အကောင်းဆုံး ကြိုတင်ပြင်ဆင်ခြင်းသည် အောင်မြင်မှုအတွက် သော့ချက်ဖြစ်သည် ၁
Vol. 31 Ch. 307
ဒေါသထွက်နေသော ဆိုင်ကလုန်းမုန်တိုင်းကြီးကဲ့သို့ ကြောက်စရာအားလှိုင်းကြီးသည် မြန်ဆန်လှသော အရှိန်အဟုန်နှင့် ရွေ့လျားလာ၏။
အနီရောင်စွမ်းအင်လှိုင်းများကြောင့် မြေကြီးပေါ်တွင် ပန်းများတပွင့်ပြီးတပွင့် ပွင့်နေသကဲ့သို့ အရစ်ရစ်ထလာ၏။
ဖာရာရို၏ ပြင်းထန်သော တိုက်ခိုက်မှုကြောင့် ဝမ်တောက်ရှန်း၏ ကိုယ်ကာယကြီးသည် လေထဲသို့ လွင့်စင်သွား၏။ သူ့အဝတ်အစားများသည် ဗြိခနဲ စုတ်ပြဲသွားပြီး ဖြူဖွေးသော ကိုယ်မှာ ဘွားခနဲ ပေါ်ပေါက်လာလေသည်။ တချိန်တည်းမှာပင် သူ့ကိုယ်ပေါ်ရှိ အသားစိုင်များမှာ တွန့်ကြေသွားပြီး သွေးများယိုစီးကျလာ၏။
ဝမ်တောက်ရှန်း၏ တကိုယ်လုံးတွင် မထိမခိုက်ပဲ ကျန်ခဲ့သော နေရာဟူ၍ မရှိတော့။
အာဝူး!!!!
ဒိုင်းယားဝံပုလွေသည် ခေါင်းမော့ကာ ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပြီး ဖာရာရို၏ နောက်ကျောသို့ ပြန်လည်တိုးဝင်ပျောက်ကွယ်သွား၏။ ဖာရာရို၏ ကိုယ်ပေါ်ရှိ ဆေးမင်စာလုံးများသည်လည်း ပြန်လည်မေးမှိန်ဖျော့တော့သွားလေသည်။
ဖာရာရိုသည် မြေပေါ်တွင် မြဲမြံစွာ မတ်တပ်ရပ်ပြီး ပြောလိုက်သည်။
"လူသား မင်းဟာ ငါ့ရဲ ကြက်သွေးရောင်ဝံပုလွေအမျက်ဒေါသအောက်မှာ အသက်ရှင်နိုင်တယ်ဆိုတော့ အတော်လေး သန်မာတာပဲ ဒါပေမဲ့...."
ဖာရာရိုမှာ စကားပြောနေရင်းနှင့်ပင် ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ဝမ်တောက်ရှန်းကို မယုံကြည်နိုင်ဟန်ဖြင့် ကြည့်လိုက်လေသည်။
အနှီဖက်တီးကား သူ့ခြေထောက်ပေါ်တွင် ကောင်းကောင်း မတ်တပ်ရပ်နိုင်ခဲ့ပြီ ဖြစ်သည်။
ဖက်တီး၏ တွန့်ကျေသွားသော အသားစိုင်များမှာ ချက်ချင်းလိုလိုပင် နဂိုအတိုင်း ပြန်ဖြစ်သွားပြီး ဖာရာရိုကြည့်နေခိုက်မှာပင် ဒဏ်ရာများအားလုံး သက်သာပျောက်ကင်းသွားတော့သည်။ ၎င်း၏ တိုက်ပွဲဝင်စိတ်ဓာတ်မှာလည်း ယခင်ထက်ပင် မြင့်မားလာပုံရပြီး သတ်လိုဖြတ်လိုစိတ်များမှာလည်း တရှိန်းရှိန်းနှင့် တိုးပွားလာပုံရ၏။
"ဒီလောက်လေးနဲ့ လေထွားနေရသလားကွ"
ဝမ်တောက်ရှန်းက အားရပါးရ ရယ်မောရင်း ပြောလိုက်သည်။
"ကောင်လေး ငါ့ကိုအနိုင်ရချင်ရင် ဒီထက် နည်းနည်းပိုပြီး အားစိုက်မှပေါ့ကွာ"
ဖာရာရို ခေါင်းကို ဆတ်ခနဲ ညိတ်လိုက်သည်။ သူ့မျက်လုံးထဲတွင်လည်း စိတ်ဝင်စားသော အရိပ်အယောင်များ ယှက်သန်းလာ၏။
"စိတ်ဝင်စားစရာပဲ မင်းကိုကြည့်ရတာ အတော်လေးအသက်ပြင်းဟန်ပေါက်နေတယ် တိုက်ပွဲကတော့ ပိုပြီး စိတ်လှုပ်ရှားဖို့ကောင်းနေပြီဟေ့"
စကားဆုံးသည်နှင့် သူက လေထဲသို့ ဝုန်းခနဲ ခုန်တက်လိုက်၏။ သူ့နောက်ကျောမှ ဒိုင်းယားဝံပုလွေကလည်း ပြန်လည်ပေါ်ပေါက်လာပြန်သည်။ ဤတကြိမ်တွင်တော့ ဒိုင်းယားဝံပုလွေသည် သူ့ဖာသာသူ ဝမ်တောက်ရှန်းကို တိုက်ခိုက်ခြင်းမရှိတော့ပဲ ဖာရာရို၏ လက်နားသို့ သွားရောက်ပူးကပ်လျက်ရှိ၏။
ထိုအခိုက်မှာပင် ဖာရာရိုက ဝမ်တောက်ရှန်းကို ထိုလက်သီးနှင့် လှမ်းထိုးလိုက်လေသည်။
လက်သီးချက်သည် ရွှီခနဲအသံပြုကာ လေထုကို ဖြတ်သန်းတိုးဝင်လာ၏။ လက်သီးပတ်ပတ်လည်ရှိ စွမ်းအားလှိုင်းများမှာကား စက်ဝိုင်းပုံသဏ္ဍာန် လှည့်ပတ်ကာ ကြောက်စရာ အရှိန်အဟုန်တမျိုးကို ထပ်ပေါင်းအားဖြည့်ပေးနေလေသည်။
