ချီသွေးနယ်ပယ်သို့ အဆင့်တက်ခြင်း။ သက်တမ်းကန့်သတ်ချက်။ (၂)
Vol. 8 Ch. 114
"ဘာတွေဖြစ်နေတာလဲ။ ဒီခြံထဲမှာ တခြားတိရိစ္ဆာန်တွေ မွေးထားတာလား"
မျက်လုံးမှေးမှေးနှင့် အမျိုးသားသည် တက်တူးထိုးထားသော အမျိုးသားနှင့် အကြည့်ချင်းဖလှယ်လိုက်သည်။ နှစ်ယောက်စလုံးက တစ်ဖက်သားရဲ့ မျက်လုံးထဲမှာ ဇဝေဇဝါဖြစ်နေတာကို တွေ့လိုက်ရလေ၏။ သူတို့ တခဏမျှ တုံ့ဆိုင်းသွားကာ ရှေ့သို့ တိတ်တဆိတ် ဆက်သွားလိုက်ကြသည်။
နှစ်ယောက်သား တောင်အတုနှင့် ရေပြင်ကိုဖြတ်ကျော်သွားသောအခါတွင် သစ်တောလေးတစ်ခုနှင့်တူသော သစ်ပင်တန်းများဖြင့် ကျက်သရေရှိပြီး အေးချမ်းသာယာသည့် ရှုခင်းရှိရာသို့ ရောက်လာကြလေ၏။
"ဘာလဲဟ"
သူတို့ကြည့်နေရင်း အံ့အားသင့်သွားကြသည်။ သစ်ပင်၏ ထိပ်များတွင် သွေးနီရောင်ငှက်တစ်ကောင် ပျံသန်းနေသည်ကို တွေ့လိုက်ရပြီး ၎င်း၏ကိုယ်ခန္ဓာသည် အရောင်တူသော ပါးလွှာသော အလွှာတစ်ခုဖြင့် ဖုံးလွှမ်းလျက် ပျံဝဲလာရာ သစ်ပင်ထိပ်များကို လှုပ်ခတ်စေခဲ့သည်။
"မဟုတ်ဘူး...ငှက်မဟုတ်ဘူး...လူပဲ!"
ဒါပေမယ့် မကြာခင်မှာပဲ သူတို့ အံ့အားသင့်သွားသည်။ အနီးကပ်ကြည့်လိုက်တော့ သစ်ပင်ရဲ့ ထိပ်တွေကို ခုန်ကူးနေတဲ့အရာက ငှက်တစ်ကောင်မဟုတ် ကြိုးကြာငှက်မဟုတ်ဘဲ လူတစ်ယောက်သာ။
ထိုအသွင်သဏ္ဍာန်သည် အလွန်လျင်မြန်ကာ သွက်လက်ပေါ့ပါးပြီး မြေပြင်ပေါ်တွင် လမ်းလျှောက်သကဲ့သို့ သစ်ပင်ထိပ်များကို ဖြတ်ပျံနေသကဲ့သို့ ရွေ့လျားနေသောကြောင့် သူတို့အား ထင်ယောင်ထင်မှားဖြစ်စေ၏။
"ဒုန်း!"
