စောင့်ရှောက်သူ ဆေးမင်
Vol. 31 Ch. 306
ကြိုတင်မျှော်လင့်ထားသည့်အတိုင်း သတ်ဖြတ်သူများဘက်မှ စိမ်ခေါ်မှုကို လက်ခံလိုက်ပြီ ဖြစ်သည်။
အရာအားလုံးသည် စုချန်း ကြိုတင်တွက်ဆထားသကဲ့သို့ပင် ဖြစ်သည်။
တကယ်တော့ ထိုသို့ ကြိုတင်တွက်ဆရန်အတွက် စုချန်းအနေနှင့် အထူးတလည် ညဏ်ကောင်းနေစရာ မလိုလှ။ သတ်ဖြတ်သူများ၏ တသမတ်တည်းသော လုပ်ပုံကိုင်ပုံကို လူတိုင်း သိထားပြီးသားပင် မဟုတ်ပါလား။
တဖက်တွင်လည်း သတ်ဖြတ်သူမျိုးဆက်သစ်တယောက်က သူတို့ဆီသု့ိ တဟုန်ထိုး ပြေးလာရန်ဟန်ပြင်နေစဉ် ကျန်တယောက် ဟန့်တားလိုက်ပုံက စုချန်းအတွက် အထူးပင် စိတ်ဝင်စားစရာကောင်းနေ၏။
စုချန်းကား မျက်ကန်းဘဝမှလာသူ ဖြစ်သည်။ အကြားအာရုံမှာ အလွန်ပင် ကောင်းမွန်၏။
လေနှင့်အတူ လွင့်မြောလာသော စကားသံများကို နားထောင်၍ တဖက်လူ ဘာပြောလိုက်မှန်း အနီးစပ်ဆုံး ခန့်မှန်းနိင်သော စွမ်းရည်မျိုး စုချန်းတွင် ရှိနေလေသည်။
ထိုကြောင့် ကျန်သတ်ဖြတ်သူသည် အလောတကြီး ပြေးလာရန် ဟန်ပြင်နေသော နောက်ထပ် သတ်ဖြတ်သူတယောက်ကို ဟန့်တားနေကြောင်း သူ ချက်ချင်းပင် သဘောပေါက်လိုက်သည်။ အနှီ ဟန့်တားနေသော သတ်ဖြတ်သူသည် ဒန်ဘာမှန်း ကုချိန်းလွှာထံမှ စုချန်းက သိရှိထားပြီး ဖြစ်သည်။
ညဏ်ရည်ညဏ်သွေးကောင်းမွန်သလောက် သတိကြီးလှသော သတ်ဖြတ်သူ မျိုးဆက်သစ်ပေတကား။ ဒန်ဘာကား အမှန်တကယ်ပင် ထူးခြားလှ၏။
မိမိ၏ ဦးနှောက်ကို ကောင်းစွာ အသုံးပြုတတ်သော သတ်ဖြတ်သူမျိုးနှင့် ရင်ဆိုင်ရမည်ကို အဘယ်ကြောင့် သူကြောက်ရွံနေမှန်း စုချန်း ချက်ချင်းပင် နားလည်သဘောပေါက်စပြုလာ၏။
ဒန်ဘာနှင့် တခြားသတ်ဖြတ်သူများအကြား ဆွေးနွေးနေခဲ့သည့် အချက်အလက်များက ထိုအချက်ကို ပို၍ သိသာထင်ရှားစေခဲ့၏။ အကြောင်းမှာ ဒန်ဘာသည် တာကူရှာကို သဘောတူညီခဲ့သည် ဆိုသော်ငြား မတရားမှုများ ဖြစ်ပေါ်မလာစေရန် ခပ်လှမ်းလှမ်းမှ စောင့်ကြည့်နေမည်ဟု ဆိုထားသည် မဟုတ်ပါလား။
