အဖိုးတန်ဆေးအိမ်တော်။ အဂ္ဂိရတ်ပညာ။ (၂)
Vol. 8 Ch. 108
ဝမ်လင်အဆောက်အဦးသည် မြို့၏ စည်ကားသိုက်မြိုက်သော စီးပွားရေးရပ်ကွက်တွင် တည်ရှိသည်။ အဆောက်အဦးတစ်ခုလုံးက ကျယ်ပြောလှသော ဧရိယာကို နေရာယူထားပြီး အနီးနားရှိ အဆောက်အဦအချို့ထက် ထင်ရှားပေါ်လွင်နေကာ ဈေးဝယ်စင်တာတစ်ခုလို ခံစားချက်ကို ပေးစွမ်းနေသည်။
ဝမ်လင်းအဆောက်အဦး၏ ပထမထပ်တွင် လူအများ သွားလာနေကြသည်။ ကောင်တာအမျိုးမျိုးတွင် လက်ဝတ်ရတနာများနှင့် အဖိုးတန်ကျောက်မျက်များကဲ့သို့သော ဇိမ်ခံပစ္စည်းများအပြင် ဓားနှင့်ဓားသွားကဲ့သို့သော လက်နက်များကိုလည်း ပြသထားသည်။
“လေးစားရပါသော ဧည့်သည်တော်ခင်ဗျား ဘာများ အလိုရှိပါသလဲ။”
စူးချန်ခုန်းသည် အဆောက်အဦးထဲဝင်ပြီး မကြာမီ ယူနီဖောင်း ၀တ်ဆင်ထားသော လူငယ်တစ်ဦးက စိတ်အားထက်သန်စွာဖြင့် သူ့အား ဆီးကြိုရန် ရောက်လာလေ၏။
လူငယ်လေးက လူကဲခတ်တော်လေသည်။ လိပ်အသက်ရှူနည်းပညာမှ အရိုးကျုံ့ခြင်းနည်းပညာကို အသုံးပြုထားသော လက်ရှိစူးချန်ခုန်းသည် ငယ်ရွယ်နုပျိုသောအသွင်အပြင်ဖြင့် အေးစက်သော မျက်နှာထားရှိသော်လည်း ထူးခြားသောအသွင်အပြင် ထွက်ပေါ်နေရာ ဝမ်လင်အဆောက်အဦးမှ လူငယ်လေးက သူ့ကို လျစ်လျူရှုပြီး မနေနိုင်ပေ။
စူးချန်ခုန်းက လေကုန်မခံပါ။ သူ့ရင်ဘတ်ထဲက စာရင်းတစ်ခုကို ထုတ်ပြီး လူငယ်လေးဆီ လွှဲပေးလိုက်တော့ သူ့မျက်နှာက တည်ငြိမ်အေးဆေးစွာဖြင့် “ဒီမှာရေးထားတဲ့ ဆေးပစ္စည်းတွေကို ဝယ်ချင်ပါတယ်” ဟု ပြောလိုက်သည်။
လူငယ်လေးက စာရင်းကို လက်နှစ်ဘက်ဖြင့် လက်ခံလိုက်ပြီး ကြည့်လိုက်သောအခါတွင် သူ၏အမူအရာမှာ ပို၍ပင် လေးစားတည်ကြည်လာလေ၏။ “သွေးပိုးမြက်၊ သွေးကြာပန်း၊ အသက်နှစ်ဆယ်အရွယ် ဂျင်ဆင်း…”
စာရင်းပြုစုထားသော ပစ္စည်းများသည် ချီသွေးဆေး ပြုလုပ်ရန် လိုအပ်ပြီး အားလုံးနီးပါး အလွန်အဖိုးတန်ကာ နေရာငယ်လေးများတွင် ဝယ်ယူ၍မရပါ။
ဖတ်ရှုသူတိုင်းကို စိတ်ရှုပ်ထွေးစေရန်အတွက် စူးချန်ခုန်းသည် သူ၏ဈေးဝယ်စာရင်း၌ မလိုအပ်သော ဆေးဖက်ဝင်ပစ္စည်းများ အနည်းငယ်ကို ထည့်ရေးထားသေးသည်။
ဤကဲ့သို့ ကြိုတင်ကာကွယ်မှုမရှိဘဲနှင့်ပင် ချီသွေးဆေးကို ပြုလုပ်၌ ဤပစ္စည်းများသာမက ၎င်းတို့၏ မှန်ကန်သောအချိုးအစားနှင့် ပြုလုပ်နည်းများကိုလည်း အသေးစိတ်မှတ်တမ်းတင်ထားရန် လိုအပ်ပါသည်။ ဆေးညွှန်းကို ဆေးပစ္စည်းအနည်းငယ်မျှနှင့် မရနိုင်ပေ။
