ယောကျာ်းတွေကြားက ကတိ ၁
Vol. 31 Ch. 302
"ကုချိန်းလွှာ ဟုတ်လား"
ကုချိန်းလွှာဟူသော နာမည်ကို ကြားလိုက်ရသည်နှင့် စုချန်းသည် လွန်စွာ ထိတ်လန့်တုန်လှုပ်သွား၏။
သူက ရှေ့သို့ တဟုန်ထိုး ခုန်ထွက်ပြီး ချီဝေယန်ကို လှုပ်ယမ်းကာ သွေးရူးသွေးတန်းနှင့် မေးမြန်းလိုက်သည်။
"အစ်မချီ ဘာတွေဖြစ်လာသလဲ တိတိကျကျ ပြောပြစမ်းပါ"
ချီဝေယန်သည် စုချန်း၏ မေးခွန်းကို အားတင်းကာ ဖြေဆိုရန် ဟန်ပြင်လိုက်၏။ သို့သော် ထိုအခိုက်မှာပင် သူမ ပါးစပ်အတွင်းမှ သွေးများ ပွက်ခနဲ အန်ထုတ်လိုက်ပြီး မဟန်နိုင်တော့ပဲ မြေကြီးပေါ်သို့ လဲပြိုကျသွားတော့သည်။
သူမ၏ ဒဏ်ရာမှာ ပြင်းထန်လှ၏။ ဒီကြားထဲတွင်မှ စုရပ်သို့ရောက်အောင် ပြေးလွှားလာရသေးသည်။ ထို့ကြောင့် ရည်မှန်းချက်နေရာသို့ ရောက်သည်နှင့် သူမ အားကုန်သွားခြင်းပင်။
ထိုအချိန်မှာပင် နောက်ထပ် ကျောင်းသားတယောက် ထွက်ပေါ်လာ၏။ မာချွန်းပင်။
တကယ်တော့ မာချွန်းသည် ဌာနချုပ်နေရာ၏ အစောင့် ဖြစ်သည်။ သို့သော် ချီဝေယန်ထံမှ သတင်းကို ကြားသည်နှင့် သူသည်လည်း မနေနိုင်တော့ပဲ သူမနှင့်အတူ တောအုပ်အတွင်းသို့ လိုက်ပါလာခဲ့လေသည်။ သို့သော် သူသည် ဒဏ်ရာရနေသော ချီဝေယန်ထက်ပင် နှေးကွေးနေသေး၏။ ထို့ကြောင့် ချီဝေယန်ထက်ပင် နောက်ကျပြီးမှ ထိုနေရာသို့ ရောက်ရှိလာခြင်း ဖြစ်သည်။
ချီဝေယန် အခြေအနေမဟန်မှန်း တွေ့သည်နှင့် စုချန်းသည် ဆေးပုလင်းငယ်တလုံးကို လျင်မြန်စွာ ထုတ်ယူပြီး သူမအားး တိုက်ကျွေးလိုက်၏။
ဆေးဝင်သွားသည်နှင့် ချီဝေယန်၏ အနေအထားပင် အနည်းငယ် သက်သာလာ၏။ သူမက စုချန်းကို ဖမ်းဆွဲပြီး ပြောလိုက်သည်။
"ဒီနေရာရဲ့ အနောက်ဘက် ကီလိုမီတာ ၂၀မှာ ကမ်းပါးစောက်တခုရှိတယ် အဲဒီမှာ ကုချိန်းလွှာ ယွဲ့လောင်ရှ လင်းရှ လီယွမ် ယန်လင်း အန်းယိတို့တတွေ ဒုက္ခရောက်နေကြပြီ"
ဟေးယွန်တုံးက မေးလိုက်၏။
"ရန်သူ ဘယ်နှစ်ယောက် ရှိသလဲ"
ချီဝေယန်က ပြန်ဖြေလိုက်သည်။
"သုံးယောက်"
ဟင်...သုံးယောက်တည်း ဆိုပါကလား...
