← Chapters

အကူအညီပေးပါအုံး

Vol. 31 Ch. 301

အကူအညီပေးပါအုံး

Vol. 31 Ch. 301

စုချန်းသည် ခရမ်းရောင်အကြေးခွံနတ်ဆိုးသတ္တဝါငယ်ဆီသို့ လျင်မြန်စွာ ပြေးဝင်သွား၏။ လမ်းခုတ်လတ်မှာပင် သူက မီးလျံသိမ်းငှက်တကောင်ကို ထုတ်ဖော်လိုက်သည်။ မီးလျံသိမ်းငှက်သည် နတ်ဆိုးသတ္တဝါငယ်၏ ကိုယ်ခန္ဓာကို ပြင်းထန်စွာ ထိမှန်သွား၏။ ထိုအချိန်မှာပင် စုချန်းက ဦးတည်ချက်ကို လျင်မြန်စွာ ပြောင်းလဲပြီး တောအုပ်၏ တဖက်ခြမ်းဆီသို့ ပြေးဝင်သွားတော့သည်။

ခရမ်းရောင်အကြေးခွံနတ်ဆိုးသတ္တဝါငယ်၏ ညဏ်ရည်ညဏ်သွေးမှာကား အကြီးကောင်ထက်ပင် ဆိုးဝါးနေသေး၏။ မြှားခေါ်သွားမှန်း သိပါလျက်နှင့် စုချန်းနောက်မှ ထပ်ချပ်မကွာပင် လိုက်ပါသွားလေသည်။

စုချန်းတယောက် နတ်ဆိုးသတ္တဝါငယ်အား မြှားခေါ်သွားသည်ကို မြင်တွေ့လိုက်ရသောအခါ ဝမ်တောက်ရှန်း ကျိန်ဆဲလိုက်၏။

"သေစမ်း ဒီကောင် ဒါမျိုး ထပ်လုပ်ပြန်ပြီ"

အက်ဒမန်တင်းမျောက်ဝံနှင့် တိုက်ခိုက်တုန်းကလည်း စုချန်း ဤသို့ လုပ်ခဲ့ဖူးသည်။ ယခုလည်း နောက်တကြိမ် ထပ်လုပ်လိုက်ပြန်ချေပြီတကား။

တခြား သတ္တဝါဆိုးများ မနှောင့်ယှက်နိုင်မီ သူတို့ရှေ့ရှိ နတ်ဆိုးသတ္တဝါကြီးအား အချိန်မီ သတ်ဖြတ်နိုင်ရန်သာ ဝမ်တောက်ရှန်းအနေနှင့် မျှော်လင့်ရပေတော့မည်။

ထိုသို့ စဉ်းစားမိသည်နှင့် စွန့်စားရန်အချိန်တန်ပြီဟု ဝမ်တောက်ရှန်း ဆုံးဖြတ်လိုက်၏။ တချိန်တည်းမှာပင် သူ့ညာဖက်လက်တွင် ထိုးထားသော တက်တူးမှာ တောက်ပဝင်းလက်လာတော့သည်။

ရုတ်တရက် တိုးပွားလာသော အင်အားများကြောင့် ဝမ်တောက်ရှန်း၏ ညာဖက်လက်သည် ကြီးမားသန်မာကာ ထူထဲလာသည်ဟု ထင်မှတ်ရ၏။ ၎င်းလက်သည် နတ်ဆိုးသတ္တဝါကြီး၏ ရင်ဘတ်ဆီသို့ ကြီးမားလှသော သံမဏိတိုင်လုံးကြီးပမာ ကျရောက်သွား၏။ သတ္တဝါကြီးသည် အလွန်နာကျင်သွားဟန်နှင့် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ၎င်း၏ ပါးစပ်မှလည်း ထူးထဲသိပ်သည်းလှသည့် ခရမ်းရောင်ဓားပုံရိပ်အလင်းတန်းတခု တိုးထွက်လာ၏။ ထိုဓား၏ မျက်နှာပြင်တွင်တော့ ထူးဆန်းသည့် လျပ်စစ်အားလှိုင်းများက ဟိုမှသည်မှ ပြေးလွှားနေကြောင်း လူတိုင်းလိုလို မြင်တွေ့လိုက်ရသည်။

