အစွမ်းအထက်ဆုံး
Vol. 7 Ch. 670
"ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ…"
ထိုမြင်ကွင်းကို ကြည့်ကာ လနတ်သမီး၊ အရှင် ဒေါသနှင့် အခြားလူများမှာ ဆွံ့အသွားကြသည်။ ဓားတန်ခိုးရှင် ချန်းဟယ်ပင် ချန်းဖန်အား အံ့ဩနေမိသည်။
အကြီးအကဲ ချီကျွယ်သည် မိန်ချင်းဂိုဏ်း၏ အကြီးအကဲ တစ်ယောက် ဖြစ်ပြီး အတွေ့အကြံများသည့် မြေကမ္ဘာအဆင့် တစ်ယောက် ဖြစ်သည်။ သို့သော်လည်း သူသည် ချန်းဖန်၏ လက်တစ်ဖက်တည်းဖြင့် အနိုင်ယူခြင်းကို ခံခဲ့ရသည်။
ထိုချန်းဖန်မှာ အမှန်တကယ်ပင် လူသားကမ္ဘာမှ ပညာရှင် တစ်ယောက် ဟုတ်ပါ၏လော။
ထိုအချိန်၌ အကြီးအကဲ ချီကျွယ်၏ မျက်နှာမှာလည်း ဖြူရော်နေခဲ့ပြီ ဖြစ်လေသည်။ တစ်ချိန်တည်းတွင် သူ၏ မျက်လုံးများကလည်း ကြောက်လန့်မှုကြောင့် ဂဏာမငြိမ် ဖြစ်နေခဲ့သည်။
"ခွေးကောင်လေးက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အစွမ်းထက် နေရတာလဲ… သူက လဲ့ရှင်းထက်တောင် ပိုပြီး အစွမ်းထက်နေသေးတယ်… ခွန်ရှု့နယ်မြေမှာတောင် သူ့ကို ဂိုဏ်းချုပ်ကြီးတွေပဲ ယှဉ်နိုင်လိမ့်မယ်"
အကြီးအကဲ ချီကျွယ်က ကြောက်ကြောက်လန့်လန့်ဖြင့် တွေးလိုက်မိ၏။
"မင်းက အသက်ရှင် နေသေးတာပဲ…"
ချန်းဖန်က ချီကျွယ်ကို တစ်ချက်ကြည့်ရင်း မျက်မှောင်ကြုတ် လိုက်သည်။
"ဟမ့်… ဒီတစ်ခါရော အသက်ရှင်နိုင်မလား… ကြည့်ရတာပေါ့"
ချန်းဖန်က နှာခေါင်းတစ်ချက် ရှုံ့ရင်း ရှေ့သို့တစ်လှမ်း တိုးလိုက်သည်။ မျက်တောင် တစ်ခတ်စာ အတွင်းမှာပင် သူ၏ ခန္ဓာကိုယ်က မူလနေရာမှ ပျောက်ကွယ်ကာ ချီကျွယ်၏ အရှေ့၌ ပြန်ပေါ်လာ၏။
"ငါ့ကို ကယ်ကြပါဦး…"
အကြီးအကဲ ချီကျွယ်က အော်ဟစ် အကူအညီ တောင်းရင်း သူ၏စွမ်းအား အလုံးစုံကို လက်ညှိုးဆီသို့ ပို့လွှတ်ကာ ချန်းဖန်အား တားဆီးလိုက်သည်။
ထိုခဏတွင်ပင် သူ၏ အသားအရေများမှာ ရင့်ရော်လာကာ သူ၏ ဆံပင်များမှာလည်း ဖြူရော်လာ၏။
"မိန်ချင်း လက်ချောင်း…"
ထိုအရာကား မိန်ချင်းဂိုဏ်း၏ လျှို့ဝှက်ကျင့်စဉ် တစ်ခု ဖြစ်ပြီး သက်ရှိတိုင်း၏ ဝိညာဉ်ကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိသည်။
"အကြီးအကဲ ချီကျွယ်ကို ကူညီကြ…"
အရှင်ဒေါသက သူနှင့် တိုက်ခိုက်နေသည့် မြွေဖြူကြီးကို လျစ်လျူရှု၍ အဝေးမှ ချန်းဖန်ကို တိုက်ခိုက်လိုက်သည်။
"မဟာ မီးလက်ဝါး…"
"ဘုန်း…"
