အမှောင်ထဲက ဝံပုလွေ
Vol. 31 Ch. 304
"ဒီတော့ ခင်ဗျားတို့ ပြောချင်တာက အဲဒီ သတ်ဖြတ်သုံးယောက်ဟာ ဆက်ပြီး မတိုက်ခိုက်တော့ပဲ ရှောင်ပြေးသွားတယ်ပေါ့ ဟုတ်လား"
စုချန်းသည် တောင်ထိပ်ရှိ ကြီးမားသော ကျောက်တုံးကြီးတတုံးပေါ်တွင် ထိုင်လျက် မေးလိုက်ခြင်း ဖြစ်သည်။ ကုချိန်းလွှာကတော့ သူ့ပုခုံးကို မှီနွဲ့ကာ ထိုင်လျက်ရှိ၏။
သေရေးရှင်ရေး အခြေအနေမျိုးတွင် တယောက်နှင့်တယောက် ရာသက်ပန် ခွဲခွာရမည့် အနေအထားမျိုးကို တွေ့ကြုံခဲ့ပြီးနောက် သူတို့နှစ်ယောက်သည် ခံစားချက်အစုံကို ဖုံးကွယ်ထားလိုစိတ် မရှိကြတော့ပေ။
"ဟုတ်တယ် အဲဒီသတ်ဖြတ်သူတွေဟာ ညဏ်ရှိဟန်ပေါ်တယ် ကျုပ်တို့ဘက်က လူအတော်များများ ပါလာတာ တွေ့တာနဲ့ ချက်ချင်းဆိုသလို ဆုတ်ခွာသွားတော့တာပဲ သတ်ဖြတ်သူတွေဟာ မိုက်ရူးရဲဆန်တယ်လို့ လူသိများပေမဲ့ ကျုပ်တို့ ရင်ဆိုင်ခဲ့ရတဲ့ သတ်ဖြတ်သူတွေကတော့ ဦးနှောက်ရှိဟန်ပေါ်နေတယ်"
ဖန်းယီကုက ဝင်ဖြေလိုက်သည်။
"သတ်ဖြတ်သူတွေ မိုက်ရူးရဲဆန်တယ်ဆိုတာ အခြေအနေပေါ်မှာလည်း မူတည်နေသေးတယ် အရာရာမှ လှေနံဓားထစ် လုပ်နေမယ်ဆိုရင် သတ်ဖြတ်သူတွေ မျိုးတုန်းသွားမှာပေါ့"
ဟေးယွန်တုံးက မှတ်ချက်ပြုလိုက်၏။
"ဒီကို ရောက်လာတဲ့ သတ်ဖြတ်သူမျိုးဆက်သစ်တိုင်းဟာ အရွေးချယ်ခံ လက်ရွေးစင်တွေချည်းပဲလေ ပြီးတော့ သတ်ဖြတ်သူတွေနဲ့ ဘယ်လိုရင်ဆိုင်ရမယ်ဆိုတာ ကျုပ်တို့ ဆရာတွေက ကျုပ်တို့ကို သင်ကြားပေးလိုက်သလို သူတို့ကိုလည်း သူတို့ဆရာတွေက သင်ကြားပေးလိုက်မှာပဲ"
ယိယွန့်ဟုန်က ဝင်ပြောလိုက်၏။
စုချန်းက ယိယွန့်ဟုန်၏ စကားကို ထောက်ခံဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်ဗျ ကျုပ်သာ သူတို့ဆရာဆိုရင်လည်း တခြားဟာတွေ သင်မပေးနိုင်ရင်တောင် ကိုယ့်ထက် အင်အားသာတဲ့လူတွေနဲ့တွေ့ရင် နောက်ဆုတ်ပေးဖို့နဲ့ ကိုယ်ထက် အင်အားနည်းသူတွေနဲ့တွေ့ရင် အခွင့်အရေးကို အရယူဖို့လောက်တော့ မှာမိမှာပဲ"
"အဲဒီအတိုင်းချည်းတော့လည်း မဟုတ်ဘူး"
ကုချိန်းလွှာက သက်ပြင်းတချက်ချရင်း ဝင်ပြောလိုက်သည်။
"သတ်ဖြတ်သူတွေဟာ လူသားတွေနဲ့ ရင်ဆိုင်လာရတာ ကြာပြီဆိုတော့ လူတွေရဲ့ နည်းစနစ် ပရိယာယ်တချို့ကို တတ်ကျွမ်းကုန်ကြပြီ ကျွန်မတို့ ရင်ဆိုင်ရတဲ့ နန်းဆောင်သူရဲကောင်းရဲ့ နာမည်က ဒန်ဘာလို့ ခေါ်တယ် သူဟာ အခွင့်အရေးကို ဘယ်လိုအသုံးချရမလဲဆိုတာ ကောင်းကောင်းသိနေတယ်ရှင် တကယ်တော့ လေးယောက် တယောက်အနေအထားမှာ ကျွန်မတို့အနေနဲ့ ဒန်ဘာကို မရှှုံးခဲ့သင့်ဘူး ဒါပေမဲ့....."