ရန်သူ သုံးယောက်တည်းနှင့် သူတို့ဘက်မှ လူ ခြောက်ယောက်အား အကျပ်ရိုက်စေခဲ့သည့်အပြင် ချီဝေယန်ကိုပါ ဒဏ်ရာရစေခဲ့သေး၏။
ချီဝေယန်က စကားဆက်လိုက်သည်။
"အဲဒီသုံးယောက်ထဲက နှစ်ယောက်ဟာ မူလစွမ်းအင်နန်းဆောင်က ဖြစ်နေတယ်ရှင့်"
ထိုစကားကို ကြားလိုက်ရမှ အခြေအနေမှန်ကို သူတို့ နားလည်သဘောပေါက်သွားကြ၏။
သွေးဗီဇညှို့ငင်နှုတ်ယူကိရိယာသည် လူသားများနှင့်ဆိုင်ပြီး မူလစွမ်းအင်နန်းဆောင်မှာကား သတ်ဖြတ်သူများ၏ ပိုင်ဆိုင်မှု ဖြစ်သည်။
အထက်ပါ နှစ်မျိုးလုံးကို အာကင်နာများ တီထွင်ခဲ့ကြခြင်း ဖြစ်ပြီး မူလစွမ်းအင်အသုံးပြုမှုကို တိုးတက်လာစေရန် ရည်ရွယ်ပေသည်။
ထိုပစ္စည်းနှစ်မျိုးအကြား အဓိကကျသော ကွဲပြားခြားနားချက်မှာ သွေးဗီဇညှို့ငင်ထုတ်ယူကိရိယာသည် သားရဲမျိုးစိတ်များ၏ အင်အားအပေါ်တွင်သာ အဓိက မှီခိုနေခြင်း ဖြစ်သည်။ တနည်းအားဖြင့် ၎င်းသည် အင်အားကို ဆပွားချဲ့ထွင်ပေးသော ကိရိယာဖြစ်ပြီး မူလရှိရင်းစွဲအင်အားအပေါ်တွင်သာ မူတည်ပြီး တည်ဆောက်ထားခြင်း ဖြစ်သည်။
မူလစွမ်းအင်နန်းဆောင်မှာကား အသုံးပြုသူ၏ ကိုယ်ပိုင်အသက်ဓာတ်ကို ပြောင်းလဲပစ်ရာတွင် အသုံးပြု၏။ ထိုသို့ ပြောင်းလဲလိုက်ခြင်းအားဖြင့် အသုံးပြုသူသည် မူလစွမ်းအင်နှင့် အံဝင်ခွင်ကျ ဖြစ်လာရုံမက အသုံးပြုရာတွင်လည်း ပို၍ ထိရောက်လာမည် ဖြစ်သည်။
အာကင်နာမျိုးစိတ်များဟူသည် ရုပ်ပိုင်းဆိုင်ရာ အလွန် ပျော့ညံ့သူများ ဖြစ်ကြသည်။ ၎င်းတို့အနေနှင့် မူလစွမ်းအင်ကို ကိုယ်ကာယ အသုံးပြု၍ ထိန်းချုပ်နိုင်စွမ်း မရှိပေ။ ထို့ကြောင့် ၎င်းတို့သည် မူလစွမ်းအင်ကို ထိန်းချုပ်ရန်နှင့် နှိုးဆွရန် ပြင်ပနည်းလမ်းများကိုသာ အသုံးပြုကြပြီး မူလပုံစံများကိုသာ အဓိက အားထားလေ့ရှိကြ၏။ ဥပမာအနေနှင့်ပြရလျင် လူသားများအနေနှင့် ၎င်းတို့ကိုယ်တွင်းတွင် မူလစွမ်းအင်ကို စုဆောင်းပြီး အင်အားကြီးမားလာအောင် ပြုလုပ်နိုင်သော်လည်း အာကင်နာများကတော့ ထိုသို့ မစွမ်းဆောင်နိုင်ကြပေ။