"သိပ်ကောင်းတယ်ဟေ့"

ဝမ်တောက်ရှန်း ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီးထိုဓားပုံရိပ်ကို လက်သီးနှင့် ထိုးချလိုက်တော့သည်။ လက်သီးနှင့် ဓား ထိမှန်သွားချိန်ဝယ် မျက်စေ့ကျိန်းစပ်မတတ် အလင်းရောင်တန်းများ ထွက်ပေါ်လာပြီး တတောလုံး လင်းထိန်သွား၏။

ဝမ်တောက်ရှန်း၏ သံမဏိလက်သီးသည် ကြောက်စရာအရှိန်အဟုန်နှင့် ပြင်းထန်သော စွမ်းအင်ကို သယ်ဆောင်လာ၏။ သူ့လက်ပေါ်ရှိ သတ်ဖြတ်သူဆေးမင်တက်တူးကလည်း သူ၏ အင်အားကို အစွမ်းကုန် နှိုးဆွပေးနေလေသည်။

ဝုန်းခနဲ မြည်သံနှင့်အတူ ဝမ်တောက်ရှန်း၏ လက်သီးချက်ကြောင့် နတ်ဆိုးသတ္တဝါကြီး၏ ရင်ဘတ်တွင် အပေါက်ကြီးတပေါက် ဖြစ်ပေါ်လာ၏။ ထိုအပေါက်သည် မည်မျှထိ ကြီးသနည်းဆိုးရသော် သတ္တဝကြီးကိုယ်တိုင် နတ်ဆိုးချီစွမ်းအင်နှင့် ပြန်လည်ကုသခြင်း မပြုနိုင်သည်ထိ ကြီးမားလေသည်။

ထိုအချင်းအရာကို မြင်တွေ့လိုက်ရသောအခါ လူတိုင်းလိုလိုသည် ဝမ်းသာဝမ်းနည်း ခံစားလိုက်ရ၏။ ဝမ်းသာရသည်မှာကား စုချန်း၏ လက်ရာ သတ်ဖြတ်သူ ဆေးမင်ကြောင်သည် အလွန်အင်အားကြီးမားနေသောကြောင့်ပင်။ ဝမ်းနည်းရသည်မှာကား ၎င်းကို လူတိုင်း အသုံးမပြုနိုင်သောကြောင့်ပင် ဖြစ်သည်။

"သူ့ ဒဏ်ရာကို ပစ်မှတ်ထားပြီး တိုက်ခိုက်ကြဟေ့"

ဟေးယွန်တုံးက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏ ကောင်းကင်အဝေးရောက်လက်သီးကို ပစ်လွှတ်လိုက်၏။

ကျန်လူများကလည်း တချိန်တည်းလိုလိုမှာပင် ပြိုင်တူတိုက်ခိုက်လိုက်ကြ၏။

အာဝူး!!!!!

နောက်ဆုံးတွင်တော့ နတ်ဆိုးသတ္တဝါကြီးသည် နာကျင်စွာ အော်ဟစ်ငိုကြွေးလိုက်၏။ အော်သံသည် လေဟာနယ်အတွင်းမှာပင် အချိန်တခု ကြာသည်အထိ ပဲ့တင်ထပ်နေသကဲ့သို့ ထင်မှတ်ရလေသည်။

အော်ဟစ်သံအဆုံးမှာပင် သတ္တဝါကြီးသည် အသက်ငင်လာပြီး နေရာမှာပင် လဲကျသေဆုံးသွားတော့သည်။

"ငါတို့ လုပ်နိုင်ခဲ့ပြီကွ"

လူတိုင်းလိုလိုသည် စိတ်လှုပ်ရှားစွာနှင့် ပြိုင်တူအော်ဟစ်လိုက်ကြ၏။

"ဒီအတိုင်း ရပ်နေလို့မဖြစ်သေးဘူး စုချန်းကို သွားကူမှဖြစ်မယ်"

