ်မှုအနည်းငယ်ကို လွှတ်ချလိုက်ပြီး မည်သူ့ကိုမျှ မစိုးရိမ်တော့ဘဲ သူ့ခြေလှမ်းများ ပေါ့ပါးသွက်လက်စွာ အဝေးသို့ ထွက်ခွာသွားတော့လေ၏။

စူးချန်ခုန်း၏ ပန်းတိုင်သည် ကြီးကျယ်ခမ်းနားသည်။ သူသည် သိုင်းပညာ၏ အထွတ်အထိပ်ဖြစ်သော ခက်ခဲနက်နဲသည့် အန္တိမ အမတလမ်းစဉ်ကို ရှာဖွေလိုသည်။ ၎င်းက ခက်ခဲရှည်လျားသော လမ်းစဉ်တစ်ခုပင် ဖြစ်သည်။

ချင်းရွှေမြို့မှ တောနက်စီရင်စုမြို့သို့ အကွာအဝေးသည် သာမန်လူများအတွက် မကျော်လွှားနိုင်သော လီလေးထောင်ကျော် အကွာအဝေး ရှိသည်။

(၁ လီ=၀.၃၁မိုင်၊ ၄၀၀၀လီ=၁၂‌၄၀မိုင်)

အကယ်၍ လူတစ်ဦးသည် တစ်နေ့လျှင် ပျမ်းမျှ အရှိန်နှုန်း ငါးဆယ်လီဖြင့် လမ်းလျှောက်ရမည်ဆိုပါက လမ်းတစ်လျှောက်တွင် မတော်တဆမှု သို့မဟုတ် ဖျားနာမှုများ မရှိဟု ယူဆပါက နှစ်လမှ သုံးလအထိ ဆက်တိုက် ခရီးသွားရမည် ဖြစ်သည်။

တစ်နေ့ကို ကီလိုမီတာ တစ်ရာ ဒါမှမဟုတ် နှစ်ရာလောက် မြင်းစီးရင်တောင် တစ်လခွဲလောက် အချိန်ယူရဦးမည်။

စူးချန်ခုန်းသည် သူ့အထုပ်ကို ကျောပေါ်ထမ်းထားကာ မြင်းမစီးဘဲ တောနက်စီရင်စုမြို့သို့ တစ်ယောက်တည်းသွားသည့်လမ်းတွင် သူ၏ခံနိုင်ရည်မှာ မြင်းထက် အဆပေါင်းများစွာ သန်မာသည်။

စူးချန်ခုန်း အလျင်စလိုမသွားလျှင်ပင် သူသည် တစ်ရက်လျှင် လီရာပေါင်းများစွာကို သွားနိုင်ဆဲဖြစ်ပြီး သူ့ကိုယ်သူ တွန်းအားပေးကာ နေ့ရောညပါ ခရီးသွားပါက တစ်နေ့ လီတစ်ထောင်က ပြဿနာမဟုတ်ပါပေ။

စူးချန်ခုန်းသည် ချင်းရွှေမြို့နယ်မြေမှ ဆက်လက်၍ ထွက်ခွာပြီး တောနက်စီရင်စုမြို့သို့ ဦးတည်သွားခဲ့သည်။ လမ်းတလျှောက်မှာ လမ်းမှားပြီး လမ်းလွဲသွားတာမျိုးတွေ မဖြစ်ဖို့ ရွာတွေမှာ ရပ်နားပြီး လမ်းမေးတတ်လေသည်။

မျက်စိတစ်မှိတ်အတွင်းမှာ ခုနစ်ရက်ကြာသွားလေ၏။

အပြာရောင် မိုးကောင်းကင်ယံတွင် တိမ်ဖြူအနည်းငယ် ခိုနားနေ၏။ တောအုပ်လေးတစ်ခုတွင် အဝတ်အစားမျိုးစုံဝတ်ထားသည့် အလောင်းလေးငါးလောင်းခန့်သည် မြေပြင်ပေါ်တွင် လည်ပင်းများလိမ်ကာ ဦးခေါင်းခွံများ ကွဲအက်နေသည်။

