ချီသွေးနယ်ပယ်သို့ အဆင့်တက်ခြင်း။ သက်တမ်းကန့်သတ်ချက်။ (၂)
Vol. 8 Ch. 113
"အောင်မြင်တယ်ဟ!"
စူးချန်ခုန်းက ရွှင်လန်းမှု အပြည့်ဖြင့် လက်သီးများကို တင်းတင်းဆုပ်လိုက်သည်။
စူးချန်ခုန်းသည် အသက်ပြင်းပြင်းရှူပြီး စိတ်လှုပ်တရှားနှင့် ဆေးမီးဖိုပေါ်က အဖုံးကို မလိုက်သည်။ အတွင်းတွင် စုစုပေါင်း ဆေးပြား ဆယ်ပြားပါရှိသည်။ အချို့မှာ မီးလောင်ကျွမ်းကာ အညစ်အကြေးများ ပြည့်နှက်နေပြီး အချို့မှာ ဆေးပုံမပေါ်ဘဲ ပုံရက်သားလေးဖြစ်နေသည်။
ထိုအထဲမှ အနီရောင်တောက်တောက်နှင့် လက်မအရွယ် ဆေးနှစ်လုံးသာလျှင် ဆေးဖက်ဝင်ရနံ့ သင်းပျံ့နေလေ၏။
"ဒါတွေက ချီသွေးဆေးတွေလား။" စူးချန်ခုန်းသည် နီရဲရဲချီသွေးဆေးပြား နှစ်လုံးကို သူ့လက်ထဲတွင် ဆုပ်ကိုင်ထားပြီး သူ့စိတ်လှုပ်ရှားမှုကို မဖုံးဖိနိုင်ခဲ့။
ထိုအရာက ချီသွေးဆေးပင်။ စျေးကြီးသောပစ္စည်းများဖြင့် ပြုလုပ်ထားပြီး ချီစွမ်းအင်နှင့် သွေးအားအားကောင်းစေသော အံ့ဖွယ်ဆေးပြား။ ကျွမ်းကျင်သော အဂ္ဂိရတ်ပညာရှင်၏ အချိန်ကုန် လူပင်ပန်းခံပြီး ကြိုးစားအားထုတ်မှု။
နောက်ဆုံးတွင် ချီသွေးဆေးဆေးပြားနှစ်ပြားကို ရလိုက်တော့ စူးချန်ခုန်းသည် မယုံနိုင်လောက်အောင် အံ့အားသင့်နေမိသည်။
"သံပူတုန်းထု၊ ဆက်လုပ်မယ်။"
(T/N သံပူတုန်းထု=မိုးရွာတုန်းရေခံ၊ နေပူတုန်းစပါးလှန်း=အခွင့်ရေးရခိုက် အမိအရလုပ်)
စူးချန်ခုန်းသည် ချီသွေးဆေးနှစ်လုံးကို ကျောက်စိမ်းပုလင်းငယ်တစ်ခုထဲသို့ အလျင်အမြန် ထည့်လိုက်ပြီး အရှိန်ရတုန်း ချီသွေးဆေး ပဉ္စမအသုတ်ကို စတင်လိုက်သည်။
ဝမ်းသာအားရစွာပင်။ ချီသွေးဆေး၏ စတုတ္ထအသုတ်သည် အောင်မြင်ခဲ့ပြီး ဆေးသုံးလုံးကို ထုတ်ပေးခဲ့သည်။
ပဉ္စမအကြိမ်ကြိုးစားမှု မအောင်မြင်ခဲ့ဘဲ ဆေးဖက်ဝင်ပစ္စည်းများအားလုံးကို ချော်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
နောက်ဆုံးအသုတ်တွင် စူးချန်ခုန်း ထပ်အောင်မြင်သွားပြန်သည်။ ကံတရားနှင့် ကြိုးစားအားထုတ်မှုက သူ့ကိုမျက်နှာပေးခဲ့သည့်ပုံပင်။
“ငါးခု”
စူးချန်ခုန်းရဲ့ နှလုံးခုန်နှုန်းကို ပိုလို့တောင် မြန်စေခဲ့တာကတော့ ချီသွေးဆေးရဲ့ နောက်ဆုံးအသုတ်ပင်ဖြစ်သည်။ သူ အောင်မြင်ရုံသာမကဘဲ စုစုပေါင်းဆေးပြားငါးပြားကို ထုတ်ခဲ့ပြီး၊ ယခင်အောင်မြင်ခဲ့တဲ့ အသုတ်နှစ်ခုရဲ့ စုစုပေါင်းပမာဏအတိုင်း အများအပြားကို ထုတ်လုပ်နိုင်ခဲ့သည်။