ထိုအခါ ရုပ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်များကို ကျော်လွှားပြီး မူလစွမ်းအင်ကို ပိုမို ပြီးပြည့်စုံစွာ ထိန်းချုပ်နိုင်စွမ်းရှိလာစေရန် ရည်သန်၍ အာကင်နာများသည် မူလစွမ်းအင်နန်းဆောင်ကို တည်ဆောက်ခဲ့ကြ၏။ ထို့ကြောင့် မူလစွမ်းအင်နန်းဆောင်ဟူသည် ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိရန် အာကင်နာများ၏ တိုက်ရိုက်ကြိုးစားအားထုတ်မှုဟုပင် ဆိုနိုင်သည်။
သူတို့၏ မူလအစီအစဉ်မှာကား အောက်ပါအတိုင်း ဖြစ်သည်။ သူတို့သည် မူလစွမ်းအင်နန်းဆောင်ကို အသုံးပြု၍ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သန်စွမ်းလာအောင် ပြုလုပ်မည်။ ပြီးမှ သွေးဗီဇညှို့ငင်ထုတ်ယူကိရိယာကို အသုံးပြု၍ အင်အားကို တိုးမြှင့်မည်။ ထို့နောက်တွင်တော့ အာကင်နာမျိုးစိတ်ဝင်တိုင်းသည် မူလစွမ်းအင်ကို နိုင်နင်းစွာ ထိန်းချုပ်လာနိုင်ပြီး စစ်မှန်သော အင်အားပိုင်ရှင်များ ဖြစ်လာကြမည်။
သို့သော်ငြားလည်း မူလစွမ်းအင်နန်းဆောင်ကို အောင်မြင်စွာ တီထွင်နိုင်ခဲ့ပြီးခါမှ ၎င်းတွင် ကြီးစွာသော အားနည်းချက်ကြီး ရှိနေကြောင်း အာကင်နာများ သိလိုက်ရ၏။ ထိုအားနည်းချက်မှာ အနှီ မူလစွမ်းအင်နန်းဆောင်ကို ဖြတ်သန်းမည့်သူသည် အဆုံးစွန်သော နာကျင်မှုဒဏ်ကို ခံနိုင်ရည်ရှိရန်နှင့် ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုကို တွန်းလှန်နိုင်ရန် လိုအပ်နေခြင်းပင်။ အောင်မြင်စွာ ဖြတ်သန်းသူသည် မယုံကြည်နိုင်လောက်သော စွမ်းအားများ ရရှိလာမည် မှန်သော်လည်း အတော်များများမှာကား တောင့်မခံနိုင်ပဲ ရူးသွပ်ကုန်ကြ၏။
တကယ်တော့ အာကင်နာများသည် ၎င်းတို့၏ ထူးချွန်ထက်မြက်လှသော ညဏ်ပညာကို အသုံးပြု၍ ကမ္ဘာကြီးကို လွှမ်းမိုးရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။ သူတို့အနေနှင့် ကမ္ဘာလောကကြီး၏ လျှို့ဝှက်ချက်များကို ရှာတွေ့နိုင်ခဲ့သည်မှာလည်း အမှန်ပင်။ မူလစွမ်းအင်နန်းဆောင်သည် အာကင်နာအသိပညာများ၏ ရင်းမြစ်တခုဟုလည်း ဆိုနိုင်၏။
