ဒုတိယတိုက်ပွဲ
Vol. 31 Ch. 310
မြေကြီးပေါ်တွင် ခြေစုံရပ်မိသည်နှင့် ဝမ်တောက်ရှန်းသည် သက်ပြင်းတချက်ကို ရှည်လျားစွာ ချလိုက်၏။
တရှိန်းရှိန်းတိုးထွက်နေသော စွမ်းအင်လှိုင်းများမှာလည်း တဖြည်းဖြည်း တည်ငြိမ်လာ၏။ ထိုအခါ ဝမ်တောက်ရှန်းသည် တခါမှမကြုံဖူးသည့် ပင်ပန်းနွမ်းနယ်ခြင်းမျိုးကို ခံစားလိုက်ရလေသည်။ တဖက်တွင်လည်း သူသည် စိတ်ဓာတ်အလွန်တက်ကြွနေ၏။
အင်အားကြီးမားသူတယောက်၏ ခံစားချက်မျိုးမှာ ကောင်းမွန်ပေစွတကား။
သူသည် ခြေလှမ်းအနည်းငယ်ခန့် လျှောက်လှမ်းပြီး ဖာရာရို၏ ဘေးတွင် မတ်တပ်ရပ်လိုက်သည်။
ဖာရာရိုသည် ယခုတိုင် အသက်ရှုနေသေး၏။ သို့သော် သူ၏ တားမြစ်ပိတ်ပင်ထားသော နည်းစနစ်မှာ ကုန်ဆုံးသွားခဲ့လေပြီ။ ထို့ကြောင့် သူ့အသက်ဓာတ်မှလည်း တဖြည်းဖြည်း လျော့နည်းနေပြီ ဖြစ်သည်။
"နောက်ဆုံးတော့ မင်းနိုင်သွားပြီ"
ဖာရာရိုက အသက်ကို ခက်ခက်ခဲခဲ ရှုသွင်းရင်း ပြောလိုက်သည်။ သူ့အသံတွင် မကျေနပ်မှုများ၊ အမုန်းတရားများ ပါဝင်နေ၏။
"တကယ်နိုင်တယ်လို့ တွက်လို့မရပါဘူးကွာ တကယ်တော့ ငါက ဘာအကူပစ္စည်းမှမသုံးပဲ ငါ့ရဲ့ ကိုယ်ပိုင်အင်အားနဲ့ပဲ တိုက်ခိုက်ချင်တာ ဒါပေမဲ့ မတတ်သာလို့ အင်အားတိုးပွားလာစေတဲ့ အဆင့်မြင့်အားတိုးဆေးကို အသုံးပြုခဲ့ရတယ်"
ဝမ်တောက်ရှန်းက မကွယ်မဝှက်ပဲ အမှန်အတိုင်းပင် ပြောပြလိုက်၏။
ဤတိုက်ပွဲတွင် အသုံးပြုနိုင်ရန် စုချန်းသည် ဆေးတချို့ ဖော်စပ်ပေးခဲ့၏။ ထိုဆေးများသည် ဝမ်တောက်ရှန်း၏ ဝှက်ဖဲဟု ဆိုနိုင်သည်။
သို့သော် ဝမ်တောက်ရှန်းကတော့ ဖြစ်နိုင်လျင် ထိုဆေးများကို အသုံးမပြုလို။ သူသည် မိမိ၏ ကိုယ်ပိုင်အင်အား အစစ်အမှန်ဖြင့်သာ ပြိုင်ဘက်ကို အနိုင်ရလိုသူ ဖြစ်သည်။
သို့သော် ကံမကောင်းအကြောင်းမလှစွာပင် နှစ်ပေါင်းများစွာ စုဆောင်းလာသည့် အဆီများ ကုန်ခန်းသွား၍ ဝမ်တောက်ရှန်းအနေနှင့် တခြားရွေးချယ်စရာလမ်းမရှိတော့။ ထို့ကြောင့် သူသည် အဆင့်မြင့်အားတိုးဆေးကို သောက်သုံးခဲ့ရလေသည်။