ထို့နောက် သူတို့အားလုံးသည် မြေကြီးပေါ်တွင် လဲကျသေဆုံးနေသော နတ်ဆိုးသတ္တဝါကြီးကို စောင်းငဲ့၍ပင် ကြည့်မနေကြတော့ပဲ စုချန်းနောက်သု့ိ ထပ်ချပ်မကွာ လိုက်ပါသွားကြတော့သည်။

တောာအုပ်တနေရာအရောက်တွင် နတ်ဆိုးသတ္တဝါအကောင်ပေါက်ငယ်သည် စုချန်း၏ဘေးတွင် ငြိမ်သက်စွာ မတ်တပ်ရပ်နေကြောင်း သူတို့ မြင်တွေ့လိုက်ရ၏။

ထိုအခါ ဝမ်တောက်ရှန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

"ဟေ့ စုချန်း ဒီတခါတော့ မင်း ဒီအကောင်ကို တယောက်တည်း မသတ်နိုင်တော့ဘူးပေါ့ဟုတ်လား"

စုချန်းက သူတို့အားလုံးကို တိတ်တိတ်နေရန် အချက်ပြလိုက်၏။

တကယ်လည်း နတ်ဆိုးသတ္တဝါငယ်သည် မသေသေးချေ။ တစုံတခုသော အကြောင်းတစုံတရာကြောင့် စုချန်း၏ဘေးနားတွင် ငြိမ်သက်စွာ မတ်တပ်ရပ်နေခြင်းသာ ဖြစ်သည်။

စုချန်းသည် သူ့လက်ချောင်းများကို နတ်ဆိုးသတ္တဝါငယ်၏ မျက်ခုံးမွှေးနှစ်ခုကြားတွင် တင်ထားလိုက်၏။ သတ္တဝါငယ်ကား မည်သည့် တုန့်ပြန်မှုမှ မရှိချေ။ ကျန်လူများကား ဘာလုပ်ရမှန်း မသိပဲ စုချန်း၏ လုပ်ရပ်ကို မျက်တောင်မခတ်စတမ်း ကြည့်နေကြကုန်၏။ အတန်ကြာမှ စုချန်းက သူ့လက်ချောင်းများကို ဖယ်ပေးလိုက်လေသည်။

ထိုအခါကျမှ နတ်ဆိုးသတ္တဝါငယ်သည် ပြန်လည်နိုးထလာ၏။ ၎င်းသည် သတိရလာသည်နှင့် ဘာဖြစ်နေမှန်း သဘောမပေါက်ပဲ စိတ်ရှုပ်ထွေးနေပုံရသည်။ အတန်ကြာမှ အသိစိတ်ဝင်လာပြီး စုချန်းကို ဒေါသတကြီးနှင့် ခုန်အုပ်လိုက်တော့သည်။

စုချန်းကလည်း သွက်လက်ဖျတ်လတ်စွာ ရှောင်တိမ်းပေးလိုက်၏။ တဆက်တည်းမှာပင် ဝမ်တောက်ရှန်းတို့လူစုကို အော်ဟစ်သတိပေးလိုက်လေသည်။

"သူ့ကို မသတ်ကြနဲ့ ကျုပ် သူ့ကို အရှင်လိုချင်တယ်"

"ဟေ့ မင်းဘာတွေလုပ်ဖို့ ကြိုးစားနေတာလဲ စုချန်း"

ဟေးယွန်တုံးက မျက်မှောက်ကုတ်ရင်း မေးလိုက်သည်။

"ဒီနားတဝိုက်မှာ နောက်ထပ် အကောင်ကြီးတကောင် ရှိသေးတယ်ဆိုတာ မင်း မမေ့ပါနဲ့"

စုချန်းက ပြန်ရှင်းပြလိုက်သည်။

"စိတ်မပူပါနဲ့ တောအုပ်ထဲမှာ အရွယ်ရောက်ပြီးသား နတ်ဆိုးသတ္တဝါဆိုလို့ ကျုပ်တို့ သတ်လိုက်တဲ့ တကောင်ပဲရှိတာပါ"

ဟမ်....