အကယ်၍ စီးချင်းထိုးပွဲသို့ လူဖြစ်စေ၊ သတ်ဖြတ်သူဖြစ်စေ ဝင်ရှုပ်ပါက ဝင်ရှုပ်သူဘက်မှ အရှုံးပေးပြီဟု အဓိပ္ပါယ်ရ၏။ ထိုအခါ တာကူရှာ ပျက်ပြယ်သွားပြီဖြစ်၍ တဖက်မှ ချက်ချင်းဆုတ်ခွာသွားပေလိမ့်မည်။
ဤတချက်ကို စုချန်းကိုယ်တိုင်လည်း လက်ခံသဘောတူထား၏။
တာကူရှာတွင် လှည့်ကွက်ပြုလုပ်ရန် စုချန်းအနေနှင့် စီစဉ်မထားသော်ငြား ရန်သူများ၏ ပါးနပ်လိမ္မာမှုက သူတို့နှင့် ရင်ဆိုင်ရာတွင် အထူးအလေးအနက် ထားရမည်ဖြစ်ကြောင်း စုချန်း ပို၍ သေချာသွားလေသည်။
ကြည့်ရသည်မှာ ဒန်ဘာ လုပ်ကိုင်နေသမျှသည် သူ့ဆရာများ သင်ကြားပေးထားသည့်အတိုင်း ဟုတ်တော့ပုံမရ။ ကိုယ်ပိုင်အသိညဏ်နှင့် စဉ်းစားတွေးခေါ်တတ်နေသည့်သဘောပင်။
နှစ်ဘက်စလုံး သဘောတူညီပြီးနောက် စုချန်း၊ ကုချိန်းလွှာ၊ ဟေးယွန်တုံး၊ ဒန်ဘာနှင့် မင်ဒီယာနိုတို့သည် နောက်သို့အသီးသီး ဆုတ်ပေးလိုက်ကြ၏။
သင့်လျော်သည့် အကွာအဝေးသို့ ရောက်သည့်တိုင်အောင် နောက်ဆုတ်ပေးလိုက်ကြခြင်း ဖြစ်သည်။
ထိုနေရာမှဆိုလျင် အစွမ်းကုန် ပြေးသည့်တိုင်အောင် တိုက်ပွဲဖြစ်ပွားသည့်နေရာသို့ရောက်အောင် အချိန်တခုကြာအောင် ပြေးသွားရမည်ဖြစ်သည်။
သတ်မှတ်ထားသော နေရာတွင်တော့ ဝမ်တောက်ရှန်းနှင့် ဖာရာရိုတို့ နှစ်ယောက်သာလျင် ကျန်ရစ်ခဲ့၏။
သူတို့နှစ်ယောက်သည် ပတ်ပတ်လည် စိုက်ထူထားသော အလံများရှေ့တွင် မတ်တပ်ရပ်နေကြခြင်း ဖြစ်သည်။
ဖာရာရိုသည် ဝမ်တောက်ရှန်းကို စေ့စေ့ကြည့်ရင်း အံကြိတ်ကာ ပြောလိုက်သည်။
"အာနည်းတဲ့ လူသားတွေက ငါတို့နဲ့ စီးချင်းထိုးရဲသတဲ့လား ကြည့်ရတာ မင်းဟာ သူတို့ထဲမှာ အသန်မာဆုံးနဲ့တူတယ် ဒါပေမဲ့ မင်းက ဝလွန်းနေတယ် စစ်မှန်တဲ့ အင်အားဆိုတာ သုံးစားမရတဲ့ အဆီတုံးတွေထဲက ထွက်လာတာမဟုတ်ဘူးကွ"
ဝမ်တောက်ရှန်းကလည်း ပြန်လည်တုံ့ပြန်လိုက်သည်။
"သတ်ဖြတ်သူတွေဟာ ဒီလောက် စကားများများ ပြောတတ်လိမ့်မယ်မှန်းတောင် ငါမသိပါလားကွ"