သို့သော် အာကင်နာများကား မူလစွမ်းအင်နန်းဆောင်ကို ထိုကဲ့သို့ သဘောထားခဲ့ခြင်း မရှိ။ သူတို့အနေနှင့် ၎င်းကို မအောင်မြင်ခဲ့သော တီထွင်မှုအဖြစ်သာ သဘောပိုက်ခဲ့ကြလေသည်။
နောင်နှစ်ပေါင်းများစွာ ကြာမြင့်ပြီးသကာလ အာကင်နာနိုင်ငံတော်ကြီးလည်း ပြိုကွဲပျက်စီးသွားခဲ့လေသည်။ ထိုအခါ ၎င်းတို့ တီထွင်ခဲ့သော တန်ဖိုးရှိ ပစ္စည်းအမျိုးမျိုးမှာ မျိုးစိတ်ကြီးငါးစိတ်၏ လက်ထဲသို့ ကိုယ်စီကိုယ်ငှ ကျရောက်သွားတော့၏။
ထိုအခါ လူသားများလက်ထဲသို့ သွေးဗီဇညှို့ငင်ထုတ်ယူကိရိယာ ရောက်ရှိလာပြီး သတ်ဖြတ်သူများကမူ မူလစွမ်းအင်နန်းဆောင်ကို ပိုင်ဆိုင်သွားခဲ့လေသည်။
သတ်ဖြတ်သူများဟူသည်ကား ရူးရမည်ကို ကြောက်တတ်သူများ မဟုတ်။
သူတို့သည် ပင်ကိုဗီဇအရကိုယ်က အလွန်တရာ ရက်စက်ကြမ်းကြုတ်ပြီး ရိုင်းစိုင်းကာ သွေးဆာသူများ ဖြစ်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် မရူးခင်ကတည်းက ရူးနေပြီးသူများပင် ဖြစ်သည်။ ထို့ပြင် သတ်ဖြန်သူများသည် ပင်ကိုသဘာဝအရကိုယ်က မူလစွမ်းအင် စုပ်ယူအားကောင်းသူများ ဖြစ်သည်။ ဤနည်းအားဖြင့် သူတို့သည် ရုပ်ပိုင်းဆိုင်ရာအရ အလွန်သန်မာလာကြကုန်၏။ သို့သော် တိုက်ခိုက်ရာတွင်ကား အလွန်ရိုးစင်းလှပြီး ရှုပ်ထွေးသော နည်းလမ်းများနှင့် မတိုက်ခိုက်တတ်ပေ။
မူလစွမ်းအင်နန်းဆောင်က သတ်ဖြတ်သူများအတွက် ထိုပြသနာကို ဖြေရှင်းပေးလိုက်၏။ ဤနည်းအားဖြင့် သူတို့သည် မူလစွမ်းအင်ကို ပိုမိုထိရောက်စွာ အသုံးပြုလာနိုင်ကြလေသည်။
တကယ်တော့ သတ်ဖြတ်သူများကဲ့သို့ ရိုင်းစိုင်းကြမ်တမ်းပြီး သန်မာထွားကျိုင်းသော မျိုးစိတ်များသာလျင် ကြီးမားသလောက် လေးလံလှသည့် နန်းဆောင်ကြီးကို ထာဝရမြို့တော်မှ ကီလိုမီတာ သောင်းနှင့်ချီ၍ ဝေးကွာသည့် ဟာဗေးလွင်ပြင်ဆီသို့ သယ်ယူသွားနိုင်မည် ဖြစ်သည်။ လူသားများအနေနှင့်ကတော့ ထိုနန်းဆောင်ကို လိုချင်ပါသည်ဆိုလျင်ပင် သယ်ယူရန် မလွယ်လှပေ။
