လက်တစ်ချောင်းတည်းဖြင့် အနိုင်ယူခြင်း
Vol. 7 Ch. 669
ရွှေရောင် မိုးကြိုးနဂါးသည် ကောင်းကင်ကို ဖြတ်သန်းရင်း တိုးဝင်လာ၏။ ထိုနဂါးသည် မရေမတွက်နိုင်သော လျှပ်စီး စွမ်းအားကို သယ်ဆောင်ကာ ကြောက်မက်ဖွယ် အသွင် ရှိသည်။
ဝိညာဉ်သားရဲများပင် ထိုနဂါးအား တွေ့သည်နှင့် လန့်ဖျပ်သွားကြသည်။ သို့သော် ချန်းဖန်ကမူ လှည့်ပင် မကြည့်ခဲ့ချေ။
"ဂါး…"
နဂါးက ဟိန်းဟောက်၍ ချန်းဖန်အား ခုန်အုပ်၏။ သို့သော်လည်း ချန်းဖန်ထံသို့ မရောက်ခင် လမ်းခုလတ်မှာပင် အနက်ရောင် တွင်းပေါက်၏ စုပ်ယူခြင်းအား ခံလိုက်ရ၏။
"စိတ်ဝင်စားစရာပဲ…"
မြေကမ္ဘာ နတ်ဘုရား လဲ့ရှင်း၏ မျက်လုံးများသည် ကျဉ်းမြောင်းသွား၏။
လျှပ်စီးနဂါး တိုက်ခိုက်မှုသည် သူ၏ အင်အား အပြည့်အဝကို ကိုယ်စားပြုခြင်း မရှိသော်လည်း သာမန် မြေကမ္ဘာ နတ်ဘုရား အဆင့် လောက်ကို အသာအယာ သတ်ဖြတ်နိုင်သည်။ ချန်းဖန် အသက်ရှင် လွတ်မြောက်လိမ့်မည်ဟု သူမျှော်လင့် မထားခဲ့ချေ။
"ကြည့်ရတာ သေမျိုးကမ္ဘာမှာ ပါရမီရှင်တစ်ယောက် ရှိနေပုံပဲ… ရွှမ်လော့နဲ့ ထျန်းမင်ကျီတို့ အသတ်ခံလိုက်ရတာ မထူးဆန်းတော့ဘူး… ဟမ့်… ဘာပဲဖြစ်ဖြစ်… ခွန်ရှု့နယ်မြေကို မင်း ရန်မစသင့်ဘူး"
မြေကမ္ဘာ နတ်ဘုရား လဲ့ရှင်းက ပြောရင်း လျှပ်စီးနဂါး နှစ်ကောင်ကို ထပ်မံ ဖန်တီးလိုက်သည်။
"ဂါး… ဂါး…"
ရွှေရောင် လျှပ်စီး နဂါးနှစ်ကောင်က လေထုကို ဖြတ်သန်း၍ ချန်းဖန်ထံ တိုးဝင်လာ ပြန်၏။ အင်အား ၇၀ ရာနှုန်းခန့် သုံးထားသည့် လဲ့ရှင်း၏ ထိုတိုက်ခိုက်မှုကား အကြီးအကဲ ချီကျွယ်နဲ့ အခြားလူများကိုပင် စိုးထိတ်စေသည်။
"ဒီခွေးကောင်ကတော့…"
ချန်းဖန်မှာ အကြီးအကျယ် ဒေါသထွက်နေခဲ့ပြီ ဖြစ်သည်။
မိုးကြိုးသစ်သီးပင်ကို ကာကွယ်ထားသည့် အစီအရင်သည် နတ်ဘုရား သင်္ချိုင်း တစ်ခုလုံးနှင့် ချိတ်ဆက်နေရာ အလွန်ပင် အစွမ်းထက်လှသည်။ ချန်းဖန် အတွက်ပင် ထိုအစီအရင်ကို ဖယ်ရှားရန်မှာ မလွယ်ကူချေ။
ရွှေရောင် လျှပ်စီးနဂါး နှစ်ကောင် တိုးဝင်လာသော အချိန်သည် အစီအရင်ကို ဖယ်ရှားရန် အရေးကြီးဆုံးဖြစ်သည့် နောက်ဆုံးအချိန် ဖြစ်သည်။ သူ မည်သို့ ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။