"တကယ်လို့သာ... ငါလုပ်နေတဲ့ ချီသွေးဆေးအသုတ်တိုင်းဟာ အောင်မြင်ပြီး ဒီဆေးပြားအမြောက်အမြားကို ထုတ်နိုင်ခဲ့ရင်" စူးချန်ခုန်းက စိတ်လှုပ်တရှား တွေးလိုက်မိသော်လည်း ဒါဟာ ကံကောင်းတာကြောင့်ဟု သိထားပြီး တကယ့် အဂ္ဂိရတ်ဆရာကြီးတောင်မှ ဒီလို တသမတ်တည်း အောင်မြင်ဖို့ မမျှော်လင့်နိုင်ပါ။
စူးချန်ခုန်း၏ ပိုက်ဆံသည် အားလုံးနီးပါး သုံးစွဲခဲ့ရသော်လည်း တကယ်ကို တန်ပါသည်။
သူသည် ချီသွေးဆေးဆယ်လုံးကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ရုံသာမက အခြားသူများ အတွက် ငွေဖြင့်ပင် မဝယ်နိုင်သော အရာတစ်ခုဖြစ်သည့်အဂ္ဂိရတ်ပညာကိုလည်း ကျွမ်းကျင်အောင် စွမ်းဆောင်နိုင်ခဲ့သည်။
"ဒီ ချီသွေးဆေးဆယ်ပြားက ငါ့ရဲ့ အသွင်ပြောင်းမှုမှာ အထောက်အကူဖြစ်ပြီး နောက်ထပ်တစ်ဆင့်တက်လှမ်းနိုင်ဖို့ မျှော်လင့်ရတာပဲ။"
ကျောက်စိမ်းပုလင်းထဲက မွှေးကြိုင်နေတဲ့ ချီသွေးဆေးပြားဆယ်လုံးကို ကြည့်ရင်း စူးချန်ခုန်းက သူ့ကိုယ်သူ တိတ်တဆိတ် တွေးနေမိသည်။
ထို့နောက် မဆိုင်းမတွပင် စူးချန်ခုန်းသည် ချီသွေးဆေးပြားများကို မျိုချလိုက်ပြီး လိပ်အသက်ရှူနည်းပညာကို စတင်လေ့ကျင့်ခဲ့သည်။
ချီသွေးဆေး၏အာနိသင်သည် စူးချန်ခုန်း၏ ဝမ်းဗိုက်ထဲတွင် ပျံ့နှံ့သွားပြီး နွေးထွေးသောခံစားမှု၊ သက်တောင့်သက်သာရှိမှုတို့ကို ဖြစ်ပေါ်စေပြီး သူ၏သွေးများသည် သန့်စင်ပြီး အသွင်ပြောင်းနေပုံရသည်။
ချီနှင့်သွေး၏အသွင်ပြောင်းမှုသည် နေ့ချင်းညချင်း ဖြစ်ပေါ်သည့်အရာမဟုတ်ပါ။ ၎င်းသည် အထွတ်အထိပ်သို့ ရောက်ရှိပြီး သဘာဝအတိုင်း အသွင်ပြောင်းလာသည်အထိ တဖြည်းဖြည်း သန့်စင်မှုနှင့် အာဟာရ လိုအပ်သည်။
ထုံးစံအတိုင်း စူးချန်ခုန်းသည် ကိုယ်ခံပညာနှင့် လေ့ကျင့်ခန်းများကို ပျင်းရိခြင်းမရှိပဲ နေ့တိုင်းလေ့ကျင့်ခဲ့သည်။ ထိုသို့ လေ့ကျင့်နေရင်းနှင့် သူစားသုံးလိုက်သော ချီသွေးဆေးများသည် အဆက်မပြတ် ကြေညက်သွားပြီး သူ့ခန္ဓာကိုယ်ကို အာဟာရဖြည့်ပေးကာ သူ၏ ချီစွမ်းအင်နှင့် သွေးများ ပိုမိုသန်မာလာစေသည်။