လူတိုင်းလိုလိုသည် အံ့သြသင့်သွားကြကုန်၏။

ဝုရှောင်ကတော့ ဝမ်းသာသွားလေသည်။

"ဒါဆိုရင် ခင်ဗျားဆိုလိုတာ ကျုပ်ရဲ့ ထောက်လှမ်းရေးစွမ်းရည်က မမှားဘူးပေါ့ ဟုတ်လား"

ဝမ်တောက်ရှန်းက မေးလိုက်ပြန်သည်။

"ဒါဆိုရင် အကောင်သေးတကောင်က ဘယ်ကနေ ပေါ်လာတာတုန်း"

စုချန်းက ပြန်ရှင်းပြလိုက်၏။

"ဒီကောင်လေးဟာ ဒီနေရာမှာ မွေးခဲ့တာတော့ မှန်တယ် ဒါပေမဲ့ သူ့အဖေကတော့ ဒီမှာ မရှိဘူးဗျ"

သူက အလွန်ဝေးကွာသောနေရာတွင် တည်ရှိနေသည့် တောင်ကြီးကို မေးငေါ့ရင်း ပြောလိုက်ခြင်း ဖြစ်သည်။

လူတိုင်း နားလည်သဘောပေါက်သွားလေပြီ။

"မင်းက ဘယ်လိုလုပ် သိတာတုန်း"

ယိယွန့်ဟုန်၏ မေးခွန်း ဖြစ်သည်။

စုချန်းက ပြုံးရုံသာ ပြုံးပြလိုက်၏။ ဘာမှ ပြန်ဖြေခြင်းမရှိ။ ထိုအခါကျမှ သူ့မေးခွန်းသည် မစူစမ်းမဆင်ခြင်ပဲ မေးမိသလို ဖြစ်သွားကြောင်း ယိယွန့်ဟုန် သဘောပေါက်သွား၏။

လူတိုင်းလိုလိုတွင် လျှို့ဝှက်ချက်ကိုယ်စီ ရှိကြသည်မဟုတ်ပါလား။ စုချန်းအနေနှင့် ထိုမေးခွန်းကို မဖြေလိုလျင် သူ့အနေနှင့် ဆက်မမေးသင့်ချေ။

စကားတပြောပြောနှင့်ပင် သူတို့အားလုံးသည် နတ်ဆိုးသတ္တဝါငယ်ကို အောင်မြင်စွာ ဖမ်းဆီးနိုင်လိုက်ကြ၏။ သတ္တဝါငယ်သည် ထွက်ပြေးရန် အစွမ်းကုန်ကြိုးစားသော်လည်း သူ့ထက် အင်အားကောင်းသော လူသားများနှင့် ရင်ဆိုင်လိုက်ရသည့်အခါ ဘာမှ မတတ်နိုင်တော့။

"မင်း ဒီကောင်လေးကို ဘာလုပ်မလို့လဲ"

ဟေးယွန်တုံးက မေးလိုက်ပြန်၏။

"ကျုပ်က ကျုကျွန်ကျာ့ကို ပေးမလို့"

ကျုကျွန်ကျာ့ကား သားရဲသတ္တဝါဆိုးများအား ထိန်းချုပ်ရာတွင် ကျွမ်းကျင်သူဖြစ်သည်။ သူမသည် အဌမနှစ်ကျောင်းသူဖြစ်ပြီး နံပါတ် ၂၈နေရာတွင် ရှိ၏။ သူမ၏ အင်အားမှာကား ချင်းလင်အာနှင့် အတူတူပင် ဖြစ်သည်။ ချင်းလင်အာနှင့် သူမအကြား ကြီးမားသော ကွဲပြားခြားနားချက်ဟူ၍ တချက်သာရှိသည်။ ၎င်းမှာ သူမသည် သားရဲသတ္တဝါဆိုးများကိုသာ ထိန်းချုပ်နိုင်ပြီး ထိုသို့ ထိန်းချုပ်ရာတွင်လည်း တကြိမ်တည်းနှင့် အကောင်ရေများစွာ ထိန်းချုပ်နိုင်ခြင်းပင်။ သူမသည် သူမထက်သန်မာသော သားရဲသတ္တဝါများကိုပင် ထိန်းချုပ်နိုင်စွမ်းရှိရင် သူ့ဟာနှင့်သူတော့ မဆိုးလှဟု ဆိုနိုင်ပေသည်။

