ဝန်းရံမှု အလယ်
Vol. 7 Ch. 672
မြေကမ္ဘာ နတ်ဘုရား လဲ့ရှင်း…
သူကား ခွန်ရှု့နယ်မြေ၏ အစွမ်းအထက်ဆုံး ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။ သူသည် တန်ခိုးရှင် အလယ်ဆင့်တွင် ရှိကာ များစွာသော လျှို့ဝှက် ကျင့်စဉ်များ၊ နတ်ဘုရားစွမ်းအားများကို ပိုင်ဆိုင်သည်။
သို့သော်လည်း ထိုကဲ့သို့ မြေကမ္ဘာ နတ်ဘုရား တစ်ယောက်ကား လူသားကမ္ဘာ၏ ကျင့်ကြံသူ တစ်ယောက်၏ တိုက်ခိုက်မှုတွင် ရှုံးနိမ့်သွားခဲ့ရပြီ ဖြစ်သည်။ အဆိုဆုံးကား လူသား ကမ္ဘာ၏ ကျင့်ကြံသူသည် လဲ့ရှင်းကို အနိုင်ယူရန် တိုက်ခိုက် တစ်ကွက်ကိုသာ သုံးခဲ့ခြင်းပင်။
"လျှို့ဝှက် အဇူရာ ဂိုဏ်းချုပ်နဲ့ ကောင်းကင် မိုးကြိုးဂိုဏ်းချုပ် တို့တောင် လဲ့ရှင်းလို လူမျိုးကို တိုက်ကွက် တစ်ကွက်အတွင်း အနိုင်ယူနိုင်မယ် မထင်ဘူး"
လနတ်သမီးက ဖြူရော်သော မျက်နှာဖြင့် ရေရွတ်လိုက်၏။
မြေကမ္ဘာ အဆင့် အလယ်ဆင့်နှင့် ထိပ်ဆုံးအဆင့် အကြား၌ ကွာခြားချက်များ ရှိသော်လည်း မြေကမ္ဘာ နတ်ဘုရား လဲ့ရှင်းသည် အလွန်အစွမ်းထက်သူ ဖြစ်သည်။ သူ့အား အားနည်းသော မြေကမ္ဘာ ထိပ်ဆုံး အဆင့်များပင် လွယ်ကူစွာ အနိုင်ယူနိုင်မည် မဟုတ်ချေ။
"ဘုန်း…"
ရုတ်တရက် ကျယ်လောင်သော မိုးထစ်ချုန်းသံနှင့် အတူ ခရမ်းရောင် အလင်းတစ်ခု ကောင်းကင်သို့ ထိုးတက်လာသည်။ ထို အလင်းကား မြေကမ္ဘာ နတ်ဘုရား လဲ့ရှင်းပင် ဖြစ်၏။
လဲ့ရှင်း၏ မျက်နှာသည် ဖြူရော်နေပြီး သွေးများဖြင့် ဖုံးလွှမ်းနေသည်။ သူ၏ အနက်ရောင် ဝတ်စုံ ဆိုလျှင်လည်း သွေးများဖြင့် ချင်းချင်းနီ နေတော့သည်။
သို့သော်လည်း ထိုအရာများကို လဲ့ရှင်းက ဂရုစိုက်ခြင်း မရှိချေ။ သူက ချန်းဖန်ကိုသာ ဟန်မူရာ ကင်းမဲ့စွာ ကြည့်၏။
"မြေကမ္ဘာ အဆင့်ကို ရောက်ပြီးပြီးချင်း လူတစ်ယောက်မှာ ဒီလို စွမ်းအားတွေ ပိုင်ဆိုင် ထားမယ်လို့ ငါမတွေးမိဘူး… မင်းက နှစ်တစ်ထောင်မှာ တစ်ယောက် ရှားပါး ပါရမီရှင်ပဲ… အကယ်လို့ မင်းသာ ကောင်းကင် မိုးကြိုးဂိုဏ်းကို ဝင်မယ်ဆိုရင် နောင်တက်မဲ့ ဂိုဏ်းချုပ် အဖြစ် မင်းကို ရာထားဖို့ အာမခံတယ်… နောက် ရာစုနှစ်တစ်ခု ကြာပြီးတဲ့နောက်မှာ မင်းဟာ ခွန်ရှု့ နယ်မြေရဲ့ စိုးမိုးသူ ဖြစ်လာလိမ့်မယ်"