၎င်းသည် ဆေးပုလင်း တလုံးသာလျင် ဖြစ်သော်လည်း ဝမ်တောက်ရှန်း၏ အမြင်တွင်တော့ သူသည် တာကူရှာတွင် ရှုံးနိမ့်သူသာ ဖြစ်သည်။
သို့သော် ဖာရာရိုကတော့ ထိုကိစ္စကို မည်သို့်မှ သဘောထားဟန်မတူပေ။
"မင်းတို့လူသားတွေဟာ ငါတို့လောက် မသန်မာကြဘူး ဒါပေမဲ့ တခြားအရာတွေကို လေ့လာရာမှတော့ ထူးချွန်ကြပေတယ် ကျွမ်းကျင်ရာလိမ္မာရာပေါ့ကွာ"
"မင်းပြောတာ အမှန်ပဲ တိုက်ပွဲမှာ ငါဟာ ငါ့လက်နက်ကို ထုတ်သုံးခဲ့တယ် စည်းမျဉ်းအရ ငါ့အနေနဲ့ မူလကျောက်တုံး တသောင်းထိ အသုံးပြုခွင့်ရှိတယ် ငါ့လက်နက်ဟာ မူလကျောက်တုံး ရှစ်ထောင်တန်တယ် ငါ အသုံးပြုခဲ့တဲ့ဆေးကတော့ မူလကျောက်တုံး ၂၅၀၀တန်တယ် အသုံးပြုလို့ရတဲ့ ပမာဏထက် မူလကျောက်တုံး ၅၀၀ပိုနေတဲ့အတွက် ဘာပြောပြော စည်းမျဉ်းအရဆိုရင် ငါရှုံးနေပြီ"
"အော်..အဲဒီလိုလား"
ဖာရာရို၏ မျက်လုံးထဲတွင် အလင်းရောင်တချက် ဝင်းလက်သွား၏။ ထို့နောက် သူက တစုံတခု ပြောရန်ဟန်ပြင်လိုက်သည်။ သို့သော် ထိုစကားလုံးများက လျှာဖျားပေါ်မှာပင် ပျောက်ဆုံးသွားခဲ့လေသည်။
ဖာရာရို သေဆုံးသွားပြီဖြစ်သည်။
ဖာရာရို၏ အလောင်းကိုကြည့်ရင်း ဝမ်တောက်ရှန်း သက်ပြင်းချလိုက်သည်။ ထို့နောက် သူက ဖာရာရို၏ လက်စွပ်ကို ချွတ်ယူလိုက်ပြီး တာကူရှာအလံကို ဆွဲနှုတ်ကာ စုချန်းဆီသို့ ပြန်လာခဲ့လေသည်။ စုချန်း၏ ရှေ့သို့ရောက်သည်နှင့် သူက ပြောလိုက်၏။
"ငါ ပြန်ရောက်ပြီ တာဝန်ကို အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့ပြီ"
စုချန်းက ဝမ်တောက်ရှန်း၏ ကျောပြင်ကို ခင်မင်ရင်းနှီးစွာ ပုတ်ရင်း ပြောလိုက်သည်။
"သိပ်ကောင်းတယ် အစ်ကိုကြီးဝမ်"
"ဒါပေမဲ့ အဆင့်မြင့်အားတိုးဆေးတပုလင်း ထုတ်သုံးလိုက်ရတယ်ကွ"
ဝမ်တောက်ရှန်းက စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်၏။ စုချန်းကလည်း ဝမ်တောက်ရှန်း၏ စိတ်ပျက်မှုကို ချက်ချင်းပင် သဘောပေါက်လိုက်သည်။ ထိုအခါ သူက နှစ်သိမ့်လိုက်၏။