"ဒီကောင်လေးကို ကျုကျွန့်ကျာ့ကိုပေးပြီး ထိန်းချုပ်ခိုင်းမလို့ ဟုတ်လား"

ဟေးယွန်တုံး မျက်လုံးပြူးသွား၏။ ပြီးမှ သူက ပြောလိုက်သည်။

"ဘာလဲ မင်းက ဒီကောင်ကို နောက်ထပ် အကောင်ကြီးနဲ့ ရင်ဆိုင်ခိုင်းမလို့လား"

စုချန်း ခေါင်းညိတ်ပြလိုက်၏။

လူတိုင်း၏ ရင်ထဲတွင် အေးစက်သော အငွေ့အသက်များကို ခံစားလိုက်ရ၏။

အခြေအနေကို နားလည်သဘောပေါက်သွားပြီးနောက် နတ်ဆိုးသတ္တဝါ အကောင်ပေါက်အပေါ် ထားရှိသော သူတို့၏ သဘောထားကလည်း ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

ထိုအခါ ဟေးယွန်တုံးက ပြောလိုက်၏။

"ဟန်ဖန်း ဒီသတ္တဝါကို မင်းနဲ့အတူ ထားခဲ့မယ် ကျွန့်ကျာ့ ဒီကို ရောက်လာရင် ဒီသတ္တဝါကို သူပဲ ထိန်းချုပ်လိမ့်မယ် တကယ်လို့ မင်း စောင့်ကြည့်နေရဲ့သားနဲ့ ဒီကောင် ထွက်ပြေးသွားရင်တော့ မင်း ငါ့ကို ဘယ်လို ပြန်ဖြေမလဲ ကြိုပြီးသာ စဉ်းစားထားပေတော့"

"စိတ်ချစမ်းပါဗျာ"

ကျန့်ဟန်ဖန်းက ရင်ဘတ်ကို ပုတ်ပြရင်း ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသော လေသံနှင့် ပြောလိုက်၏။ သူသည် တားဆီးခြင်းပုံစံကွက်များ တည်ဆောက်ရာတွင် အထူးကျွမ်းကျင်သူ ဖြစ်သည်။ နတ်ဆိုးသတ္တဝါငယ်အတွက် လှောင်ချိုင့်တခု ဖန်တီးရန်မှာ သူ့အတွက် ပြသနာမဟုတ်။

မည်သို့ဆိုစေ နတ်ဆိုးသတ္တဝါကို ရှင်းလင်းလိုက်ခြင်းကြောင့် စုချန်းအဖို့ တောအုပ်အတွင်း တိုးလျိုးပေါက် သွားလာနိုင်ပြီ ဖြစ်သည်။ ထို့ကြောင့် သူ၏ ကိုယ်ခန္ဓာစွမ်းအင်အဆင့် မြင့်မားလာမည်ဖြစ်သလို ကုန်ကြမ်းများကိုလည်း ပိုမို ရှာဖွေနိုင်ပေတော့မည်။

"နေအုံးဗျ ကျုပ် တခုရှာတွေ့တယ်"

ကျိယွာယု၏ စကားပြောသံ ထွက်ပေါ်လာ၍ လူတိုင်းက သူ့ဆီသို့ လှည့်ကြည့်လိုက်ကြသည်။ ထိုအခါ သူ့ဦးခေါင်းပေါ်တွင် ထူးဆန်းသော သလင်းကျောက်တလုံး တွဲလွဲခိုနေကြောင်း လူတိုင်း မြင်တွေ့လိုက်ရ၏။

"ဟာ အဲဒါ မူလသလင်းပဲဟေ့"