ကောင်းကင်သခင်ဂိုဏ်း လက်ထောက် ဂိုဏ်းချုပ်၏ ကမ်းလှမ်းမှုကို ကြားရာတွင် လနတ်သမီး၊ အရှင်ဒေါသနှင့် အခြားလူများမှာ ဆွံ့အ၍ သွားကြသည်။
ရန်သူကို ထိုကဲ့သို့ ကမ်းလှမ်းခြင်းက အရှက်မဲ့ရာ ရောက်သော်လည်း အကောင်းဆုံး ရွေးချယ်မှုလည်း ဖြစ်၏။ သူတို့ အနေဖြင့် ချန်းဖန်နှင့် ဆက်လက် တိုက်ခိုက်မည် ဆိုပါက မည်သူ အနိုင်ရလိမ့်မည်မှန်း မသေချာပေ။
"ကောင်းကင်သခင်ဂိုဏ်းက ငါ့အတွက် ဘာမှ အဖိုးမတန်ဘူး… မင်းလုပ်ခဲ့တာတွေ အတွက် မင်းပြန်ပြီး ပေးဆပ်ရမယ်"
ချန်းဖန်က လက်ကို နောက်သို့ပို့ရင်း ဆိုလိုက်သည်။
မြေကမ္ဘာ နတ်ဘုရား လဲ့ရှင်းသည် သူ့အား အကောင်းဆုံး ကမ်းလှမ်းခဲ့သော်လည်း သူ စိတ်ဝင်စားခဲ့ချေ။ သူ့အား စော်ကားရဲလျှင် မည်သူမဆို သေရမည် ဖြစ်သည်။
"ဓား…"
အခြေအနေများ နောက်ပြန်ဆုတ်၍ မရနိုင်တော့ကြောင်း သဘောပေါက်သည်နှင့် လဲ့ရှင်းက အစွမ်းကုန် တိုက်ခိုက်ရန် ပြင်လိုက်သည်။
"ဘုန်း…"
သူ၏ ခန္ဓာကိုယ်မှ ခရမ်းရောင် မိုးကြိုးလှိုင်းများ ထွက်ပေါ်လာကာ လေးပေ၊ ခုနစ်လက်မ ရှည်သော အနက်ရောင် ဓားတစ်ချောင်း ဖွဲ့စည်းလာသည်။
ထိုဓားသည် ပုံပန်းသဏ္ဌာန်အရ သာမန် ဆန်သော်လည်း ခရမ်းရောင် လျှပ်စီးအလင်းများ၏ ဝန်းရံမှုတွင် လင်းလက် တောက်ပနေ၏။
"ခရမ်းရောင် မိုးကြိုးဓား…"
"ကောင်းကင်သခင်ဂိုဏ်း ပထမမျိုးဆက် ဘိုးဘေး ကောင်းကင်ကျိန်စာက အဲဒီဓားကို ခွန်ရှု့နယ်မြေက သံရယ် မိုးကြိုး နတ်ဘုရားရဲ့ စွမ်းအားရယ် ပူးပေါင်းပြီး ဖန်တီးခဲ့တယ်… မှတ်တမ်းတွေအရဆို အဲဒီ ဓားက ဆယ်ရက်တိတိ မိုးကြိုး စွမ်းအားတွေကို စုပ်ယူခဲ့တယ် တဲ့"
ချမ်ရဲ့ရွှယ်က ချန်းဖန်အား ရှင်းပြလိုက်၏။
ခရမ်းရောင် မိုးကြိုးဓားကား အလွန်ပင် အစွမ်းထက်လှ၏။ ထိုအရာ ပေါ်ထွက်လာသည်နှင့် ချက်ချင်းပင် လေထု၌ ဖိအားများတိုး၍ မိုးကြိုးမုန်တိုင်းများပင် ဖြစ်ပေါ်လာသည်။
"ခရမ်းရောင် မိုးကြိုးဓားက ငါတို့ ကောင်းကင်မိုးကြိုး ဂိုဏ်းရဲ့ ထိပ်တန်းရတနာ တစ်ခုပဲ… ဂိုဏ်းချုပ်က နတ်ဘုရား သင်္ချိုင်းရဲ့ မမြင်ရတဲ့ အန္တရာယ်တွေကြောင့် ငါ့ကို ဒီဓားပေးလိုက်တာ… ဒီနေ့ ဒီနေရာမှာ ငါ မင်းကို ဒီဓားနဲ့ သုတ်သင်ရတော့မှာပေါ့"
ဓားအား ဆွဲကိုင်သည်နှင့် လဲ့ရှင်း၏ အရှိန်အဝါက မိုးကြိုးလက်နက်ကို ကိုင်ဆောင်သည့် နတ်ဘုရားတစ်ပါး အလား ပြောင်းလဲသွားသည်။
"တစ်ဝက်တစ်ပျက် ဝိညာဉ် ရတနာ…"