"စိတ်မပျက်ပါနဲ့ ကျုပ်ဆီမှာ ဒီထက်ကောင်းတဲ့ မူလစွမ်းရည်တွေ အများကြီး ကျန်သေးတယ် တနေ့ကျရင် ခင်ဗျားဟာ နန်းဆောင်သူရဲကောင်းတယောက်ကို ဘာအကူပစ္စည်းမှမပါပဲ အနိုင်ယူနိုင်လာလိမ့်မယ်"
"အဲဒီနေ့ရောက်လာတဲ့အထိ ကျူပ် စောင့်နေပါ့မယ်ကွာ"
ဝမ်တောက်ရှန်းက အားရပါးရ ပြုံးရင်း ပြောလိုက်သည်။
ထိုစဉ် စုချန်းက ဒန်ဘာဘက်သို့ လှည့်ပြီး ပြောလိုက်၏။
"ကဲ ကျုပ်တို့ နောက်တပွဲ ဆက်တိုက်ကြမလား"
သတ်ဖြတ်သူများဟူသည် လှည့်ကွက်သာမပါလျင် သေရမည်ကို ကြောက်ရွံ့သူများ မဟုတ်။
ဝမ်တောက်ရှန်းသည် ဖာရာရိုကို ကိုယ်ပိုင်အင်အားနှင့် အနိုင်ယူခဲ့ခြင်း ဖြစ်သည်။ တိုက်ပွဲတလျှောက်တွင် သတ်မှတ်ထားသော စည်းမျဉ်းထက် မူလကျောက်တုံး ၅၀၀ ပိုသွားသည်ဟု ဆိုသော်လည်း ထိုပမာဏလောက်ကိုတော့ ဒန်ဘာက လစ်လျုပေးနိုင်၏။
ထိုအခါ ဒန်ဘာက ပြန်ပြောလိုက်၏။
"ပြသနာမရှိပါဘူး"
"သိပ်ကောင်းတယ်"
ပြောပြောဆိုဆို စုချန်းက ဟေးယွန်တုံးကို အချက်ပြလိုက်၏။ ထိုအခါ ဟေးယွန်တုံးသည် ဝမ်တောက်ရှန်းဆီမှ တာကူရှာအလံကို လှမ်းယူပြီး မင်ဒီယာနို၏ ခြေရင်းသို့ ပစ်ချကာ စိမ်ခေါ်လိုက်သည်။
"ကဲ ကျေးဇူးပြုပြီး ကြွပါဗျာ"
ဟေးယွန်တုံး၏ လုပ်ရပ်ကြောင့် ဒန်ဘာနှင့် မင်ဒီယာနို နှစ်ယောက်လုံး အံ့သြသွား၏။ ဒန်ဘာက စုချန်းကို ဒေါသတကြီးနှင့် ကြည့်ပြီး အော်ဟစ်လိုက်သည်။
"မင်း ဘာလုပ်ဖို့ကြိုးစားနေတာလဲ"
စုချန်းက ပုခုံးတွန့်ပြရင်း ပြန်ပြောလိုက်သည်။
"မင်းကို ခုနက ပြောခဲ့သလို တာကူရှာလေကွာ"
"ဒီတပွဲက မင်းနဲ့ငါနဲ့ မဟုတ်ဘူးလား"
ဒန်ဘာက ဒေါသတကြီးနှင့် မေးမြန်းလိုက်၏။
"ဒီတပွဲတော့ မဟုတ်သေးဘူး နောက်တပွဲမှပေါ့"
စုချန်းက ဟေးယွန်တုံးနှင့် မင်ဒီယာနိုကို ညွှန်ပြရင်း ပြန်ပြောလိုက်သည်။
"လောလောဆယ်တော့ သူတို့နှစ်ယောက်ပဲ တိုက်ကြပါစေအုံး"
ခွေးမသားတွေ....ခွေးမသားတွေ....
ဒီလူသားတွေ တခုခု ကြံစည်နေတယ်ဆိုတာ အစကတည်းက ငါ သိခဲ့သင့်တာ.....