အိမ်ဆောက်ခြင်းကဲ့သို့ပင် ပစ္စည်းအလုံအလောက် တပ်ဆင်ထားသော်လည်း အိမ်ဆောက်တာက အုတ်ခဲများနှင့် ကျောက်တုံးများကို ပေါင်းတင်ရုံမျှဖြင့် မလွယ်ကူပါ။
"လေးစားရပါသော ဧည့်သည်တော်ခင်ဗျာ..ဒုတိယထပ်ကို ကြွပါခင်ဗျ။ ကျွန်တော် တာဝန်ခံ ဝမ်ရွှင်းကို အကြောင်းကြားလိုက်ပါ့မယ်" စာရင်းပါပစ္စည်းများ အားလုံးက အကုန်အကျများသောကြောင့် လူငယ်လေးက ပို၍ ရိုသေလေးစားလာစွာ ဆိုလေ၏။ လက်ရှိ စူးချန်ခုန်းသည် စီးပွားရေးညှိနှိုင်းရန် အဆင့်မြင့်ပုဂ္ဂိုလ်၏ အာရုံစိုက်မှုကို လိုအပ်သော တန်ဖိုးရှိသည့် ဖောက်သည်တစ်ဦးဖြစ်သည်။
“ကောင်းပြီ၊” စူးချန်ခုန်းက တိုတိုတုတ်တုတ်နဲ့ ပြန်ဖြေသည်။
ဒုတိယထပ်ရှိ သပ်ရပ်လှပသော သီးသန့်ခန်းတစ်ခုအတွင်းတွင် လူငယ်လေးသည် စူးချန်ခုန်းအတွက် အဖိုးတန်လက်ဖက်ရွက်ဖြင့် ပြုလုပ်ထားသည့် လက်ဖက်ရည်ခွက်ကို လောင်းထည့်ပေးပြီးနောက် ဦးညွှတ်ကာ ပြန်ထွက်သွားသည်။
စူးချန်ခုန်းသည် စားပွဲပေါ်ရှိ လက်ဖက်ရည်ကို မသောက်ဘဲ ငြိမ်သက်စွာ စောင့်နေ၏။
သိပ်မကြာခင်မှာဘဲ ရုပ်ရည်သန့်ပြန့်တဲ့ သက်လတ်ပိုင်း အမျိုးသားတစ်ယောက် သီးသန့်ခန်းထဲကို ဝင်လာသည်။ သူက တာဝန်ခံ ဝမ်ရွှင်းမှန်း သိသာပါသည်။ သူ့မျိုးရိုးကို ကြည့်ပြီး သူဟာ ဝမ်မိသားစု၏ အဖွဲ့ဝင်တစ်ဦးဖြစ်မှာ အသေချာပင်။
"ကျွန်တော်က ဝမ်ရွှင်းပါ။ ဘယ်လို ဒီကလူလေးကို ဘယ်လိုများခေါ်ရမလဲ ခင်ဗျ။" ဝမ်ရွှင်းက စူးချန်ခုန်းကို လက်သီးနှင့် လက်ဖဝါးထိကာ နှုတ်ဆက်ပြီး ယဉ်ကျေးစွာ မေးလိုက်သည်။
"ကျွန်တော့်ရဲ့ မျိုးရိုးနာမည်က လီပါ" စူးချန်ခုန်းသည် အတုအယောင်မျိုးရိုးနာမည်ကို ပေါ့ပေါ့တန်တန် ဖန်တီးလိုက်သည်။
"ဆရာလီ၊ ဆရာက ဒီဆေးဖက်ဝင်ပစ္စည်းတွေကို ဝယ်ချင်တာပေါ့။ ကျွန်တော်တို့ရဲ့ ဝမ်လင်အဆောက်အဦးမှာ အဲဒါတွေအကုန်မရှိပေမယ့် တခြားနေရာကနေ ဝယ်ပေးလို့ရပါတယ်။ နှစ်ရက်အတွင်း ပို့ပေးနိုင်တယ်။" ဝမ်ရွှင်းက စူးချန်ခုန်းကို ရှင်းပြလိုက်သည်။
"စျေးကရော?" စူးချန်ခုန်းက ဈေးနှုန်းကို မေးမြန်းလိုက်သည်။
"ဆရာလီ လိုအပ်တဲ့ ဆေးဖက်ဝင်ပစ္စည်းတွေက တော်တော်အဖိုးတန်ပါတယ်။ အများစုက ချီစွမ်းအင်ကို အာဟာရဖြစ်စေဖို့နှင့် သွေးအားပြန်လည်ဖြည့်တင်းရန်အတွက် အသုံးပြုရတာပါ။ တစ်စုံကို ငွေသုံးထောင်လောက် ကျပါတယ်" ဟု ဝမ်ရွှင်းက အမှန်အတိုင်းပြန်ဖြေသည်။