ချောမောပြီး ပြတ်သားသော အသွင်အပြင်ဖြင့် အနက်ရောင်၀တ်ရုံနှင့် အရပ်ရှည်ရှည် စူးချန်ခုန်းသည် လမ်းသွားလမ်းလာ သူရဲကောင်းလေး တစ်ဦးကဲ့သို့ ၀တ်ဆင်ထားသည်။ သူက ခေါင်းငုံ့ကာ ထိုဓားပြများ၏ အလောင်းများကို စေ့စေ့စပ်စပ် ရှာဖွေလိုက်ရာ ငွေဆယ်ချောင်းကျော် တွေ့ရှိခဲ့သည်။

စူးချန်ခုန်းက သက်ပြင်းချရင်း "ကျွန်တော်ပြောသားပဲ... ကျွန်တော့်လက်သီးတွေက အရမ်းမာပါတယ်လို့။ ခင်ဗျားတို့က အသက်ထက် ပိုက်ဆံကို ဘာလို့များ ရွေးချယ်ခဲ့တာလဲ။"

ချင်းရွှေမြို့အနီးတစ်ဝိုက်မှ ထွက်ခွာသွားပြီးနောက် စူးချန်ခုန်း၏ စိတ်ထဲတွင် အကြီးမားဆုံးသက်ရောက်နေသည့် အရာက ဥပဒေမဲ့ ပရမ်းပတာ ဝရုန်းသုန်းကား ဖြစ်ခြင်းပင်။ ချင်းရွှေမြို့မှာသာမက အခြားနေရာများတွင်လည်း ဓားပြများ ထကြွသောင်းကျန်းနေ၏။

ဤခုနစ်ရက်အတွင်း လီထောင်ပေါင်းများစွာကို သူလျှောက်လှမ်းလာပြီးနောက် ဤသည်မှာ သူကြုံတွေ့ခဲ့ရသည့် စတုတ္ထမြောက် ဓားပြအဖွဲ့ဖြစ်သည်။

အရင်ဓားပြအုပ်စုများက စူးချန်ခုန်းခရီးသွားသော အရှိန်အဟုန်နှင့် တည်ငြိမ်သော ခံနိုင်ရည်အားကို မြင်သောအခါတွင် စူးချန်ခုန်းက ပါမွှားမဟုတ်ကြောင်း နားလည်သဘောပေါက်ပြီး သူ့ကို ရန်မစရဲဘဲ ဆုတ်ခွာသွားခဲ့ကြသည်။

သူ့ရှေ့က ဒီဓားပြတွေကတော့ စူးချန်ခုန်း အနားယူပြီး စားသောက်နေစဉ် ပြဿနာရှာရန် ရောက်လာခဲ့ကြတာဖြစ်သည်။ ထုံးစံအတိုင်း စူးချန်ခုန်းက သူတို့အားလုံးကို ပေါ့ပေါ့ပါးပါးသာ ရိုက်သတ်ခဲ့သည်။

ချင်းရွှေမြို့မှ တောနက်စီရင်စုမြို့သို့ သွားလာရာတွင် သာမန်လူများအတွက် အခက်အခဲများနှင့် ပြည့်နှက်နေသည်။ ခရီးသွားယာဉ်နဲ့ သွားဖို့ ပိုက်ဆံအကုန်ကျမခံရင် လမ်းတလျှောက် ဓားပြတွေ ဒါမှမဟုတ် အဝေးပြေးလမ်းက ဓားပြတွေရဲ့ ခြုံခိုတိုက်ခိုက်ခြင်း မခံရဘဲနဲ့ သူတို့ လိုရာခရီးကို မရောက်နိုင်ပေ။ ကံကောင်းလျှင် သူတို့သည် စည်းစိမ်ဥစ္စာများ ဆုံးရှုံးနိုင်သော်လည်း အသက်ကိုတော့ စောင့်ရှောက်နိုင်သည်။ ကံဆိုးမိုးမှောင်ကျပြီး ရက်စက်ကြမ်းကြုတ်သော စိတ်ထားရှိသော သွေးအေးသူများနှင့် ကြုံတွေ့ရပါက လူသေကောင်များအဖြစ်သာ အဆုံးသတ်သွားပေလိမ့်မည်။

“မီးတောက်အင်ပါယာကြီးကတော့… ဆုံးပြီပဲ!”