နောက်တစ်စက္ကန့်တွင် သွေးသံရဲရဲ ပုံသဏ္ဍာန်ကြီးသည် တစ်တန်နီးပါး လေးလံသော ဝက်ဝံရိုင်းကြီးတစ်ကောင်ကဲ့သို့ သစ်ပင်၏ ထိပ်မှ ခုန်ဆင်းပြီး မီတာများစွာအထက်မှ မြေပြင်သို့ ပြိုကျသောကြောင့် မြေကြီးက ပြင်းထန်စွာ လှုပ်ခါသွားကာ အချင်း နှစ်မီတာမှ သုံးမီတာအထိ ချိုင့်ကြီးတစ်ခု ကျန်ရစ်ခဲ့သည်။
“ရား”
ထိုပုဂ္ဂိုလ်သည် အမျက်ထွက်နေသည့် ကြမ်းတမ်းသော ဝက်ဝံကဲ့သို့လည်းကောင်း၊ တစ်ခါတစ်ရံ ဟိန်းဟောက်နေသော ကျားတစ်ကောင်ကဲ့သို့လည်းကောင်း အားမာန်အပြည့် ချီတက်လာပြီး အသံမထွက်သော်လည်း သူတို့နားထဲတွင် ဟိန်းဟောက်သံများ ပဲ့တင်ထပ်နေ၏။
"သူ... သူက သိုင်းပညာ လေ့ကျင့်နေပေါ့။ ဒါ... ဒါက ဘာသိုင်းပညာလဲ"
သူတို့ နှစ်ယောက်သည် အဝေးမှ သွေးရဲရဲအသွင်ကို မျက်လုံးပြူးကာ ကြည့်ရင်း ထိုလူက သိုင်းပညာကို လေ့ကျင့်နေမှန်း သိလိုက်ကြသည်။ သို့သော် သူလေ့ကျင့်သည့် အတိုင်းအတာနှင့် လက်သီးချက်နည်းပညာများသည် သူတို့၏ စိတ်ကူးထက် ကျော်လွန်နေပြီဖြစ်သည်။
တစ်ခါတစ်ရံ ကောင်းကင်မှာ ဝဲပျံနေတဲ့ ကြိုးကြာငှက်တစ်ကောင်လို။ ရံဖန်ရံခါ ကမ္ဘာမြေကို လှုပ်ခါသွားစေသည့် ဝက်ဝံရိုင်းတစ်ကောင်နှယ်။ နောက်တစ်ခါကျ ကောင်းကင်ကို မာန်ဖီဟိန်းဟောက်နေတဲ့ ကျားတစ်ကောင်အလား။ လူတစ်ယောက်တည်းပင်ဖြစ်သော်ငြား ငှက်မျိုးစုံနှင့် သားရဲမျိုးစုံကို ပြောင်မြောက်စွာ ပုံဖော်ထားသောကြောင့် အသက်ဝင်ပြီး အရိုင်းဆန်စွာ လှပေနေ၏။
"သွား... သွားရအောင်!"
အချိန်အတော်ကြာပြီးနောက် တက်တူးထိုးထားသောလူသည် လက်တွေ့ဘဝသို့ ပြန်လည်ရောက်ရှိလာကာ အံ့အားသင့်နေသော မျက်လုံးမှေးမှေးနှင့်လူကို ဖမ်းကိုင်ကာ တိုးတိုးလေး ပြောလိုက်သည်။
သူတို့ မိုက်မဲသည့်တိုင် အနှီသွေးရောင်သဏ္ဍာန်သည် ဤအိမ်ခြံမြေ၏ အိမ်ငှားဖြစ်နိုင်ခြေအရှိဆုံးဖြစ်ကြောင်း သဘောပေါက်သည်။ ထိုလူငယ်လေးသည် သူတို့ တွေးထားခဲ့သော သာမညလေးမဟုတ်ဘဲ သိုင်းပညာ ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး သူတို့ စိတ်ကူးမယဉ်နိုင်လောက်အောင် ကြောက်စရာကောင်းလှသည်။
"သေစမ်း... ဒီလောက်ငယ်တဲ့ လူငယ်လေးက ဒီလိုသိုင်းပညာကို ဘယ်လို ကျင့်နိုင်မှာလဲ? နတ်ဘုရားခွန်အားနယ်ပယ်လား။ မဟုတ်ရင် နတ်ဘုရားရဲစွမ်းသတ္တိအဆင့်လား"
ထိုလူတွေက အိပ်မက်မှ နိုးလာသကဲ့သို့ လန့်ပြေးသွားကြသည်။ သူတို့၏ အရင်သိုင်းကျောင်းမှ ဆရာကြီးပင်လျှင် လက်ဝှေ့လေ့ကျင့်နေသည့် ဤလူငယ်လေးကဲ့သို့ ဖိနှိပ်ခံရသော ခံစားချက်မရခဲ့။ သူတို့အား အထင်မကြီးစေခဲ့ပါ။
သို့သော် ခြေလှမ်းအနည်းငယ်သာ ပြေးလိုက်ရသေးသော်လည်း ဘေးနားမှ လေပြင်းများ တိုက်ခတ်လာကာ ခန္ဓာကိုယ်ကို လှုပ်ယမ်းသွားသလို ခံစားလိုက်ရသည်။ သူတို့ရဲ့ အမြင်အာရုံတွေ မှုန်ဝါးလာတဲ့အခါ ဝိညာဉ်လွင့်သွားသလို ခံစားလိုက်ရလေ၏။
"ဘာကြည့်နေတာလဲ..."