"ဝါးမျိုခြင်း…"
ချန်းဖန်က အော်ဟစ်ရင်း လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။
"ဘုန်း…"
ရုတ်တရက် ပေါက်ကွဲသံနှင့် အတူ လေထု၌ ကြီးမားသော အနက်ရောင် တွင်းပေါက်ကြီး တစ်ခု ပေါ်ထွက်သည်။ ထိုအရာသည် ဖြစ်ပေါ် လာလာချင်းပင် လျှပ်စီးနဂါး နှစ်ကောင်၏ လမ်းကို ပိတ်ဆို့ကာ တစ်ခါတည်း ဝါးမျိုလိုက်တော့၏။
"အဲဒါက ဘာကြီးလဲ…"
အကြီးအကဲ ချီကျွယ်နှင့် အခြားလူများက မျက်မှောင်ကြုတ် လိုက်ကြသည်။
လဲ့ရှင်း၏ "ကောင်းကင်နတ်ဆိုး မိုးကြိုး" မည်မျှ အစွမ်းထက်ကြောင်း သူတို့ ကောင်းစွာ သိကြသည်။ ထိုအရာသည် လျှို့ဝှက် နတ်ဘုရား စွမ်းအားတစ်ခု ဖြစ်ကာ မည်သည့် ဓမ္မရတနာကိုမဆို ဖျက်ဆီးနိုင်သည်။
သို့သော်လည်း ချန်းပေ့ရွှမ်းဆိုသော လူငယ်သည် အနက်ရောင် တွင်းပေါက်ကြီးကို ဖန်တီး၍ လဲ့ရှင်း၏ တိုက်ခိုက်မှုကို ဖျက်ဆီးပစ်ခဲ့သည်။ ထိုကဲ့သို့ ထူးဆန်းသော နတ်ဘုရား စွမ်းအားမျိုး ခွန်ရှု့နယ်မြေတွင်ပင် သူတို့ မတွေ့ဖူးကြချေ။
ဒုတိယ တိုက်ခိုက်မှုပါ အသုံးမဝင်ကြောင်း တွေ့သည်နှင့် မြေကမ္ဘာ နတ်ဘုရား လဲ့ရှင်းမှာ အလွန်ပင် ဒေါသထွက်လာခဲ့သည်။
သူက ထပ်မံ၍ တိုက်ခိုက်ရန် ဟန်ပြင်လိုက်စဉ်မှာပင် ကျယ်လောင်သော ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာသည်။
"ဘုန်း…"
မိုးကြိုးသစ်သီးပင်ကို ကာကွယ်ထားသော အစီအရင်ကား အနက်ရောင် တွင်းပေါက်ကြီး၏ ဝါးမျိုမှု၌ အလုံးစုံ ပျက်စီး သွားခဲ့ချေပြီ ဖြစ်သည်။
"အစီအရင် ပျက်စီးသွားပြီ… မိုးကြိုး သစ်သီးကို မြန်မြန် ယူကြ"
အရှင်ဒေါသက အော်ဟစ် လိုက်သည်။
သို့သော်လည်း သူ့ထက် ဦးစွာပင် ဝိညာဉ် သားရဲများကား ရွှေရောင်သစ်ပင်ဆီသို့ ပြေးလွှား နေကြပြီ ဖြစ်သည်။ ထိုအရာကား သူတို့၏ စွမ်းအားကို မြှင့်တင်ပေးနိုင်သည့် ရတနာ ဆေးဝါး ဖြစ်သည်။ သူတို့အနေဖြင့် အလျှော့မပေးလိုချေ။
မိုးကြိုးမြင်းပျံကား ဝိညာဉ်သားရဲ ခြောက်ကောင်အနက် အမြန်ဆုံး ဖြစ်သည်။ သူသည် လျှပ်စီးတန်းကို ချန်ရစ်ကာ အသံထက် ခုနစ်ဆ မြန်သောနှုန်းဖြင့် ပြေးလွှားနေသည်။
"အဲဒီတိရစ္ဆာန်တွေကို တားထား… အပြန် အလှန် အနေနဲ့ ကောင်းကင်မိုးကြိုးဂိုဏ်းက ခင်ဗျားတို့ကို ဝိညာဉ် ကျောက်တုံး တစ်သိန်းနှစ်သောင်း ပေးမယ်"