ပေါ်ကွဲသံနှင့် အတူ ကြီးမားသော ရွှေရောင် လက်ဝါးကြီးတစ်ခု ကောင်းကင်၌ ဖြစ်ပေါ် လာကာ ချန်းဖန်အပေါ် ပိကျလာသည်။
"သွားစမ်း…"
လနတ်သမီးကလည်း သူ၏ ကောင်းကင် ရေခဲအလင်းကို ပစ်လွှတ်လိုက်၏။
သလင်းကျောက်ကဲ့သို့ ကြည်လင်သော အလင်းသည် ကောင်းကင်ကို ဖြတ်သန်း၍ လင်းလက်၏။ ကောင်းကင် ရေခဲအလင်းသည် ရေခဲအမတေဖြင့် ဖွဲ့စည်ထားကာ အရာရာကို အေးခဲ ပစ်နိုင်သည်။
မြေကမ္ဘာ အဆင့် သုံးယောက်၏ ပူးပေါင်း တိုက်ခိုက်မှု…
ခပ်လှမ်းလှမ်းမှ ကြည့်နေသော ချမ်ရဲ့ရွှယ်မှာ ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အသွားမိသည်။
သူမသည် ချန်းဖန် အစွမ်းထက်သည်ကို သိသည့်တိုင် ယခုကဲ့သို့ အကြီးအကဲ ချီကျွယ်ကိုပင် အဆုံးတိုင်အောင် ဖိအားပေးနိုင်မည်ဟု မတွေးခဲ့ဖူးချေ။
"ရှင် ဘယ်လောက်ပဲ အစွမ်းထက်ထက် မြေကမ္ဘာ နတ်ဘုရား သုံးယောက် ပူးပေါင်းပြီး တိုက်ခိုက်နေတာကနေ ဘယ်လို လွတ်နိုင်မှာလဲ…"
ချမ်ရဲ့ရွှယ်က တွေးလိုက်သည်။
သို့သော်လည်း ထပ်မံ မြင်တွေ့ရသည့် မြင်ကွင်းများက သူမ၏ မျက်လုံးများကို ပြူးကျယ် သွားစေတော့၏။
"သွားစမ်း…"
ချန်းဖန်က သူ၏ လက်ကို ဆန့်ထုတ်ရင်း အဇူရာ လက်ဝါးတစ်ခုကို "မဟာ မီးလက်ဝါး" ဆီသို့ ပစ်လွှတ်လိုက်သည်။
အဇူရာ လက်ဝါးသည် ပေအနည်းငယ်ခန့်သာ ကြီးမားရာ မဟာမီးလက်ဝါး၏ အရှေ့၌ ပုရွက်ဆိတ် တစ်ကောင်နှင့် ခြားနားခြင်း မရှိချေ။
"ခရက်…"
သို့သော်လည်း ထိုပုရွက်ဆိတ် လက်ဝါး၏ တိုးဝင်မှုတွင် မဟာမီးလက်ဝါးကား တူဖြင့် ထုရိုက်ခံရသည့် ဖန်ခွက်တစ်ခုအလား ကွဲကြေသွားတော့၏။
သို့သော်လည်း အဇူရာ လက်ဝါးကမူ ရပ်တန့်ခြင်းမရှိဘဲ အရှင်ဒေါသထံသို့ တိုးဝင်သည်။
"သောက်ဒုက္ခပဲ…"
အရှင်ဒေါသက ချက်ချင်းပင် သူ၏ လည်ပင်းမှ ပုတီးစေ့ အချို့ကို ထုတ်ယူ၍ ပစ်လွှတ် လိုက်သည်။
ပုတီးစေ့ တစ်ခုချင်း စီတွင် "ဧကရာဇ်ကောင်၏ ကမ္ဘာ ဓမ္မ အစီအရင်" တစ်ခုစီ ပါရှိပြီး ထိုအစီအရင် တစ်ခုချင်းစီသည် မြေကမ္ဘာ အဆင့်၏ တိုက်ခိုက်မှု တစ်ကြိမ်ကို တားနိုင်၏။
ဘုန်း… ဘုန်း… ဘုန်း…
သို့သော်လည်း အဇူရာ လက်ဝါးနှင့် ထိတွေ့သည်နှင့် ပုတီးစေ့များမှာ ခုခံနိုင်ခြင်း အလျင်း မရှိဘဲ ပေါက်ကွဲကာ ပျက်စီးရသည်။
နောက်ဆုံး၌ အရှင် ဒေါသက စိန်ပုတီးစေ့ တစ်ခုကို ထုတ်ယူ၍ ပစ်ခတ်လိုက်သည်။
"ဥုံ မ နော မ ဒ မေ ဟုံ.."