ဖာရာရို ဒေါသထွက်သွား၏။ သူက ဝမ်းခေါင်းသံကြီးနှင့် အော်ဟစ်လိုက်ပြီး ရှေ့သို့ တဟုန်ထိုး ခုန်ဝင်ရင်း လက်သီးနှင့် လှမ်းထိုးလိုက်၏။ လက်သီးချက်သည် သေခြင်းတရား၏ အငွေ့အသက်တို့ ဖုံးလွှမ်းနေလေသည်။ ကြောက်စရာအားလှိုင်းများက ဝမ်တောက်ရှန်းဆီသို့ တဟုန်ထိုး တိုးဝင်လာ၏။
ဖာရာရို၏ တိုက်ကွက်ကိုကြည့်ရင်း ဝမ်တောက်ရှန်း ပြုံးလိုက်သည်။
သူ့လမ်းကြောင်းပေါ်ရှိ အရာအားလုံးကို ခြေမွပစ်မည့်နှယ် ဖာရာရို၏ လက်သီးချက်တွင် ကြောက်စရာအားမာန်များ ပါဝင်နေသော်လည်း ဝမ်တောက်ရှန်ကတော့ ၎င်းကို သူ့ ကိုယ်ပိုင်နည်းလမ်းနှင့်ပင် ပြန်လည်တုံ့ပြန်လိုက်သည်။
ယား!!!!
ဝမ်တောက်ရှန်းသည် မာန်သွင်းသံတချက်ပြုပြီး ဖာရာရို၏ တိုက်ခိုက်မှုကို လက်သီးနှင့်ပင် ပြန်လည်တုံ့ပြန်လိုက်၏။
ဘုန်းခနဲမြည်သံနှင့်အတူ ပတ်ဝန်းကျင်တခုလုံး ဖုံမှုန့်များ ဖုံးလွှမ်းသွားလေရာ တိုက်ပွဲဝင်နေသူနှစ်ဦး၏ ပြင်းပြသော စိတ်ဆန္ဒကို ထင်ဟပြနေသကဲသို့ ရှိလေသည်။ တချိန်တည်းမှာပင် ကမ္ဘာကြီး အက်ကွဲသွားစေနိုင်လောက်သော အားလှိုင်းများ ပေါ်ပေါက်လာ၏။ သူတို့နှစ်ယောက်မှာလည်း နောက်ဘက်သို့ တဟုန်ထိုး လွင့်စင်ကုန်ကြလေသည်။
ဝမ်တောက်ရှန်း၏ ပုံစံမှာ တောင်ကြီးတတောင် လေထဲတွင် ပျံသန်းသွားသည်နှင့်ပင် တူနေသေး၏။ မြေကြီးပေါ်သို့ ပြန်လည်ပြုတ်ကျလာချိန်တွင် သူ့ခြေဖဝါးအောက်ရှိ မြေကြီးမှာ ငလျင်လှုပ်သည့်ပမာ တုန်ခါသွား၏။
ဝမ်တောက်ရှန်းထက်စာလျင် ဖာရာရိုက များစွာ ပို၍ သွက်လက်၏။ သူသည် ပြိုင်ဘက်၏ အားလှိုင်းနှင့် အလိုက်သင့်မြောပါသွားပြီး မြေကြီးပေါ်သို့ သွက်လက်ပေါ့ပါးစွာ ခုန်ဆင်းလိုက်လေသည်။ ဖုန်မှုန့်ဟူ၍ အနည်းငယ်မျှပင် ပေါ်ထွက်မလာ။ ဖာရာရို၏ မူလစွမ်းအင်အပေါ် ထိန်းချုပ်နိုင်စွမ်းမှာ ပေါ်လွင်နေခဲ့လေပြီ။
တိုက်ပွဲဝင်နေသူနှစ်ယောက်ကား တိုက်ကွက်တကွက်စီ ဖလှယ်ပြီးခဲ့လေပြီ။ သူတို့နှစ်ယောက်လုံး၏ အင်အားမှာ တူညီနေ၏။