ထို့နောက် ကုချိန်းလွှာသည် ဒန်ဘာနှင့် သူမတို့ ရင်ဆိုင်ခဲ့ရပုံကို အောက်ပါအတိုင်း အသေးစိတ်ပြောပြလေသည်။
ကုချိန်းလွှာ၊ ယွဲ့လောင်ရှနှင့် ကျန်လူများသည် အစပိုင်းတွင် အတော်လေး ကံကောင်းခဲ့ကြ၏။ အပျက်အစီးသိုက်အတွင်း ဝင်ရောက်ပြီး သိပ်မကြာမီပင် သူတို့သည် အချင်းချင်း ပြန်လည်စုစည်းနိုင်ခဲ့ကြလေသည်။
လမ်းခုလတ်တွင် သတ်ဖြတ်သူများနှင့် နှစ်ကြိမ်တိုင်တိုင် ရင်ဆိုင်ခဲ့ရသော်လည်း ကုချိန်းလွှာတို့ဘက်မှ သာလွန်သောအင်အားကို အသုံးပြု၍ တိုက်ပွဲကို အနိုင်ယူနိုင်ခဲ့၏။ သို့သော် တဖက်မှ သတ်ဖြတ်သူများကလည်း ကောင်းကောင်းလေ့ကျင့်ထားသူများ ဖြစ်ကြလေရာ အခြေအနေမဟန်သည်နှင့် ချက်ချင်းပင် နောက်ဆုတ်ထွက်ပြေးကုန်ကြ၏။ ထို့ကြောင့် သတ်ဖြတ်သူများဘက်မှ တယောက်ကို ဒဏ်ရာပြင်းပြင်းထန်ထန်ရအောင် လုပ်နိုင်ခဲ့သည်မှအပ တခြား ထူးခြားသော ရလဒ်မျိုး ထွက်အောင်လုပ်နိုင်ခဲ့သည်တော့ မရှိခဲ့။
သို့သော် သိပ်မကြာမီပင် သူတို့လေးယာက်သည် ဒန်ဘာနှင့်ရင်ဆိုင်တိုးမိခြင်း ဖြစ်သည်။
ဒန်ဘာကတော့ ထူးဆန်းလှ၏။ လေးယောက်တယောက် ဖြစ်နေသော်လည်း အနည်းငယ်မျှ တုံ့ဆိုင်းခြင်းမရှိပဲ ချက်ချင်းလိုလိုပင် ဝင်ရောက်တိုက်ခိုက်တော့သည်။
သူတို့၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် ဒန်ဘာ နောက်ဆုတ်သွားခဲ့၏။ သို့သော် ထိုနောက်ဆုတ်မှုက ပရိယာယ်မှန်း ကုချိန်းလွှာတို့ မရိပ်စားမိခဲ့ပေ။ တကယ်တော့ ဒန်ဘာသည် ကုချိန်းလွှာတို့နောက်မှ ထပ်ချပ်မကွာ လိုက်ပါလာခဲ့ပြီး ညရောက်သည်နှင့် အလစ်ဝင်ရောက်တိုက်ခိုက်တော့သည်။
လူသားလေးယောက်အဖွဲ့အနက် ကုချိန်းလွှာနှင့် ယွဲ့လောင်ရှတို့သည် အင်အားကြီးမားသူများ ဖြစ်၍ လီယွန်နှင့် ဟန်လင်းရှတို့မှာ အင်အားနည်းသူများဟု ဒန်ဘာက ခန့်မှန်းထားခဲ့၏။ ထို့ကြောင့် အင်အားကြီးသူနှစ်ယောက်အနက် တယောက်ကိုသာ သတ်လိုက်နိုင်ပါက ကျန်သုံးယောက်ကို အလွယ်တကူ အနိုင်ယူနိုင်လိမ့်မည်ဟု ဒန်ဘာက ယုံကြည်ထားခဲ့လေသည်။
သို့သော် သူ့အစီအစဉ်တွင် ပြသနာအနည်းငယ်တော့ ရှိနေခဲ့၏။
၎င်းမှာကား သူ သတ်ဖြတ်ရန် ရွေးချယ်လိုက်သူမှာ ယွဲ့လောင်ရှ ဖြစ်နေခြင်းကြောင့်ပင်။