မူလစွမ်းအင်နန်းဆောင်ကို ရရှိပြီးသည့်နောက်ပိုင်းတွင် သတ်ဖြတ်သူများ၏ မူလစွမ်းအင် ထိန်းချုပ်နိုင်စွမ်းမှာ လျင်မြန်စွာ တိုးတက်လာခဲ့၏။ နဂိုကတည်းက ရုပ်ပိုင်းဆိုင်ရာ ခွန်အားအရ ပြောစရာမလိုသော သတ်ဖြတ်သူများသည် မူလစွမ်းအင်နန်းဆောင်ကို တကြိမ်တခါမျှ ဖြတ်သန်းပြီးသည်နှင့် သူတို့၏ အင်အားမှာ ကြောက်စရာကောင်းသော အနေအထားသို့ ရောက်ရှိလာခဲ့တော့သည်။
ဤနေရာတွင် လူသားများအတွက် ကံကောင်းသည်ဟု ဆိုနိုင်သည်မှာ သတ်ဖြတ်သူများတွင် မူလစွမ်းအင်နန်းဆောင် တစ်ဆောင်သာရှိပြီး တရက်လျက် သတ်ဖြတ်သူ သုံးယောက်သာ ဖြတ်သန်းနိုင်ခြင်းပင်။ မူလကမ္ဘာကြီးတွင် တနှစ်လျင် ရက်ပေါင်း ၃၈၀ ရှိလေ၏။ ထို့ကြောင့် သတ်ဖြတ်သူများသည် တနှစ်ပြည့်တိုင်း သူရဲကောင်း ၁၀၄၀ယောက်သာလျင် မွေးထုတ်နိုင်ခဲ့လေသည်။
သတ်ဖြတ်သူမျိုးစိတ်တစိတ်လုံးနှင့် စာလျင် ထိုအရေအတွက်မှာ အတော်ပင် နည်းပါးလှ၏။ တနည်းအားဖြင့် နန်းဆောင်သူရဲကောင်းများ၏ အဓိကအားနည်းချက်မှာလည်း အရေအတွက်ဟု ဆိုနိုင်ပေသည်။ သို့သော် သူတို့၏ အင်အားမှာကား အလွန်ပင် ထူးကဲလှပေသည်။
နန်းဆောင်သူရဲကောင်းများနှင့် ရင်ဆိုင်ရန် လူသားများ ကျင့်သုံးခဲ့သော နည်းဗျူဟာကတော့ ရိုးရှင်းလှ၏။ ၎င်းမှာ အရေအတွက်များများ သုံး၍ အနိင်ယူလိုက်ခြင်း ဖြစ်သည်။ သို့သော် ထိုနည်းဗျူဟာကလည်း တချု့ိ အခြေအနေမျိုးတွင်တော့ အသုံးမတည့်လှပေ။ အထူးသဖြင့် အပျက်အစီးသိုက်အတွင်း ရောက်နေသည့်အချိန်မျိုးဆိုလျင် ပို၍ပင် ဆိုးပေသေးသည်။
အမှန်တော့ အပျက်အစီးသိုက်အတွင်း ပူးတွဲဝင်ရောက်မည့် အကြံကို ကျောက်တုံးပုတ်သင်သတ်ဖြတ်သူအသိုက်ဘက်မှ ပထမဦးဆုံး အကြံပေးလာခြင်း ဖြစ်သည်။
သို့သော် လောင်စန်းနိုင်ငံတော်ရှိ လူသားများမှာလည်း လူအ တယောက်မှမပါပေ။ ထို့ကြောင့် ကျောက်တုံးပုတ်သင်အသိုက်ထံ သူတို့ ပထမဦးဆုံး တောင်းဆိုသည်မှာ နန်းဆောင်သူရဲကောင်းများ အရေအတွက်က်ို ကန့်သတ်ထားရန် ဖြစ်သည်။ ဟိုဖက်ကလည်း လူသားများ ဒါကို တောင်းဆိုလာမည်မှန်း သဘောပေါက်ပြီးသားပင်။ နောက်ဆုံးတွင် နန်းဆောင်သူရဲကောင်း သုံးယောက်ထည့်သွင်းရန် နှစ်ဖက်စလုံးက သဘောတူလိုက်ကြ၏။ အပေးအယူအနေနှင့် သတ်ဖြတ်သူများဘက်မှလည်း လူသားများ အပျက်အစီးသိုက်အတွင်း မူလကျောက်တုံး တသောင်းထက် တန်ကြေးရှိသော ပစ္စည်းများ ယူမလာရန် ပြန်လည်တောင်းဆိုခဲ့ကြလေသည်။
