← Chapters

ယောကျာ်းတွေကြားက ကတိ ၂

Vol. 31 Ch. 303

ယောကျာ်းတွေကြားက ကတိ ၂

Vol. 31 Ch. 303

စုချန်းသည် ချီဝေယန်ကို ကျောပေါ်တွင် ထမ်းပိုးပြီး ဌာနချုပ်ဆီသို့ လျင်မြန်စွာ ပြန်လာခဲ့လေသည်။

ဌာနချုပ်သို့ ရောက်သည်နှင့် သူက ချီဝေယန်ကို ကျောက်ဖျာကြီးတချပ်ပေါ်တွင် ငြင်သာစွာ ချထားရင်း သူက ပြောလိုက်၏။

"အစ်မချီ ကျုပ်ကို ခွင့်လွှတ်ပါ"

ချီဝေယန်ကလည်း ပြန်ပြောလိုက်၏။

"ကျွန်မတို့အားလုံး လူကြီးတွေ ဖြစ်နေကြပြီပဲ ရှင်ဘာမှ စိုးရိမ်နေစရာ မလိုဘူး လုပ်စရာရှိတာသာ လုပ်ပါ"

"ကောင်းပြီ"

ထို့နောက် စုချန်းသည် ချီဝေယန်၏ အဝတ်အစားများကို ဆွဲချွတ်ပြီး ဓားကို ဆွဲထုတ်လိုက်သည်။ စတင်ခွဲစိတ်ရန် ဟန်ပြင်ပြီးမှ သူက တစုံတခုကို စဉ်းစားမိဟန်ဖြင့် ဆေးပုလင်းတလုံးကို ဆွဲထုတ်ကာ ချီဝေယန်ကို ကမ်းပေးလိုက်သည်။

"ဒါကိုသောက်ချလိုက် အစ်မချီ နာကျင်မှုဒဏ်ကို အတော်အသင့် ခံနိုင်ရည်ရှိလာလိမ့်မယ်"

ချီဝေယန်ကလည်း ဘာမှပြန်မပြောပဲ ဆေးကို သောက်ချလိုက်၏။

တချိန်တည်းမှာပင် စုချန်း၏ ဓားကလည်း စတင်လှုပ်ရှားလာ၏။

ချီဝေယန်၏ ကိုယ်ခန္ဓာသည် ဆတ်ခနဲ တုန်ခါသွားပြီး သူမ၏ မျက်နှာပေါ်တွင်လည်း နာကျင်သော အရိပ်အယောင်များ ယှက်သန်းလာသည်။

ခွဲစိတ်မှုကား စတင်နေခဲ့ပြီ ဖြစ်လေသည်။

စုချန်းသည် ချီဝေယန်၏ ကိုယ်ခန္ဓာတလျောက်ကို ဂရုတစိုက်နှင့် ဓားရာပေးလိုက်၏။ သူဦးခေါင်းတခုလုံးမှာ အတွေးများနှင့် ရှုပ်ထွေးနေသလောက် သူ့လက်များမှာကား မယုံနိုင်လောက်အောင် တည်ငြိမ်နေ၏။

သူသည် ကုချိန်းလွှာအတွက် အလွန်ပင် စိတ်ပူနေသော်လည်း ခွဲစိတ်မှုကို ဖြစ်ကတတ်ဆန်း လုပ်၍ မရမှန်းကိုတော့ ကောင်းကောင်း သဘောပေါက်ထား၏။ သတိတချက်သာ လွတ်သွားပါက ချီဝေယန် မုချ သေပွဲဝင်ရပေလိမ့်မည်။

ထို့နောက် သူသည် ထူခြားသော အမြင်အာရုံကို အမြင့်ဆုံးအနေအထားထိ နှိုးဆွပြီး ချီဝေယန်၏ဒဏ်ရာများကို စစ်ဆေးလိုက်၏။ တဆက်တည်းမှာပင် ထိုဒဏ်ရာများအား မည်သို့မည်ပုံ ကုသပေးရမည်ကိုပါ ခွဲခြမ်းစိတ်ဖြာနေလေသည်။

