← Chapters

ဝါးမျိုခြင်း

Vol. 7 Ch. 673

ဝါးမျိုခြင်း

Vol. 7 Ch. 673

ခွန်ပန် ဓမ္မ အသွင်သည် ကောင်းကင်ပန်းချီ ဆယ့်နှစ်ခု၏ ပထမ ပြောင်းလဲမှုဖြစ်သည်။

ထိုအရာသည် အစစ်အမှန် ခွန်ပန်၏ ဆယ်ပုံ တစ်ပုံသာ အစွမ်းသော်လည်း ခွန်ရှု့နယ်မြေနှင့် နတ်ဘုရား တောင်ကြားမှ အရှင်သခင်များ အတွက် အလွန် ကြောက်ဖို့ကောင်းနေပြီ ဖြစ်လေ၏။

"ဘာကြီးလဲ…"

လနတ်သမီးသည် ခွန်ပန်သားရဲ အသွင် ပြောင်းလဲသွားသည့် သားရဲကို ကြည့်ပြီး ကြောက်လန့်၍ သွားသည်။

ထိုအရာသည် ပထမဆုံးအကြိမ် အဖြစ် သားရဲအသွင် ပြောင်းလဲသွားသည့် လူသားတစ်ဦးကို သူမ မြင်ဖူးခြင်း ဖြစ်၏။

ထိုအချိန်၌ အနက်ရောင် ကိုင်လင်၊ မိုးကြိုး မြင်းပျံနှင့် အခြား ဝိညာဉ် သားရဲများမှာမူ ထိတ်လန့်နေကြပြီ ဖြစ်လေသည်။

ထိုအရာကား ခွန်ပန်ဖြစ်သည်။ ခွန်ပန်သည် စကြဝဠာအတွင်းရှိ ဝိညာဉ် သားရဲများအနက် ထိပ်ဆုံး၌ ရပ်တည်နေသော ကောင်းကင် သားရဲ ဖြစ်သည်။

သူတို့ကဲ့သို့ သားရဲလေးများသည် ခွန်ပန် ကောင်းကင်သားရဲ၏ ကြီးကျယ် မြင့်မြတ်မှု၌ ခြေမှုန်စပင် မဖြစ်နိုင်ချေ။

"ဘုန်း…"

ခွန်ပန်သားရဲသည် ၎င်း၏ တောင်ပံများကို ဖြန့်ကြက်ရာ မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာ၏။

"သတ်…"

လှုပ်ရှားလာသော ခွန်ပန်သားရဲကို မြင်သည်နှင့် အနက်ရောင် ကိုင်လင်သားရဲက ပါးစပ်ကိုဟ၍ အနက်ရောင် မီးတောက်များကို မှုတ်ထုတ်လိုက်သည်။

ထိုအရာကား အနက်ရောင် ကိုင်လင် မိသားစု အစဉ်အဆက် လက်ဆင့် ကမ်းခဲ့သည့် ကိုင်လင်မီးတောက် ဖြစ်သည်။

ထိုမီးတောက်သည် အစစ်အမှန် ကိုင်လင် မီးတောက်၏ သေးငယ်သော အစိတ်အပိုင်း လေးသာ ဖြစ်သော်လည်း ချန်းဖန်၏ လီ ရွှေရောင် မီးတောက်နှင့်ပင် ယှဉ်နိုင်၏။

"သတ်… သတ်… သတ်…"

မိုးကြိုးမြင်းပျံ၊ အနီရောင် ကျားနှင့် အခြား ဝိညာဉ်သားရဲများကလည်း ထိတ်လန့် နေမိသည့်တိုင် သူတို့၏ မွေးရာပါ နတ်ဘုရား စွမ်းအားများကို ဆင့်ခေါ်၍ တိုက်ခိုက်လိုက်ကြသည်။

"ဘုန်း…"

တစ်ချိန်တည်းတွင် ခွန်ပန် အသွင်သဏ္ဌာန် ချန်းဖန်သည် အတောင်ပံကိုခတ်ရင်း အသံ၏ အမြန်နှုန်းကို ချိုးဖျက်လိုက်သည်။

ရှစ်ဆ…

ကိုးဆ…

ဆယ်ဆ…

ချန်းဖန်သည် မျက်တောင်တစ်ခတ်စာ အတွင်းမှာပင် အသံ၏ ဆယ်ဆကို ချိုးဖျက် လိုက်သည်။ ပြိုင်ဘက်ကင်း အမြန်နှုန်းတွင် ရန်သူများသည် ချန်းဖန်၏ အရိပ်ကိုသာ တွေ့ကြရတော့၏။

အသံ၏ ဆယ်ဆ…

ထိုအမြန်နှုန်းကား တစ်က္ကန့် အတွင်း သုံးကီလိုမီတာ ခရီးကို သွားနိုင်သည့်နှုန်း ဖြစ်သည်။

မျက်တောင်တစ်ခပ်စာ အတွင်းမှာပင် ချန်းဖန်သည် ပေတစ်ရာခန့် အကွာအဝေးရှိ မိုးကြိုးမြင်းပျံ၊ အနီရောင်ကျားတို့၏ အရှေ့၌ ပြန်ပေါ်လာကာ အတောင်ပံဖြင့် ခုတ်ချလိုက်၏။