ဒန်ဘာက ဒေါသတကြီးနှင့် တွေးတောလိုက်၏။
မင်ဒီယာနိုသည်လည်း သတ်ဖြတ်သူတယောက် ဖြစ်လေရာ တာကူရှာစည်းမျဉ်းကို လိုက်နာရ၏။ သို့သော် သူသည် သာမာန်သတ်ဖြတ်သူ မျိုးဆက်သစ်တယောက်သာ ဖြစ်သည်။ နန်းဆောင်သူရဲကောင်းတယောက် မဟုတ်။ ထို့ကြောင့် သူ့အနေနှင့် ဤလူသားများကို အနိုင်ရရှိရန် ယုံကြည်မှုမရှိလှပေ။
တဖက်တွင်လည်း ဟေးယွန်တုံး၏ ပုံစံမှာ မတိုက်ခိုက်ရသေးသည့်တိုင် အလွန်ပင် တည်ငြိမ်လှ၏။ အလွန့်အလွန်ကို တည်ငြိမ်နေခြင်း ဖြစ်သည်။ ထို့ကြောင့် ဟေးယွန်တုံးသည် လူသားများထဲတွင် အင်အားအကောင်းဆုံး လူတယောက် ဖြစ်မည်မှာ သံသယဖြစ်နေစရာမလိုတော့။
ဒန်ဘာကိုယ်တိုင်ကပင် ထိုလူသားကို မင်ဒီယာနို မနိုင်လောက်ဟု ထင်မြင်နေ၏။
"မဖြစ်ဘူး...ငါ သဘောမတူ......"
"ငါ သဘောတူတယ် စိန်ခေါ်မှုကို လက်ခံတယ်"
မင်ဒီယာနိုက ဒန်ဘာ၏ စကားကို ဖြတ်ပြောလိုက်၏။
ဒန်ဘာ ဒေါသထွက်သွားလေသည်။ သူက မင်ဒီယာနိုကို တင်းမာစွာ လှည့်ကြည့်လိုက်သည်။ မင်ဒီယာနိုက ဒန်ဘာကို ရှင်းပြလိုက်၏။
"မင်း ဘာတွေးနေသလဲဆိုတာ ငါ သဘောပေါက်ပါတယ် ဒန်ဘာ ဒါပေမဲ့ ဒါက တာကူရှာ ဖြစ်နေတယ် တာကူရှာဆိုတာ သတ်ဖြတ်သူတွေရဲ့ ဂုဏ်သိက္ခာအတွက် အုတ်မြစ်ပဲ သတ်ဖြတ်သူတယောက်အနေနဲ့ သေတာရှင်တာက အရေးမကြီးဘူး ဒါပေမဲ ဂုဏ်သိက္ခာမရှိပဲ သေရမှာကိုတော့...."
ဒန်ဘာက အလွန်လေးလံသော လေသံနှင့် ပြောလိြက်၏။
"ဒါပေမဲ့ ဖာရာရိုတောင် သေသွားပြီလေကွာ"
"ဟုတ်တယ် သေသွားတယ် ဒါပေမဲ့ သေသင့်သေထိုက်တဲ့ နည်းလမ်းနဲ့ သေသွားတာပါ သူဟာ လူသားတွေရဲ့ အကောက်ကြံမှုကြောင့် သေသွားရတာမဟုတ်ဘူး ထိုက်ထိုက်တန်တန် ယှဉ်ပြိုင်တိုက်ခိုက်ရင်း သေသွားရတာ ဒါ ဘာမှ ငြင်းချက်ထုတ်စရာမလိုဘူး ငါလဲ သူ့လိုပဲ မင်းကို တောင်းပန်ချင်တယ် ဒန်ဘာ ပြိုင်ပွဲကို တရားမျှတအောင်သာ စောင့်ကြည့်ပေးပါ ဒါဆိုရင် ရပါပြီ"
မင်ဒီယာနိုအဖို့ ဟေးယွန်တုံးသည် သူ့ပြိုင်ဘက် မဟုတ်မှန်း သဘောပေါက်ပြီးသားပင်။ ထို့ကြောင့် ပြိုင်ပွဲကို တရားမျှတမှုရှိစေရန်သာ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