ထိုအခါ စုချန်း၏ စိတ်အာရုံသည် ပို၍ ပို၍ တည်ငြိမ်လာ၏။ ရှုပ်ရှက်ခတ်နေသော အတွေးများမှာလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားပြီ ဖြစ်သည်။ လက်ရှိအချိန်တွင် သူ့အာရုံတခုလုံးမှာ ချီဝေယန်အပေါ်တွင်သာ ရှိနေတော့၏။ စိတ်တည်ငြိမ်လာသည်နှင့်အမျှ သူ့လက်ချောင်းများမှာလည်း ပို၍ တည်ငြိမ်လာလေသည်။

ခွဲစိတ်ကုသမှုကို ကျွမ်းကျွမ်းကျင်ကျင် လုပ်ဆောင်နေရင်း စုချန်းသည် ပါးစပ်မှလည်း စကား အဆက်မပြတ် ပြောဆိုနေ၏။

"ခနလေး တောင့်ခံထား အစ်မချီ ပြီးတော့မယ် ဘာပြောပြော ခင်ဗျားဟာ ယိယွန့်ဟုန်ထက်တော့ ကံကောင်းတယ် အစ်မချီ သူ့ကို ကုသတုန်းက ကျုပ်မှာ ဒီဆေး မရှိသေးဘူးလေ"

"ခင်ဗျားကို တိုက်လိုက်တာ ဘာဆေး ထင်နေသတုန်း အစ်မချီ မှန်းကြည့်စမ်းပါအုံး"

"ဒဏ်ရာတွေက ပြင်းတော့ပြင်းတယ် အစ်မချီ ဒါပေမဲ့ ဘာမှ စိတ်မပူနဲ့ ဒီလောက်ကတော့ ကျုပ်အတွက် အသေးအဖွဲပါ ခနနေရင် ပြီးသွားလိမ့်မယ် ဘာပြောပြော ယိယွန့်ဟုန်ကို ခွဲစိတ်သလောက်တော့ မကြာပါဘူးဗျာ"

ချီဝေယန် စိတ်သက်သာရစေရန် စုချန်းက အဆက်မပြတ် စကားပြောပေးနေခြင်း ဖြစ်သည်။

ချီဝေယန်၏ အမြင်အာရုံမှာကား မှုန်ရီဝေဝါးနေခဲ့လေပြီ။

မကြာခင် သတိလစ်သွားတော့မည်ဟု သူမ ခံစားနေရ၏။

စုချန်းကတော့ ထိုသို့ အဖြစ်မခံနိုင်ပေ၏။ အကယ်၍ သတိမေ့သွားပါက နောက်တကြိမ် ပြန်နိုးမလာတော့မည်ကို သူ စိတ်ပူနေခြင်း ဖြစ်သည်။

ဤအခိုက်အတန့်သည် ချီဝေယန်အတွက် အရေးကြီးဆုံးသော အခိုက်အတန့် ဖြစ်သည်။ ထို့ကြောင့် သူမ၏ မူလစွမ်းအင်ကိုပါ ထိန်းချုပ်ပေးနိုင်ရန် စုချန်း ကြိုးစားနေရရှာ၏။

စုချန်း၏ လက်ချောင်းများသည် တည်တည်ငြိမ်ငြိမ်နှင့်ပင် လှုပ်ရှားနေ၏။ တချိန်တည်းမှာပင် သူ့ပါးစပ်မှလည်း စကားများ တတွတ်တွတ် ပြောဆိုနေလေသည်။

သို့တိုင်အောင် ချီဝေယန်သည် တဖြည်းဖြည်းနှင့် မျက်ဖြူလန်လာ၏။ အခန်းတခုလုံးသည် ချာချာလည်နေသကဲ့သို့ သူမ ခံစားနေရလေသည်။ အခြေအနေမှာ သိပ်မဟန်တော့။ အချိန်အနည်းငယ်အတွင် သတိလစ်သွားနိုင်သော အခြေအနေ ဖြစ်သည်။

ထိုအခါ စုချန်းသည် ချီဝေယန် နိုးထလာစေရန် နောက်ထပ် ဆေးရည်တမျိုးကို ကပျာကယာ တိုက်ကျွေးရပြန်၏။

သူမ၏ ဝိညာဉ်သည် ကိုယ်ခန္ဓာမှ ခွဲခွာသွားသယောင် ချီဝေယန် ခံစားနေရ၏။ စုချန်း၏ အသံမှာကား အလွန် ဝေးကွာသော နေရာမှ ပေါ်ထွက်လာသယောင် ရှိလေသည်။