ဖာရာရိုသည် ဝမ်တောက်ရှန်းကို မျက်လုံးကြီးပြူးကာ စိုက်ကြည့်နေ၏။ သူ့မျက်လုံးထဲတွင်တော့ အံ့သြသင့်သော အရိပ်အယောင်များ ယှက်သန်းနေလေသည်။
"မင်းအင်အားက ထင်သလောက်မဆိုးပါလား ကြည့်ရတာ အဆီချည်းသက်သက်တော့ မဟုတ်ဘူးနဲ့တူတယ်"
ဝမ် တောက်ရှန်းက ဘာမှပြန်မပြောပဲ မနှစ်မြို့ဟန်ဖြင့်သာ ပြန်ကြည့်နေလေသည်။
ထို့နောက် သူတို့နှစ်ယောက်သည် ရုတ်ချည်းဆိုသလို ပြိုင်တူ တိုက်ခိုက်လိုက်ကြပြန်၏။
မာန်သွင်းသံကိုယ်စီပြုရင်း သူရဲစီးသကဲ့သို့ ပူးကပ်တိုက်ခိုက်နေကြသော သူတို့၏ ပုံစံမှာ လူရိုင်းများနှင့်ပင် တူနေသေး၏။ ပြင်းထန်လှသော အားလှိုင်းများက အရပ်ရှစ်မျက်နှာသို့ ပျံလွင့်လာလေရာ ပတ်ဝန်းကျင်တခုလုံး ဖုန်လုံးကြီးများ တလိမ့်လိမ့်ထနေတော့သည်။
စောင့်ကြည့်သူများအားလုံးသည် ခပ်လှမ်းလှမ်းမှနေ၍ ပြိုင်ပွဲကို ကြည့်ရှုနေကြ၏။ သူတို့နှစ်ယောက်၏ တိုက်ခိုက်ပုံကိုကြည့်ရင်း ဒန်ဘာကိုယ်တိုင်ပင် အံ့သြသင့်နေလေသည်။ လူသားများဘက်မှ ဝမ်တောက်ရှန်းကဲ့သို့ အင်အားကြီးမားသူများ ပေါ်ထွက်လာသည်ဟူ၍ မရှိစဖူး။ ယခုတော့ နန်းဆောင်သူရဲကောင်းတယောက်နှင့်ပင် လက်ရည်တူတိုက်ခိုက်နိုင်၍ ဤဖက်တီး၏ စွမ်းရည်မှာ အံ့သြသင့်ဖွယ်ရာပေတကား။
မည်သို့ဆိုစေ ထိုအချက်ကြောင့် ဒန်ဘာ စိတ်သက်သာရသွားသည်ကတော့ အမှန်ပင်။
အကောက်ကြံမှုများဟူသည်မှာ ပြိုင်ဘက်၏ စွမ်းရည် နိမ့်ကျနေမှသာ ပေါ်ထွက်လာတတ်သည် မဟုတ်ပါလား။ ယခုတော့ လူသားများဘက်မှ ရွေးချယ်ထားသူသည် အင်အားကြီးမားနေ၍ ထိုသို့ အကောာက်ကြံနေရန် မလိုအပ်တော့။ ဤဖက်တီးသည် နန်းဆောင်သူရဲကောင်းတယောက်ကဲ့သို့ပင် အင်အားကြီးမား၏။ ထိုအတွက်ကြောင့်ပင် သူတို့ဘက်မှ တာကူရှာကို ရွေးချယ်လိုက်ခြင်း ဖြစ်သည်။
ဒန်ဘာ စိတ်အေးသွားလေပြီ။
ထိုအချိန်တွင် မင်ဒီယာနိုက တိုက်ပွဲကို ကြည့်နေရင်း စုချန်းကို ဖြတ်ခနဲလှမ်းကြည့်ကာ ပြောလိုက်၏။