သူတို့ရှေ့မှာ အေးတိအေးစက် အသံတစ်ခု ထွက်ပေါ်လာပြီး သူတို့မသိလိုက်ခင်မှာ သွေးရောင်ကျားကြီးတစ်ကောင် ပေါ်လာကာ မေးရိုးကြီးကိုဟပြီး သူတို့ဘက်ကို ပြင်းပြင်းထန်ထန် ကိုက်ချလိုက်သည့်နှယ်။ သွေးနံ့နှင့် အစွယ်များ၏ စူးရှသော အေးစက်သည့် အငွေ့အသက်များက သူတို့၏စိတ်ကို ဗလာကျင်းသွားစေသည်။
“အား”
သူတို့ကိုသတ်ရန် ခုန်အုပ်လာသည့် သွေးရောင်ကျားတစ်ကောင် ရုတ်တရက် ပေါ်လာသောကြောင့် ကြောက်လန့်တကြားအော်သံများ နှုတ်မှ ထွက်ပေါ်လာသည်။ သူတို့၏ နှလုံးသားများ ပြင်းထန်စွာ တဒိန်းဒိန်းခုန်လာကာ ဆတ်ငင်ဆတ်ငင်နှင့် နောက်ပြန်ယိုင်သွားပြီး မျက်လုံးများ ပြူးထွက်လျက် မြေပြင်ပေါ်သို့ အသက်မဲ့စွာ လဲကျသွားတော့လေသည်။
"သေလောက်အောင် ကြောက်သွားတာလား"
အသက်ရှုရပ်ပြီး မလှုပ်မယှက် လဲလျောင်းနေသော လူနှစ်ယောက်ကို ကြည့်ရင်း စူးချန်ခုန်းသည် မျက်မှောင်ကြုတ်ကာ အတော်လေး ဆွံ့အနေမိသည်။
သူတို့နှစ်ဦးသည် သူနေထိုင်ရာအိမ်သို့ တံတိုင်းကို ခိုးကြောင်ခိုးဝှက်နှင့်တက်လာသည်မှာ ကောင်းတာလုပ်ဖို့ မဟုတ်မှန်း သိသာပါ၏။ အရုဏ်မတက်မီ တစ်နာရီအလိုတွင် စူးချန်ခုန်းသည် ချီသွေးဆေး၏ စွမ်းအားကို ချေဖျက်ရန်အတွက် သူ၏ လက်ဝှေ့ကို လေ့ကျင့်ရန် တက်ကြွစွာ နိုးကြားလာခဲ့သည်။
သူတို့နှစ်ဦးသည် စူးချန်ခုန်း လက်ဝှေ့လေ့ကျင့်နေသည့်အချိန်နှင့် ပက်ပင်းကြုံလိုက်ရတာဖြစ်သည်။ သူ၏ပြင်းထန်သော ချီနှင့်သွေးတို့ နိုးကြားလာမှုအောက်တွင် သူတို့က သေလောက်အောင် ကြောက်လန့်သွားခဲ့ကြသည်။
ဤလူနှစ်ယောက်သည် စူးချန်ခုန်း လက်ဝှေ့လေ့ကျင့်တာကို မြင်လိုက်ရုံဖြင့်ပင် ကြောက်ရွံ့ထိတ်လန့်နေပြီဖြစ်သည်။ စူးချန်ခုန်းသည် သူတို့ ထွက်ပြေးနေစဉ်အတွင်း သူတို့အား ကြားဖြတ် ဟန့်တားလိုက်သောအခါတွင် ချက်ချင်း ထိတ်လန့်ကြောက်ရွံ့သွားကာ နှလုံးရပ်တန့်သွားပြီး ရုတ်တရက် သေဆုံးသွားတာ ဖြစ်သည်။
သို့ပေမယ့် ဒါက ပုံမှန်ပါပင်။ စူးချန်ခုန်း ယခင်က နတ်ဘုရားရဲစွမ်းသတ္တိနယ်ပယ်တွင် ရှိခဲ့စဉ်က ချီသွေးနယ်ပယ်တွင်ရှိသော လျိုပိုင်ရန်၏ ဖိနှိပ်ခြင်းခံခဲ့ရပြီး ၎င်းက သူ၏စွမ်းဆောင်ရည်ကို ကျဆင်းစေကာ အလှည့်တိုင်းတွင် ထိန်းချုပ်ခြင်းခံရသည်။ ဤလူနှစ်ဦးသည် ခွန်အားသန့်စင်ရေးနယ်ပယ်တွင်ပင် မရှိရာ ချီနှင့် သွေးသားတို့ အသွင်ပြောင်းသွားနေသည့် စူးချန်ခုန်းက သူတို့ကို လက်တစ်ချောင်းတောင် မမြောက်ဘဲနှင့် သတ်ပစ်နိုင်သည် ။
“ဟူး!”