စူးချန်ခုန်းက သက်ပြင်းမချနိုင်ဘဲ မနေန်ိုင်။ အကယ်၍ ချင်းရွှေမြို့မှာသာ ဖရိုဖရဲ ပရမ်းပတာဖြစ်နေတာ မဟုတ်ဘဲ အခြားနေရာများတွင်လည်း ဓားပြများဖြင့် သောင်းကျန်းနေပါက ၎င်းက မင်းဆက်တစ်ခု၏အဆုံးသတ်လက္ခဏာဖြစ်လေသည်။

မီးတောက်အင်ပါယာကြီးသည် နှစ်ပေါင်းနှစ်ထောင်ကျော်ကြာ တည်ရှိခဲ့ပြီးဖြစ်ရာ ယခုတော့ ပရမ်းပတာနှင့် ဆုတ်ယုတ်မှုဆီသို့ မလွှဲမရှောင်သာ ဦးတည်နေပုံရသည်။

သို့သော် စူးချန်ခုန်းသည် ထိုကဲ့သို့ စိုးရိမ်ပူပန်မှုများဖြင့် သူ့ကိုယ်သူ စိတ်ရှုပ်မခံပေ။ သိပ်အရေးမပါတဲ့ လူတစ်ယောက်အနေနဲ့ သူ့ကိုယ်သူ ဂရုစိုက်ရင် လုံလောက်ပြီဖြစ်သည်။

"ငါ ဒီနေ့ တောနက်စီရင်စုမြို့ကို ရောက်လောက်တယ်"

စူးချန်ခုန်းသည် အချိန်နှင့်အကွာအဝေးကို တွက်ချက်ကာ တောနက်စီရင်စုမြို့နှင့် သိပ်မဝေးတော့ဟု ခံစားလိုက်ရသည်။

သူက မြေပြင်ပေါ်ရှိ အလောင်းများကို လျစ်လျူရှုလျက် မတ်တပ်ထရပ်ကာ ခရီးဆက်ခဲ့လေ၏။

"ဘယ်လို အနံ့ဆိုးကြိးလဲ!"

နောက်ထပ် လီတစ်ရာကျော် ခရီးထွက်ပြီးနောက် စူးချန်ခုန်းသည် တောင်ပေါ်လမ်းအတိုင်း လျှောက်သွားခဲ့သည်။ ရုတ်တရတ် ရှေ့ကနေ လွင့်ပျံ့လာတဲ့ ပုပ်စော်နံတဲ့ အနံ့ကို ရှူမိသည်နှင့် မျက်မှောင်ကြုတ်လိုက်လေ၏။

“တိရစ္ဆာန်တွေများ သေပြီး ဆွေးမြေ့နေတာလား”

စူးချန်ခုန်းသည် မရပ်တန့်ဘဲ အနံ့၏ရင်းမြစ်ဆီသို့ ဆက်သွားသော်လည်း အနံ့က ပိုပိုပြီး ပြင်းထန်လာသည်။

စူးချန်ခုန်းရဲ့ အတွေ့အကြုံအရတောင် သူ့ရှေ့က မြင်ကွင်းကြောင့် အံ့အားမသင့်ဘဲ မနေနိုင်ခဲ့။

ရှေ့က တောင်လျှိုမြောင်များကြားရှိ စမ်းချောင်းတွင် ရေတိမ်များ စီးဆင်းကာ အလောင်းအများအပြား ရေထဲရွှဲရွှဲနစ်နေလေ၏။