"ငွေသုံးထောင်?" စူးချန်ခုန်းသည် တိတ်တဆိတ် ထိတ်လန့်သွားလေ၏။ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသော်လည်း ဈေးနှုန်းက သူ့ကို အံ့အားသင့်စေဆဲပင်။
စူးချန်ခုန်းသည် ယခင်က ပဓာနစွမ်းအင်ပျံ့နှံ့ခြင်းဆေး ပမာဏကို နေ့တိုင်း နှစ်ဆသုံးခဲ့ပြီး တစ်လကြာသည့်တိုင် သူ့အတွက် ငွေခြောက်ရာ ခုနစ်ရာသာ ကုန်ကျခဲ့သော်လည်း ချီသွေးဆေးတစ်သုတ်အတွက် ပစ္စည်းများမှာ ငွေသုံးထောင်ကုန်ကျနေသည်။
စူးချန်ခုန်းသည် စိတ်ထဲတွင် အံ့သြသွားသော်လည်း သူ့မျက်နှာမှာတော့ တည်ငြိမ်သော အမူအရာကို ထိန်းသိမ်းထားသည်။ သူက "ဒါဆို ကျွန်တော် တစ်စုံစာကို အရင် မှာထားချင်တယ်"
သူ နောက်ထပ် မဝယ်ခဲ့ပါ။ တစ်သုတ်စာ အရင်ဝယ်ပြီး ဘယ်လောက်ထိရောက်မှု ရှိလဲဆိုတာ ကြည့်ချင်သည်။
“ဒီနှစ်ရက်အတွင်း သူတို့ အဆင်သင့်ဖြစ်မှာပါ” ဟု ဝမ်ရွှင်းက သူ၏ တုံ့ပြန်မှုကို ကြားပြီးနောက် ချက်ချင်း သဘောတူလိုက်တာက တစ်ဝက် အောင်မြင်ပြီဖြစ်ကြောင်း သိလိုက်ရသည့်အတွက် ဝမ်းသာအာရ ဆိုလေ၏။
"ဒါဆို နှစ်ရက်နေရင် ပြန်လာမယ်" စူးချန်ခုန်းက ခေါင်းညိတ်ပြပြီး ဝမ်လင်အဆောက်အဦးမှ ထွက်သွားသည်ကို ဝမ်ရွှင်းက မြင်လိုက်ရသည်။
ဝမ်လင်အဆောက်အဦးမှ ထွက်ခွာပြီးနောက် စူးချန်ခုန်းသည် မြို့တော်တွင် နေထိုင်ဖို့ နေရာရှာရန် တစ်ရက်ကျော် အချိန်ကုန်ဆုံးခဲ့သည်။
စူးချန်ခုန်းသည် ဆူဆူညံညံမရှိဘဲ သိုင်းပညာလေ့ကျင့်ရန်အတွက် ကျယ်ဝန်းပြီး တိတ်ဆိတ်ငြိမ်သက်နေသော နေရာ လိုအပ်သည်။ ထို့အပြင် ပန်းပဲကိရိယာများ တပ်ဆင်ရန်လည်း စီစဉ်ထားရာ နေရာအလုံအလောက် လိုအပ်သည်။
နောက်ဆုံးတွင် စူးချန်ခုန်းသည် သူ့စိတ်ကြိုက်နေအိမ်ကို ရွေးချယ်ခဲ့သည်။ ၎င်းသည် မြို့၏အနောက်ဘက် ခရိုင်တွင် အလယ်အလတ် အရွယ်အစားရှိသော ဆိတ်ငြိမ်သည့် အိမ်ရာတစ်ခုဖြစ်ပြီး ပန်းများ၊ သစ်ပင်များနှင့် သာယာသောရှုခင်းများ ရှိသည်။ အိမ်ဝင်း၏နံရံမြင့်ကြီးများက ငြိမ်သက်မှုကို အာမခံနိုင်သည်။
အိမ်ငှားခက အတော်လေးဈေးကြီးလှသည်။ တစ်လကို ငွေသုံးဆယ်၊ တစ်နှစ်ကို ငွေသုံးရာ့ခြောက်ဆယ်။
ထိုငွေက ချင်းရွှေမြို့တွင် သင့်တင့်လျောက်ပတ်သော အိမ်တစ်လုံးဝယ်ရန်လုံလောက်ပါသည်။
