ဝှက်ဖဲပါမကျန်
Vol. 31 Ch. 309
ဖာရာရို၏ ဝံပုလွေမီးလျံလက်သည်း ထွက်ပေါ်လာသည်နှင့် စုချန်း၊ ဒန်ဘာနှင့် လူတိုင်းလိုလိုသည် ရင်တုန်ပန်းတုန် ဖြစ်သွား၏။ တိုက်ပွဲ၏ အရေးကြီးလှသော အခိုက်အတန့်သို့ ရောက်ရှိလာပြီမှန်း သူတို့အားလုံး နားလည်သဘောပေါက်လိုက်သောကြောင့်ပင်။
ဝမ်တောက်ရှန်းကိုယ်တိုင်လည်း အခြေအနေကို ကောင်းစွာ နားလည်လိုက်၏။
ထို့ကြောင့် သူက အနည်းငယ်မှ တုံ့ဆိုင်းခြင်းမရှိပဲ သူ၏ သွေးဗီဇကို နှိုးဆွလိုက်တော့သည်။ ချက်ချင်းလိုလိုပင် သူ့နောက်ကျောမှ နှင်းကြိုးကြားပုံရိပ်သည် ဘွားခနဲ ပေါ်ပေါက်လာ၏။
"နှင်းမြေငလျင်ပေါက်ကွဲခြင်းတဲ့ဟေ့"
တသမတ်တည်း ဒဏ်ရာများ ရရှိနေခြင်းကြောင့် အင်အားအတော်လေး လျော့နည်းလာသည်ဆိုသော်ငြား နှင်းမြေငလျင်ပေါက်ကွဲခြင်းနည်းစနစ်ကား ဝမ်တောက်ရှန်း၏ အင်အားအကောင်းဆုံး နည်းစနစ် ဖြစ်သည်။ ထို့ပြင် ရန်သူ၏ မီးတောက်မီးလျံများကို ပြန်လည်တုံ့ပြန်ရန် တဖွဲဖွဲကျနေသော နှင်းမှုန်များကသာလျင် အသင့်တော်ဆုံး မဟုတ်ပါလား။
ဘုန်း!!!!
နှင်းမှုန်များနှင့် မီးတောက်မီးလျံများကား ပြင်းထန်စွာ တွေ့ဆုံမိကြပြီ ဖြစ်သည်။
တဖွဲဖွဲကျနေသော နှင်းမှုန်များနှင့် ရေခဲများသည် မီးလျံလက်သည်းကို ဖုံးအုပ်သွား၏။ အေးစက်တောက်ပသော အလင်းရောင်များ မျက်လုံးကျိန်းစပ်မတတ် ထွက်ပေါ်လာလေသည်။ သို့သော် ဝမ်တောက်ရှန်း၏ ရေခဲနှင့် နှင်းမှုန်များသည် မီးလျံလက်သည်းတခုလုံးကိုတော့ တားဆီးပိတ်ပင်နိုင်စွမ်းရှိပုံမရပေ။ မီးတောက်မီးလျံများသည် နှင်းမှုန်များကို ပြန်လည်ဖိနှိပ်လာပြီး လေထုကို ဖြတ်သန်းကို ဝမ်တောက်ရှန်း၏ ရင်ဘတ်ကို ပြင်းထန်စွာ ထိမှန်သွားတော့သည်။ သို့သော် ၎င်း၏ အရှိန်အဟုန်မှာကား တဝက်တိတိ လျော့ပါးသွားခဲ့လေပြီ။
ဝုန်း!!!