ဒန်ဘာ ဘာပြောရမှန်းပင် မသိတော့။
သူ့အနေနှင့် ဖြစ်နိုင်လျင် ပြိုင်ပွဲကို တားဆီးချင်လှသည်။ သို့သော် သတ်ဖြတ်သူမျိုးစိတ်တခုလုံး၏ ထုံးတမ်းစဉ်လာနှင့် ဂုဏ်သိက္ခာကို ပြန်တွေးမိသောအခါ သူ ဘာမှမတတ်နိုင်တော့။
ထိုအခါ သူက ခေါင်းတချက်ညိတ်ပြီး ဘေးဖယ်ပေးလိုက်လေသည်။
ဟေးယွန်တုံးနှင် မင်ဒီယာနိုအကြား နောက်ထပ် ပြိုင်ပွဲတခုကား စတင်ခဲ့ပြန်ချေပြီ။
ပထမတပွဲနှင့် မတူသည်မှာကား ဤတပွဲအတွက် ဒန်ဘာကိုယ်တိုင် ယုံကြည်မှုမရှိပဲ ဖြစ်နေခြင်းပင်။ မည်သု့ိဆိုစေ တိုက်ပွဲစပြီဟေ့ဆိုသည်နှင့် မင်ဒီယာနိုသည် တရကြမ်းတိုက်ခိုက်တော့သည်။ ဒန်ဘာကား ခံစားချက်ကို ထိန်းချုပ်လျက် တိုက်ပွဲကို တည်တည်ငြိမ်ငြိမ်ပင် စိုက်ကြည့်နေလေသည်။
တိုက်ပွဲအစတွင် ပို၍ ပြင်းထန်စွာ တိုက်ခိုက်တတ်သူများမှာ ပို၍ အားနည်းသူများသာ ဖြစ်နေတတ်၏။ ဤသည်မှာ ထုံးစံပင် ဖြစ်သည်။ အကြောင်းမဲ့ အချိန်ဖြုန်းခြင်းသည် သူတို့အတွက် အကျိုးမရှိမှန်း သိရှိထားသောကြောင့်ပင်။ ရှိသမျှဝှက်ဖဲကို အိပ်သွန်ဖာမှောက် အသုံးချရမည့်အစား တချက်တည်းနှင့် ပြိုင်ဘက်ကို လဲကျစေခြင်းသည် ပို၍ ကောင်းမွန်သော ရွေးချယ်မှုပင် မဟုတ်ပါလား။
တချို့အခြေအနေများတွင်တော့ ထိုနည်းလမ်းမှာ အလုပ်ဖြစ်တတ်၏။
သို့သော် မင်ဒီယာနို ရင်ဆိုင်နေရသည့် လူသားမှာ ဟေးယွန်တုံး ဖြစ်နေသည်။
ဟေးယွန်တုံးသည် ပေါက်ကွဲစွာ တိုက်ခိုက်တတ်သူမဟုတ်။ သူသည် အလွန်တည်ငြိမ်သူ ဖြစ်သည်။
ထိုအချက်ကို သူသည် လေ့ကျင့်ရေးကာလထဲက သက်သေပြပြီးသား ဖြစ်သည်။ မည်သည့်တာဝန်မျိုးကိုမဆို သူသည် နှေးလည်းမနှေး မြန်လည်းမမြန် တည်ငြိမ်စွာ လုပ်ဆောင်တတ်သူ ဖြစ်သည်။ ထိုအကျင့်ကြောင့် အခွင့်အရေးတချို့ လွဲချော်သွားသည်မျိုးလည်း မရှိမဟုတ်၊ ရှိသည်ပင်။ မည်သို့ဆိုစေ သူကား အမှားအလွန်နည်းသူပင် ဖြစ်၏။
ထို့ကြောင့် ဟေးယွန်တုံးသည် သမာဓိအလွန်အားကောင်းသူ၊ စိတ်ရှည်သူဟု ဆိုနိင်သည်။