"ဒီဖက်တီးက အင်အားအတော်လေး ကောင်းတယ် ဒါပေမဲ့ ဒီအဆင့်လောက်နဲ့ နန်းဆောင်သူရဲကောင်းတယောက်ကို အနိုင်ရလိမ့်မယ်လို့ ထင်နေရင် မင်း မှားသွားလိမ့်မယ် ဖာရာရိုအတွက် ဒီလောက်က သွေးပူလေ့ကျင့်ခန်းဆင်းသလောက်ပဲ ရှိလိမ့်မယ်"
အပျက်အစီးသိုက်သို့ မဝင်ရောက်မီ စုချန်းသည် သူတို့အား လှည့်စားခဲ့သူမှန်း မင်ဒီယာနို မမေ့သေးချေ။ မိုလီဟန်ကိုယ်တိုင်က စုချန်းကို အလျင်ဆုံးသတ်ရန် သူတို့အား မှာကြားလိုက်သည် မဟုတ်ပါလား။
အကယ်၍ တာကူရှာသာ မရှိခဲ့လျင် သူ့အနေနှင့် ဤလူသားကို တခါတည်း စိစိညက်ကြေအောင် သတ်ပစ်လိုက်မည်သာ။
မင်ဒီယာနို၏ ရန်စမှုကို စုချန်းက လှောင်ပြောင်ရယ်မောခြင်းဖြင့် ပြန်လည်တုံ့ပြန်လိုက်သည်။
"ဟား ဟား ဟား အဲဒီလိုလား ဒါဆိုရင် ကျုပ်တို့လူအတွက် ဒီလောက်က သွေးတောင်ပူမယ်မထင်ဘူး"
မင်ဒီယာနိ၏ မျက်နှာ မဲခနဲဖြစ်သွား၏။
"အရှက်မရှိလိုက်တဲ့ လေအိုးတွေကွာ"
စုချန်းကလည်း ပြန်လည်တုံ့ပြန်လိုက်ပြန်သည်။ သူ့စကားလုံးများမှာ ဘလိတ်ဓားသွားပမာ ထက်မြက်လှ၏။
"ဟေး မင်းမဆိုးဘူး ဗန်းစကားတွေက်ို ဘယ်လိုသုံးရမလဲ ကောင်းကောင်းသိနေသားပဲ"
စုချန်း၏ ပြောပုံဆိုပုံကို ကြည့်ရင်း ကုချိန်းလွှာကတော့ ဘေးမှ တခစ်ခစ်နှင့် ရယ်မောနေ၏။
မင်ဒီယာနိုက တခုခု တုံ့ပြန်ပြောဆိုရန် ဟန်ပြင်လိုက်သည်။ သို့သော် ဒန်ဘာက ဟန့်တားလိုက်၏။
"လူသားတွေနဲ့ ဖက်ပြီး ပြောမနေနဲ့ကွ စကားပြောတယ်ဆိုတာ လူတွေ အကျွမ်းကျင်ဆုံးအရာ ငါတို့ လုပ်ဖို့လိုတာဆိုလို့ သူတို့ကို ရှင်းပစ်ဖို့ပဲ"
မင်ဒီယာနိုက ခေါင်းညိတ်ပြရင်း နောက်ဆုတ်သွားလေသည်။
ထိုအချိန်တွင် တိုက်ပွဲ၏ ပုံစံမှာ ရုတ်တရက် ပြောင်းလဲသွား၏။
ကနဦးတွင် သူတို့နှစ်ယောက်သည် အပြင်အားကိုသာ အသုံးပြု၍ တိုက်ခိုက်နေကြခြင်း ဖြစ်သည်။ ယခုတော့ လူချင်းကွဲသွားသည်နှင့် ဖာရာရို၏ ကိုယ်ပေါ်ရှိ ဆေးမင်စာလုံးများသည် လင်းလက်တောက်ပလာ၏။ စုချန်း အနိုင်ယူခဲ့သည့် သတ်ဖြတ်သူနှင့် မတူသည်မှာကား ဖာရာရို၏ တကိုယ်လုံးသည် လင်းလက်တောက်ပလာခြင်းပင်။