နေ့ခင်းတိုက်ပွဲများတွင် ကုချိန်းလွှာ၏ ရေကြယ်အေးခဲခြင်းနည်းစနစ်က ဒန်ဘာကို အတော်လေး အထင်ကြီးစေခဲ့၏။ ကုချိန်းလွှာသည် အင်အားအကြီးမားဆုံးသူ ဖြစ်ရမည်ဟု ဒန်ဘာက ယူဆလိုက်လေသည်။ ထို့ကြောင့် ခြုံခိုတိုက်ခိုက်ရမည့်ပစ်မှတ်ကို ယွဲ့လောင်ရှအား သူက ရွေးချယ်လိုက်ခြင်း ဖြစ်သည်။
တကယ်တော့ ဒန်ဘာ၏ ဆုံးဖြတ်ချက်က အကျိုးအကြောင်း ဆီလျော်သော ဆုံးဖြတ်ချက်မျိုးဟု ဆိုနိုင်သည်။ ကုချိန်းလွှာဖြစ်စေ၊ ယွဲ့လောင်ရှဖြစ်စေ တယောက်ယောက်ကိုသာ ရှင်းနိုင်ခဲ့ပါက ကျန်သုံးယောက်မှာ သူ့အတွက် အမှန်တကယ်လည်း ပြသနာမဟုတ်တော့ပေ။
သို့သော် ယွဲ့လောင်ရှသည် လမင်းစန္ဒာယုန်သွေးဗီဇကို ပိုင်ဆိုင်ထားပြီး ညဖက်တွင် ပို၍ အင်အားကြီးမှန်းတော့ ဒန်ဘာ မသိခဲ့ပေ။ ထို့ကြောင့် နေ့အချိန်တွင် ကုချိန်းလွှာသည် ယွဲ့လောင်ရှထက် အနည်းငယ် သာနေသလို ညရောက်လျင်တော့ ယွဲ့လောင်ရှက ကုချိန်းလွှာထက် အနည်းငယ် သာနေ၏။
နောက်ဆုံးတွင်တော့ ဒန်ဘာသည် လူလေးယောက်အနက် အင်အားအကြီးမားဆုံးလူကို တိုက်ခိုက်ရန် ရွေးချယ်ခဲ့မိခြင်း ဖြစ်သည်။ တကယ်တမ်း ခြုံခိုတိုက်ခိုက်ချိန်တွင် ယွဲ့လောင်ရှက သူ၏ တချက်လွှတ်တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့သည့်အပြင် သူ့ကို ဒဏ်ရာရစေရန်ပင် ပြန်လည် တိုက်ခိုက်နိုင်ခဲ့သေး၏။
ယွဲ့လောင်ရှကိုယ်တိုင်လည်း ဒန်ဘာ၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသွားပြီး သူမ၏ တိုက်စွမ်းရည်မှာလည်း လျော့နည်းသွားတော့သည်။
ကုချိန်းလွှာတို့ လေးယောက်လည်း ထိုနေရာမှ လျင်မြန်စွာ ဆုတ်ခွာလာခဲ့ကြ၏။ ဒန်ဘာကလည်း ဒဏ်ရာရသွားသော်လည်း နောက်မဆုတ်။ ကုချိန်းလွှာတို့နောက်မှ ထပ်ချပ်မကွာ လိုက်ပါလာခဲ့၏။ သူ့စိတ်ထဲတွင် လူသားတယောက်ကို တချက်တည်းနှင့် သတ်ပစ်လိုစိတ် ပေါက်နေလေသည်။
နောက်လာသည့် ဖြစ်ရပ်များကိုတော့ လူတိုင်းနီးပါး သိထားပြီးသားပင် ဖြစ်သည်။