တနည်းအားဖြင့် ဖာရာရို၏ လက်သီးချက်သည် ပင်လယ်ပြင်မှ ဒီရေလှိုင်းများ ရိုက်ခတ်လာသည်နှင့် တူလှပေသည်။
ဝမ်တောက်ရှန်းကား လက်နှစ်ဖက်ကို မြောက်ကာ ဖာရာရို၏ လက်သီးချက်ကို ခုခံရန် ပြင်ဆင်လိုက်၏။ သူသည် ဖာရာရိုကဲ့သို့ ရိုင်းစိုင်းကြမ်းတမ်းစွာ တိုက်ခိုက်နိုင်ခြင်းမရှိ။ သို့သော် တည်တည်ငြိမ်ငြိမ် ရဲရဲရင့်ရင့် တိုက်ခိုက်နိုင်စွမ်းတော့ ရှိ၏။
တနည်းအားဖြင့် ဖာရာရို၏ တိုက်ခိုက်မှုသည် ဒေါထန်နေသောမုန်တိုင်းကြောင့် ဆင့်ကဲဖြစ်ပေါ်လာသည့် ပင်လယ်ပြင်မှ လှိုင်းလုံးကြီးများနှင့် တူနေပြီး ဝမ်တောက်ရှန်း၏ ခုခံပုံကတော့ လှိုင်းပုတ်သော်လည်း မယိုင်မလဲ တည်ငြိမ်စွာရှိနေသည့်် ကျောက်ဆောင်ကြီးနှင့် တူလေသည်။
"မင်း ဘယ်လောက်တောင် တောင့်ခံနိင်မလဲကွ"
ဖာရာရိုသည် သွေးရူးသွေးတန်း အော်ဟစ်ရင်း လက်သီးဖြင့် ထပ်ခါထပ်ခါ ထိုးနှက်နေ၏။ သူ့မျက်လုံးထဲရှိ စိတ်လှုပ်ရှားမှုမှာလည်း တဖြည်းဖြည်း မြင့်တက်လာ၏။
အနှီစိတ်လှုပ်ရှားမှုသည် အားကောင်းသော ပြိုင်ဘက်နှင့်တွေ့ဆုံရာမှ ပေါက်ဖွားလာခြင်း ဖြစ်သည်။ သတ်ဖြတ်သူများဟူသည် အင်အားကြီးမားသည့် ပြိုင်ဘက်မျိုးကို ကြောက်တတ်သူများမဟုတ်။ ထိုပြိုင်ဘက်မျိုးကို ငံ့လင့်နေတတ်သူများသာ ဖြစ်ကြကုန်၏။
တကယ် အင်အားကြီးမားသော ပြိုင်ဘက်များနှင့် တွေ့ဆုံရသည့်အခါ သတ်ဖြတ်သူမျာ၏ အင်အားသည်လည်း ပို၍ ကြီးမားလာတတ်ပေသည်။
အာဝူး!!!!
အနီရောင် ဒိုင်းယားဝံပုလွေကား နောက်တကြိမ် ထပ်မံပေါ်ထွက်လာပြီး မိုးခြိမ်းသံပမာ အော်ဟစ်လိုက်ရာ မီးတောက်မီးလျံများက ပင်လယ်လှိုင်းလုံးများပမာ လူးလွန့်လှုပ်ရှားလာတော့သည်။
ထိုအချိန်တွင် ဖာရာရို၏ အမြန်နှုန်းသည် ရုတ်တရက် မြင့်မားလာ၏။ သူက ဝမ်တောက်ရှန်းဆီသို့ လျပ်ပြက်သည့်ပမာ ခုန်ဝင်တိုက်ခိုက်လိုက်ပြန်သည်။ ပါးစပ်မှလည်း ဝမ်းခေါင်းသံကြီးနှင့် အော်ဟစ်လိုက်၏။
"ဟေ့ လူသား မင်းတကယ် သန်မာတယ် မဆိုးဘူးဟေ့ ကောင်းတယ် ငါကလည်း တိုက်ရတာ အားမရသေးဘူးကွ ဒီတော့ ငါအားရပါးရ တိုက်ခိုက်နိုင်အောင် တောင့်ခံထားစမ်းဟေ့"
သူသည် အထက်ပါအတိုင်း အော်ဟစ်ပြီး ဝမ်တောက်ရှန်းအား ထပ်ခါထပ်ခါ တိုက်ခိုက်လိုက်ပြန်သည်။ သူ၏ တိုက်ခိုက်မှုမှာ ကျောက်ဆောင်ကြီးတခုလုံးကို ထက်ခြမ်းကွဲသွားစေလောက်သည်အထိ ပြင်းထန်လှ၏။ ဘေးမှ ရပ်ကြည့်နေသော ဟေးယွန်တုံးပင် ဆတ်ခနဲ တုန်လှုပ်သွားလေသည်။
နန်းဆောင်သူရဲကောင်းတယောက်၏ အင်အားမှာ အမှန်တကယ်ပင် ကြောက်စရာကောင်းလှချေသည်တကား။
ပေါက်ကွဲအားပြင်းထန်လှသည့် အဆက်မပြတ် တိုက်ခိုက်မှုများကို ကြည့်ခြင်းအားဖြင့် ဖာရာရို၏ အင်အားသည် လူသားပညာရှင်များစွာ ပေါင်းစပ်ထားသည့် အင်အားထက်ပင် သာလွန်နေ၏။
ဤသည်မှာ ဖာရာရို၏ အင်အားအမှန် မဟုတ်သေးချေ။ ၎င်းသည် မူလစွမ်းအင်နန်းဆောင်မှ ရရှိထားသည့် အင်အားကို သူတို့ရှေ့တွင် တမင်ပြသနေခြင်းဖြစ်ကြောင်း ဟေးယွန်တုံး ကောင်းစွာနားလည်လိုက်၏။
သို့တိုင်အောင် ဝမ်တောက်ရှန်းကား ဖာရာရို၏ တိုက်ခိုက်မှုများကို အာရုံစိုက်ကာ ခုခံရင်း ပြန်လည်တိုက်ခိုက်နိုင်မည့် အခွင့်အရေးကို ယခုတိုင် စောင့်စားလျက်ရှိလေသည်။