ဖာရာရို၏ ကိုယ်ပေါ်ရှိ ဆေးမင်စာလုံးများမှ သွေးရောင်မီးခိုးငွေ့များ စတင်ထွက်ပေါ်လာ၏။ သိပ်မကြာမီပင် အနှီ မီးခိုးငွေ့များသည် သူ့ဦးခေါင်းပေါ်တွင် ထူးဆန်းသော ပုံသဏ္ဍာန်တခုအဖြစ် ရစ်ခွေလျက်ရှိလေသည်။
အနီရောင်မျက်လုံးဒိုင်းယားဝံပုလွေပေတည်း။
တကယ်တော့ သတ်ဖြတ်သူဆေးမင်စာများသည် ဖြစ်ကတတ်ဆန်း ထိုးထားချင်းမဟုတ်။ ၎င်းတို့သည် စစ်မှန်သော ပုံသဏ္ဍာန်များကို ဖွဲ့စည်းနိုင်၏။ ထိုသို့ ဆေးမင်များကိုတော့ စောင့်ရှောက်သူဆေးမင်ဟု ခေါ်လေသည်။ မူလစွမ်းအင်နန်းဆောင်ဟူ၍ မရှိခဲ့စဉ်က စောင့်ရှောက်သူဆေးမင်သည် သတ်ဖြတ်သူများ၏ အင်အားကို ကိုယ်စားပြုခဲ့လေသည်။ ၎င်းတို့သည် စောင့်ရှောက်သူဆေးမင်ကို အသုံးပြု၍ အင်အားတိုးပွားလာအောင် လုပ်ယူလေ့ရှိကြ၏။
သို့သော် ပြီးပြည့်စုံသော စောင့်ရှောက်သူဆေးမင်ကို ရေးထိုးရန် သတ်ဖြတ်သူသည် သွေးဆူပွက်ခြင်းနယ်ပယ်သို့ ရောက်ရှိနေရန် လိုအပ်၏။ သို့သော် ဖာရာရိုကတော့ ချီစုဆောင်းခြင်းနယ်ပယ်မှာပင် စောင့်ရှောက်သူဆေးမင်ကို ရေးထိုးနိုင်ခဲ့လေရာ ၎င်း၏ အင်အားကို တွက်ဆနိုင်ပေသည်။
အနီရောင်မျက်လုံးဒိုင်းယားဝံပုလွေသည် ခေါင်းကိုမော့ရင်း ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ ၎င်း၏ ပုံစံသည် တော်ဝင်မျိုးနွယ်စုများသာ ထုတ်ဖော်နိုင်သည့် သွေးဗီဇပုံရိပ်များနှင့် တူလှသော်လည်း ကွဲပြားခြားနားချက်တချို့တော့ ရှိနေ၏။
မည်သို့ဆိုစေ ဖာရာရို ထုတ်ဖော်ထားသည့် ဒိုင်းယားဝံပုလွေပုံရိပ်သည် ကြောက်စရာ အင်အားတမျိုးကို သယ်ဆောင်လာသလို ထင်မှတ်ရ၏။
"ဟေ့ လူသား မင်း သေပေတော့ ကြက်သွေးရောင်ဝံပုလွေ အမျက်ဒေါသတဲ့ဟေ့"
လေထဲရှိ အနီရောင်ဒိုင်းယားဝံပုလွေသည် ကျယ်လောင်စွာ ဟိန်းဟောက်ပြီး ဝမ်တောက်ရှန်းကို လက်သည်းနှင့် လှမ်းပုတ်လိုက်တော့သည်။