ရုတ်ချည်းပင် လေထဲ၌ တင်ပျဉ်ခွေကာ ထိုင်နေသော ဘုန်းကြီးအိုတစ်ပါး ပေါ်လာ၏။ ဘုန်းကြီးအိုသည် မန္တန်များကို ရွတ်ဖတ်ရင်း အဇူရာလက်ဝါးကို တားဆီးသည်။
ဘုန်း…
လေထု၌ ပေါက်ကွဲမှုတစ်ခု ဖြစ်လာကာ ဘုန်းကြီးအိုရော အဇူရာ လက်ဝါးပါ ပျောက်ကွယ် သွားတော့သည်။
ထိုအချိန်မှာပင် လနတ်သမီး၏ ကောင်ကင် ရေခဲအလင်းနှင့် ချီကျွယ်၏ မိန်ချင်း လက်ချောင်းက ရောက်ရှိလာသည်။
ချန်းဖန်က သူ၏ ပါးစပ်ကို ဖွင့်ဟ၍ ကောင်းကင် ရေခဲအလင်းကို စုပ်ယူ မျိုချလိုက်သည်။ မိန်ချင်းလက်ချောင်း အတွက်မူ သူက ဂရုပင်မစိုက်ဘဲ ခန္ဓာကိုယ်ပေါ် တိုက်ရိုက် ကျရောက် စေလိုက်၏။
"သေလိုက်တော့…"
တစ်ဆက်တည်းပင် ချန်းဖန်က ချီကျွယ်၏ နဖူးအား လက်ညှိုးဖြင့် ထိုးလိုက်သည်။
"မဖြစ်နိုင်…"
စကား မဆုံးခင်မှာပင် အကြီးအကဲ ချီကျွယ်၏ လင်းလက်နေသော မျက်လုံးများ မှေးမှိန်သွား၏။ ထို့နောက် သူ၏ ခန္ဓာကိုယ်မှာ ပေါက်ကွဲ၍ သွေးမြူများ အသွင် ပြောင်းလဲ သွားတော့သည်။
ရုတ်တရက် လူသား၊ ဝိညာဉ်သားရဲ သက်ရှိ အားလုံး တိတ်ဆိတ် သွား၏။
ထိုအရာကား အကြီးအကဲ ချီကျွယ် ဖြစ်သည်။
သူသည် အစွမ်းထက်သော မြေကမ္ဘာ အဆင့် တစ်ယောက် ဖြစ်ကာ ခွန်ရှု့ နယ်မြေ၏ လွှမ်းမိုးသူ တစ်ယောက်လည်း ဖြစ်သည်။ မြေကမ္ဘာ အလယ်ဆင့် တစ်ယောက်ပင် သူ့အား သတ်ဖြတ်ရန် ခက်ခဲပေလိမ့်မည်။
သို့သော်လည်း ထိုသို့ အစွမ်းထက်သော မြေကမ္ဘာ နတ်ဘုရား တစ်ယောက်ကား ချန်းဖန် ဆိုသော လူငယ်လေး၏ လက်ညှိုး တိုက်ခိုက်မှုတွင် အသတ်ခံလိုက်ရပြီ ဖြစ်သည်။
"သူက တကယ်ပဲ သေမျိုးကမ္ဘာက လူသား တစ်ယောက်ရော ဟုတ်ရဲ့လား…"
ချမ်ရဲ့ရွှယ်မှာ ချန်းဖန်ကို ကြောင်ကြည့်ရင်း ဆွံ့အနေခဲ့မိ၏။
ထိုအကောင်သည် မြေကမ္ဘာ နတ်ဘုရား အဆင့်သို့ ရောက်သည်မှာ ရက်ပိုင်းသာ ရှိသေးကြောင်း သူမသိသည်။ သို့သော်လည်း အကြီးအကဲ ချီကျွယ်ကိုပင် ကြက်သတ်သလို သတ်နိုင်သည့် ခွန်အားများ မည်သည့် နေရာက ရရှိလာကြောင်းကိုမူ သူမ မသိချေ။
"ရဲ့ရွှယ်… အဲဒီကောင်က လူသားကမ္ဘာက ဆိုတာ တကယ်ရော ဟုတ်ရဲ့လားဟင်"
လနတ်သမီးက မေးလိုက်၏။
ချမ်ရဲ့ရွှယ်သည် ပြန်မဖြေခဲ့ချေ။ သူမသည် မဖြေချင်၍ မဟုတ်ဘဲ ဖြေစရာ မရှိ၍သာ ဖြစ်၏။
ဝိညာဉ်သားရဲများမှာလည်း စုစည်း၍ ချန်းဖန်အား ကြောင်တောင်တောင် ကြည့်နေမိသည်။ သူတို့သည် ချန်းဖန် ဆိုသော လူသားမှာ လဲ့ရှင်းထက် ပို၍ အန္တရာယ်များကြောင်း ခံစားနေခဲ့မိ၏။