ချီဝေယန်နှင့် တခြားလူများ ကူညီရန် ရောက်လာချိန်မှာပင် ဒန်ဘာက ထွက်မပြေးခဲ့ပေ။ သူသည် ယခင်နည်းအတိုင်း ကုချိန်းလွှာတို့ လူစုနောက်မှ ထပ်ချပ်မကွာ လိုက်ပါလာခဲ့ပြီး အလျင်းသင့်သလိုပင် ခြုံခိုတိုက်ခိုက်ခဲ့သေး၏။ ထိုတိုက်ခိုက်မှုများသည် မအောင်မြင်သော်လည်း လူတိုင်းကိုတော့ ထိတ်လန့်စေရန် စွမ်းဆောင်နိုင်ခဲ့လေသည်။ ဒန်ဘာသည် အခွင့်အရေး ရရှိလာမည့်အချိန်ကို စိတ်ရှည်လည်ရှည်နှင့်ပင် စောင့်ဆိုင်းနေ၏။ ဤတကြိမ်တွင်တော့ လူသားများကို အပြတ်ရှင်းပစ်လိုက်မည်ဟု သူက တွေးတောထားလေသည်။
မည်သို့ဆိုစေ ဒန်ဘာသည် တခြားသတ်ဖြတ်သူများထက် စိတ်ရှည်သည်းခံမှုရော ခွန်အားပါ သာလွန်သူဖြစ်ကြောင်း သိသာနေခဲ့လေပြီ။
စုချန်း၏ စိတ်ထဲတွင် ဒန်ဘာသည် သူ သိထားသော လူတယောက်နှင့် တူညီလှပေသည်ဟု ခံစားလိုက်မိ၏။
ထိုလူမှာ တခြားသူမဟုတ်။ တိမ်တိုက်ကျားသစ်ပင် ဖြစ်သည်။
အတိတ်ကို ပြန်တွေးကြည့်လျင် ကျန်းချန်းအန်တို့လူစု အက်ဒမန်တင်းမျောက်ဝံကို လုယူသွားစဉ်က တိမ်တိုက်ကျားသစ်၏ အကြံအစည်မှာ ယခု ဒန်ဘာ၏ လုပ်ရပ်နှင့် အတူတူပင်။ စုချန်းက တားဆီးခဲ့သဖြင့်သာ ထိုအကြံအစည်မှာ အကောင်အထည် မပေါ်ခဲ့ခြင်း ဖြစ်သည်။
ကုချိန်းလွှာ ရှင်းပြသည်ကို နားထောင်ရင်း ကျန့်ဟန်ဖန်းက တစုံတရာကို တွေးတောမိဟန်ဖြင့် လွှတ်ခနဲ ပြောလိုက်၏။
"ဒီအတိုင်းဆိုရင် အဲဒီ ဒန်ဘာဆိုတဲ့ သတ်ဖြတ်သူဟာ ထွက်မသွားပဲ ကျုပ်တို့နောက်က လိုက်လာတာမျိုး တနေရာရာက စောင့်ကြည့်တာမျိုး လုပ်နေနိုင်တာပေါ့"
ကျန့်ဟန်ဖန်း၏ စကားကြောင့် ယွဲ့လောင်ရှ မျက်နှာပျက်သွား၏။
"ဟာ သိပ်ဟုတ်တာပေါ့"
ဟေးယွန်တုံးနှင့် ကျန်လူများကလည်း အသီးသီး ရေရွတ်လိုက်ကြသည်။
"ဒီအတိုင်းဆိုရင်တော့ ကျုပ်တို့အားလုံး ပြသနာကြီးနဲ့ ရင်ဆိုင်နေရပြီပဲ"
ဒန်ဘာသာ ထွက်မပြေးပဲ သူတို့နောက်မှ လိုက်လာခဲ့ပါက ကျောက်တောင်တွင် အခြေပြုထားသော သူတို့၏ ဌာနချုပ်နေရာမှာ ပေါ်ပေါက်သွားနိုင်သည် မဟုတ်ပါလား။ ဌာနချုပ်နေရာကိုသာ ရန်သူများ သိရှိသွားပါက သူတို့တဖွဲ့လုံးအဖို့ အလွန်အန္တရာယ်ကြီးမားသော အခြေအနေကို ကျရောက်သွားစေနိုင်၏။
ယုတ်စွအဆုံး သူတို့ နဂိုစီစဉ်းစားခဲ့သလို အဖွဲ့ငယ်များ ခွဲကာ တာဝန်ထမ်းဆောင်ရန် စေလွှတ်လိုက်ခြင်းကပင်လျင် ဒန်ဘာကို အခွင့်အရေးပေးသလို ဖြစ်နေပေလိမ့်မည်။ အကယ်၍ လူမခွဲတော့ပဲ စုစည်းထားမည်ဆိုပါကလည်း ဒန်ဘာက သူ့အဖော်များကို စုစည်းကာ လာတိုက်ခြင်းကို ခံရနိုင်ဖွယ်ရာ ရှိနေ၏။