ဘုန်းခနဲ မြည်သံနှင့်အတူ ဖာရာရို၏ ပြင်းထန်သော လက်သီးချက်က ဝမ်တောက်ရှန်း၏ လက်ဝါးပေါ်သို့ ကျရောက်လာပြန်၏။ အားလှိုင်းများ ရိုက်ခတ်မှုကြောင့် ဝမ်တောက်ရှန်းတယောက် မြေကြီးပေါ်သို့ ပြုတ်ကျသွားပြီး ပါးစပ်မှလည်း သွေးများပွက်ခနဲ အန်ထုတ်လိုက်၏။
ထိုအချိန်တွင် ဝမ်တောက်ရှန်း ရရှိထားသည့် ဒဏ်ရာများမှာ ယိယွန့်ဟုန် သို့မဟုတ် ချီဝေယန်ထက် မနိမ့်ပေ။
သေစေနိုင်လောက်သည့် ဒဏ်ရာများပင်။
ဝမ်တောက်ရှန်း၏ အခြေအနေကို ကြည့်ရင်း ဖာရာရို ဟက်ခနဲ ရယ်မောလိုက်၏။ ထို့နောက် သူက မျက်နှာကို တချက်မဲ့ရင်း ပြောလိုက်သည်။
"နောက်ဆုံးတော့ မတ်တပ်မရပ်နိုင်တော့ဘူးပေါ့ ဟုတ်လား ဘာပဲဖြစ်ဖြစ် ငါ့ကို အပျင်းပြေအောင် လုပ်ပေးခဲ့တဲ့အတွက်တော့ မင်းကို ကျေးဇူးတင်တယ် ဒါကြောင့် ငါက မင်းကို မြန်မြန်လေးသေအောင် သတ်ပေးမယ်"
သို့သော် ဝမ်တောက်ရှန်းကား တဖြည်းဖြည်းနှင့်ပင် မြေကြီးပေါ်တွင် ပြန်လည်မတ်တပ်ရပ်နိုင်လာခဲ့လေသည်။
သူက လည်မြိုကို လက်ဖြင့်ပွတ်သပ်ရင်း ပြောလိုက်၏။
"ငါ့ရဲ့ကျောင်းသားနံပါတ်က ၁၁ကွ"
မထင်မှတ်ပဲ ဝမ်တောက်ရှန်း ပြောလိုက်သောစကားကြောင့် ဖာရာရို အူကြောင်ကြောင် ဖြစ်သွား၏။
"ဘာကွ"
ဝမ်တောက်ရှန်းက စကားဆက်ပြန်သည်။
"ငါ့နာမည် ဝမ်တောက်ရှန်းလို့ ခေါ်တယ် ငါဟာ နဂါးကျောင်းတော်ရဲ့ နဝမနှစ်ကျောင်းသားတယောက်ပဲ နှစ်ကုန်အကဲဖြတ်ပြိုင်ပွဲတိုင်းမှာ ငါဟာ အဆင့်၆ ရလေ့ရှိတယ် ဒါပေမဲ့ ဒီနှစ်မှာတော့ အဆင့်၁၀ပဲ ရလိုက်တယ် တကယ်တော့ အဲဒါက အရေးမကြီးဘူး တကယ်အရေးကြီးတာက ငါဟာ တကျောင်းလုံးမှာ အသန်မာဆုံးကျောင်းသား မဟုတ်ဘူးဆိုတာပဲ ယုတ်စွအဆုံး ထိပ်ဆုံးဆယ်ယောက်ထဲတောင် ဝင်တာမဟုတ်ဘူး ဒါပေမဲ့ မင်းနဲ့ တာကူရှာလုပ်ဖို့ ဘာကြောင့် ငါ အရွေးခံရသလဲ"
ဖာရာရို မျက်မှောင်ကုတ်သွား၏။
"မင်း ဘာပြောချင်တာလဲ"
ဝမ်တောက်ရှန်းက ပုခုံးတွန့်ပြလိုက်၏။
"ဒီမတိုင်ခင်က ငါဟာ တိုက်ပွဲကြီးကြီးမားမား ရင်မဆိုင်ခဲ့ဖူးဘူး ဒီတော့ ဒါတွေဟာ တန်ဖိုးမရှိပဲ ဖြစ်နေတာပေါ့ကွာ"
ဝမ်တောက်ရှန်းက ခေါင်းမော့ကာ ဖာရာရိုကို စူးရှစွာ စိုက်ကြည့်လိုက်၏။
ထို့နောက်သူက သူ့ရင်ဘတ်ကို လက်မဖြင့် ထောက်ပြရင်း စကားဆက်ပြန်သည်။
"လွန်ခဲ့တဲ့ လေးနှစ်က ငါ့ရဲ့ ကိုယ်အလေးချိန်ဟာ ၉၀ကီလိုဂရမ်ပဲ ရှိခဲ့တယ် ခု ငါ့ရဲ့ကိုယ်အလေးချိန်ကတော့ ၂၉၀ကီလိုဂရမ် ရှိတယ်ကွ"
ဖာရာရို မျက်လုံးပြူးသွား၏။ ဝမ်တောက်ရှန်း၏ စကားမှာကား မဆုံးသေးချေ။
"နှစ်အနည်းငယ်အတွင်းမှာ ဒီလောက် အဆီများများ စုမိဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ဘူးကွ ဒါကြောင့် ငါက ဒီအဆီတွေကို ရတနာလို့ပဲ သဘောထားတယ် ဒါကြောင့် နည်းနည်းမှ အထိခိုက်မခံခဲ့ဘူး ဒီနေ့မှာတော့ အရာအားလုံးဟာ ကွဲပြားခြားနားသွားပြီ"
ထိုသို့ ပြောနေရင်းမှာပင် ထူးဆန်းသော စွမ်းအားလှိုင်းများ ဝမ်တောက်ရှန်း ကိုယ်တွင်းမှ တိုးထွက်လာသကဲ့သို့ ထင်ရသည်။ သူ့ကိုယ်ပေါ်ရှိ ဒဏ်ရာများအားလုံးသည် အစပင်ရှာမရအောင် လုံးဝဥသုံ ပျောက်ကင်းသွား၏။
ဝမ်တောက်ရှန်း မဲ့ပြုံးပြုံးလိုက်၏။
"ဒီကနေ့မှာတော့ ငါ နှစ်အတော်ကြာအောင် ဂရုတစိုက်နဲ့ ထိမ်းသိမ်းခဲ့ရတဲ့ အဆီ ကီလိုဂရမ် ရာနဲ့ချီပြီး အဆုံးရှုံးခံရတော့မယ်"
စကားဆုံးသည်နှင့် သူသည် ဖာရာရိုဆီသို့ တဟုန်ထိုး ခုန်ဝင်လိုက်တော့သည်။