စူးချန်ခုန်းသည် ချီသွေးဆေးတစ်လုံးကို ချေဖျက်ရန် ငါးရက် လိုအပ်ကြောင်း တွေ့ရှိခဲ့ရပြီး ငါးရက်တိုင်းတွင် ၎င်း၏ ချီစွမ်းအင်နှင့် သွေးများ ကြီးထွားမှုကို ထိန်းသိမ်းရန် နောက်တစ်လုံးကို သောက်ရမည်ဖြစ်သည်။
အချိန်များကုန်လွန်၍ မျက်စိတစ်မှိတ်အတွင်း ရက်ပေါင်းသုံးဆယ်ကျော် ကြာညောင်းခဲ့လေပြီ။ စူးချန်ခုန်းသည် ချီစွမ်းအင်နှင့် သွေးများ တစ်နေ့ထက်တစ်နေ့ ပိုသန်မာလာသဖြင့် ခြံဝင်းထဲမှာသာ နေခဲ့သည်။
"နီးနေပြီ... ငါ့ရဲ့ ချီစွမ်းအင်နဲ့ သွေးက ငါ့ခန္ဓာကိုယ်ရဲ့ ကန့်သတ်ချက်ကို ရောက်လုနီးပြီး။ ငါ အသွင်ပြောင်းတော့မယ်။"
စူးချန်ခုန်းက စိတ်လှုပ်ရှားနေပြီး နယ်ပယ်အသစ်တစ်ခုလုံးသို့ ခြေလှမ်းစလှမ်းနေပြီဟု သူ ခံစားမိသည်။
ဝေလီဝေလင်းအချိန်တွင် ကောင်းကင်ယံ၌ အလင်းရောင် မှိန်ဖျော့ဖျော့လင်းလာပြီး လူအများ အနားယူနေကြချိန်တွင် စူးချန်ခုန်း နေထိုင်သည့် အိမ်အပြင်ဘက်သို့ မဖိတ်ခေါ်ထားသော ဧည့်သည်နှစ်ယောက် ရောက်လာသည်။
ဒီလူနှစ်ယောက်က ကြောက်စရာကောင်းသည့်ပုံနှင့် လူထွားကြီး လူနှစ်ယောက်ဖြစ်သည်။
"ဒီနေရာလား။"
လက်ပြတ်အင်္ကျီကို ၀တ်ဆင်ထားသည့် ဘယ်ဘက်မှ တစ်ယောက်သည် သူ့ရှေ့မှ ခြံဝင်းတံတိုင်းများကို စိုက်ကြည့်နေလေ၏။ သူ၏သန်မာလှသော လက်မောင်းများနှင့် ပခုံးပေါ်တွင် တက်တူးတစ်ခုရှိလေသည်။
"ဟုတ်တယ်။ အထဲမှာနေနေတဲ့ ကောင်လေးက ချာတိတ်လေးဟ။ ဟိုးအရင်ရက်တွေကစပြီး ငါလေ့လာကြည့်သလောက်တော့ ဒီအိမ်ကြီးထဲမှာ သူ တစ်ယောက်တည်းပဲနေတာ။ ဒီလိုနေရာအကျယ်ကြီးကိုငှားပြီး အလုပ်မလုပ်တဲ့သူက ချမ်းသာတဲ့သူ ဒါမှမဟုတ် မျိုးရိုးမြင့်ထဲက တစ်ယောက်ပဲ။ သူ့အိမ်ကို ဝင်စီးရင် ငါတို့တော့ တစ်သက်စာ ဖူလုံပြီကွ။" ဟု မျက်လုံးမှေးမှေး အရပ်ရှည်ရှည်နှင့် အမျိုးသားက နှုတ်ခမ်းများသပ်ကာ ဆိုလေ၏။
သူတို့နှစ်ဦးက ကြီးပွားချမ်းသာလိုသောကြောင့် တောနက်စီရင်စုမြို့သို့ လာရောက်ခဲ့ကြသော်လည်း အရည်အချင်းသိပ်မရှိသောကြောင့် သိုင်းပညာအနည်းငယ်ကိုသာ သင်ယူခဲ့ကြပြီး လောင်းကစားပွဲများကို စောင့်ကြပ်ကာ အကြွေးလိုက်ကောက်ခံပြီး အသက်မွေးဝမ်းကျောင်းပြုခဲ့ကြရသည်။