ပတ်ဝန်းကျင်တခုလုံး လင်းထိန်သွား၏။
ပေါက်ကွဲမှုကြောင့် ဝမ်တောက်ရှန်း၏ ကိုယ်ခန္ဓာသည် လေထဲသို့ လွင့်စင်သွား၏။ အနီးကပ်သာ ကြည့်မိလျင် မီးလျံလက်သည်းသည် ဝမ်တောက်ရှန်း၏ ကိုယ်တဝက်ခန့်ကို ဖောက်ထွင်းဝင်ရောက်သွားပြီး သူ၏ ကိုယ်တွင်းအင်္ဂါများပင် အပြင်သို့ ထွက်ပေါ်လျက်ရှိကြောင်း မြင်တွေ့ရပေလိမ့်မည်။
ကြောက်စရာကောင်းလှသည့် လက်သည်းချက်ပေတကား။
"အား"
တချိန်တည်းလိုလိုမှာပင် ဖာရာရို၏ နာကျင်စွာ အော်ဟစ်သံကြီး ထွက်ပေါ်လာ၏။
သူ့အနေနှင့် ဝမ်တောက်ရှန်းကို ပြင်းထန်စွာ ဒဏ်ရာရစေနိုင်ခဲ့သည်မှာ မှန်သော်လည်း သူ့ဘယ်ဖက်လက်တချောင်းလုံးမှာလည်း မွမွကြေသွားလေသည်။
နှင်းဖဲကြိုးပေတည်း။
ဝမ်တောက်ရှန်းသည် နှင်းမြငလျင်ပေါက်ကွဲခြင်းအပြင် နှင်းဖဲကြိုးကိုပါ တွဲစပ်အသုံးပြုလိုက်ခြင်း ဖြစ်သည်။ သို့သော် သူက သူ့လက်နက်ကို ခုခံရာတွင် အသုံးမပြုပဲ တန်ပြန်တိုက်စစ်တွင် ထည့်သွင်းအသုံးပြုလိုက်ခြင်း ဖြစ်သည်။
တိုက်ခိုက်ပြီးသည့်အချိန်တွင် ဖာရာရိုသည် အင်အားကို လျော့ချလိုက်လေရာ ခံနိုင်ရည်လျော့နည်းသွား၏။ ထို့ကြောင့် နှင်းဖဲကြိုးလက်ချက်နှင့် လက်တချောင်းလုံး စုတ်ပြတ်သွားခြင်း ဖြစ်သည်။
"အား.....ခွေးမသား....ခွေးမသား....အကျင့်မကောင်းတဲ့ကောင်"
ဖာရာရိုသည် ဒေါသတကြီးနှင့် အော်ဟစ်နေ၏။ သူ့တွင် ဝမ်တောက်ရှန်းကဲ့သို့ ဒဏ်ရာသက်သာစေသည့် နည်းစနစ်မျိုး မရှိပေ။ လက်တချောင်း ပြတ်သွားပြီဆိုလျင် ထာဝရသာ ဖြစ်သည်။ နောက်ထပ် လက်တချောင်းအစားပြန်ရစရာ မရှိတော့။
လူသားတယောက်ကို သတ်ဖြတ်ရန် ပေးဆပ်လိုက်ရသော တန်ဖိုးကို တွေးမိလိုက်၍ ဖာရာရို ပြင်းစွာ ဒေါသထွက်လာ၏။
တိုက်ပွဲကိုကြည့်ရင်း ဒန်ဘာ သက်ပြင်းချကာ ပြောလိုက်၏။
"အင်း ဒီလူသားဟာ တကယ်ကို အင်အားကြီးမားပါပေတယ် ဒီစိမ်ခေါ်ပွဲမှာ ငါတို့ နိင်လိုက်တယ်ဆိုပေမဲ့ မင်းတို့အနေနဲ့ နန်းဆောင်သူရဲကောင်းတယောက်ကို ဖျက်ဆီးနိုင်လိုက်တယ် မင်းတို့ရည်ရွယ်ချက် အောင်မြင်သွားပြီ"