ထိုမြင်ကွင်းကြောင့် အဝေးမှစောင့်ကြည့်နေသော ဒန်ဘာနှင့် မင်ဒီယာနိုတို့၏ အမူအရာသည် ရုတ်ချည်း ပြောင်းလဲသွား၏။
ပြင်းထန်သော ဒဏ်ရာများ ရရှိထားလျက်နှင့် ပျောက်ကင်းသွားလောက်အောင် ဤဖက်တီးတွင် မည်သို့သော စွမ်းရည်မျိုးများ ပိုင်ဆိုင်ထားလေသနည်း။
အတွေးနှင့်အတူ ဒန်ဘာက စုချန်းကို ဖြတ်ခနဲ လှမ်းကြည့်လိုက်သည်။ စုချန်းကလည်း ဒန်ဘာ၏ အတွေးကို ချက်ချင်း သဘောပေါက်လိုက်သည်။ ထို့ကြောင့် သူက ရှင်းပြလိုက်၏။
"ငါတို့တောက်ရှန်းမှာ သူရဲ့အဆီတွေကို အသက်စွမ်းအားအဖြစ် ပြောင်းလဲနိုင်တဲ့ စွမ်းရည်တမျိုး ရှိတယ်ကွ များသောအားဖြင့်တော့ သူက ဒီစွမ်းရည်နဲ့ သူ့အဆီတွေကို မလောင်ကျွမ်းစေပဲ ထိမ်းသိမ်းထားလေ့ရှိတယ် ဒါကြောင့် ပုံမှန်အခြေအနေမှာဆိုရင် သူက အစွမ်းအထက်ဆုံး မဟုတ်ဘူးလို့ ဆိုနိုင်တယ် ဒါပေမဲ့ သူ့အဆီတွေကို လောင်ကျွမ်းစေဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင်တော့ သူဟာ ငါတို့ထဲမှာ အင်အားအကြီးမားဆုံးပဲ...ဒါကြောင့် အကောင်းဆုံး ကြိုတင်ပြင်ဆင်ထားတာဟာ အောင်မြင်ဖို့အတွက် သော့ချက်ပဲလို့ ငါတို့ လူသားတွေ ပြောလေ့ရှိကြတယ်ကွ"
ဝမ်တောက်ရှန်း၏ အကြောင်းကို ဒန်ဘာတို့ အနှေးနှင့်အမြန် သိသွားတော့မည် ဖြစ်လေရာ စုချန်းက ဖုံးကွယ်မနေတော့ပဲ အမှန်တိုင်း ပြောပြလိုက်၏။
ဒန်ဘာ၏ မျက်လုံးထဲတွင် နားလည်သဘောပေါက်သော အရိပ်အယောင်များ ပေါ်လာ၏။ ထို့နောက် သူက ပြောလိုက်သည်။
"ဒါကြောင့်မို့ ငါတို့နဲ့ တာကူရှာလုပ်ဖို့ မင်းတို့ သိပ်ပြီး ယုံကြည်မှုရှိနေတာကိုး"
"သိုးငယ်ကတော့ ခြင်္သေ့ကို စိမ်ခေါ်လေ့မရှိဘူးလေကွာ ဒီနေရာကို ရောက်လာတဲ့ လူတိုင်းကတော့ လျှို့ဝှက်ချက်ကိုယ်စီ ရှိနေကြတာပဲကွ"
"ဒါဆိုရင် မင်းကရော သူများကို လိမ်ညာလှည့်ဖြားတတ်တာရယ် ဆေးဖော်စပ်တာရယ်ကလွဲလို့ တခြားဘာတွေ လုပ်တတ်သေးလို့တုန်း"
ဒန်ဘာက ပြန်မေးလိုက်၏။
စုချန်း အားရပါးရ ရယ်မောလိုက်သည်။
"ဒီတခေါက် တာကူရှာပြီးသွားလို့ နောက်တခေါက်ကျရင် မင်း သိမှာပေါ့ကွာ"
ဒန်ဘာ အံ့သြသွား၏။
"ဘာလဲ မင်းက တာကူရှာ ထပ်လုပ်အုံးမလို့လား"
"ဒီလိုမှ မဟုတ်ရင် မင်းကို ဘယ်လိုရှင်းပစ်မလဲကွ ဒီနည်းလမ်းဟာ မင်းကို သတ်ပစ်ဖို့ အကောင်းဆုံးနည်းလမ်းဆိုတာ မေးနေစရာတောင် မလိုပါဘူးလေ"
"မင်းကိုယ်တိုင်လည်း ငါတို့သတ်တာ ခံသွားရနိုင်သေးတယ်ဆိုတာ မမေ့သင့်ဘူး"
မင်ဒီယာနိုက ဝင်ပြောလိုက်ခြင်း ဖြစ်သည်။
စုချန်း ပုခုံးတွန့်ပြလိုက်၏။
"ဘယ်ပြောနိုင်မလဲကွ ငါ့ဘက်ကတော့ သိပ်ပြီးယုံကြည်မှုရှိနေတာပဲ"
စုချန်း၏ စကားကြောင့် ဒန်ဘာနှင့် မင်ဒီယာနိုတို့၏ အမူအရာသည် ချက်ချင်း ပြောင်းလဲသွား၏။
မမျှော်လင့်ပဲ စုချန်းနှင့် ဒန်ဘာတို့အကြား တင်းမာမှုများ မြင့်တက်လာခဲ့ပြီ ဖြစ်သည်။
အခန်း ၃၀၈ အကောင်းဆုံးကြိုတင်ပြင်ဆင်ခြင်းသည် အောင်မြင်မှုအတွက် သော့ချက်ဖြစ်သည် ၂
ဝမ်တောက်ရှန်းသည် တောင်ကြီးတတောင် လေပေါ်တွင် မြောလွင့်လာသည့်ပမာ ဖာရာရိုဆီသို့ ပျံသန်းလာ၏။ သူ့နောက်ကျောမှလည်း ဖွေးဖွေးဖြူနေသော ကြိုးကြိုငှက်ကြီးတကောင်၏ ပုံရိပ်ပေါ်ပေါက်လာလေသည်။
"တောင်ပံတထောင်လက်ဝါးကွ"