အခြေအနေမှာ ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေခဲ့ချေပြီတကား။
ထိုအခါ စုချန်းက တစုံတရာကို လေးလေးနက်နက် စဉ်းစားပြီး ပြောလိုက်၏။
"ကျုပ်တို့အနေနဲ့ ဒန်ဘာ ဒီအနီးအနားမှာ ရှိမရှိဆိုတာ ဖော်ထုတ်နိုင်မဲ့ နည်းလမ်းတမျိုးမျိုးကို စဉ်းစားရလိမ့်မယ်"
"ဘယ်လိုနည်းလမ်းမျိုးလဲ တကယ်လို့ ကျုပ်တို့ဖက်က လူအရမ်းများနေရင် သူ ပေါ်လာမှာမဟုတ်ဘူး လူအရမ်းနည်းနေပြန်ရင်လည်း သိပ်ပြီး အန္တရာယ်များတယ်"
ရှီကျန့်ဖေးက ဝင်ပြောလိုက်၏။
"ကျုပ်တို့အနေနဲ့ ထွက်မပြေးနိုင်လောက်ဘူးလို့ ထင်ရမဲ့ လူတချို့ကို သုံးရမယ် ထွက်မပြေးနိုင်လောက်ဘူးလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ ထွက်ပြေးနိင်လောက်တဲ့ စွမ်းရည်ရှိတဲ့ လူမျိုးတွေပေါ့လေ"
စုချန်းက ထပ်မံရှင်းပြလိုက်ပြန်သည်။
"ကျုပ်ဆိုလိုတာကဗျာ...ဒီလူကို ကြည့်ပြီး ဒန်ဘာရဲ့စိတ်ထဲမှာ ဒီတယောက်ကိုတော့ သူ ဖမ်းဆီးနိုင်လောက်တဲ့လူလို့ ထင်မြင်လာရမယ်"
ပြောပြောဆိုဆို သူက ကုချိန်းလွှာနှင့် ကျန်လူများကို တချက်လှမ်းကြည့်လိုက်၏။
တကယ်တော့ ကုချိန်းလွှာ၊ ယွဲ့လောင်ရှနှင့် ကျန်လူများမှာ လျင်မြန်လှသည်။ ဟန်လင်းရှကြောင့်သာ မဟုတ်လျင် သူတို့သည် ဒန်ဘာကို အစောကြီးကတည်းက မျက်ချေဖြတ်ခဲ့ပြီးသား ဖြစ်နေပေလိမ့်မည်။
ထို့ကြောင့် ဤအစီအစဉ်တွင် သူတို့ကို အသုံးပြုရန် မသင့်တော်လှပေ။
ဟန်လင်းရှ ကျပြန်တော့လည်း အားနည်းလှ၏။
တဖန် စုချန်းက လီယွမ်နှင့် ချူးအန်းယိတို့ကို လှမ်းကြည့်လိုက်ပြန်သည်။ ထို့နောက် သူက မေးလိုက်၏။
"အစ်ကိုလီယွန် ခင်ဗျားရဲ့ အမြန်နှုန်းက ဒန်ဘာနဲ့ ယှဉ်ရင် ဘယ်သူသာမယ်ထင်သလဲ"
"တယောက်ချင်းယှဉ်ရင်တော့ သိပ်မကွာဘူး ဒါပေမဲ့ သုံးယောက်ပေါင်းပြီး ပိတ်ဆို့ထားရင်တော့ ထွက်ပြေးနိုင်မှာမဟုတ်ဘူး"
လီယွန်ကလည်း ပွင့်ပွင့်လင်းလင်းပင် ပြန်ပြောလိုက်၏။
ထိုအခါ စုချန်းက လေလှိုင်းအမြန်နှုန်းဆေးပုလင်းကို ပစ်ပေးရင်း မေးလိုက်သည်။
"ဒါနဲ့ ဆိုရင်ကော"