ထိုသို့ စိတ်ရှည်တတ်သောကြောင့်ပင် ဟေးယွန်တုံးသည် သူ့ထက် အင်အားကြီးမားသော်လည်း စိတ်မရှည်သော ပြိုင်ဘက်ပေါင်းများစွာကို အနိုင်ရရှိခဲ့ဖူး၏။ စုချန်းသည်ပင် သူနှင့် ခြောက်ကြိမ် ရင်ဆိုင်ဖူးပြီး ခြောက်ကြိမ်စလုံး ရှုံးနိမ့်ခဲ့ဖူး၏။
တနည်းအားဖြင့် ဟေးယွန်တုံးသည် စုချန်းကဲ့သို့သော လူစားမျိုးကို တန်ပြန်တိုက်ခိုက်ရန် အသင့်တော်ဆုံးဟု ဆိုနိုင်ပေသည်။
နဂါးကျောင်းတော်ကလည်း သူ၏ တည်ငြိမ်မှုနှင့် ခွန်အားကြောင့် နံပါတ်တစ်နေရာ ပေးလိုက်ခြင်း ဖြစ်သည်။
သူ့လိုလူစားမျိုးက မင်ဒီယာနို၏ သွေးရူးသွေးတန်းတိုက်ခိုက်မှုကို အဘယ်မှာ တုန်လှုပ်ပေအံ့နည်း။
သူသည် အဝေးရောက်ကောင်းကင်ဘုံလက်သီးကို အသုံးပြု၍ ပြန်လည်တိုက်ခိုက်နေ၏။ သူ၏ တိုက်ကွက်များမှာ မြန်သည်ဟု ပြောရန်ခက်သည်။ သို့သော် တည်ငြိမ်လှပြီး တကွက်ချင်းစီသည် တိကျသော ပစ်မှတ်ကိုယ်စီရှိနေ၏။
မင်ဒီယာနိုသည် တတ်နိုင်သလောက်တော့ ခုခံနေ၏။ သို့သော် သူ့အနေနှင့် ဟေးယွန်တုံးကို မည်သို့မှ မရပ်တန့်နိုင်ပဲ ဖြစ်နေလေသည်။
တဖက်တွင်လည်း ဟေးယွန်တုံးကို တချက်ကောင်းတိုက်ခိုက်ရန်ဟူသော သူ့အကြံကို မည်သို့မှ အကောင်အထည် မဖော်နိုင်ပဲ ရှိလေ၏။
ဟေးယွန်တုံးသည် သူ့တကိုယ်လုံးကို အကာအကွယ်ဖြင့် လွှမ်းခြုံထား၏။ သူသည် နဂိုကတည်းက ရုပ်ပိုင်းဆိုင်ရာ သန်မာတောင့်တင်းသူ ဖြစ်လေရာ အကာအကွယ်နှင့် ပေါင်းစပ်လိုက်သောအခါ မင်ဒီယာနို၏ အကြံအစည်မှာ မည်သို့ အကောင်အထည် ပေါ်လာအံ့တော့နည်း။
အခွင့်အရေးကောင်း အတော်များများကို လက်လွတ်သွားစေကာမူ ဟေးယွန်တုံးကား တည်တည်ငြိမ်ငြိမ်ပင် တိုက်ခိုက်နေ၏။ ဤသည်မှာပင် ဟေးယွန်တုံးအတွက် စုချန်း ကြိုတင်ပြင်ဆင်ထားသော အစီအစဉ် ဖြစ်သည်။ အင်မတန်တည်ငြိမ်သော လူတယောက်၏ သတိနှင့် ကာကွယ်နိုင်စွမ်းသည် ရန်သူကို ဒေါသထွက်စေ၏။ အကူအညီကင်းမဲ့သော ခံစားချက်များကို ပေါ်ပေါက်လာစေနိုင်၏။
တဖက်မှ လူသားသည် အင်မတန် တည်ငြိမ်သည်နှင့်အမျှ သူ့စွမ်းအင်များ တဖြည်းဖြည်း လျော့နည်းလာကြောင်း မင်ဒီယာနို သိရှိလိုက်၏။