ကျယ်လောင်စွာ အော်ဟစ်ပြီးသကာလ ဝမ်တောက်ရှန်းက ဖာရာရိုအား လက်ဝါးဖြင့် ရိုက်ချလိုက်၏။ သူ့လက်ဝါးသည် လေထဲမှာပင် လက်ဝါးရိပ်ထောင်ပေါင်းများစွာ ကွဲထွက်သွားပြီး ဖာရာရိုထံသို့ တိုးဝင်လာ၏။
တောင်ပံတထောင်လက်ဝါးဟူသည် နှင်းကြိုးကြာသွေးဗီဇ၏ သံကွင်းဆက်ပုံစံ တိုက်ခိုက်ရေးစွမ်းရည်တရပ် ဖြစ်သည်။ သာမာန်အားဖြင့် အင်အား သိပ်မပြင်းထန်လှ။ သို့သော် ယခုတော့ ဝမ်တောက်ရှန်း၏ ကြောက်စရာအင်အားကြောင့် နှင်းငလျင်ပေါက်ကွဲခြင်းစွမ်းရည်ကိုပါ ဖြည့်သွင်းဖော်ဆောင်လာတော့သည်။
ပို၍ ကြောက်စရာကောင်းသောအချက်မှာ ဤတိုက်ကွက်ကို ထုတ်သုံးလိုက်သည့်အချိန်တွင် ဝမ်တောက်ရှန်းက သူ၏ ဆေးမင်ကိုပါ နှိုးဆွလိုက်ခြင်းပင်။ ထို့ကြောင့် ပို၍ ကြောက်စရာကောင်းသော အင်အားများက ထပ်ပေါင်းလာပြန်၏။
ရှေးဟောင်းနဂါးကြီးတကောင် နိုးထလာသကဲ့သို့ ကြောင်စရာကောင်းသော ဖိအားများ ကျရောက်လာပြီး သူ့တကိုယ်လုံး မွန်းကျပ်လာသကဲ့သို့ ဖာရာရို ခံစားလိုက်ရ၏။ အခြေအနေမှာ သိပ်မကောင်းမှန်း ဖာရာရို ချက်ချင်း သဘောပေါက်လိုက်သည်။
ထို့နောက် သူသည် ရှိသမျှအင်အားများကို စုစည်းပြီး ဝမ်တောက်ရှန်း၏ တိုက်ခိုက်မှုကို ခုခံရန် အာရုံစိုက်ထားလိုက်၏။ ဒိုင်းယားဝံပုလွေသည် သူ့လက်ပေါ်တွင် ထပ်မံရစ်ပတ်လာပြန်၏။ ထို့နောက် သူက ဝမ်တောက်ရှန်း၏ တောင်ပံတထောင်လက်ဝါးကို လက်သီးနှင့် ပြန်ထိုးချလိုက်လေသည်။
ဝုန်းခနဲ မြည်သံနှင့်အတူ မျက်စေ့ကျိန်းစပ်မတတ် အလင်းရောင်များ ထွက်ပေါ်လာ၏။
ဖာရာရို၏ ကိုယ်ခန္ဓာသည် လေထဲသို့ လွင့်စင်သွားပြီး ဥက္ကာခဲကြီးပမာ မြေကြီးပေါ်သို့ ပြုတ်ကျလာ၏။ ပြုတ်ကျလာသည့် အရှိန်က ပြင်းထန်လှပေရာ ထိုနေရာတွင် ချိုင့်ကြီးတချိုင့်ပင် ဖြစ်ပေါ်လာလေသည်။
ထိုအချိန်မှာပင် ဝမ်တောက်ရှန်း၏ ကြီးမားလေးလံလှသော ကိုယ်ခန္ဓာက ဖာရာရိုထံသို့ ခုန်ဆင်းလာပြန်၏။ ဖာရာရို အငိုက်မိသွားလေပြီ။ သူသည် မြေကြီးပေါ်သို့ တလိန့်ကောက်ကွေးနှင့် ပြုတ်ကျလာသည် ဖြစ်လေရာ ဝမ်တောက်ရှန်း၏ ဤတကွက်ကို မည်သို့မှ မရှောင်နိုင်တော့။
ဘုန်းခနဲ မြည်သံနှင့်အတူ ပတ်ဝန်းကျင်တခုလုံး ဖုံမှုန့်များ ဖုံးလွှမ်းသွားပြန်၏။ အားလှိုင်းများက ဖာရာရိုအား ပြင်းထန်စွာ ထိမှန်သွားလေသည်။
"သေပေတော့"
ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ဝမ်တောက်ရှန်းသည် ဖာရာရိုထံသို့ ထပ်မံ ခုန်ဝင်လိုက်ပြန်သည်။ သူ၏ ကြီးမားသော လက်ချောင်းများက ဖာရာရိုထံသို့ ထပ်မံတိုးဝင်လာပြန်၏။
ဝမ်တောက်ရှန်းကား အသားကုန်ကြဲနေခဲ့လေပြီ။ သူ၏ တိုက်ခိုက်မှုများမှာကား သွေးပျက်ဖွယ်ရာပင် ကောင်းနေသေးသည်။
ထိုအချိန်တွင် ဝမ်တောက်ရှန်း၏ လက်ဝါးက ဖာရာရို၏ မျက်နှာကို ဖြောင်းခနဲမြည်အောင် ရိုက်မိသွားလေရာ ဖာရာရိုသည် လေထဲသို့ ကျွမ်းထိုးမှောက်ခုံနှင့် လွင့်စင်သွား၏။ သူ့ပါးစပ်မှလည်း သွေးများ စီးကျလာလေသည်။
ဖာရာရို တုန်လှုပ်သွား၏။
ဒန်ဘာ တုန်လှုပ်သွား၏။
မင်ဒီယာနို တုန်လှုပ်သွား၏။
လူသားတယောက်သည် ကိုယ်ပိုင်အင်အားကို အသုံးပြု၍ သတ်ဖြတ်သူတယောက်ကို ဒဏ်ရာရစေခဲ့ချေပြီတကား။
ဖာရာရို ပေါက်ကွဲသွားလေပြီ။
"ခွေးမသား"
ရုတ်တရက် မီးထလောင်သကဲ့သို့ ဖြတ်လတ်တက်ကြွခြင်းစွမ်းအားတခု ဖာရာရို၏ ကိုယ်ပေါ်တွင် ပေါ်ပေါက်လာ၏။ ၎င်းကိုကြည့်ရင်း ဝမ်တောက်ရှန်းက ရယ်မောလိုက်သည်။