ဒန်ဘာ၏ စကားကို ကြားသောအခါ စုချန်းက မသိမသာ ပြုံးလိုက်၏။
"မင်းတို့ တကယ်ပဲ နိုင်သွားပြီလို့ ထင်နေတာလား"
"မင်းတို့လူ သေနှင့်နေပြီပဲဟာကို ဒါတောင် ငါတို့ မနိုင်သေးဘူးလား"
ဒန်ဘာက ပြန်ပြောလိုက်၏။ ထိုအခါ စုချန်းက
"ငါတို့လူ တောက်ရှန်းမှာ အဆီကနေ အသက်ဓာတ်ပေးနိုင်တဲ့ ကောင်းကင်ဘုံကို ဝါးမြိုစားသောက်ခြင်း နည်းစနစ်ကို ပိုင်ဆိုင်ထားတယ်လို့ မင်းကိုငါ ပြောထားပြီးသားပဲလေ သူမှ အသားပုံကြီး ဖြစ်မသွားသေးတာပဲ ဒါကို မင်းက ဘယ့်နှယ်ကြောင့် နိုင်သွားပြီလို့ တထစ်ချပြောနေရတာတုန်း"
ဒန်ဘာ၏ ကိုယ်ခန္ဓာမှာ ဆတ်ခနဲ တုန်လှုပ်သွား၏။
"ဒါ ဘယ်လိုမှ မဖြစ်နိုင်ဘူး"
တချိန်တည်းမှာပင် ဖာရာရို၏ အော်ဟစ်သံ ထွက်ပေါ်လာ၏။
"ဒါ ဘယ်လိုမှ မဖြစ်နိုင်ဘူး"
အမှန်တကယ်လည်း သူသည် သူ့မျက်လုံးကိုပင်သူ မယုံကြည်နိုင်ပဲ ဖြစ်နေ၏။
အကြောင်းမှာ မြေကြီးပေါ်တွင် ပုံလျက်သား လဲကျနေသော ဝမ်တောက်ရှန်းသည် ပြန်လည်မတ်တပ်ရပ်နိုင်လာသောကြောင့်ပင်။
ဖာရာရို၏ လက်သည်းသည် ဝမ်တောက်ရှန်း၏ ခါးလည်ကို ဖောက်ထွင်းသွားခြင်း ဖြစ်သည်။ ယခုတော့ ဝမ်တောက်ရှန်း၏ ပျက်စီးသွားသည့် ကိုယ်တွင်းအင်္ဂါများသည် အလွန်လျင်မြန်သော နှုန်းထားဖြင့် ပြန်လည်ပြည့်ဖြိုးလာကြောင်း ဖာရာရို အံ့သြသင့်စဖွယ် မြင်တွေ့နေရ၏။
တချိန်တည်းမှာပင် ဝမ်တောက်ရှန်းသည် တဖြည်းဖြည်း ပိန်ပိန်ပါးပါး ဖြစ်လာကြောင်း ဖာရာရို သတိထားမိသွား၏။ ၎င်းသည် ယခင်က အလွန်ဝသော်လည်း ယခုတော့ အတော်ပင် ပိန်သွား၏။ ဖာရာရို သဘောပေါက်သွားပေပြီ။
"ဒီတော့ မင်းရဲ့ အဆီတွေက ဒဏ်ရာသက်သာအောင် လုပ်ပေးနိုင်တယ်ပေါ့လေ"
ဖာရာရိုက အံ့သြသင့်သွားဟန်ဖြင့် ပြောလိုက်၏။
"ဒီတော့ မင်း သိသွားပြီပေါ့လေ"
ဝမ်တောက်ရှန်းက စိတ်ပျက်လက်ပျက် အမူအရာနှင့် ခေါင်းတချက်ခါကာ ပြောလိုက်သည်။
"ငါထင်တာက ဒါကို မင်း အချိန်အတော်လေးကြာမှ သိသွားမယ်လို့ ဘာကြောင့်လဲဆိုတော့ မင်းတို့ သတ်ဖြတ်သူတွေဟာ ဦးနှောက်မရှိဘူးလေ"