မြေကမ္ဘာ နတ်ဘုရား လဲ့ရှင်းက အော်ဟစ်ရင်း လျှပ်စီးအလင်း အသွင် ပြောင်းလဲကာ ရွှေရောင် သစ်ပင်ဆီသို့ ပြေးဝင်သည်။
သူ့အတွက် ရွှေရောင်သစ်ပင်သည် ချန်းဖန်ကို လက်စားချေခြင်းထက် ပို၍ အရေးပါသည်။
ထို့အပြင် သူသည် ချန်းဖန်ကို သိပ်အလေးအနက် မထားချေ။ လူသား ကမ္ဘာတွင် ရှိနေသမျှ ကာလပတ်လုံး ချန်းဖန်ကို အလွယ်တကူ ရှာဖွေ၍ သတ်ဖြတ်နိုင်မည်ဟု သူ ကောင်းစွာ ယုံကြည်သည်။
"ထွက်သွားစမ်း…"
လဲ့ရှင်းက နှစ်ဆယ့်ငါးပေ ရှည်သော လျှပ်စီး နဂါးတစ်ကောင်ကို ဖန်တီးကာ မိုးကြိုး မြင်းပျံထံ ပစ်လွှတ်လိုက်သည်။
မိုးကြိုးမြင်းပျံသည် မိုးကြိုးသားရဲ၏ မျိုးဆက် ဖြစ်သည်။ ထိုအရာသည် လျှပ်စီးနှင့် မိုးကြိုးကို ထိန်းချုပ်နိုင်သည့် စွမ်းအားဖြင့် မွေးဖွားလာသည့် သားရဲဖြစ်ပြီး "ရွှေရောင် ကောင်းကင် မိုးကြိုး" နတ်ဘုရား စွမ်းအားကို ပိုင်ဆိုင်သည်။
သို့တိုင်အောင် မိုးကြိုးမြင်းပျံသည် လဲ့ရှင်း၏ တိုက်ခိုက်မှုကို မခုခံနိုင်ခဲ့ချေ။
"ဘုန်း…"
ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။
လျှပ်စီးနဂါး၏ တိုက်ခိုက်မှုတွင် မိုးကြိုးမြင်းပျံ၏ အကာအကွယ် မှန်သမျှသည် ပျက်စီးကာ ၎င်းကိုယ်တိုင်မှာလည်း မြေသို့ပြုတ်ကျ၏။
"ငါသာ ဒီရတနာ သစ်ပင်ကို ယူသွားနိုင်ရင် ငါတို့ဂိုဏ်းက နှစ်သုံးရာတိုင်း ထိပ်တန်း နတ်ဘုရား စွမ်းအားနဲ့ မြေကမ္ဘာအဆင့် သုံးယောက် ပေါ်ထွက်လိမ့်မယ်… အဲဒါဆိုရင် ရာစုနှစ် အချို့လောက် စောင့်လိုက်တာနဲ့ ငါတို့ ကောင်းကင်မိုးကြိုးဂိုဏ်းက ယွင်ထျန်း နန်းတော်ကို ယှဉ်နိုင်ပြီ"
မြေကမ္ဘာ နတ်ဘုရား လဲ့ရှင်းက လောဘတကြီးတွေးရင်း ရတနာသစ်ပင်ဆီသို့ ဆက်လက် ပြေးလွှား၏။
သူသည် လူသားကမ္ဘာ၌ ယခုကဲ့သို့ အလွန် အဖိုးတန်သော မိုးကြိုးသစ်သီးပင် ရှိနေလိမ့်မည်ဟု တစ်ခါမျှ မတွေးမိခဲ့ချေ။ ဤရတနာ သစ်ပင်နှင့် ယှဉ်ပါက ထျန်းမင်ကျီ၏ သေဆုံးမှုက အရေးမကြီးတော့ချေ။
"ခရက်…"
လဲ့ရှင်းသည် ရတနာ သစ်ပင်ကို လှမ်းယူရန် ဟန်ပြင်လိုက်စဉ်မှာပင် အသံတစ်ခု ထွက်ပေါ်လာသည်။