"ဟား ဟား ဟား နောက်ဆုံးတော့ မူလစွမ်းအင်နန်းဆောင်က ရတဲ့စွမ်းအားတွေကို မင်း ထုတ်သုံးပြီပေါ့လေ"
မူလက ဖာရာရိုသည် သာမာန်သတ်ဖြတ်သူမျိုးဆက်သစ်များ၏ အင်အားလောက်ကိုသာ ထုတ်သုံးထားပြီး မူလစွမ်းအင်နန်းဆောင်မှ စွမ်းအင်များကို အသုံးမပြုသေးကြောင်း ဝမ်တောက်ရှန်းက ကောင်းစွာ နားလည်ထား၏။ သို့သော် လက်ဝါးရိုက်ချက်က ဖာရာရို၏ မာနကို သွားရောက်ထိပါးခဲ့လေပြီ။ သူ့ရှေ့ရှိ ပြိုင်ဘက်သည် အလွယ်တကူ အနိုင်ယူနိုင်မည့် လူစားမျိုး မဟုတ်ကြောင်း ဖာရာရို သဘောပေါက်သွားခြင်း ဖြစ်သည်။
ဖာရာရို ပြန်တိုက်ပြီ။
နီရဲသော အလင်းတန်းများ ဝုန်းခနဲ တောက်ပလာပြီး မူလစွမ်းအင်များ ဟုန်းဟုန်းထလာ၏။
ဤတကြိမ်တွင်တော့ သူတို့၏ တိုက်ပွဲသည် အပြင်အားချင်းယှဉ်သည့်အဆင့် မဟုတ်တော့ပဲ မူလစွမ်းအင်များပါ ထည့်သွင်းတိုက်ခိုက်သည့် အဆင့်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ဖာရာရို၏ ပုံစံမှာ မူလစွမ်းအင်မီးတောက်များထဲမှ မွေးဖွားလာသကဲ့သို့ ထင်မှတ်ရသည်။ သူ့ကိုယ်ခန္ဓာသည် ယခင်ထက်ပို၍ ကြီးမားလာ၏။ အသားအရေမှာလဲ ပို၍ နီညိုရောင်သန်းလာ၏။
ထို့နောက် ဖာရာရိုက ကြုံးဝါးလိုက်၏။
"ကောင်းပြီ မူလစွမ်းအင်နန်းဆောင်က စွမ်းအင် ဘယ်လိုရှိသလဲဆိုတာ မင်းကိုငါ ပြမယ် လာစမ်း ဒေါသမီးတောက်တွေ"
ထိုသို့ အော်ဟစ်လိုက်သည်နှင့် ဖာရာရို၏ ကိုယ်တွင်းမှ တကယ့်မီးတောက်မီးလျံများ ဝုန်းခနဲ တိုးထွက်လာ၏။ သူ့တကိုယ်လုံးမှာလည်း မီးလုံးကြီးတလုံးအဖြစ် အသွင်ပြောင်းလဲသွားသကဲ့သို့ ထင်မှတ်ရလေသည်။
ထိုမီးလျံများသည် ဖာရာရိုကို ဒုက္ခပေးမည့်ဟန်မရှိ။ သို့သော် ပေ၁၀၀အကွာတွင် ရှိနေသော ဝမ်တောက်ရှန်းကတော့ ပူလောင်မှုကို စတင်ခံစားနေရပြီ ဖြစ်သည်။
ပြန်လည်မွေးဖွားလာဟန်ရှိသည့် မီးလျံ ဖာရာရိုကို ကြည့်ရင်း ဝမ်တောက်ရှန်း၏ အမူအရာသည် အနည်းငယ်ပြောင်းလဲသွား၏။
မီးလျံအမျိုးအစား သို့မဟုတ် ရေခဲအမျိုးအစား စွမ်းရည်များမှာ ဘာမှ ထူးဆန်းလှသည်မဟုတ်။ အထူးသဖြင့် မီးလျံစက်လုံးလို စွမ်းရည်မျိုးကို လူအတော်များများပင် ထိန်းချုပ်နိုင်ကြ၏။ သို့သော် ကိုယ့်ကိုယ်ကို လက်နက်တခုအဖြစ် ပြောင်းလဲလိုက်သည့် စွမ်းရည်မျိုးကတော့ အလွန်ပင် ရှားပါးလှသည်။
ဤတကြိမ်တွင် ဖာရာရို၏ တကိုယ်လုံးကို မီးလျံများနှင့် ဖုံးအုပ်ထားပြီး ထိုမီးတောက်များသည် အကာအကွယ်တခုသဖွယ် ဖြစ်ပေါ်နေခြင်း ဖြစ်သည်။ အကယ်၍ ဝမ်တောက်ရှန်းအနေနှင့် ဖာရာရိုကို တိုက်ခိုက်လိုပါက မီးလျံများကို အလျင် ဖြတ်ကျော်ရပေလိမ့်မည်။ ထိုကိစ္စက ကိုယ့်ကိုယ်ကို နာကျင်စေသည်နှင့် အတူတူပင်။
ဒါသည်ပင်လျင် သတ်ဖြတ်သူများ ဘယ်လိုလူစားဟူသည်ကို ဖော်ကျူးနေခြင်း ဖြစ်သည်။
သတ်ဖြတ်သူများသည် မီးလျံစက်လုံး သို့မဟုတ် မူလစွမ်းအင်အလင်းမြားကဲ့သို့ ရှုပ်ထွေးသော နည်းစနစ်များကို အသုံးပြုလေ့မရှိ။ သူတို့သည် ကိုယ့်ကိုယ်ကို သန်မာလာစေရန် အလွန်ရိုးရှင်းသော နည်းစနစ်များကိုသာ အသုံးပြုလေ့ရှိကြလေသည်။ ထိုအတွက် အကောင်းဆုံးသော နည်းလမ်းတခုမှာ မူလစွမ်းအင်နှင့် ရုပ်ပိုင်းဆိုင်ရာကို တသားတည်းဖြစ်အောင် ပေါင်းစပ်လိုက်ခြင်းပင်။ ဤနည်းအားဖြင့် သူတို့၏ အင်အားသည် မယုံနိုင်လောက်သော အနေအထားထိ တိုးပွားလာမည် ဖြစ်သည်။