"အစ်ကိုလဲ့… ကျုပ်တို့တော့ တကယ့်လူနဲ့ ရင်ဆိုင်နေရပြီ ထင်တယ်နော်"
ဓားတန်ခိုးရှင် ချန်းဟယ်က သူ၏ ဓားကို ဖြည်းညင်းစွာ ထုတ်ရင်း ပြောလိုက်သည်။
အကြီးအကဲ လဲ့ရှင်းသည် ချန်းဖန်အား အံ့ဩမိသည့်တိုင် သူ့ကိုယ်သူ ယုံကြည်ချက် ရှိနေဆဲ ဖြစ်သည်။ သူက ရွှေရောင် သစ်ပင်ကို တစ်ချက်ကြည့်ရင်း ဆိုလိုက်၏။
"အကိုချန်းဟယ်… သူ့ကို သုံးမိနစ်လောက် တားထားပေး… ကျုပ် မိုးကြိုးသစ်သီးတွေကို ယူလိုက်ဦးမယ်"
"သုံးမိနစ်… ဒီလောက်ကရတယ် ပြဿနာ မရှိပါဘူး"
ဓားတန်ခိုးရှင် ချန်းဟယ်က ဓားကို ဆွဲကိုင်ရင်း ချန်းဖန်အား စူးစိုက် ကြည့်လိုက်သည်။ ထိုလျှို့ဝှက် အဇူရာဂိုဏ်း၏ ဓားသမားကား အစွမ်းကုန် တိုက်ခိုက်တော့မည့်ပုံ ရသည်။
"အရှင်ချန်း… ကျုပ် သူ့ကို တားထားလိုက်မယ်… မိုးကြိုးသစ်သီးကို ယူလိုက်"
ရဲ့ချင်စန်းက သွေးတစ်လုတ်ကိုထွေးရင်း ရှေ့သို့ တက်လာသည်။
သို့သော်လည်း သူသည် မြေကမ္ဘာအဆင့်များကြား၌ အားအနည်းဆုံး ဖြစ်သည့်အပြင် ဝိညာဉ် သားရဲများနှင့် တိုက်ပွဲတွင်လည်း ဒဏ်ရာ ရထားသေးသည်။ ဓားတန်ခိုးရှင် ချန်းဟယ်ကို မည်ကဲ့သို့ တားနိုင်မည်နည်း။
"ဟား… ဟား… ဟား…"
ချန်းဖန်က ရယ်မောရင်း ရဲ့ချင်စန်းကို တားလိုက်သည်။
"အေးဆေးသာနေ ရောင်းရင်းရဲ့… ကျုပ် သူ့ကို တစ်စက္ကန့်အတွင်း အနိုင်ယူလို့ရတယ်"
"မောက်မာလိုက်တာ…"
ချန်းဟယ်၏ မျက်လုံးများက ရုတ်တရက် အလွန်အမင်း အေးစက်သွားသည်။ သူ၏ ဓားကလည်း ထက်ရှသော အငွေ့အသက်ကို ထုတ်လွှတ်၍ ၎င်း၏ သတ်ဖြတ်လိုစိတ်ကို ဖော်ပြသည်။
"မင်း ငါ့ကို တစ်စက္ကန့်အတွင်း ဘယ်လိုအနိုင်ယူမလဲ ကြည့်ရတာပေါ့"
ချန်းဟယ်က ရှေ့သို့ တစ်လှမ်းတိုးကာ ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။
ကလန့်…
အဇူရာ ဓားအလင်းများက ကောင်းကင်အနှံ့ ဖြစ်ပေါ်လာကာ ချန်းဖန်ထံသို့ အရပ် ရှစ်မျက်နှာမှ တိုးဝင်လာသည်။
"အရပ် ရှစ်မျက်နှာ ဓား…"
အရပ်ရှစ်မျက်နှာ ဓားသည် လျှို့ဝှက် အဇူဂိုဏ်း၏ ထိပ်တန်း ဓားကျင့်စဥ်သုံးခု အနက်မှ တစ်ခုမှလာ၏။ ထိုဓားကျင့်စဥ်သည် ရွှမ်လော့ လေ့ကျင့်သော ပြိုင်ဘက်ကင်း ဓားချီ ကျင့်စဉ်နှင့် တန်းတူ အစွမ်းထက်သည်။
"ဟမ့်…"
ချန်းဖန်က ဂရုမစိုက်သလို နှာခေါင်းရှုံ့ရင်း လက်သီးတစ်ချက်ကို ဆန့်ထုတ်လိုက်သည်။
"လက်သီးတစ်ချက်က မင်းကို အနိုင်ယူဖို့ လုံလောက်ပြီ"
***