မာချွန်း၊ ရွှီတုံးနှင့် ကျန်လူများ၏ မျက်လုံးအစုံသည် ဝင်းလက်တောက်ပသွား၏။

မူလသလင်းဟူသည် သားရဲသတ္တဝါဆိုးများ၏ မူလစွမ်းအင်မှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် မူလကျောက်တုံးများနှင့် အလားသဏ္ဍာန်တူ၏။ သို့သော် ၎င်းတို့သည် ပို၍ သန့်စင်ပြီး တစုံတယောက်၏ ကိုယ်ခန္ဓာစွမ်းအင်အဆင့်အတန်းကို တိုက်ရိုက်မြှင့်တင်ပေးနိုင်၏။ ထို့ကြောင့် ၎င်းတို့သည် မူလကျောက်တုံးထက် ပို၍ တန်ဖိုးကြီးမားလေသည်။

အနှီ မူလသလင်းသည် ခရမ်းရောင်နတ်ဆိုးသတ္တဝါထံမှ ပေါ်ပေါက်လာခြင်းဖြစ်ပြီး မူလကျောက်တုံး ၅၀၀မှ ၁၀၀၀ထိပင် တန်ကြေးရှိ၏။ ထို့ကြောင့် သူတို့မျက်လုံးများ အရောင်တောက်သွားခြင်းမှာ အံ့သြစရာမဟုတ်ပေ။

သို့သော် စုချန်းနှင့် ဟေးယွန်တုံးတို့ကတော့ ပြုံးလိုက်မိ၏။

အကြောင်းမှာ မူလသလင်းဟူသည် တန်ဖိုးကြီးမားသော်လည်း ပြင်ပကမ္ဘာတွင်တော့ ရှားပါးသော ပစ္စည်းမဟုတ်။ ပြီးတော့ သူတို့၏ တကယ့်ရည်ရွယ်ချက်ကလည်း ပြင်ပကမ္ဘာတွင် တွေ့မြင်ရလေ့ရှိသည့် ပစ္စည်းမျိုးကို ရှာဖွေရန် ဤနေရာသို့ လာရောက်ခဲ့သည်မဟုတ်။

ထို့ကြောင့် သူတို့နှစ်ယောက်သည် မူလသလင်းကို ကြာကြာ အာရုံစိုက်မနေပဲ အဝေးတွင် မှိန်ပြပြ မြင်နေရသော တောင်ကြီးဆီသို့သာ အာရုံစိုက် ကြည့်ရှုနေကြလေသည်။

လက်ရှိအချိန်တွင်တော့ ထိုတောင်ဆီသို့ ဦးတည်မည့် စစ်ဆင်ရေးအတွက် ကြိုတင်ပြင်ဆင်ရမည့် အချိန်ပင် ဖြစ်သည်။

ထိုအခိုက်မှာပင် သာယာလှပသော အသံတသံ ထွက်ပေါ်လာ၏။

"ဟေ့ စုချန်း ရှင်တို့ဘယ်မှာလဲ"

"ဟာ ဒါ အစ်မချီတို့ အသံပဲဗျို့"

အသံကို ချက်ချင်းမှတ်မိလိုက်ဟန်ဖြင့် စုချန်းက ပြောလိုက်သည်။ ထို့နောက် သူက ပြန်ထူးလိုက်၏။

"ကျုပ်တို့ ဒီမှာဗျို့"

သိပ်မကြာမီ အလွန် ဝေးကွာသော နေရာမှ တဟုန်ထိုး ပြေးလွှားလာသော ချီဝေယန်က်ို သူတို့ အားလုံး မြင်တွေ့လိုက်ရသည်။

သူမ၏ တကိုယ်လုံးမှာ သွေးများ ဖုံးလွှမ်းနေ၏။ အလွန် ဆိုးဝါးသော အခြေအနေနှင့် ချီဝေယန် ရင်ဆိုင်လာရကြောင်း မြင်ရုံနှင့်ပင် သိသာနေလေသည်။

ကျန်လူများက သူမကို ကမန်းကတန်း ပြေးပွေ့လိုက်ကြ၏။

ချီဝေယန်က အမောမဖြေနိုင်သေးပဲ ကပျာကယာ ပြောလိုက်သည်။

"မြန်မြန် စုချန်း ကုချိန်းလွှာကို အမြန်ဆုံးသွားကူ သူနဲ့တခြားလူတွေ အန္တရာယ်နဲ့ ကြုံနေပြီ"

All Chapters