ရိုးရှင်းထိရောက်သလောက် ပေါက်ကွဲအားကောင်းသည့် နည်းစနစ်တမျိုးပေတည်း။
ဖာရာရိုသည် သူနှင့်အတူပါလာသည့် မူလကျောက်တုံးများကို စတင် စုပ်ယူအသုံးပြုလိုက်၏။
တကယ်တော့ ဖာရာရို အသုံးပြုနေသော နည်းစနစ်က မူလစွမ်းအင် ကုန်ခန်းလှသည်။ သတ်ဖြတ်သူများတွင် ဤမျှ များပြားသော မူလစွမ်းအင်များကို ကိုယ်တွင်း၌ သိုလှောင်ထားနိုင်စွမ်းမရှိ။ ထို့ကြောင့် ဖြည့်စွက်အင်အားများကို ပေါင်းစပ်အသုံးပြုရလေသည်။ လူသားများနှင့် သဘောတူညီချက်အရ ဖာရာရို၏ လက်ထဲတွင် မူလကျောက်တုံး တသောင်း ပါလာ၏။ ယခုလည်း သူက ထိုကျောက်တုံးများထဲမှ စွမ်းအင်ကို ယူငင်အသုံးပြုနေခြင်း ဖြစ်သည်။
တနည်းအားဖြင့် အနှီ မူလကျောက်တုံးများသည် ဖာရာရိုအတွက် အလွန်တန်ဖိုးရှိသော စွမ်းအင်အရင်းအမြစ်များပင်။
"ကြက်သွေးရောင်ဝံပုလွေအမျက်ဒေါသတဲ့ဟေ့"
ဤတကြိမ်တွင်တော့ ဒိုင်းယားဝံပုလွေမှ ထပ်မံထွက်ပေါ်လာသော မီးလျံများသည် ရုတ်ချည်းပင် မီးလျံနဂါးကြီးတကောင်အဖြစ် ပြောင်းလဲသွား၏။ ထို့နောက်သည် လေထဲတွင် လူးကားလိမ့်ကာ ပျံသန်းရင်း ဝမ်တောက်ရှန်းဆီသို့ တိုးဝင်လာတော့သည်။
အုန်းခနဲ မြည်သံနှင့်အတူ ဝမ်တောက်ရှန်းတကိုယ်လုံးကို မီးတောက်မီးလျံများ ဖုံးအုပ်သွား၏။ ထို့နောက် လေထဲတွင် အသားညှော်နံ့များ ပျံ့လွင့်လာပြီး ဝမ်တောက်ရှန်းတကိုယ်လုံး လေထဲသို့ လွင့်စင်သွားလေသည်။
"သေပေတော့"
ဖာရာရိုသည် ကျယ်လောင်စွာ အော်ဟစ်ဟိန်းဟောက်ပြီး ဝမ်တောက်ရှန်းကို လက်သီးနှင့် အဆက်မပြတ် ထိုးနှက်လိုက်၏။
လက်သီးချက်များကြောင့် နေရာတခုလုံးကို မီးတောက်များ ဖုံးလွှမ်းသွား၏။
စောင့်ကြည့်နေသူများ၏ မျက်လုံးထဲတွင် တိုက်ခိုက်နေသူနှစ်ယောက်ကို မမြင်ရတော့။ နေရာအနှံ့ မီးလုံးကြီးများ ဖုံးလွှမ်းနေသည်ကိုသာ တွေ့မြင်နေရတော့သည်။
မီးလျံများ၏ အလယ်တွင် ဝမ်တောက်ရှန်း၏ တကိုယ်လုံးမှာ မီးတောက်လောင်နေ၏။ ဤနေရာတွင် အကာအကွယ်များမှာ အသုံးမကျတော့။ ဖာရာရို၏ ပထမတကွက်ထဲက ဝမ်တောက်ရှန်း၏ ရှိသမျှ အကာအကွယ်အားလုံး ကျိုးပဲ့ပျက်စီးသွားပြီ ဖြစ်သည်။
ဝမ်တောက်ရှန်း၏ ကြမ်းတမ်းကြံ့ခိုင်လွန်းသော ကိုယ်ခန္ဓာသည်ပင် မီးလျံများ၏ ထိုးနှက်မှုကို ခံနိုင်ရည်မရှိတော့။ သူ့အရေပြားများသည် ပြာများအဖြစ် ပြောင်းလဲစပြုလာ၏။ ဤအချိန်တွင် သူ့တကိုယ်လုံးရှိ အဆီများသည် အသက်စွမ်းအင်အဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။ ပြင်းထန်လှသော ဒဏ်ရာများမှာ မြန်မြန်ဆန်ဆန်ပင် သက်သာပျောက်ကင်းနေ၏။ သို့သော် မီးလျံများသည် တသမတ်တည်း ဆက်လက်တောက်လောင်နေလေရာ သူ့အဖို့ ပို၍ နာကျင်စွာ ခံစားရမည်ဟူသော သဘောသက်ရောက်နေ၏။
ဝမ်တောက်ရှန်း နာကျင်စွာ အော်ဟစ်လိုက်၏။
"အား"
၎င်းကိုကြည့်ရင်း ဖာရာရိုက ဝမ်းသာအားရနှင့် အော်ဟစ်ရယ်မောလိုက်သည်။
"ငို ငို ဝအောင်ငို ပြီးရင်တော့ သေဖို့သာ ပြင်ပေတော့"
"မင်း အိပ်မက်မက်နေတာပဲကွ"
ပြောပြောဆိုဆို ဝမ်တောက်ရှန်းသည် ရှေ့သို့ ခုန်ထွက်ပြီး ဖာရာရိုကို လက်သီးနှင့်် ထိုးချလိုက်၏။ ဤတကွက်ကိုတော့ ဖာရာရိုက ရှောင်တိမ်းရန် ကြိုးစားလိုက်သည်။ သို့သော် ဝမ်တောက်ရှန်း၏ လက်သီးချက်က မယုံနိုင်စရာကောင်းလောက်အောင် မြန်ဆန်နေလေရာ ဖာရာရိုမှာ လက်သီးနှင့် အထိုးခံလိုက်ရတော့သည်။ လက်သီးချက်သည် သူ့မျက်နှာပေါ်သို့ တည့်မတ်စွာ ကျရောက်လာလေသည်။