တကယ်တော့ တိုက်ပွဲစကတည်းက ဝမ်တောက်ရှန်း၏ အဆီများမှာ စတင်လောင်ကျွမ်းနေခဲ့ပြီ ဖြစ်သည်။ သို့သော် နှုန်းထားမှာ နှေးကွေးလှသည့်အပြင် ဖာရာရိုကိုယ်တိုင်ကလည်း တိုက်ပွဲတွင်သာ အာရုံစိုက်နေခဲ့၏။ ထို့ကြောင့် ဝမ်တောက်ရှန်း၏ ကိုယ်ခန္ဓာအနေအထား ပြောင်းလဲလာသည်ကို ဖာရာရို လုံးဝ သတိမထားမိခဲ့။ ယခု တိုက်ပွဲ၏ အထွတ်အထိပ်သို့ ရောက်လာခါမှ သူက သတိထားမိသွားခြင်း ဖြစ်သည်။
ဤတချက်ကို ကြည့်သည်နှင့် သတ်ဖြတ်သူများသည် ဦးနှောက်သုံးကာ မတိုက်ခိုက်တတ်မှန်း သိသာနေခဲ့လေပြီ။ သူတို့သည် အနိင်ရရှိရန် ကမူးရှုးထိုး တိုက်ခိုက်တတ်သူများသာ ဖြစ်ကြလေသည်။
ဖာရာရို၏ မျက်နှာပေါ်တွင် ခါးသီးသော အရိပ်အယောင်များ ပေါ်လာ၏။ တကယ်တော့ သူ စဉ်းစားနေရပြီ ဖြစ်သည်။
ရန်သူသည် အသက်နှင့် အဆီပိုများကို လှဲလှယ်နိုင်သော စွမ်းရည်ရှိနေ၏။ တဖန် သူ့ဒဏ်ရာက မသေးလှသည့်အပြင် စွမ်းအင်ကလည်း အလွန်ကုန်ခန်းနေခဲ့လေပြီ။ ဤအတိုင်းသာ ဆက်တိုက်သွားလျင် ဖာရာရို အနေနှင့် အလားအလာ မကောင်းနိုင်တော့။
ထိုအချက်ကို တွေးမိသောအခါ ဖာရာရို၏ နှလုံးသားသည် ဆတ်ခနဲ တုန်လှုပ်သွား၏။
စကားပြောနေရင်းနှင့်ပင် ဝမ်တောက်ရှန်း၏ ဒဏ်ရာများသည် အလုံးစုံ ပျောက်ကင်းသွားခဲ့ပြန်လေပြီ။
ဝမ်တောက်ရှန်းက သူ့တကိုယ်လုံးကို ဟိုလှည့်သည်လှည့်နှင့် စစ်ဆေးပြီး ပြောလိုက်၏။
"ငါ ထပ်ပြီး ပိန်သွားပြန်ပြီ ခုမှပဲ နေသာထိုင်သာ ရှိသွားတော့တယ်"
ယခုအချိန်တွင် သူ့တကိုယ်လုံးရှိ အဝတ်များသည် အပိုင်းအစများ ဖြစ်ကုန်ကြပြီ ဖြစ်သည်။ တကိုယ်လုံးတွင် ဝတ်ဆင်ထားသောအရာဟူ၍ သူ့ခြေထောက်ရှိ ဖိနပ်များသာ ကျန်တော့သည်။ ထိုဖိနပ်များမှာလည်း သူနှင့် မတော်တော့။
ဝမ်တောက်ရှန်းက ထိုဖိနပ်များကိုပါ ချွတ်၍ အဝေးသို့လွှင့်ပစ်လိုက်၏။ ထို့နောက် သူက မူလစွမ်းအင်ဖြင့် လိင်အင်္ဂါများကို ဖုံးကွယ်ထားလိုက်လေသည်။ ထို့နောက် သူက ပြောလိုက်၏။
"ကဲ ငါတို့ ဆက်တိုက်လို့ရပြီလား"