စူးချန်ခုန်းသည် သူ့ခန္ဓာကိုယ်အတွင်းမှ ချီနှင့် သွေးများကို ငြိမ်သက်စေရန် အသက်ရှုခြင်းနှင့် တရားထိုင်ခြင်းတို့ကို လေ့ကျင့်ရင်း နေရာတွင် မတ်တပ်ရပ်နေရာ ပါးလွှာသော သွေးရောင် အလွှာသည် တဖြည်းဖြည်း ပြန့်ကျဲလာလေ၏။
လွန်ခဲ့သည့်သုံးရက်က ကိုးခုမြောက် ချီသွေးဆေးကို ပေါင်းစည်းပြီးနောက် စူးချန်ခုန်း၏ ချီနှင့်သွေးသည် သူ၏ ကိုယ်ကာယ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ပြီး ပထမဆုံး အသွင်ပြောင်းခြင်းကို ထုံးစံအတိုင်း ဖြတ်သန်းကာ အတားအဆီးမရှိဘဲ ချီသွေးနယ်ပယ်သို့ ဝင်ရောက်သွားခဲ့သည်။
ဒါက မျှော်လင့်ထားသည့်အတိုင်းပင်။ ချီသွေးနယ်ပယ်သို့ ဖြတ်ကျော်ရန် သာမန် သိုင်းပညာရှင်များအတွက် ပထမအချက်မှာ ချီနှင့်သွေးအထွတ်အထိပ်သို့ ရောက်ရှိရန်ဖြစ်ပြီး ဒုတိယအချက်မှာ ခန္ဓာကိုယ်၏ အရည်အချင်းနှင့် နုပျိုမှုတို့ရှိရန် လိုအပ်သည်။
အကယ်၍ လူတစ်ဦး၏ အသက်အရွယ်သည် အလွန်အိုမင်းနေပြီး ခန္ဓာကိုယ်အနေအထား ကျဆင်းလာပါက ချီသွေးနယ်ပယ်သို့ရောက်ရှိရန်မှာ ကောင်းကင်ဘုံတက်သည့်နှယ် ခက်ခဲမည်ဖြစ်သည်။
စူးချန်ခုန်းသည် ချီသွေးဆေး၏အကူအညီနှင့် သူ၏အထွတ်အထိပ်ကာလတွင် ငယ်ရွယ်နုပျိုသောခန္ဓာကိုယ်၊ ခိုင်မာသော အခြေခံအုတ်မြစ်နှင့် ဉာဏ်ကြီးရှင်အဆင့်ဟုခေါ်ဆိုပြီး သိုင်းပညာအတွက် အရည်အချင်းရှိသူဖြစ်ရာ ဤအတားအဆီးကို ဖြတ်ကျော်ရန် အမှန်တကယ် အခက်အခဲမရှိပါပေ။
"ချီသွေးနယ်ပယ်သို့ဝင်ရောက်ပြီးနောက် ငါ့ရဲ့ခန္ဓာကိုယ်က ကန့်သတ်ချက်တစ်ခုကိုဖြတ်ကျော်သွားသလိုမျိုး ဒုတိယဖွံ့ဖြိုးတိုးတက်မှုကို စတင်လိုက်ပုံရတယ်။ ငါ့ရဲ့ အခုကိုယ်လုံးကိုယ်ထည်က အရင်ကထက် ပိုသန်မာလာတယ်။ ပြီးတော့ ဝူချင်းရှီနဲ့ လိပ်အသက်ရှူမှုနည်းပညာတောင် မြန်မြန်ဆန်ဆန် တိုးတက်လာပြီး ထိပ်ဆုံးအမှတ်ကို ရောက်နေပြီ။ ငါ မကြာခင် အဆင့်တက်တော့မှာပဲ။ ငါ့ရဲ့သက်တမ်းတောင် ဆယ်နှစ်လောက်တိုးလာပြီကွ။"