အရင်းအမြစ်များ၊ ပစ္စည်းပစ္စယများ၊ လှည့်ကွက်များသည် လူသားများဘက်မှ အဓိက အင်အားဖြစ်သည်။ ထိုအတွက်ကြောင့် သတ်ဖြတ်သူများဘက်မှလည်း လူသားများ ယူဆောင်လာရမည့် တန်ဖိုးပမာဏကို ကန့်သတ်လိုက်ခြင်းပင်။
ဤနည်းအားဖြင့် နှစ်ဖက် အင်အားစုများသည် ပြိုင်ပွဲမစမီကတည်းကပင် အကွက်ကိုစီ ရွှေ့ခဲ့ကြပြီး ဖြစ်သည်။
ယခုတော့ ကုချိန်းလွှာနှင့် ကျန်လူများသည် နန်းဆောင်သူရဲကောင်းများကို အပျက်အစီးသိုက်အတွင်း ဝင်ခွင့်ပေးလိုက်ရသည့် တန်ဖိုးကို စတင် ပေးဆပ်နေရလေပြီ။
ချီဝေယန်၏ စကားအရ သူမသည် ကျန်ကျောင်းသားများကို လိုက်ရှာနေခိုက် ကုချိန်းလွှာတို့နှင့် မမျှော်လင့်ပဲ ဆုံမိသည်ဟူ၏။ သူမတို့နောက်မှလည်း သတ်ဖြတ်သူ မျိုးဆက်သစ်တယောက် ထပ်ချပ်မကွာ လိုက်ပါလာသည်ဟူ၏။ ထို သတ်ဖြတ်သူမှာ နန်းဆောင်သူရဲကောင်းတယောက် ဖြစ်နေ၏။ ချီဝေယန်တို့ ရောက်လာသည်ကို မြင်သည်နှင့် သတ်ဖြတ်သူ မျိုးဆက်သစ်သည် ကုချိန်းလွှာတို့နောက်မှ ဆက်မလိုက်တော့ပဲ နေရာမှပင် ကျန်ရစ်ခဲ့သည် ဟူ၏။ သို့သော် ထိုနေ့ ညနေခင်းမှာပင် အနှီ သတ်ဖြတ်သူ မျိုးဆက်သစ်သည် သူတို့အား ခြုံခိုတိုက်ခိုက်ခဲ့လေသည်။
သတ်ဖြတ်သူမျိုးဆက်သစ်တယောက်တည်းက လူခြောက်ယောက်ကို ခြုံခိုတိုက်ခိုက်လိုက်ခြင်းပင်။
သို့သော် ကုချိန်းလွှာ၊ ယွဲ့လောင်ရှတို့ဘက်မှလည်း ကြိုတင်ပြင်ဆင်မှုတချို့ ပြုလုပ်ထားလေရာ ခြုံခိုတိုက်ခိုက်မှုမှာ မအောင်မြင်ခဲ့ပေ။ သို့သော် အနှီ သတ်ဖြတ်သူ မျိုးဆက်သစ်သည် လက်မလျှော့ပဲ သူမတို့နောက်မှ ထပ်ချပ်မကွာ လိုက်ပါလာခဲ့လေသည်။ သိပ်မကြာမီပင် သတ်ဖြတ်သူ မျိုးဆက်သစ်သည် သူ့ဘက်မှ သတ်ဖြတ်သူ နှစ်ယောက်နှင့် ပြန်လည် ပူးပေါင်းမိ၏။ ကံဆိုးသည်မှာ နောက်ထပ် ရောက်လာသည့် သတ်ဖြတ်သူနှစ်ယောက်အနက် တယောက်မှာ နောက်ထပ် နန်းဆောင်သူရဲကောင်းတယောက် ဖြစ်နေခြင်းပင်။
ထို့နောက်တွင်တော့ အရာရာတိုင်းသည် ဘာဖြစ်လာမည်မှန်း ကြိုတင်မှန်းဆရန် လွယ်ကူသွားလေပြီ။