ထိုအလောင်းများက ရေစိမ်ထားရာမှ ဖြူဖျော့ပြီး ပုတ်ပွနေကာ လေမှုတ်ထားသော ပူဖောင်းများ ထိုးဆိတ်လိုက်သည်နှင့် ပေါက်ကွဲသွားမည့်နှယ်။ ထိုအလောင်းများက အနည်းဆုံး ဆယ်ရက် သို့မဟုတ် တစ်လခွဲခန့်က သေဆုံးသွားခဲ့ကြောင်း ညွှန်ပြနေသည်။

သူတို့၏ ၀တ်စားဆင်ယင်မှုအရ အားလုံးနီးပါးသည် သိုင်းပညာရှင်များ ဖြစ်ကြသည်။ စူးချန်ခုန်းသည် သူတို့အားလုံး၏ ခါးတွင် လက်နက်များ တပ်ထားသော လူတစ်ဒါဇင်ကျော်ကို တွေ့လိုက်ရသည်။ သူတို့မသေခင် လက်နက်ပင် မဆွဲနိုင်ခင်မှာ ရန်သူတွေကို ဘယ်လို ကြုံတွေ့ခဲ့ရတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိနိုင်ပေ။

"ဒါဘယ်သူလုပ်တာလဲ။ ဒီလောက် ရက်စက်တဲ့လုပ်ရပ်ကို!"

စူးချန်ခုန်းသည် အလောင်းများကို စစ်ဆေးရန် ချောက်ထဲသို့ ခုန်မချမီတွင် မူမမှန်တာ မရှိကြောင်း အတည်ပြုရန် အနီးတဝိုက်ကို သတိထားပြီး ကြည့်လိုက်သည်။

ထိုခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများက စူးချန်ခုန်းအား အံ့သြမှင်တက်သွားစေ၏။

အလောင်းတစ်ခုစီတွင် ရင်ဘတ်၌ စုတ်ပြဲနေသော အပေါက်ကြီးတစ်ခုစီရှိကာ နှလုံးက လုံးဝ ပျောက်ဆုံးနေသည်။ ဒါတင်မကဘဲ တချို့အလောင်းတွေမှာလည်း အကိုက်ခံရတဲ့ ဒဏ်ရာတွေ ရှိပြီး အကောင်ကြီးတစ်ကောင်က ကိုက်ခံရသည့်နှယ်။ ဦးခေါင်းခွံမှာတောင် တစ်ဝက်လောက် ပဲ့နေပြီး ဒဏ်ရာအစွန်းတွေက ခပ်ရှရှ။

"ဒါက သားရဲရိုင်းကြောင့်များလား။ ဒါပေမယ့် ဘယ်လိုသားရဲမျိုးက လူတွေရဲ့ဦးခေါင်းကိုမှကိုက်ဖြတ်ပြီး သူတို့ရဲ့နှလုံးသားကို ဖြတ်ထုတ်ပြီး သတ်ပစ် နိုင်စွမ်းရှိတာလဲ။ ဒါကလူကလုပ်တယ်ဆိုရင်တောင်… ဒီလူတွေရဲ့ အဖိုးတန်ပစ္စည်းတွေကို မယူသွားဘူး!"

စူးချန်ခုန်းအံ့ဩသွားပြီး မရေမရာဖြစ်နေမိသည်။

ရှာဖွေကြည့်ရာတွင် စူးချန်ခုန်းသည် အလောင်းပေါ်ရှိ ငွေစက္ကူများနှင့် ငွေတုံးများကို လုံးဝမထိထားကြောင်း တွေ့ရှိခဲ့သည်။ သို့သော် ငွေစက္ကူအများစုက ရေတွင်နစ်နေသောကြောင့် တန်ဖိုးမရှိသော စက္ကူအဖြစ်သို့ ပြောင်းလဲသွားပြီဖြစ်သည်။

သတ်ဖြတ်ပြီး နှလုံးကိုယူကာ ငွေအတွက် မဟုတ်ဘဲ တောရိုင်းတိရစ္ဆာန်များ၏ ကိုက်ခံရသကဲ့သို့ ပေါ်လာသည့် အလောင်းများက အလွန်တရာ ထိတ်လန့်စရာ ကောင်းလှပေ၏။

All Chapters