လီယွန်၏ မျက်လုံးအစုံသည် ဖြတ်ခနဲ ဝင်းလက်သွား၏။
"ဟာ ဒါနဲ့သာဆိုရင်တော့ သေချာပေါက် ပြေးလို့လွတ်တာပေါ့"
အစီအစဉ်ကား အတည်တကျ ဖြစ်သွားလေပြီ။
ထိုနေ့မှာပင် လီယွန်သည် တောင်အောက်သို့ ဆင်းသွား၏။ ကျန်လူများက တောင်ထိပ်ပေါ်မှနေ၍ လီယွမ်၏ လှုပ်ရှားမှုကို စောင့်ကြည့်နေကြလေသည်။
သိပ်မကြာမီ လီယွန်တယောက် သူတို့မြင်ကွင်းမှ ပျောက်ကွယ်သွား၏။ ထိုအချိန်ထိ ဒန်ဘာသာမက၊ တခြားသတ်ဖြတ်သူများပါ ထွက်ပေါ်လာခြင်းမရှိချေ။
နာရီဝက်ပင် မကြာလိုက်ချေ။ တောင်ပေါ်သို့ လေ၏ အလျင်မျိုးဖြင့် ပြေးတက်လာသော လီယွန်ကို သူတို့အားလုံး မြင်တွေ့လိုက်ရသည်။
သူ့နောက်မှ လိုက်ပါလာသူ မရှိ။ သို့သော် သုတ်သီးသုတ်ပြာနိုင်လှသော လီယွန်၏ အမူအရာကြောင့် ဒန်ဘာတယောက် အနီးအနားတွင် ရှိနေကြောင်း သူတို့အားလုံး သဘောပေါက်လိုက်ကြ၏။
"သူ့ကိုကြည့်ရတာ ဝံပုလွေတကောင်ကို မြင်ခဲ့ရသလိုပဲ"
ဟေးယွန်တုံးက မှတ်ချက်ချလိုက်၏။
"ဒီပြသနာကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို စဉ်းစားဖို့တော့ အချိန်ကျပြီ"
စုချန်းက ပြောလိုက်၏။
"ဘယ်လိုရှင်းမှာလဲ ကျွန်မတို့ဘက်က လူများနေရင် သူတို့ ထွက်ပြေးမယ် လူနည်းနေရင် ဝင်တိုက်မယ် ဒီသတ်ဖြတ်သူတွေဟာ ဘယ်လိုအခြေအနေမှာ အခွင့်အရေးယူရမယ်ဆိုတာ ကောင်းကောင်း သိထားကြတယ်"
ကုချိန်းလွှာက စိုးရိမ်ပူပန်ဟန်ဖြင့် ပြောလိုက်၏။
"သူတို့ ထွက်မပြေးမဲ့ အနေအထားမျိုး ရောက်လာအောင် ကျုပ်တို့က ဖန်တီးပေးရမှာပေါ့"
"ဒါ တော်တော်ကြီးကို ခက်ခဲလိမ့်မယ်"
ဝမ်တောက်ရှန်းက ဝင်ရောက်ဆွေးနွေးလိုက်ပြန်သည်။
"ဒီ ဒန်ဘာဆိုတဲ့ကောင်ဟာ ဒီကိုမလာခင်ကတည်းက ကောင်းကောင်း သင်ယူလေ့ကျင့်လာဟန် တူတယ် လွယ်လွယ်နဲ့တော့ သူ့ကိုယ်သူ အန္တရာယ်တောထဲ ကျရောက်စေမယ် မထင်ဘူး"
"အစ်ကိုကြီးဝမ် ခင်ဗျားပြောတာ မှန်ပါတယ် ဒါပေမဲ့ သူတို့ သေမယ်ဆိုရင်တောင် နောက်ဆုတ် ထွက်မပြေးမဲ့ အခြေအနေတမျိုးတော့ ရှိနေသေးတယ်ဗျ"
စုချန်းက ပြန်ဖြေလိုက်၏။
စုချန်း၏ စကားကြောင့် လူတိုင်း မျက်လုံးပြူးသွား၏။
"ဘာအခြေအနေမို့လို့လဲ"
စုချန်းက ဖြေလိုက်သည်။
"တဦးချင်းတိုက်ပွဲလေဗျာ"
" တာကူရှာပေါ့!!!"