"ကျွန်မတို့လည်း မြန်နိုင်သမျှ မြန်အောင် ကြိုးစားပြီး ပြေးကြတာပဲ ဒါပေမဲ့ နန်းဆောင်သူရဲကောင်းနှစ်ယောက်ဟာ အင်အားကြီးမားသလောက် မြန်လည်းမြန်နေတယ် တကယ်လို့ ယန်လင်းနဲ့သာ မဆုံမိဘူးဆိုရင် ကျွန်မတို့တော့ အကြီးအကျယ် ကံဆိုးပြီပဲ"
ချီဝေယန်သည် စကားကို ပင်ပန်းကြီးစွာ အားထုတ်၍ ပြောနေရရှာသည်။
ယန်လင်းသည် အဌမနှစ်ကျောင်းသားဖြစ်ပြီး နံပတ် ၃၆နေရာတွင် ရှိသူ ဖြစ်သည်။ သူ၏ အင်အားမှာ သာမာန်မျှသာ ဖြစ်သော်လည်း ခုခံရေးပုံစံကွက်များ တည်ဆောက်ရာတွင် အလွန်ထူးချွန်သူပင်တည်း။ ထိုအတွက်ကြောင့်ပင် ကုချိန်းလွှာနှင့် တခြားလူများသည် ယန်လင်း၏ ကျွမ်းကျင်မှုကို အမှီသဟဲပြု၍ ခုခံရေးပုံစံကွက်ကို ပြန်လည်ခင်းကျင်းနိုင်ခဲ့ကြ၏။ ချီဝေယန်ကတော့ ထိုအခြေအနေကို အခွင့်ကောင်းယူကာ စစ်ကူတောင်းရန် ဤနေရာသို့ ရောက်လာနိုင်ခဲ့ခြင်းပင်။
"သူတို့ကို မြန်မြန်သွားပြီး ကူညီလိုက် ယန်လင်း ကြာကြာ တောင့်ခံနိုင်မှာ မဟုတ်ဘူး"
ချီဝေယန်က စုချန်း၏ လက်မောင်းကို လှုပ်ယမ်းပြီး အော်ဟစ်လိုက်၏။
ဝမ်တောက်ရှန်းကလည်း ထပ်မံ အော်ဟစ်လိုက်ပြန်သည်။
"ဘာကို စောင့်နေတာလဲ သွားကြမယ်လေ"
ပြောပြောဆိုဆို ဝမ်တောက်ရှန်းက ပြေးလွှားရန် ဟန်ပြင်လိုက်သည်။ ထိုအချိန်မှာပင် စုချန်းသည်မြေကြီးပေါ်တွင် ဒူးထောက်ထိုင်ပြီး အံ့သြသင့်စဖွယ် ငြိမ်သက်လျက်ရှိကြောင်း ဝမ်တောက်ရှန်း မြင်တွေ့လိုက်ရ၏။
ထိုအခါ သူက ထပ်မံ လောဆော်လိုက်ပြန်သည်။
"ဟေ့ စုချန်း ဘာလုပ်နေတာလဲ သွားကြမယ်လေ"
သို့သော် စုချန်းကား ချီဝေယန်ကိုသာ မမှိတ်မသုံ စိုက်ကြည့်လျက်ရှိနေ၏။
စုချန်း၏ အမူအရာကိုကြည့်ပြီး ဟေးယွန်တုံး ဆတ်ခနဲ တုန်လှုပ်သွား၏။
"သူ့ဒဏ်ရာအခြေအနေ ဘယ်လိုလဲ"
စုချန်းက တံတွေးမြိုချလိုက်ပြီး စကားကို ခက်ခက်ခဲခဲ ပြောလိုက်၏။
"အစ်မချီရဲ့ ကိုယ်တွင်းအင်္ဂါတွေကို အတော်ကို ပျက်စီးနေပြီ ဒါတင်မကသေးဘူး ဒီလောက် ဒဏ်ရာကြီးနဲ့ ဒီနေရာထိအောင် ပြေးလာခဲ့ရလို့ မူလစွမ်းအင်တွေ ကမောက်ကမ ဖြစ်ကုန်ပြီ ဒီတော့ သူ့အခြေအနေက မကောင်းဘူးလို့ပဲ ဆိုရတော့မယ်"