ချန်းဖန်က မျက်မှောင်ကြုတ်ရင်း လဲ့ရှင်း၏လက်ထဲမှ လက်နက်ကို ကြည့်လိုက်သည်။
"တစ်ဝက်တစ်ပျက် ဝိညာဉ်ရတနာက ဝိညာဉ်ရတနာ တစ်ခုလောက် အစွမ်းမထက်ဘူး ဆိုပေမဲ့… သူ့မှာလိုနေတာဆိုလို့ ရတနာဝိညာဉ်ပဲ ရှိတယ်… ဒီရတနာရှိတဲ့ ဘယ်သူမဆို မူလအဆင့်ကို သတ်နိုင်ကြတယ်… ဒါပေမဲ့ အဲဒီလက်နက်နဲ့တောင် မင်းက ငါ့ရဲ့ ပြိုင်ဘက် မဟုတ်သေးဘူး"
ချန်းဖန်က တစ်ချက် ပြုံးလိုက်သည်။
ရွှေအမြုတေ အဆင့်များသာလျှင် ဝိညာဉ်ရတနာကို ပြုလုပ်နိုင်ကြ၏။
တစ်ဝက်တစ်ပျက် ဝိညာဉ် ရတနာသည် အစစ်အမှန် ဝိညာဉ် ရတနာများကို မမီသော်လည်း ဝိညာဉ် လက်နက်များထက်မူ များစွာ ပို၍ အစွမ်းထက်သည်။ ချန်းဖန်၏ မာကျူရီ ဝတ်စုံ၊ နတ်ဘုရားသတ် ဆူးချွန် တို့မှာလည်း တစ်ဝက်တစ်ပျက် ဝိညာဉ်ရတနာများ ဖြစ်သည်။
"ဝှစ်…"
ထိုအချိန်မှာပင် ဓားတန်ခိုးရှင် ချန်းဟယ်သည် တစ်မြုပ်နေသော တောင်အတွင်းမှ ထရပ်ကာ ကောင်းကင်သို့ ပျံတက်လာ၏။
"ကလန့်…"
သူ၏ ခေါင်းထက်တွင်မူ အဆောင်တစ်ခုက ကြမ်းတမ်းစွာ လည်ပတ်နေပြီး ၎င်းမှ ထွက်ပေါ်လာသည့် စွမ်းအားများက ချန်းဟယ်အပေါ် စီးဆင်း အားဖြည့်နေသည်။
"အဲဒါက လျှို့ဝှက် အဇူရာဂိုဏ်းရဲ့ ပြန်လည် ဝင်စားခြင်း ဓားအဆောင်မလား… ချန်းဟယ်က သူ့ရဲ့ စွမ်းအားကို တစ်မိနစ်လောက် ငှားယမ်း နိုင်လိမ့်မယ်"
ချမ်ရဲ့ရွှယ်က ရေရွတ်လိုက်သည်။
တစ်ဝက်တစ်ပျက် ဝိညာဉ် ရတနာနှင့် ပြန်လည်ဝင်စားခြင်း ဓားအဆောင်…
ခွန်ရှု့နယ်မြေ၏ အရှင်သခင် နှစ်ယောက်ကား သူတို့၏ ဝှက်ဖဲများကို အသီသီး ထုတ်သုံးနေကြပြီ ဖြစ်သည်။
ထိုအချိန်မှာပင် အလင်းတန်း နှစ်ခုသည် ကောင်းကင်ကို ဖြတ်သန်း၍ ရောက်ရှိလာသည်။
ထိုအလင်းတန်း နှစ်ခုအနက် တစ်ခုသည် သေဆုံးခြင်းချီများကို ထုတ်လွှတ်နေသည့် အလောင်းကောင် တစ်ကောင်ဖြစ်ပြီး အခြား တစ်ခုမှာမူ အနက်ရောင် မီးတောက်များ ဝန်းရံနေသော ကိုင်လင်နှင့်တူသည့် ဝိညာဉ် သားရဲ တစ်ကောင် ဖြစ်သည်။
"နတ်ဘုရား သင်္ချိုင်း တောင်ကြားရဲ့ ဖုတ်ကောင် ဘုရင်နဲ့ မီးနက် တောင်ကြားရဲ့ အနက်ရောင် ကိုင်လင်…"
မိုးကြိုးမြင်းပျံက ထိတ်လန့်စွာ ရေရွတ်လိုက်သည်။
ထိုသတ္တဝါ နှစ်ကောင်ကား နတ်ဘုရား သင်္ချိုင်း တောင်ကြားရဲ့ အစွမ်း အထက်ဆုံး အရှင်သခင်များ ဖြစ်ကြသည်။ သူတို့သည် မိုးကြိုးမြင်းပျံ၊ မီးမျောက်ဝံတို့ထက် များစွာပို၍ အစွမ်းထက်သည်။