အမှန်တော့ ပါးစပ်ကသာ စကားအဖြစ် ဝမ်တောက်ရှန်း ပြောလိုက်ခြင်း ဖြစ်သည်။ စကားဆုံးသည်နှင့် သူသည် ဖာရာရိုဆီသို့ ခုန်ဝင်တိုက်ခိုက်လိုက်၏။
အဆီပိုများ ပိုမိုလျော့နည်းသွားသည်နှင့်အမျှ ဝမ်တောက်ရှန်း၏ လှုပ်ရှားမှုမှာ ပိုမို လျင်မြန်လာ၏။ နှင်းကြိုးကြာသည်လည်း စစ်မှန်သော နှင်းကြိုးကြာအဖြစ် သက်ဝင်လှုပ်ရှားလာနိုင်ခဲ့ပြီ ဖြစ်သည်။ တိုက်ကွက်ဖော်ထုတ်လိုက်သည်နှင့် ဝမ်တောက်ရှန်း၏ လက်သီးသည် လေထဲတွင် ပျံသန်းသွား၏။ သူ့လက်သီးသည် လမ်းခုလတ်မှာပင် ရာပေါင်းထောင်ပေါင်းများစွာ ကွဲထွက်သွားလေသည်။
ဝမ်တောက်ရှန်း၏ လှုပ်ရှားမှုမှာ အလွန်ပင် မြန်ဆန်လှပေရာ ဖာရာရို၏ မျက်လုံးထဲတွင် ၎င်း ခုန်ဝင်လာသည်ကို ရိပ်ခနဲသာ မြင်တွေ့လိုက်ရ၏။
ဖာရာရို အော်ဟစ်လိုက်သည်။
"သတ်ဖြတ်သူတွေဟာ ဘယ်တော့မှ မရှုံးဘူး....သေသွားရင်တောင်....မရှုံးသေးဘူးကွ"
မီးတောက်မီးလျံများက ပတ်ဝန်းကျင်တခုလုံးကို ပြန်လည်ဖုံးလွှမ်းသွားပြန်သည်။ ဖာရာရို၏ လှုပ်ရှားမှုမှာလည်း ဝမ်တောက်ရှန်းနည်းတူ မြန်ဆန်လှ၏။ သူ၏ လက်သီးများသည် မိုးကြိုးပစ်ချနေသည့်ပမာ အရှိန်အဟုန်ပြင်းထန်သလောက် အားမာန်ပါလှသည်။ သူ့ကိုကြည့်ရသည်မှာ ဘယ်တုန်းကမှ ဒဏ်ရာမရဖူးသည့် ပုံစံပင်။
ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ ဟေးယွန်တုံးက အံ့သြတကြီးနှင့် ရေရွတ်လိုက်သည်။
"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ဒီလောက် ဒဏ်ရာရထားတာတောင် ခုလောက်ထိ တိုက်ခိုက်နိုင်သေးတာ အံ့သြစရာပဲ"
စုချန်းက သက်ပြင်းချရင်း ပြန်ဖြေလိုက်သည်။
"သူ အသုံးပြုနေတာ တားမြစ်ပိတ်ပင်ထားတဲ့ နည်းစနစ် တမျိုးမျိုး ဖြစ်လိမ့်မယ်"
"မင်းက ဘယ်လိုလုပ်သိသလဲ"
စုချန်းက ဒန်ဘာကို မေးငေါ့ပြလိုက်သည်။
"သူ့မျက်နှာကို ကြည့်လိုက်လေ"
ဟေးယွန်တုံးက ဒန်ဘာကို လှမ်းကြည့်လိုက်၏။ ထိအြချိန်တွင် ဒန်ဘာ၏ ပုံစံမှာ အလွန်ပင် လေးနက်တည်ကြည်နေပြီး သူ့မျက်လုံးထဲတွင် ဝမ်းနည်းသော အရိပ်အယောင်များ ယှက်သန်းနေ၏။