စုချန်း၏ စကားကြောင့် လူတိုင်းလိုလိုသည် ထိတ်လန့်တုန်လှုပ်သွား၏။
ဟေးယွန်တုံးက မေးလိုက်ပြန်သည်။
"မျှော်လင့်ချက်ကော ရှိသေးရဲ့လား"
"မျှော်လင့်ချက်တော့ ရှိတယ် ဒါပေမဲ့ နည်းနည်းမှ အချိန်ဆိုင်းလို့မရတော့ဘူး ချက်ချင်း ကုသပေးမှရမယ်"
လူတိုင်းလိုလိုသည် စုချန်း၏ အခြေအနေကို ချက်ချင်းပင် နားလည်သဘောပေါက်လိုက်ကြသည်။
စုချန်းအတွက် ကုချိန်းလွှာသည် ချစ်ရသူ၊ ယွဲ့လောင်ရှသည် သူငယ်ချင်းကောင်း။
လက်ရှိအခြေအနေတွင် ချစ်ရသူနှင့် သူငယ်ချင်းကောင်းဖြစ်သူသည် အန္တရာယ်နှင့် ကြုံတွေ့နေရလေပြီ။ တကယ်ဆိုလျင် စုချန်းအနေနှင့် ထိုနေရာသို့ အမြန်ဆုံး ပြေးသွားသင့်သည်။ သို့သော် လက်တွေ့တွင်ကား စုချန်းတယောက် ထိုသို့ မလုပ်နိုင်ပဲ ဖြစ်နေ၏။
ချီဝေယန်၏ အခြေအနေသည် ယိယွန့်ဟုန်ထက်ပင် ဆိုးနေသေးသည်။ စုချန်းသာ မကယ်လျင် ချီဝေယန်တယောက် မုချ သေရပေတော့မည်။
မိမိ ရှိနေလျက်သားနှင့် ချီဝေယန်၏ အသက်ကို စုချန်း အဆုံးရှုံးမခံနိုင်။
နောက်ဆုံးတွင်တော့ စုချန်းသည် သက်ပြင်းတချက်ကို ရှည်လျားစွာ ချလိုက်ပြီး နာကျင်သော ခံစားချက်ကို ကြိုးစားထိမ်းသိမ်းကာ ပြောလိုက်၏။
"ခင်ဗျားတို့ သွားပြီး သူတို့ကို ကယ်ဆယ်လိုက်ပါ ကျုပ်က အစ်မချီကို ဌာနချုပ် ပြန်သယ်သွားလိုက်မယ်"
ဟေးယွန်တုံး၏ ရင်ထဲတွင် ကျင်ခနဲ ဖြစ်သွား၏။ သူက စုချန်း၏ ပုခုံးကို ခင်မင်ရင်းနှီးစွာ လှမ်းပုတ်ရင်း ကတိပေးလိုက်သည်။
"မင်း စိတ်ချပါ ကုချိန်းလွှာ ဘာမှမဖြစ်စေရဘူး ကျုပ်တို့ သူကို အကောင်းပကတိ ပြန်ခေါ်လာခဲ့မယ်"
စုချန်းကလည်း ဟေးယွန်တုံးကို ပြန်ကြည့်ပြီး လေးနက်သော အမူအရာနှင့် ကတိပေးလိုက်၏။
"ခင်ဗျားတို့ စိတ်ချပါ ခင်ဗျားတို့ ပြန်ရောက်လာတာနဲ့ အစ်မချီတယောက် အသက်ရှင်လျင် တွေ့စေရမယ်"
စကားဆုံးသည်နှင့် သူတို့နှစ်ယောက်သည် တယောက်လက်ကို တယောက် မြဲမြံစွာ ဆုပ်ကိုင်ထားလိုက်သည်။
ဤသည်မှာပင် ညီနောင်ကျောင်းသားများအကြား ကတိ ဖြစ်သည်။ ခေါင်းဆောင်များအကြား ကတိ ဖြစ်သည်။ ယောကျာ်းများအကြား ကတိ ဖြစ်သည်။