"ဖုတ်ကောင် ဘုရင်က လွန်ခဲ့တဲ့ နှစ်ထောင်ချီက သေဆုံးခဲ့တဲ့ ကောင်းကင် တန်ခိုးရှင် တစ်ယောက်ရဲ့ အလောင်းကနေ အသွင်ပြောင်းသွားတာ… သူ့ရဲ့ ခန္ဓာကိုယ်က အရမ်းကို မာကျောတယ်တဲ့… အနက်ရောင် ကိုင်လင်ကတော့ အစစ်အမှန် ကိုင်လင်သားရဲ တစ်ကောင်ရဲ့ သွေးကို ပိုင်ဆိုင်ထားတယ်တဲ့… သူတို့ နှစ်ယောက်စလုံးက နတ်ဘုရား သင်္ချိုင်းတောင်ကြားရဲ့ အစစ်အမှန် အရှင်သခင်တွေပဲ"
အနီရောင်ကျားက ထိတ်လန့်စွာ အော်ဟစ်လိုက်သည်။
ရုတ်တရက် လနတ်သမီးက တလက်လက် တောက်ပနေသော မျက်လုံးများဖြင့် အော်ဟစ် လိုက်သည်။
"နတ်ဘုရားသင်္ချိုင်း တောင်ကြားရဲ့ ဝိညာဉ် သားရဲများရှင်… ကျွန်မတို့ရဲ့ အဓိက ရည်ရွယ်ချက်က ချန်းပေ့ရွှမ်းကို သတ်ဖို့ပါ… သူ အသက်ရှင်နေသမျှ ကျွန်မတို့ အထဲက ဘယ်သူကမှ မိုးကြိုးသစ်သီးတွေကို ရမှာ မဟုတ်ပါဘူး"
လနတ်သမီး၏ စကားသံကို ကြားရာတွင် ဝိညာဉ်သားရဲများသည် အနည်းငယ် တွန့်ဆုတ် သွားကြသည်။ သူတို့သည် အဝေးမှနေ၍ ချန်းဖန် မည်မျှ ပြိုင်ဘက်ကင်းသည်ကို မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။
အနက်ရောင် ကိုင်လင်က ဆုံးဖြတ်ပြီးဟန်ဖြင့် ချန်းဖန်ထံ အနက်ရောင် မီးတောက်များ မှုတ်ထုတ်လိုက်သည်။
"မိုးကြိုးသစ်သီးပင်ကို ထရဲတဲ့ ဘယ်သူမဆို သေရမယ်…"
"ဘုန်း…"
ဖုတ်ကောင် ဘုရင်ကလည်း ရှေ့သို့တိုး၍ သူ၏ သေဆုံးခြင်းချီများဖြင့် တိုက်ခိုက်လိုက်၏။
ထိုနတ်ဘုရား သင်္ချိုင်း တောင်ကြား၏ အရှင်သခင် နှစ်ယောက်ကား အလွန်ပင် ပါးနပ်သည်။
သူတို့သည် ဤနေရာ၌ရှိသော လူများအနက် အစွမ်းအထက်ဆုံးလူမှာ ချန်းဖန် ဖြစ်ကြောင်း သိရှိကြသည်။ ထို့ကြောင့် သူတို့က ချန်းဖန်ကို ဦးစွာရှင်းထုတ်ရန် ကြိုးစားလိုက်ကြခြင်း ဖြစ်သည်။
"ရား…"
မိုးကြိုးမြင်းပျံ၊ အနီရောင်ကျားနှင့် အခြား ဝိညာဥ်သားရဲ၊ ပညာရှင်များကလည်း တက်ညီလက်ညီဖြင့် ချန်းဖန်ထံသို့ ပြေးဝင်သွားတော့၏။
"ချန်းပေ့ရွှမ်း… ရှင်က အရမ်းကို မောက်မာလွန်းတယ်… ရှင်သာ မြေကမ္ဘာ နတ်ဘုရား လဲ့ရှင်းရဲ့ စကားကို နားထောင်ခဲ့ရင် ခုလိုတွေ ဖြစ်လာမှာ မဟုတ်ဘူး"
ချမ်ရဲ့ရွှယ်က ပေတစ်ထောင်ခန့် နောက်သို့ဆုတ်ရင်း ချန်းဖန်ကိုကြည့်ကာ သက်ပြင်း ချလိုက်သည်။