ဟေးယွန်တုံး နားလည်သွားလေပြီ။
ထိုစဉ် ဒန်ဘာကလည်း သက်ပြင်းတချက်ချရင်း ပြောလိုက်သည်။
"မင်းတို့ သိသွားပြီပေါ့လေ သိသွားမှတော့ ဘာမှ ဖုံးကွယ်ထားစရာအကြောင်းမရှိတော့ဘူးပေါ့ ဟုတ်တယ် မင်းပြောတာအမှန်ပဲ ဒန်ဘာဟာ တားမြစ်ပိတ်ပင်ထားတဲ့ နည်းစနစ်ကို အသုံးပြုနေတာ ဒီနည်းစနစ်က သူ့တကိုယ်လုံးမှာရှိတဲ့ အသက်စွမ်းအင်တွေကို ဆွဲထုတ်ပေးပြီး မနာမကျင်အောင် စွမ်းဆောင်ပေးနိုင်တယ် ဒါကြောင့် ဒီတိုက်ပွဲမှာ နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ ဒီကနေ့ သူ သေရတော့မယ်"
တာကူရှာတွင် အနိုင်ရရှိရန်အတွက် ဖာရာရိုသည် သူ့အသက်ကို စွန့်လွှတ်ရန် ဆုံးဖြတ်လိုက်ခြင်းပင်။ မည်သည့်အကြောင်းကြောင့်ဖြစ်စေ နန်းဆောင်သူရဲကောင်းများ၏ ဂုဏ်သိက္ခာကိုတော့ အကျမခံနိုင်။
တကယ်တော့ လူသားများဟူသည် သတ်ဖြတ်သူများအတွက် ထိုက်တန်သော ပြိုင်ဘက်မဟုတ်။ ၎င်းတို့သည် အပေါစားလှည့်ကွက်များနှင့်သာ သူတပါးကို အနိုင်ယူတတ်သူများ ဖြစ်ကြသည်။
ထိုအကြောင်းကို တွေးမိသောအခါ ဖာရာရို၏ နှလုံးသားထဲတွင် ခါးသီးသော အမုန်းတရားများ ပေါ်ပေါက်လာ၏။
ပြင်းထန်ကြမ်းတမ်းသော လက်သီးချက်များက ဝမ်တောက်ရှန်းကိုယ်ပေါ်သို့ အဆက်မပြတ် ကျရောက်လာ၏။ ဝမ်တောက်ရှန်း နောက်တကြိမ် လေထဲသို့ လွင့်စင်သွားပြန်သည်။
အဆီများ လောင်ကျွမ်းသွားပြီးနောက် ဝမ်တောက်ရှန်းသည် အလွန်မြန်ဆန်လာသော်လည်း သူ၏ ရုပ်ပိုင်းဆိုင်ရာ အင်အားမှာကား များစွာ လျော့နည်းသွားခဲ့ပြီဖြစ်သည်။ ယခုအချိန်တွင် သူ၏ အင်အားမှာ သာမာန်တော်ဝင်မျိုးနွယ်စုဝင်တယောက်၏ အင်အားခန့်သာ ရှိတော့၏။
"သေပေတော့"
ပြင်းထန်သော လက်သီးချက်များ ဝမ်တောက်ရှန်းကိုယ်ပေါ်သို့ အဆက်မပြတ် ကျရောက်လာ၏။ သနားစရာ ဖက်တီးကား နောက်တကြိမ် သွေးအိုင်ထဲတွင် လဲကျသွားရပြန်သည်။
သို့သော် အဆီပမာဏ အတော်များများ ထပ်မံလောင်ကျွမ်းသွားပြီးသကာလ ဝမ်တောက်ရှန်း ပြန်ကောင်းလာပြန်၏။