နာကျင်မှုမှာကား ပို၍ ပြင်းထန်လာ၏။ နာကျင်လွန်း၍ တကိုယ်လုံး ထုံထိုင်းသွားသကဲ့သို့ပင် ချီဝေယန် ခံစားနေရ၏။ တဖြည်းဖြည်းနှင့် သူမ၏ စိတ်အာရုံမှာလည်း ဘာခံစားချက်မှ မရှိတော့သယောင်ပင် ဖြစ်လာ၏။ လက်ရှိအချိန်တွင် ခွဲစိတ်မှု၏ ရလဒ်ကို သူမ အနည်းငယ်မှ ဂရုမစိုက်တော့။

ချီဝေယန်သည် သူမ၏ ခေါင်းပေါ်ရှိ မျက်နှာကျက်ကို ပြူးကြောင်သော မျက်လုံးအစုံနှင့် ငေးစိုက်ကြည့်လျက်ရှိသည်။ ကမ္ဘာကြီး တခုလုံးကား ချာချာလည်လျက် ရှိနေခဲ့လေပြီ။ တဖြည်းဖြည်းနှင့် သူမ၏ အမြင်အာရုံမှာလည်း....

ထိုအချိန်တွင်...

"အစ်မချီ"

"အစ်မချီ"

"အစ်မချီ ထပါတော့"

အဝေးဆီမှ တစုံတယောက်သည် သူမ၏ နာမည်ကို အော်ခေါ်နေသလို ချီဝေယန် ခံစားလိုက်ရ၏။

ရုတ်ချည်းဆိုသလို သူမ အသိပြန်ဝင်လာသည်။

သူမသည် နေရာမှ ထထိုင်လိုစိတ် ပေါက်လာ၏။ သို့သော် ပြင်းထန်သော နာကျင်မှုကြောင့် သူမ တကိုယ်လုံး အားယုတ်နေခဲ့လေသည်။

သူမ၏ အမြင်အာရုံထဲသို့ တိုးဝင်လာသည်မှာကား စိုးရိမ်ပူပန်နေသော စုချန်း၏ မျက်နှာပင် ဖြစ်သည်။

"ကျွန်မ...ကျွန်မ....ကျွန်မ သေသွားပြီလား"

ချီဝေယန်က ကယောင်ကတန်းနှင့် ရေရွတ်လိုက်၏။

"မဟုတ်ဘူး ခင်ဗျား အသက်ရှင်နေတုန်းပဲ အသက်ရှင်နေတာမှ ခုတင်မဟုတ်ဘူး နောင် နှစ်ပေါင်းများစွာ အသက်ရှင်နေအုံးမှာ"

စုချန်းက ချီဝေယန်၏ လက်ကို ဆုပ်ကိုင်ပြီး အားရပါးရ ပြောလိုက်လေသည်။

ချီဝေယန်၏ အခြေအနေကို ကြည့်ရင်း စုချန်း ရင်ထဲတွင် ဆို့နေသော အလုံးကြီး ကျသွားလေပြီ။ ချီဝေယန် သေခြင်း၏ တံခါးဝသို့ အလည်ရောက်သွားကြောင်း ပြောမပြတော့ရန် သူ ဆုံးဖြတ်လိုက်၏။ တကယ်တော့ ချီဝေယန် မျက်ဖြူလန်သွားသည့် အချိန်တွင် စုချန်းကိုယ်တိုင် အရူးတပိုင်း ဖြစ်သွားခဲ့ရသည်မှာ အမှန်ပင်။

သူသည် ချီဝေယန်၏ နာမည်ကို အရူးတယောက်ပမာ ထပ်ခါထပ်ခါ အော်ခေါ်ခဲ့ရ၏။ နောက်ဆုံးတော့ မျှော်လင့်ချက် ပျက်သုန်းသွားမည့် အခြေအနေမျိုးသို့ပင် ရောက်ရှိသွားခဲ့သေးသည်။ သို့သော် မမျှော်လင့်ပဲ ချီဝေယန်ကား ရုတ်ချည်းဆိုသလို ပြန်လည်နိုးထလာခဲ့လေသည်။

သေခြင်းတရားနှင့် အကြိတ်အနယ် စစ်ခင်းရသည့် ပွဲတွင် ချီဝေယန်တယောက် အနိုင်ရသွားသည့် သဘောပင်။ ပြင်းထန်လွန်းသော ခံစားချက်ကြောင့် စုချန်း၏ မျက်လုံးအစုံမှ မျက်ရည်များပင် စီးကျလာခဲ့၏။ သို့သော် စုချန်းအဖို့ ဤအတိုင်း ရပ်နေ၍ မရသေး။ ခွဲစိတ်မှုကို အမြန်ဆုံး လက်စသတ်ပြီး ချီဝေယန်ကို နောက်ထပ် ဆေးရည်တမျိုး တိုက်ကျွေးရပြန်သည်။