ထိုအခါ သူ့ တိုက်ကွက်များ၏ အားမာန်မှာ တဖြည်းဖြည်း လျော့လာသကဲ့သို့ သူ၏ လှုပ်ရှားမှုမှာလည်း ပို၍ နှေးကွေးလာ၏။ ဤအခြေအနေအရ ဟေးယွန်တုံးသည် လက်ဝါးရိုက်ချက် တချက်တည်းနှင့် သူ့ကို သတ်ပစ်နိုင်တော့မည့်ဟန် ပေါ်လာသည်။
သို့သော် ဟေးယွန်တုံးကား မင်ဒီယာနို၏ အခြေအနေကို မသိဟန်ပြုကာ ပုံမှန်အတိုင်းပင် ဆက်လက်တိုက်ခိုက်နေ၏။
မင်ဒီယာနိုကား စိတ်ဓာတ်ပျက်ပြားစပြုလာလေပြီ။
သူက ဟေးယွန်တုံးကို စိုက်ကြည့်ကာ ဒေါသတကြီးနှင့် အော်ဟစ်လိုက်သည်။
"ငါ ဘာကိုမှဂရုမစိုက်တော့ဘူးကွ"
ချက်ချင်းလိုလိုပင် မင်ဒီယာနို၏ နောက်ကျောမှ စောင့်ရှောက်သူဆေးမင်ပုံရိပ်တခု ထွက်ပေါ်လာ၏။
တကယ်တော့ သူ့အင်အားအရ စောင့်ရှောက်သူဆေးမင်သည် ပြီးပြည့်စုံသော အနေအထားသို့ ရောက်သေးသည်မဟုတ်။ သို့သော် ဘာဖြစ်ဖြစ် မင်ဒီယာနို ဂရုမစိုက်တော့။ လက်ရှိ သူ့အခြေအနေ ပြိုင်ဘက်ဖြစ်သူကို အသေမသတ်နိုင်မှန်းတော့ သူ သဘောပေါက်လေသည်။ သို့သော် နည်းနည်းဖြစ်ဖြစ် ဒဏ်ရာရစေခဲ့လျင်ပင် သူကျေနပ်ပြီ။
မင်ဒီယာနို၏ အားသွန်တိုက်ခိုက်မှုကြောင့် စောင့်ရှောက်သူဆေးမင်သည် အလွန်ပြင်းထန်သော အားလှိုင်းများအဖြစ် အသွင်ပြောင်းသွားပြီး ဟေးယွန်တုံးဆီသို့ ပြေးဝင်လာ၏။
ဟေးယွန်တုံးသည် မင်ဒီယာနိ၏ တိုက်ခိုက်မှုကို အံ့သြသင့်သည့်ပုံမရှိ။ ထိုအစား သူ့ပုံစံမှာ ပို၍ပင် သန်မာလာသယောင် ရှိသည်။
ရုတ်ချည်းလိုလိုပင် သူ့နောက်ကျောမှ မီးလျံသားရဲပုံရိပ် ထွက်ပေါ်လာပြီး မင်ဒီယာနို၏ စောင့်ရှောက်သူပုံရိပ်ကို ပြန်လည်တိုက်ခိုက်လိုက်လေသည်။
ပုံရိပ်ယောင်နှစ်ခု တွေ့ဆုံသွားသည်နှင့် ပတ်ဝန်းကျင်တခုလုံး မျက်စေ့ကျိန်းစပ်မတတ် အလင်းရောင်များ ထွက်ပေါ်လာ၏။
ဟေးယွန်တုံးသည် မသိမသာ ငြီးငြူပြီး နောက်သို့ဆုတ်ပေးလိုက်လေသည်။ တဖက်လူ၏ ပြင်းထန်သော အားလှိုင်းများကြောင့် သူ့အကာအကွယ်တခုလုံး ကျိုးပဲ့ပျက်စီးသွားပြီး သူ့နှုတ်ခမ်းထောင့်မှလည်း သွေးများစီးကျလာ၏။
သို့သော် ဟေးယွန်တုံး ခံစားရသမျှက ထိုလောက်သာ ဖြစ်သည်။
တဖက်မှ မင်ဒီယာနိုသည်ကား တကိုယ်လုံး တဆတ်ဆတ် တုန်ယင်လာပြီး မြေကြီးပေါ်သ်ု့ိ ဝုန်းခနဲ လဲပြိုကျကာ အသက်ပျောက်သွားရှာလေသတည်း။