ဤတကြိမ်တွင်တော့ ဖက်တီးဝမ်သည် ဖက်တီးမဟုတ်တော့။ သာမာန်လူတယောက်၏ အရွယ်အစားသို့ ရောက်ရှိသွားလေပြီ။
တိုက်ပွဲစကတည်းက ဝမ်တောက်ရှန်းသည် အကြိမ်ကြိမ် သေရွာမှ ပြန်ရှင်လာခဲ့ပြီး ဖြစ်သည်။ နန်းဆောင်သူရဲကောင်းတယောက်ဖြစ်သော ဖာရာရို၏ အင်အားမှာ ကြောက်စရာကောင်းလှ၏။
သို့တိုင်အောင် ဖာရာရို၏ အခြေအနေမှာလည်း မဟန်တော့။ နောက်ဆုံးထွက်သက်သို့ နီးနေခဲ့လေပြီ။ ထို့ကြောင့် သူသည် သူနှင့်အတူ ဝမ်တောက်ရှန်းကို သေရွာသို့ခေါ်သွားရန်သာ အာရုံစိုက်ထားတော့သည်။
နောက်ထပ် လက်သီးချက်တချက်က ဝမ်တောက်ရှန်း၏ ကိုယ်ပေါ်သို့ ကျရောက်လာပြန်၏။
ဘုန်းခနဲ အသံနက်ကြီး ထွက်ပေါ်လာပြီး ဝမ်တောက်ရှန်း မြေကြီးပေါ်သို့ ခြေပစ်လက်ပစ်နှင့် ပြုတ်ကျသွား၏။ တကယ်ဆိုလျင် ဤအခြေအနေတွင် ဖာရာရိုအနေနှင့် ထပ်ချပ်မကွာ လိုက်ပါတိုက်ခိုက်သင့်သည်။
သို့သော် တကယ်တမ်းတွင်တော့ ဖာရာရိုမှာ မတိုက်ခိုက်နိုင်တော့။ သူ့မျက်နှာတခုလုံးမှာကား သွေးမရှိသကဲ့သို့ ဖွေးဖွေးဖြူလျက် ရှိချေပြီ။ ကြမ်းတမ်းလှသည့် တိုက်ခိုက်မှု ပြုလုပ်ရန် သူ့အနေနှင့် အင်အားအလွန်အကျွန် စိုက်ထုတ်ခဲ့ရသည်မှာကား သံသယဖြစ်နေစရာ မလိုတော့။
ဝမ်တောက်ရှန်းမှာကား ရှေးနည်းအတိုင်း ပြန်လည်သက်သာလာပြန်သည်။ သို့သော် သူ့အဆီအများစုမှာ ကုန်ခန်းသွားပြီဖြစ်လေရာ လက်ကျန်အဆီက ဒဏ်ရာတဝက်ခန့်ကိုသာ သက်သာနိုင်စွမ်းရှိလေ၏။
ဝမ်တောက်ရှန်း စိတ်ပျက်သော အမူအရာဖြင့် ခေါင်းတချက်ခါကာ ပြောလိုက်သည်။
"နန်းဆောင်သူရဲကောင်းတွေရဲ့ အင်အားကတော့ တကယ်ကို ကြောက်စရာပဲ ငါ့မှာ ဝှက်ဖဲ နည်းနည်းပါးပါးရှိနေလို့ တော်သေးတာပေါ့"
ပြောပြောဆိုဆို သူက အသက်ကယ်ဆေးပုလင်းကို ထုတ်ယူကာ တကျိုက်တည်း သောက်ချလိုက်၏။
ထိုအချိန်မှာပင် ဖာရာရိုက ဝမ်တောက်ရှန်းကို လက်သီးနှင့် လှမ်းထိုးလိုက်ပြန်သည်။ ဝမ်တောက်ရှန်း ဆေးသောက်နေသည့် အခိုက်အတန့်ကို အလစ်အငိုက်ယူလိုက်ခြင်းပင်။
