ချီသွေးနယ်ပယ်သို့ အဆင့်တက်ခြင်း။ သက်တမ်းကန့်သတ်ချက်။(၄)
Vol. 8 Ch. 116
ခဏအကြာတွင် လိပ်အသက်ရှူနည်းပညာချီစွမ်းအင်၏ လုပ်ဆောင်ချက်သည် တဖြည်းဖြည်း တည်ငြိမ်လာ၏။ သို့သော် ယခင်ကနှင့် နှိုင်းယှဉ်ပါက များစွာတိုးလာလေပြီ။
လိပ်အသက်ရှူနည်းပညာ (သတ္တမအဆင့် နက်နဲသော ကျွမ်းကျင်မှု ၁%)
မူရင်းလိပ်အသက်ရှူခြင်းချီစွမ်းအင်အစစ်သည် စမ်းချောင်းတစ်ခုဖြစ်ခဲ့ပါက ယခုအခါ တဟုန်ထိုးစီးဆင်းနေသော ရေတံခွန်ဖြစ်လာပါပြီ။
“ဟူး!”
စူးချန်ခုန်းသည် အသက်ပြင်းပြင်းရှူရင်း သူ၏လိပ်အသက်ရှူနည်းချီစွမ်းအင်ကို ထုတ်လုပ်ရင်း ခွဲစိတ်ကာ သူ့အဆုတ်ထဲသို့ စုဆောင်းလိုက်သည်။ အထွတ်အထိပ်သို့ရောက်သောအခါ ရုတ်တရက် ပါးစပ်ကိုဖွင့်ကာ ပြင်းပြင်း ရှူထုတ်လိုက်သည်။
“ဝူး!”
အပြာရောင်ရေမြှားကဲ့သို့ ချီစွမ်းအင်၏ ထူထပ်များပြားသော စီးကြောင်းတစ်ခုသည် အရိပ်တစ်ခုနှယ် မိုးကြိုးသံ၏ လျင်မြန်မှုနှင့်အတူ ကုတင်ဘေးရှိ စားပွဲပေါ်တင်ထားသော သစ်သားခွက်ကို ထိမှန်သွားလေ၏။
"ဖောက်!"
ပေါက်ကွဲသံကြားတော့ သစ်သားခွက်က ဒေါသတကြီးနဲ့ ရိုက်ထုခံရသည့်အလား ကွဲအက်သွားပြီး အပိုင်းပိုင်း ဖြစ်သွားလေသည်။
" လိပ်အသက်ရှူနည်းပညာက အဆင့် ၇ ကိုရောက်သွားပြီ။ ငါ့ရဲ့ ချီစွမ်းအင်က ခန္ဓာကိုယ်ကို အပြင်ဘက်ကို ထွက်ပြီး မြှားချီပစ်နိုင်တဲ့အတိုင်းအတာအထိ အားကောင်းလာပြီပဲ။"
စူးချန်ခုန်းက မအံ့ဩဖို့ မနေနိုင်ခဲ့။ ဤသည်မှာ အတွင်းစွမ်းအားဖြစ်သည်။ အစပိုင်းတွင် အားနည်းသော်လည်း ကျွမ်းကျင်မှု နက်ရှိုင်းလာသည်နှင့်အမျှ ၎င်းသည် အံ့အားသင့်ဖွယ်ကောင်းသည့် စွမ်းရည်အချို့ကို တဖြည်းဖြည်း ထုတ်ဖော်ပြသနိုင်လေပြီ။
စူးချန်ခုန်းသည် ဆယ်ပေအကွာအဝေးအတွင်း ရန်သူများထံ မြှားတစ်စင်းကို ပစ်ထုတ်နိုင်ခဲ့ပြီး ဒါက သာမန်သိုင်းပညာရှင်တစ်ယောက်အတွက် မထင်မှတ်ထားနိုင်သော အရာတစ်ခုဖြစ်သည်။
“ကြာနက်ဂိုဏ်းရဲ့ အကြီးအကဲလျိုသာ အသက်ပြန်ရှင်လာရင် တကယ့်ရက်စက်ကြမ်းကြုတ်မှု အစစ်အမှန်ကို ငါပြရလိမ့်မယ်” စူးချန်ခုန်းက သူ့ကိုယ်သူ တွေးလိုက်မိသည်။