"ဒီရတနာကို ငါ အရင်တွေ့တယ်… နောက်ပြီး ဒီအစီအရင်ကို ငါပဲ ဖျက်ဆီးခဲ့တယ်… ဒါတောင် မင်းက မျက်နှာပြောင်တိုက်ပြီး အချောင်ယူချင်နေတာလား"
"ဘယ်ကောင်လဲကွ…"
လဲ့ရှင်းက လှည့်ကြည့်လိုက်ရာ သူ၏ နောက်၌ မျက်မှောင်ကြုတ်၍ ရပ်နေသော ချန်းဖန်အား တွေ့လိုက်ရသည်။
"ချန်းပေ့ရွှမ်း…"
လဲ့ရှင်းက နှာခေါင်းရှုံ့လိုက်၏။ ထို့နောက် သူက မောက်မာစွာ ဆိုလိုက်သည်။
"မင်း ထွက်ပြေးတာ ပိုကောင်းလိမ့်မယ်… ငါ ရတနာကို ယူနေတဲ့အချိန် မင်းလွတ်အောင် ပြေးနိုင်ရင် အချိန်ကြာကြာ ပိုပြီးအသက်ရှင်ခွင့်ရမယ်… ဒီလိုမဟုတ်ဘဲ ငါ့လမ်းကို ပိတ်ရဲတယ် ဆိုရင်တော့ မင်းကိုငါ ချက်ချင်း သတ်ပစ်မယ်"
လဲ့ရှင်းသည် ချန်းဖန်ကို လွယ်ကူစွာ ရှင်းပစ်နိုင်မည်ဟု ယုံကြည်ချက် ရှိသည်။ သူသည် ကောင်းကင်မိုးကြိုးဂိုဏ်း၏ လက်ထောက် ဂိုဏ်းချုပ်ဖြစ်သည့် အပြင် ခွန်ရှု့နယ်မြေ၏ ထိပ်တန်း ကျင့်ကြံသူ ဆယ်ယောက်တွင်ပါ ပါဝင်သူဖြစ်သည်။ မြေကမ္ဘာ အဆင့်များပင် သူ၏စကားကို နားထောင်ရသည်။
"စမ်းကြည့်လိုက်လေ…"
ချန်းဖန်၏ မျက်လုံးများက ရေခဲမတတ် အေးစက်လာခဲ့သည်။
ထိုအချိန်မှာပင် အကြီးအကဲ ချီကျွယ်က သူတို့ဆီသို့ ပျံသန်းလာကာ အော်ဟစ်လိုက်သည်။
"လဲ့ရှင်း… သစ်ပင်ကို မြန်မြန်ယူလိုက်… ငါ ချန်းပေ့ရွှမ်းကို တားပေးထားမယ်… နတ်ဘုရား သင်္ချိုင်းတောင်ကြားရဲ့ သားရဲဘုရင်က မကြာခင် ရောက်လာတော့မယ်… ငါတို့ မြန်မြန်လုပ်မှ ဖြစ်မယ်"
လဲ့ရှင်းက နားစွင့်လိုက်ရာ ခပ်လှမ်းလှမ်းမှ ထွက်ပေါ်လာသည့် ဒေါသတကြီး အော်ဟစ်သံ တစ်ခုကို ကြားရသည်။ သားရဲဘုရင်ကား ဤနေရာသို့ အလောတကြီး လာနေသည်မှာ သေချာ၏။
"အခုတော့ ငါမင်းကို အသက်ချမ်းသာ ပေးလိုက်မယ်"
မြေကမ္ဘာ နတ်ဘုရား လဲ့ရှင်းက ပြောရင်း လျှပ်စီးလက်ကြီး တစ်ခုကို ဖန်တီးကာ တောင်ငယ် တစ်ခုလုံးကို ဆွဲမရန် ပြင်လိုက်သည်။
မိုးကြိုးသစ်သီးပင် သံလိုက်တောင်တွင် အမြစ်တွယ်နေရာ သစ်ပင်ကို ယူလိုပါက တောင်တစ်ခုလုံးကိုပါ မရန် လိုအပ်သည်။ ထိုသို့ ပြုလုပ်ရန်က လဲ့ရှင်းအတွက်ပင် ခွန်အား အပြည့်အဝကို သုံးရန် လိုအပ်သည်။
"ငါကတော့ မင်းကို ချမ်းသာပေးမှာ မဟုတ်ဘူး…"