ကိစ္စဝိစ္စအလုံးစုံကို လုပ်ဆောင်ပြီးသည်နှင့် စုချန်း အလွန်ပင် အားကုန်သွား၏။ မတ်တပ်ရပ်ရန်ပင် မနည်း ကြိုးစားနေရလေသည်။

ချီဝေယန်ကား အိပ်ယာပေါ်တွင် လဲလျောင်းနေပြီး သန့်ရှင်းလတ်ဆတ်သောလေကို ရှုရှိုက်လျက်ရှိသည်။

သူမက မေးလိုက်၏။

"ခွဲစိတ်မှုက ပြီးသွားပြီလား"

"အင်း"

စုချန်းက မြေကြီးပေါ်တွင် နွမ်းလျပင်ပန်းစွာ ထိုင်နေရင်း ပြန်ဖြေလိုက်သည်။

"ဒါဆိုရင် ခုနက တိုက်ခဲ့တဲ့ ဆေး ဘာဆေးလဲဆိုတာ ပြောလိုရပြီ ထင်တယ်"

ချီဝေယန်ကား အလွန်တရာ အားနည်းနေသော်လည်း သတိလွတ်ပုံတော့မရပေ။ စုချန်း ပထမပြောခံသော စကားကို သတိတရနှင့်ပင် ပြန်မေးလိုက်၏။

"တကယ်တော့ အနာသက်သာမဲ့ဆေးဆိုပြီး တိုက်ကျွေးခဲ့ပေမဲ့ ဒီလိုဆေးမျိုး ကျုပ် မဖော်ရသေးဘူး အစ်မချီ တကယ်တော့ အဲဒီဆေးဟာ အသက်ကယ်ဆေးသက်သက်ပါ ခင်ဗျားကို လိမ်ညာခဲ့ရတဲ့အတွက် ကျုပ် တောင်းပန်ပါတယ်"

"ကျွန်မ သိသားပဲ ဒါပေမဲ့ ဘာပြောပြော အသုံးတော့ဝင်ပုံရတယ် ယိယွန့်ဟုန် နာသလောက်တော့ မနာဘူးလို့ အောက်မေ့မိတာပဲ"

ချီဝေယန်က ဟက်ခနဲ ရယ်မောရင်း ပြောလိုက်၏။

စုချန်းကလည်း အရှက်ပြေ ရယ်မောရင်း ပြန်ပြောလိုက်သည်။

"ယိယွန့်ဟုန်ရဲ့ နာကျင်မှုဟာ ဘယ်လိုမျိုးလဲဆိုတာ ခင်ဗျား တကယ် မသိပါဘူး အစ်မချီရာ"

"သူနဲ့ ကျွန်မနဲ့ နာတာ တူတယ်ပဲ ထားပါအုံး ကျွန်မရဲ့ အခြေအနေက စိတ်ကယောင်ခြောက်ခြားသွားတဲ့အထိတော့ မဖြစ်ဘူးမလား"

ချီဝေယန်က တခစ်ခစ် ရယ်မောရင်း ပြောလိုက်သည်။ သို့သော် သူမ၏ ရယ်သံမှာကား အားနည်းလှ၏။

"မှန်ပါတယ်"

စုချန်းက ခေါင်းညိတ်ပြလိုက်သည်။

"အစ်မချီဟာ မူလကမ္ဘာကြီ်းမှာ သတ္တိအကောင်းဆုံး အမျိုးသမီးတယောက်ပါပဲ ဒီလောက် နာကျင်မှုလေးက အစ်မချီကို ဘယ် ဒုက္ခပေးနိုင်ပါ့မလဲ"

စုချန်း၏ စကားကို ကြားရသောအခါ ချီဝေယန်က ထပ်မံ ရယ်မောလိုက်ပြန်သည်။ သူမ၏ ရယ်သံမှာ နှစ်လိုဖွယ်ရာ ကောင်းလှ၏။ ထို့နောက် သူမက ပြောလိုက်ပြန်သည်။