လွန်ခဲ့သည့် တစ်နှစ်ခွဲနီးပါးက လျိုပိုင်ရန်နှင့် ရင်ဆိုင်ရသောအခါတွင် လျိုပိုင်ရန်သည် အားနည်းသူများကို သူ၏ ခွန်အားဖြင့် ဖိအားခဲ့ပြီး စူးချန်ခုန်းကို နေရာ၌ပင် သေလုမျောပါးဖြစ်စေခဲ့သည်။ သို့သော် လျိုပိုင်ရန်သာ ယခုအသက်ပြန်ရှင်လာပါက ယနေ့ စူးချန်ခုန်းသည် လျှို့ဝှက်လက်နက်များ သို့မဟုတ် အခြားအရာများကို အသုံးမပြုဘဲ လက်တစ်ဖက်တည်းဖြင့် ချေမှုန်းနိုင်မည်ဖြစ်သည်။
အမည်- စူးချန်ခုန်း (အသက် ၁၇ နှစ်)
သက်တမ်း- ၁၃၀ နှစ်
စွမ်းရည်တန်ဖိုး- ၂၀ မှတ်
ကျွမ်းကျင်သော ကိုယ်ခံပညာ- ဝူချင်းရှီ (အဌမအဆင့် သဘာဝလွန်နယ်ပယ် ၁%)၊ သံဖြတ်ဓါးနည်းပညာ (သတ္တမအဆင့် နက်နဲသော ကျွမ်းကျင်မှု ၆၇%)၊ လိပ်အသက်ရှူနည်းပညာ (သတ္တမအဆင့် နက်နဲသော ကျွမ်းကျင်မှု ၁%)၊ ဓားသွားကျင့်ကြံခြင်းအတတ် ( ပဉ္စမအဆင့် ထူးချွန်မှု ၁၈%)
ကျွမ်းကျင်သော အတတ်ပညာ- ပန်းပဲပညာ (သတ္တမအဆင့် နက်နဲသော ကျွမ်းကျင်မှု ၆%)၊ အဂ္ဂိရတ်ပညာ (တတိယအဆင့် အပြည့်အဝနားလည်မှု ၇%)
စူးချန်ခုန်းသည် သူ၏အရည်အချင်းပြဘောင်ကွက်ကိုဖွင့်လိုက်ရာ ချီသွေးနယ်ပယ်သို့ သူဝင်ရောက်ပြီးနောက် ဝူချင်းရှီနှင့် လိပ်အသက်ရှူနည်းနှစ်ခုစလုံးသည် အဆင့်တက်လာပြီး သူ၏သက်တမ်းက အနှစ် ၁၃၀ အထိ တိုးမြှင့်လာသည်ကို တွေ့လိုက်ရသည်။
အနှစ် ၁၃၀ သက်တမ်းသည် လူ့အသက်ရှည်ခြင်း၏ အထွတ်အထိပ်နီးပါးပင်။ စူးချန်ခုန်းသိသလောက်တော့ ကမ္ဘာဂြိုလ်မှာ အသက်အရှည်ဆုံးလူတွေဟာ အသက် ၁၄၀ မှ ၁၅၀ ၀န်းကျင်လောက်သာရှိကြပြီး ဒီလိုလူတွေဟာ ဘီလီယံနဲ့ချီတဲ့ထဲမှာ တစ်ယောက်သာ ရှိလေသည်။
သူက ဤအဆင့်သို့ ရောက်လုနီးပါးပင်။ သူ၏ စွမ်းရည်တန်ဖိုးသည်လည်း အမှတ် ၂၀ ဟူသည့် သိသာထင်ရှားသော မှတ်တိုင်တစ်ခုသို့ ရောက်ရှိလာပြီဖြစ်သည်။ သူ၏ အရည်အချင်းနှင့် နားလည်နိုင်စွမ်း နှစ်ခုစလုံးသည် အဆင့်အတန်းတစ်ခုသို့ တိုးမြင့်လာကာ ပို၍ပင် ကြောက်ခမန်းလိလိဖြစ်ရသည်။ သူ၏ ချီသွေးနယ်ပယ်သို့ အဆင့်တက်မှုနှင့် လိပ်အသက်ရှူနည်းနှင့် ဝူချင်းရှီ နှစ်ခုလုံး အဆင့်အသစ်များဖြင့် စူးချန်ခုန်းသည် နောက်ဆုံးတွင် အနည်းငယ် စိတ်အေးလက်အေး ခံစားခဲ့ရသည်။
တောနက်စီရင်စုမြို့ကဲ့သို့သော မြို့ကြီးများတွင်ပင် ချီသွေးနယ်ပယ်ရှိ စစ်သည်တော်များသည် ဆရယသခင်များအဖြစ် အသိအမှတ်ပြုခံရသော ရှားပါးသူများဖြစ်ကြသည်။ တစ်ယောက်ယောက်က မဟာမီးတောက်အင်ပါယာရဲ့ စစ်တပ်ထဲဝင်ခဲ့ရင်တောင် ထိပ်တန်းအဆင့်ကို ဝင်နိုင်ပြီး ကျော်ကြားတဲ့ ရာထူးတချို့နှင့် ထင်ပေါ်နိုင်သည်။