မြေကမ္ဘာ အလယ်ဆင့် ဝိညာဉ်သားရဲ နှစ်ကောင်၊ အရှင်သခင် နှစ်ယောက်၊ မြေကမ္ဘာ အစောပိုင်း အဆင့်ပညာရှင် နှစ်ယောက်၊ ဝိညာဉ် သားရဲ ခြောက်ကောင်…
စုစုပေါင်း မြေကမ္ဘာအဆင့် တစ်ဒါဇင်၏ တစ်ပြိုင်နက်တည်း တိုက်ခိုက်မှု…
ခွန်ရှု့နယ်မြေ၏ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်လျှင်ပင် ထိုတိုက်ခိုက်မှုအား ခုခံနိုင်မည် မဟုတ်ချေ။
"အရှင်ချန်း…"
ရဲ့ချင်စန်းက စိုးရိမ်တကြီး အော်ဟစ်ရင်း တိုက်ပွဲအတွင်း ဝင်ပါရန် ပြင်လိုက်သည်။ သို့သော်လည်း မီးမျောက်ဝံက ရုတ်တရက် ပြန်ပေါ်လာကာ သူ့အား တားဆီးလိုက်သည်။
"ပါရမီရှင်ပဲ… ဒါပေမဲ့ မောက်မာပြီး အထက်စီး ဆန်လွန်းတယ်… ဒီတစ်ခါ သေခြင်းတရားကနေ သူ မလွတ်နိုင်တော့ဘူး"
ဓားတန်ခိုးရှင် ချန်းဟယ်က သက်ပြင်းချ၍ ခေါင်းအား ခါလိုက်သည်။ ထို့နောက် သူက ချက်ချင်းပင် သံပေခန့်ရှည်သော အဇူရာ အလင်းကို ဖန်တီးကာ ချန်းဖန်ဆီသို့ ပစ်လိုက်သည်။
"ကလန့်…"
လဲ့ရှင်းကလည်း ရှေ့သို့တိုးကာ သူ၏ ခရမ်းရောင် မိုးကြိုးဓားဖြင့် ခုတ်ပိုင်းလိုက်၏။
"ဘုန်း…"
အခြားမြေကမ္ဘာ အဆင့်များကလည်း တစ်ပြိုင်နက်တည်း လိုလိုပင် ချန်းဖန်အား တိုက်ခိုက်လိုက်ကြသည်။
"ဘုန်း…"
မရေမတွက်နိုင်သော တိုက်ခိုက်မှုများက ချန်းဖန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာသည်။ သို့သော်လည်း ချန်းဖန်က ရှောင်တိမ်းခြင်း မပြုဘဲ မားမားမတ်မတ် ရပ်၍ ခုခံလိုက်၏။
ဘုန်း… ဘုန်း… ဘုန်း…
တစ်ခဏအတွင်းမှာပင် ချန်းဖန် တည်ရှိရာ ပတ်ဝန်းကျင်ကား အမျိုးမျိုးသော တိုက်ခိုက်မှု စွမ်းအား ပေါက်ကွဲမှုများဖြင့် ဖုံးလွှမ်းသွားတော့သည်။
"သူ သေသွားတလား…"
ချမ်ရဲ့ရွှယ်က သက်ပြင်းတစ်ချက်ချရင်း ချန်းဖန်ရှိရာဆီသို့ ကြည့်သည်။ သို့သော်လည်း စိတ်လှုပ်ရှားစရာ မြင်ကွင်းတစ်ခုကသာ သူမကို ဆီးကြိုနေလေ၏။
"ဟူး… ဟူး… ဟူး…"
ရုတ်တရက် ချန်းဖန်ရပ်နေခဲ့သော နေရာ၌ အဇူရာ အလင်း တစ်ခု လင်းလက်လာ၏။
ထိုအလင်း၏ အလယ်ဗဟိုတွင်မူ ထူးဆန်းသော သားရဲတစ်ကောင် ရှိနေခဲ့သည်။ ထိုသားရဲသည် ဆယ်ပေခန့် ရှည်လျားပြီး သူ၏ မျက်လုံစိမ်းကြီးများဖြင့် လူတိုင်းကို အေးစက်စွာ ကြည့်နေခဲ့သည်။
ကောင်းကင်ပန်းချီ ဆယ့်နှစ်ခု၊ ခွန်ပန် ဓမ္မ အသွင်ကား ထွက်ပေါ်လာခဲ့ပြီ ဖြစ်လေ၏။
***