"မောင်လေးသုံးကလည်း တကယ်ကို အထင်ကြီးစရာကောင်းလှပါပေတယ် ဒီထဲက အသက်နဲ့ကိုယ် တွဲရက် ပြန်ထွက်နိုင်ဖို့ ကျွန်မတို့ထဲက လူဘယ်နှစ်ယောက်လောက် မောင်လေးသုံးကို အားကိုးရအုံးမလဲ မသိဘူး"

စုချန်းက ယုံကြည်မှုရှိသော လေသံနှင့် ပြန်ဖြေလိုက်၏။

"ကျုပ် အကောင်းဆုံး လုပ်မှာပါဗျာ"

စုချန်း၏ အဖြေကို ကြားလိုက်သည်နှင့် ချီဝေယန်သည် စိတ်သက်သာရသွားဟန်ဖြင့် ပြုံးလိုက်၏။ိုသို့သော် သူမ၏ အပြုံးမှာကား ဖျော့တော့လှသည်။ မြင်ရုံနှင့် အားနည်းနေမှန်း သိသာနေ၏။

သူမကိုကြည့်ရင်း စုချန်း သက်ပြင်းချလိုက်သည်။

"အစ်မချီ ပင်ပန်းနေပြီ တရေးလောက် အိပ်သင့်တယ်"ူစုချန်း၏ စကားကြောင့် ချီဝေယန် မျက်လုံးပိတ်လိုက်၏။ သိပ်မကြာမီ သူမ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလေသည်။

ချီဝေယန် အိပ်မောကျနေသည်ကို ကြည့်နေရင်းမှာပင် စုချန်း တကိုယ်လုံးသည် ဆတ်ခနဲ တုန်ခါသွား၏။ သူ့မျက်လုံးများမှာလည်း ရုတ်ချည်းဆိုသလို ပြာဝေသွားလေသည်။

သူ အလွန်အမင်း မောပန်းနေပြီမှန်း စုချန်း သဘောပေါက်လိုက်သည်။ ထိုအချိန်မှာပင် တချိန်လုံး ဖိနှိပ်ထားခဲ့ရသော စိုးရိမ်ပူပန်မှု၊ ကြောက်လန့်မှုတိုက စုချန်းအား ပြင်းထန်စွာ တိုက်ခိုက်လာ၏။

ကုချိန်းလွှာ......

မင်း....မင်း...သေချာပေါက် အဆင်ပြေမှာပါ...

ထိုအခိုက်မှာပင် အပြင်ဘက်မှ အသံတချို့ကို စုချန်း ကြားလိုက်ရ၏။

ဒါ...ဟေးယွန်တုံးရဲ့အသံပဲ....

သူတို့ ပြန်လာပြီ....

စုချန်း တကိုယ်လုံး နတ်ပူးသကဲ့သို့ တုန်ယင်လာ၏။

ထို့နောက် သူသည် လှိုဏ်ဂူအပြင်ဘက်သို့ ကမန်းကတန်း ပြေးထွက်လိုက်လေသည်။

အပြင်ဘက်တွင် ရောက်နေသူများသည် အမှန်တကယ်လည်း ဟေးယွန်တုံးနှင့်် ကျန်လူများ ဖြစ်နေ၏။

ဟေးယွန်တုံး၏ မျက်နှာပေါ်တွင်လည်း စိုးရိမ်ပူပန်သော အရိပ်အယောင်များ ယှက်သန်းနေသည်။

နှစ်ယောက်သား မျက်နှာချင်းဆိုင်မိသည်နှင့် ပြိုင်တူပင် မေးမိကြ၏။

"ဝေယန် အဆင်ပြေရဲ့လား"

"ချိန်းလွှာ အဆင်ပြေရဲ့လား"

စုချန်းကပင် ပထမဦးဆုံး ပြန်ဖြေလိုက်သည်။

"ခွဲစိတ်မှုက အောင်မြင်ပါတယ်"

ဟေးယွန်တုံးကတော့ ပြန်မဖြေပဲ ပြုံးရုံသာ ပြုံးလိုက်သည်။

ထိုအချိန်မှာပင် သူ့နောက်ကျောမှ အရိပ်တရိပ်သည် စုချန်း၏ မြင်ကွင်းထဲသို့ တိုးဝင်လာ၏။

စုချန်း လှိုက်ခနဲ ဝမ်းသာသွားလေသည်။

"ကုချိန်းလွှာ"

All Chapters