"ပိုက်ဆံပိုရှာဖို့လိုတယ်။ ပိုက်ဆံပိုရရင် ချီသွေးဆေးပြားတွေကို သန့်စင်ပြီး အထွတ်အထိပ်ရောက်တဲ့အထိ သွေးနဲ့ ချီစွမ်းအင်ကို ဆက်ပြောင်းလဲနိုင်တယ်။"
စူးချန်ခုန်းသည် လက်ရှိအနေအထားကို မကျေနပ်ပါ။
"မနက်ဖြန် ငါ ဝမ်ရွှင်းကို သွားတွေ့မယ်။ ငါ့မှာ ချီအားတိုးဆေးပြား ငါးဆယ်ကျော် ကျန်သေးတယ်။ ငါ့အတွက် နည်းနည်း ချန်ထားပြီး ကျန်တာ ကုန်ကျစရိတ်တွေ ပြန်ရဖို့အတွက် ပြန်ရောင်းလိုက်မယ်။" ယခင်က စူးချန်ခုန်းသည် ဪကို ပြန်လည်သန့်စင်ခြင်းဖြင့် သူ၏ အဂ္ဂိရတ်ပညာကို လေ့ကျင့်ခဲ့သည်။ သုံးလကျော်ကြာအောင် အကြိမ်ပေါင်း သုံးရာနီးပါး ကြိုးစားခဲ့ပြီး အများစုမှာ ရှုံးနိမ့်မှုဖြင့် အဆုံးသတ်ခဲ့သည်။ ဆေးပြားငါးဆယ်ကျော်လောက်သာ အောင်မြင်ခဲ့၏။ ထိုဆေးပြားတွေကို ရောင်းပြီး ကုန်ကျစရိတ်တချို့ ပြန်ရရင်ကောင်းမည်ပင်။
နောက်တစ်နေ့မနက်တွင် စူးချန်ခုန်းသည် သူ၏မျက်နှာသွင်ပြင်ကို ပြောင်းလဲကာ အနက်ရောင်ဝတ်ဆင်လျက် ဝမ်လင်အဆောက်အဦးသို့ တစ်ဖန် သွားရောက်ခဲ့သည်။
"ဆရာလီ၊ ကျေးဇူးပြုပြီး ကြွပါ!"
ဝမ်လင်အဆောက်အဦးတာဝန်ခံ ဝမ်ရွှင်းက စူးချန်ခုန်းကို လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်လိုက်သည်။
ထိုကာလအတွင်း စူးချန်ခုန်းသည် ဝမ်လင်အဆောက်အဦးတွင် ငွေလေးသောင်းမှ ငါးသောင်းအထိ သုံးစွဲခဲ့ရာ တန်ဖိုးထားရသော ဖောက်တည်တစ်ဦး မလွဲမသွေ ဖြစ်လာခဲ့သည်။
ဝမ်လင်အဆောက်အဦးဒုတိယထပ်ရှိ သီးသန့်ခန်းတွင် စူးချန်ခုန်းက “တာဝန်ခံဝမ်၊ ကျွန်တော် မကြာသေးမီက ဆေးပြားအချို့ရခဲ့တယ်။ သူတို့ကို ဘယ်လောက်နဲ့ ရောင်းလို့ရမလဲဆိုတာ သိချင်ပါတယ်”
စူးချန်ခုန်းသည် သူ့ရင်ဘတ်ထဲမှ ချီအားတိုးဆေးပုလင်းကို ထုတ်ယူပြီး စားပွဲပေါ်တင်လိုက်သည်။
ဝမ်ရွှင်းသည် ပုလင်းကိုဖွင့်ကာ ဆေးပြားတစ်လုံးကိုထုတ်ကာ ၎င်း၏အသွင်အပြင်ကို ဂရုတစိုက်ကြည့်ပြီး အနံ့ နမ်းကြည့်လိုက်သည်။