မကြာသေးမီက သူတို့သည် အရင်က လူလွတ်နေသော ခြံဝင်းထဲသို့ တစ်စုံတစ်ယောက် ပြောင်းလာသွားသည်ကို သတိပြုမိပြီး စူးချန်ခုန်းကို မျက်စိကျနေခဲ့သည်။ သူကို စောင့်ကြည့်ပြီးနောက် ငှားရမ်းသူမှာ တောနက်စီရင်စုမြို့သို့ စရောက်ခါစဖြစ်သော သာမည လူငယ်တစ်ဦးဖြစ်ကြောင်း ကောက်ချက်ချခဲ့သည်။
လောဘကြီးသော အတွေးများဖြင့် သူတို့သည် ထိုလူငယ်လေးက တော်တော်လေး ချမ်းသာရမည်ဟု ကောက်ချက်ချလိုက်ကြသည်။ သူက တစ်ယောက်တည်း နေထိုင်သောကြောင့် အဖိုးတန်ပစ္စည်းများ ရှိမရှိကို ကြည့်ရန် အိမ်ထဲသို့ ဝင်ရန် ဆုံးဖြတ်လိုက်ကြသည်။
"အထဲကို ဝင်ရအောင်။ အဲ့ကောင်လေးက အိပ်ပျော်နေတုန်းပဲ မျှော်လင့်ရတာပဲ။ ငါတို့ ပိုက်ဆံတွေ လုပြီး ထွက်ပြေးမယ်။ သူ ငါတို့ကို တွေ့သွားရင်တော့ ငါတို့ အကြမ်းဖက်ရလိမ့်မယ်။ ပြီးတော့ ငါတို့ လူသတ်ပြီး နှုတ်ဆိတ်နေကြတာပေါ့ကွာ။"
တက်တူးထိုးထားသော အမျိုးသားက ခပ်တိုးတိုး ရယ်မောလိုက်သည်။ နှစ်ယောက်စလုံးက သိုင်းပညာကို လေ့ကျင့်သင်ကြားခဲ့ကြပြီး လက်တွင် သွေးစွန်းဖူးသူများဖြစ်ရာ ခိုးယူရန် အိမ်ထဲသို့ ဖောက်ထွင်းဝင်ရောက်ခြင်းသည် သူတို့ကို ကြောက်ရွံ့စေသည့် အရာမဟုတ်ပေ။ သူတို့ကို တွေ့သွားပါက မျက်မြင်သက်သေကို သတ်ပစ်ပြီး အထောက်အထားမှန်သမျှ ဖျက်ဆီးပစ်မည်ဖြစ်သည်။
ကျယ်ပြောလှသော တောနက်စီရင်စုမြို့တော်တွင် အပြင်လူတစ်ဦး သို့မဟုတ် နှစ်ဦး ပျောက်ဆုံးတာက သာမန်ပင်။
ထိုသို့ တွေးတောရင်း လူနှစ်ယောက်သည် ဆယ်ပေနီးပါးမြင့်သော တံတိုင်းကို လျင်မြန်စွာ ခုန်ကျော်လိုက်ကြပြီး သူတို့၏ သွက်လက်ဖျတ်လတ်မှုနှင့် အတားအဆီးကို အလွယ်တကူ ကျော်လွှားနိုင်ခဲ့ကြသည်။
နံနက်စောစောတွင် အိမ်ကြီးသည် အလွန်တိတ်ဆိတ်နေပြီး ခွေးများနှင့် အစေခံများမရှိ။ ကျယ်ပြောလှသော နေရာကြီးက ဗလာကျင်းနေ၏။
နှစ်ယောက်စလုံး ခြေဖော့လျက် အိမ်ဝင်းကို ဂရုတစိုက်နှင့် အဖိုးတန်ပစ္စည်းများကို ရှာဖွေနေကြသည်။
"ဘာသံလဲ"
သို့သော် သူတို့ အိမ်ကြီးအတွင်းထဲသို့ အရဲစွန့်ဝင်လိုက်သည်နှင့် ငှက်များ တအုပ်ကြီး တက်လာသကဲ့သို့ အော်ဟစ်သံများ တစ်သီတစ်တန်းကြီးထွက်ပေါ်လာကာ တောရိုင်းတိရစ္ဆာန်များ သောင်းကျန်းလျက် မျောက်ဝံများ ဆော့ကစားနေသည့်နှယ် ဆူညံသံများနှင့် ဖရိုဖရဲဖြစ်ကာ တုန်လှုပ်ခြောက်ခြားကုန်လေ၏..