ဘုန်းခနဲ မြည်သံနှင့်အတူ လေထဲသို့ သွေးများ လွင့်စင်သွား၏။ ပြင်းထန်သော လက်သီးချက်ကြောင့် ဖာရာရို၏ နှာခေါင်းတခုလုံး မွမွကျေသွားလေသည်။
"အား"
ဖာရာရို နာကျင်စွာ အော်ဟစ်လိုက်၏။
ဝမ်တောက်ရှန်းက ထပ်မံခုန်ဝင်လာပြီး လက်သီးနှင့် ထပ်ထိုးလိုက်ပြန်၏။ ဝမ်တောက်ရှန်း၏ အမြန်နှုန်းမှာ ကြောက်စရာကောင်းလောက်အောင် တိုးပွားလာကြောင်း ဖာရာရို ထိတ်လန့်တကြား မြင်တွေ့လိုက်ရ၏။
"ဒါ...ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ဖာရာရို အလန့်တကြား ရေရွတ်လိုက်၏။
"ဘာလို့ မဖြစ်နိုင်ရမှာလဲ ငါက မင်းကိုတောင် ကျေးဇူးတင်နေသေးတာ မင်းကြောင့်ငါ ပေါ့သထက် ပေါ့လာပြီကွ"
ဝမ်တောက်ရှန်း ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
တန်ဆေးလွန်ဘေးသာတည်း။
ကြီးမားလေးလံသော ကိုယ်ခန္ဓာသည် ဝမ်တောက်ရှန်းကို အတိုင်းအဆမရှိသော စွမ်းအားများ ပေးသည်မှာ အမှန်ပင်။ သို့သော် ထိုကိုယ်ခန္ဓာသည်ပင် သူ့အား ဝန်ထုပ်ဝန်ပိုး ဖြစ်နေစေ၏။ အထူးသဖြင့် လှုပ်ရှားရာတွင် ကန့်သတ်ချက်များ ဖြစ်ပေါ်နေစေခြင်း ဖြစ်သည်။
ယခုတော့ အဆီများ ကုန်ခန်းလာသည်နှင့်အမျှ ဝမ်တောက်ရှန်း၏ ကိုယ်ခန္ဓာသည် ပို၍ လျင်မြန်လာခဲ့ပြီ ဖြစ်သည်။ ထိုအခါ သူသည် စစ်မှန်သော ခွန်အားနှင့် လျင်မြန်မှုကို ထိရောက်စွာ ပြသလာနိုင်ခဲ့ပြီ ဖြစ်သည်။
ဝမ်တောက်ရှန်းအဖို့ ဒဏ်ရာရလေလေ စွမ်းအားကောင်းလာလေလေဟု မည်သူက ကြိုတွေးထားနိုင်ပါမည်နည်း။
မျက်စေ့တမှိတ်အတွင်းမှာပင် ဖာရာရိုသည် ဝမ်တောက်ရှန်း၏ တောင်ပံတထောင်လက်ဝါးရိုက်ချက် ထပ်မံထိမှန်သွားပြန်၏။ ဝမ်တောက်ရှန်း၏ အင်အားမှာကား လျော့နည်းသွားမှန်း သိသာပေသည်။ သို့သော် အမြန်နှုန်းမှာကား အဆပေါင်းများစွာ တိုးပွားလာလေရာ စက္ကန့်ပိုင်းအတွင်းတွင် လက်ဝါးရိုက်ချက် ၁၆ချက်တိတိ ထိမှန်သွားခြင်း ဖြစ်သည်။
ပြင်းထန်သော အားလှိုင်းတခုက သူ့ကိုယ်တွင်းသို့ ထိုးဖောက်ဝင်ရောက်လာသည်ဟု ဖာရာရို ခံစားလိုက်ရ၏။ ဤတကြိမ်တွင်တော့ မည်သို့မှ မဟန်နိုင်တော့ပဲ ဖာရာရို၏ ပါးစပ်မှ သွေးများပွက်ခနဲ အန်ထုတ်လာတော့သည်။
အနည်းဆုံး နံရိုးသုံးချောင်းတော့ ကျိုးသွားပြီမှန်း ဖာရာရို သဘောပေါက်လိုက်သည်။
ဖာရာရို ပြင်းထန်စွာ ဒေါသထွက်လာ၏။ သူ လက်နှစ်ဖက်ကို စုစည်းလိုက်လေရာ မီးတောက်မီးလျံများက သူ့တကိုယ်လုံးကို ဖုံးလွှမ်းသွားပြီး မီးလုံးကြီးတလုံးအဖြစ် အသွင်ပြောင်းသွားပြန်သည်။ တချိန်တည်းမှာပင် မီးလုံးကြီးသည် သူ၏ ဘယ်ဖက်လက်သို့ လာရောက်စုဝေးလာ၏။
ဖာရာရိုသည် မီးလျံများ စုဝေးနေသော ဘယ်ဖက်လက်နှင့် ဝမ်တောက်ရှန်းကို လှမ်းထိုးလိုက်ရင်း ပါးစပ်မှလည်း ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။
"ဝံပုလွေမီးလျံလက်သည်းတဲ့ဟေ့"
ဖာရာရို၏ ဝံပုလွေမီးလျံလက်သည်းကား ဝမ်တောက်ရှန်းဆီသို့ တိုးဝင်လာခဲ့ပြန်ချေပြီတကား။
ယခင်တိုက်ခိုက်မှုများနှင့် မတူသည်မှာကား ဤတကြိမ်တိုက်ခိုက်မှုသည် အလွန်တရာ မြန်ဆန်နေခြင်းပင် ဖြစ်သည်။