အချိန်အတော်ကြာပြီးနောက် ဝမ်ရွှင်းက လှောင်ပြုံးပြုံးကာ "ဆရာလီ၊ ဒါက အဂ္ဂိရဆေးပညာရှင်က လေ့ကျင့်ရင်း သန့်စင်ထားတဲ့ ချီအားတိုးဆေးပဲဖြစ်ရမယ် ဟုတ်တယ်မလား။ အရည်အသွေးအရတော့ အဆင်ပြေပေမယ့် အကောင်းဆုံးဖြစ်လာဖို့တော့ မနီးစပ်သေးပါဘူး။ ကျွန်တော်တို့ ဝမ်လင်အဆောက်အဦးမှာ ချမှာ ယုံကြည်စိတ်ချရတဲ့သူတွေနဲ့ ချီအားတိုးဆေးတွေကို ရောင်းချပေးတဲ့အတွက် ကျွန်တော် စိတ်မကောင်းပါဘူးဆရာလီ။"
ဝမ်လင်အဆောက်အဦး၏ တာဝန်ခံတစ်ယောက်အနေဖြင့် ဝမ်ရွှင်းသည် မရေမတွက်နိုင်သော ရတနာများနှင့် ဆေးဖက်ဝင်ပစ္စည်းများကို မြင်တွေ့ခဲ့ရသည်။ သူ၏ ပိုင်းခြားသိမြင်မှုက အံ့လောက်စရာပင်။ စူးချန်ခုန်း ပေးသော ဆေးများ၏ အရည်အသွေးကို အလွယ်တကူ သိရှိနိုင်ပြီး ၎င်းတို့၏ အရည်အသွေးကိုပင် နားလည်နိုင်သည်။
ထိုဆေးပြားများက အရည်အသွေးမီရုံသာဖြစ်ပြီးအကောင်းဆုံးမဖြစ်သေးပေး။ စူးချန်ခုန်း လေ့ကျင့်နေစဉ်အတွင်း သန့်စင်ထားသော ဆေးပြားများကို ပွင့်ပွင့်လင်းလင်း အကဲဖြတ်တာဖြစ်ပြီး အရည်အသွေးမှာ ကွဲပြားပါသည်။ ဝမ်လင်အဆောက်အဦးသည် သူတို့ဆိုင်တွင် ဤသို့ အရည်အသွေးမကိုက်ညီသော ချီအားတိုးဆေးများကို ရောင်းချမည် မဟုတ်ပေ။ ကွဲလွဲမှုကို တစ်စုံတစ်ယောက်က သတိပြုမိသွားပါက ဝမ်မိသားစု၏ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သည်။
ထိုစကားကိုကြားသောအခါ စူးချန်ခုန်းသည် ဝမ်ရွှင်း ခက်ခဲအောင် မလုပ်ပေ။ သူသည် ငွေအနည်းငယ်အတွက် အကြွေးမတင်ချင်သောကြောင့် မေးလိုက်၏။ “ဒါဆို ဒီချီအားတိုးဆေးပြားတွေကို ဘာစိတ်ပူစရာမှမရှိဘဲ အနီးနားက ဘယ်မှာရောင်းရမလဲဆိုတာ သိလား။” စူးချန်ခုန်းက ဝမ်ရွှင်းကို စိတ်ပူစရာမလိုဘဲ ဆေးပြားတွေ ဘယ်မှာရောင်းရမှာလဲလို့ မေးတာက တစ္ဆေဈေးရဲ့ တည်နေရာကို သွယ်ဝိုက်ပြီး မေးနေတာပင်။ ယေဘုယျအားဖြင့် နေရာတိုင်းတွင် တစ္ဆေဈေးကွက်ရှိသည်။ ချင်းရွှေမြို့တွင် တစ်ခုရှိသကဲ့သို့ တောနက်စီရင်စုအနီးတွင် တစ်ခုရှိသည်မှာ သေချာပြီး ဝမ်ရွှင်း၏ ကျယ်ပြန့်သော ဗဟုသုတဖြင့် သူ သိနိုင်ပေလိမ့်မည်။
တစ္ဆေဈေး ဘယ်မှာရှိတယ်ဆိုတာသာ သိရရင် စူးချန်ခုန်းဟာ သူ့ရဲ့ ချီအားတိုးဆေးပြားတွေကို အဲဒီ့မှာ နည်းနည်းပိုကောင်းတဲ့ ဈေးနဲ့ရောင်းနိုင်လေသည်.. တကယ်လို့များ သူရောင်းနိုင်ခဲ့ရင် ကောင်းမွန်သော ဒူးလေးတချို့ကိုသွန်းလုပ်ပြီးတော့ စျေးကြီးကြီးနှင့်ရောင်းကာ ပိုက်ဆံပိုရှာနိုင်မည်ပင်။