ချန်းဖန်က ပြုံးရင်း လက်ချောင်းများကို ဆုပ်လိုက်သည်။ သူ၏ အစစ်အမှန် အမတေများက ကောင်းကင်တွင် အနက်ရောင် တွင်းပေါက်တစ်ခုအသွင် ပြောင်းလဲကာ လဲ့ရှင်း၏ လျှပ်စီးလျှပ်ကို တားဆီး၏။
"သောက်ကလေး… မင်းရဲ့ပြိုင်ဘက်က ငါပဲ"
အကြီးအကဲ ချီကျွယ်က နှာခေါင်းရှုံ့လိုက်သည်။
မိန်ချင်းဂိုဏ်း၏ အကြီးအကဲ ဖြစ်သော သူ့အား မိန်ချင်း ဂိုဏ်းချုပ်ကပင်လျှင် လေးစားစွာ ဆက်ဆံရသည်။ သူသည် ချန်းဖန်ကဲ့သို့ လူငယ်တစ်ယောက်ကို မျက်လုံးထဲပင် မထည့်ချေ။
"သေစမ်း…"
ချီကျွယ်၏ ခန္ဓာကိုယ်က မူလနေရာမှ ပျောက်ကွယ်ကာ ချန်းဖန်၏ နောက်၌ ထူးဆန်းသော ဓားတစ်ချောင်းဖြင့် ပြန်ပေါ်လာသည်။
ထိုဓားတွင် တွန့်ခေါက် ခုနစ်ခု ပါဝင်ကာ တစ်ခုချင်းစီက မြေကမ္ဘာ အဆင့်ကိုပင် သတ်ဖြတ်နိုင်သည့် အဆိပ်ကျိန်စာကို ကိုယ်စားပြုသည်။ ထိုဓားသည် မြွေ တစ်ကောင်၏ ပုံသဏ္ဌာန် ရှိပြီး ဝှေ့ယမ်း လိုက်တိုင်း ဓားတစ်လျှောက် မြွေဝိညာဉ်က မြူးထူးနေ၏။
မြွေခုနစ်ကောင် ဓား…
ထိုဓားကား မိန်ချင်းဂိုဏ်း၏ ဓမ္မရတနာ တစ်ခု ဖြစ်ကာ အလယ်ဆင့် ဝိညာဉ် လက်နက် တစ်ခု ဖြစ်သည်။
"အသုံးမကျလိုက်တာ…"
ချန်းဖန်က ဖြည်းညင်းစွာပင် သူ၏ လက်ချောင်းလေးများကို လှုပ်ယမ်းရင်း ဓားကို တားဆီးလိုက်သည်။ သူ့အတွက် ထိုမူလ အစောပိုင်း အဆင့်လေးက ပျင်းစရာပင် ကောင်းလွန်းသည်။
"အရူးပဲ…"
ချန်းဖန်၏ လှုပ်ရှားမှုအား တွေ့သည်နှင့် အကြီးအကဲ ချီကျွယ်က ပြုံးလိုက်မိသည်။ သူ၏ ဓားကို လက်သက်သက်ဖြင့် ခုခံရဲသည့် ထိုလူငယ်မှာ အရူးသာ ဖြစ်ပေလိမ့်မည်။
သို့သော်လည်း အကြီးအကဲ ချီကျွယ်၏ အကြည့်များ အောက်တွင်ပင်…
"ခရက်…"
ချန်းဖန်သည် မြွေခုနစ်ကောင် ဓားကို လက်ချောင်း တစ်ချောင်းဖြင့် ညင်သာစွာ တောက်ထုတ် ပစ်လိုက်၏။ အစိမ်းရောင် အဆိပ်များဖြင့် တောက်ပနေသော ဓားကား လက်ချောင်း၏ တောက်ထုတ်မှုတွင် ပိုင်ရှင်ထံသို့ ပြန်လည်၍ တိုးဝင်သည်။
"ဝေါ့…"
ဓား၏ တန်ပြန် တိုက်ခိုက်မှုတွင် အကြီးအကဲ ချီကျွယ်မှာ သွေးတစ်လုတ် အန်ထုတ် လိုက်ရ၏။ ဓားသည်လည်း အင်အား နှစ်ခု၏ ဆန့်ကျင်ဘက် ပြောင်းလဲမှု အောက်တွက် ကွဲကြေကာ ပျက်စီးသည်။
ချန်းဖန်က လက်တစ်ချောင်းတည်းနှင့် ဝိညာဉ်ရတနာ တစ်ခုကို ဖျက်ဆီးကာ မြေကမ္ဘာ အဆင့် တစ်ယောက်ကို အနိုင်ယူ လိုက်ပြီ ဖြစ်သည်။
***