သို့သော် အိမ်ခြံမြေ၏ ငြိမ်သက်မှုနှင့် ပတ်ဝန်းကျင်က စူးချန်ခုန်း၏ အကြိုက်နှင့် ကိုက်ညီသည်။ နောက်ဆုံးတွင် သူသည် ဤအသုံးစရိတ်ကို မချွေတာဘဲ အိမ်ငှားခကို တစ်နှစ်စာကြိုပေးကာ ငှားရမ်းခဲ့သည်။
အိမ်ခန်းတွေကို သပ်သပ်ရပ်ရပ်ပြင်ဆင်ပြီးနောက် နှစ်ရက်တာက လျှင်မြန်စွာ ကုန်ဆုံးသွားလေ၏။
"ဆရာလီ၊ ရောက်ပြီလားခင်ဗျ။ ကျေးဇူးပြုပြီး ထိုင်ပါ။"
နှစ်ရက်အကြာတွင် စူးချန်ခုန်းသည် နံနက်စောစော၌ ဝမ်လင်အဆောက်အဦးသို့သွားခဲ့သည်။ ဒုတိယထပ်ရှိ သီးသန့်ခန်းတွင် ဝမ်ရွှင်းက သူ့ကို ထိုင်ရန် နွေးထွေးစွာ ဖိတ်ကြားခဲ့သည်။
"ဒီမှာ ဆရာလီမှာထားတဲ့ ဆေးဖက်ဝင်ပစ္စည်းတွေပါ။ ကျေးဇူးပြုပြီး စစ်ဆေးကြည့်ပါ" ဟု ဝမ်ရွှင်းက စူးချန်ခုန်းမှာထားတဲ့ ပစ္စည်းတွေကို ယူဆောင်ဖို့ သူ့ဝန်ထမ်းကို အမိန့်ပေးလိုက်သည်။
၎င်းတို့အားလုံးကို အထူးကောင်းမွန်သော စန္ဒကူးနံ့သာသေတ္တာထဲတွင် သိမ်းဆည်းထားသည်။ ချီသွေးဆေးအတွက် လိုအပ်သော အသက်နှစ်ဆယ်အရွယ် ဂျင်ဆင်းသွေးကိုလည်း အထူးကောင်းမွန်စွာ ထုပ်ပိုးထားလေ၏။ စူးချန်ခုန်းက သူတို့ကို တစ်ခုပြီးတစ်ခု စစ်ဆေးကြည့်ရာ ဘာမှ လွဲနေတာ မတွေ့ခဲ့ရ။ တကယ်တော့ ဝမ်မိသားစုရဲ့ နာမည်ဂုဏ်သတင်းဖြင့် ၎င်းတို့က အတုအပမရှိနိုင်ပေ။ ၎င်းက သူတို့အား ယုံကြည်မှုကို ပျက်ပြားစေနိုင်သည်။
စူးချန်ခုန်းသည် ငွေသုံးထောင်စာ ငွေစက္ကူများကို ထုတ်ယူလိုက်ပြီး ငွေပေးချေလိုက်သည်။
အရောင်းအ၀ယ် ပြီးသွားတဲ့အခါ နှစ်ဦးနှစ်ဖက်လုံးက ကျေနပ်ပျော်ရွှင်သွားကြလေ၏။
အခွင့်အရေးကို လက်လွှတ်မခံဘဲ စူးချန်ခုန်းက "တာဝန်ခံဝမ်၊ အဂ္ဂိရတ်ပညာရှင်ကို ဘယ်မှာ ရှာလို့ရမလဲဆိုတာ သိလား" ဟု မေးလိုက်သည်။
ဤဆေးဖက်ဝင်ပစ္စည်းများကို ဝယ်ယူရုံမျှဖြင့် မလုံလောက်ပါ။ စူးချန်ခုန်းသည် ၎င်းတို့အား ဆေးပြားအဖြစ် ပြုပြင်ရန် အဂ္ဂိရတ်ပညာရှင်တစ်ဦး လိုအပ်သည်။
" အဂ္ဂိရတ်ပညာရှင် တစ်ယောက်လား။" ဝမ်ရွှင်းက ဒါကိုကြားတော့ မအံ့သြခဲ့ပါ။ စူးချန်ခုန်း ဝယ်ခဲ့သော အဖိုးတန်ပစ္စည်းများ အများအပြားကြောင့် ဝမ်ရွှင်းသည် ချီနှင့် သွေးကို အာဟာရဖြစ်စေသော ဆေးတစ်မျိုးမျိုးကို ပြုလုပ်နိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းနိုင်သည်။