ဝမ်တောက်ရှန်းကား ဆေးပုလင်းအလွတ်ကို လွှင့်ပစ်ရန်ပင် အချိန်မရလိုက်။ သူ့ဦးခေါင်းဆီသို့ တိုးဝင်လာသော ဖာရာရို၏ လက်သီးကို ခုခံကာကွယ်လိုက်ရ၏။
သူ၏ ကာကွယ်ပုံမှာကား လက်ကိုမြောက်ကာ ဖာရာရို၏ လက်ကောက်ဝတ်ကို ဖမ်းဆုတ်လိုက်ခြင်း ဖြစ်သည်။
သူ့လက်သီး လမ်းခုလတ်မှာပင် ရပ်တန့်သွား၍ ဖာရာရို အံ့သြသွား၏။ ထိုအခိုက်မှာပင် ဝမ်တောက်ရှန်း၏ ကိုယ်တွင်းမှ ကြောက်လန့်စရာ အရှိန်အဝါတမျိုး တိုးထွက်လာသကဲ့သို့ ထင်ရသည်။
ဝမ်တောက်ရှန်းက ဖာရာရိုကို စူးရှစွာ စိုက်ကြည့်ပြီး ရေရွတ်လိုက်၏။
"ဘယ်သူ ပိုပြီးသန်မာသလဲ သိကြပြီပေါ့ကွာ"
စကားဆုံးသည်နှင့် သူသည် ဖာရာရို၏ လက်ကို ဆွဲကိုင်ကာ လေပေါ်တချက်မြှောက်ပြီး မြေကြီးပေါ်သို့ ကိုင်ပေါက်လိုက်တော့သည်။
ပြင်းထန်လှသော ကိုင်ပေါက်ချက်ကြောင့် မြေကြီးပေါ်တွင် တွင်းကြီးတတွင်း ဖြစ်ပေါ်လာ၏။
ဖာရာရို၏ စိတ်ထဲတွင် အရိုးတခြား အသားတခြား ဖြစ်သွားပြီဟု ခံစားလိုက်ရလေသည်။ သို့သော် သူကား စိတ်ဓာတ်ပြင်းထန်လှပေ၏။ တွင်းထဲမှ ခုန်ထွက်ကာ ဝမ်တောက်ရှန်းကို ခြေထောက်ဖြင့် ကန်ကျောက်လိုက်လေသည်။
ဝမ်တောက်ရှန်းကလည်း တောင်ပံတထောင်လက်ဝါးကွက်ဖြင့် ဖာရာရိုကို မြေကြီးပေါ်သို့ ပြန်လည်ပြုတ်ကျသွားစေပြန်၏။
ပုံမှန်အတိုင်းဆိုလျင် ဖာရာရိုအနေနှင့် ဝမ်တောက်ရှန်းကို တုံ့ပြန်ရန် နည်းလမ်းများစွာ ရှိပေသည်။ ယခုတော့ တိုက်ပွဲဖြစ်ပွားချိန်ကလည်း ကြာပြီ။ သူလည်း အားကုန်သွားပြီဖြစ်လေရာ ဝမ်တောက်ရှန်း ထိုးကြိတ်သမျှ သဲအိတ်ကြီးသဖွယ် အံကြိတ်ခံရုံသာ ရှိတော့သည်။
တကြိမ်တွင်တော့ ဝမ်တောက်ရှန်းကို ဖာရာရိုကို လေပေါ်သို့ ပစ်တင်လိုက်၏။ ထို့နောက် သူကိုယ်တိုင်လည်း လေထဲသို့ ခုန်တက်ကာ ဖာရာရိုကို အားရပါးရ ထိုးကြိတ်တော့သည်။
ပြင်းထန်လှသော လက်သီးချက်များက ဖာရာရို၏ ကိုယ်ပေါ်သို့ အဆက်မပြတ် ကျရောက်နေ၏။ ဖာရာရိုသည် ကျောက်တုံးကြီး တတုံးပမာ မြေကြီးပေါ်သို့ ဝုန်းခနဲ ပြုတ်ကျသွားလေသည်။
ဤတကြိမ်တွင် ဖာရာရို ပြန်ထမလာနိုင်တော့။