"ဘုန်း…"

ခွန်ပန် အတောင်ပံ၏ ဖြတ်ပိုင်းမှုတွင် နိမ့်ကျသော ဝိညာဉ်သားရဲများကား ခုခံမှု ကင်းမဲ့ရ၏။

သူတို့၏ ခန္ဓာကိုယ်များသည် အဆင့်မြင့် ဝိညာဉ် ရတနာများအလား မာကျောသော်လည်း ခွန်ပန်၏ အတောင်ပံတွင် တိုဟူးများအလား ထက်ဝက်ပိုင်းဖြတ် ခံရသည်။

"သူ့ကိုသတ်…"

အနက်ရောင် ကိုင်လင်က ဒေါသတကြီး အော်ဟစ်လိုက်၏။

ဟူး… ဟူး…

သူ၏ အနက်ရောင် မီးတောက်များက မီး လေပွေ အသွင် ပြောင်းလဲ၍ ချန်းဖန်အား ဝါးမျိုရန် ပြင်၏။ သို့သော်လည်း ချန်းဖန်သည် ခွန်ပန် အသွင် ပြောင်းလဲထားရာ သူ၏ အမြန်နှုန်းကား မီးလေပွေထက် အဆများစွာ ပိုမို မြန်ဆန်၏။

ဝှစ်… ဝှစ်…

ခွန်ပန်က မူလနေရာမှ ပျောက်ကွယ်ကာ အရှင်ဒေါသ၏ အနောက်၌ ပြန်ပေါ်လာ၏။

"အကာအကွယ်…"

အရှင်ဒေါသသည် အတွေ့အကြုံ ရင့်ကျက်သော မြေကမ္ဘာအဆင့် တစ်ယောက် ဖြစ်သည်။ သူသည် ချက်ချင်းပင် ကမ္ဘာပုတီးလုံး ဆယ့်နှစ်လုံးကို ထုတ်ယူကာ ပစ်လွှတ်လိုက်သည်။

ကမ္ဘာပုတီးလုံး တစ်လုံးသည် မြေကမ္ဘာအဆင့် တစ်ယောက်၏ တိုက်ခိုက်မှုကို ခုခံနိုင်သည်။ ထို့ကြောင့် ကမ္ဘာပုတီးလုံး ဆယ့်နှစ်လုံးသည် မြေကမ္ဘာအဆင့် ဆယ့်နှစ်ယောက်၏ တိုက်ခိုက်မှုကိုပင် တားဆီးနိုင်၏။

သို့သော်လည်း သူရင်ဆိုင်နေရသော ရန်သူကား သာမန် မြေကမ္ဘာအဆင့် မဟုတ်ချေ။ ခွန်ပန်အသွင် ပြောင်းလဲထားသည့် ချန်းဖန် ဖြစ်သည်။

"ခရက်…"

ခွန်ပန်၏ အတောင်ပံ ရိုက်ခတ်မှုတွင် ပုတီးလုံး ဆယ့်နှစ်လုံး ကွဲကြေသည့်အပြင် အရှင်ဒေါသ၏ မျက်ခုံးနှစ်ခု အကြား၌ အက်ရာတစ်ခု ဖြစ်ပေါ်လာ၏။

"ခရက်…"

အက်ရာက မျက်ခုံးနှစ်ခုကြားမှ တစ်ဆင့် နှာခေါင်း၊ မေးစေ့ ရင်ဘတ် အထိ တဖြည်းဖြည်း ပျံ့နှံ့သွားသည်။ အဆုံး၌ အရှင်ဒေါသ၏ ခန္ဓာကိုယ်သည် အလယ်မှ နှစ်ပိုင်းပြတ်ကာ မြေပြင်သို့ ပြုတ်ကျ သွားတော့သည်။

မိုးကြိုးတောင်၏ ဘုန်းတော်ကြီး အရှင်ဒေါသကား ချန်းဖန်၏ တိုက်ခိုက်မှု၌ နှစ်ပိုင်းကွဲကာ စုတေသွားခဲ့လေပြီ ဖြစ်သည်။

"ပြေး…"

အဖြူရောင် မြွေနှင့် ရွှေရောင် လင်းယုန်တို့ကား ဆက်လက် တိုက်ခိုက်ရန် မဝံ့ရဲကြတော့ချေ။ သူတို့သည် ချက်ချင်းပင် အလင်းတန်း အသွင်ဖြင့် အသံ၏ အမြန်နှုန်းကို ချိုးဖျက်ကာ ထွက်ပြေးကြတော့၏။

သို့သော်လည်း ဤကမ္ဘာလော၌ ခွန်ပန်၏ အမြန်နှုန်းကား ပြိုင်ဘက်ကင်းသည်။ သူနှင့် ယှဉ်ပါက အဖြူရောင် မြွေ၊ ရွှေရောင် လင်းယုန်တို့မှာ လိပ်သားပေါက်လေးများနှင့် ခြားနားခြင်း မရှိချေ။

ဝှစ်… ဝှစ်…

တစ်စက္ကန့် အတွင်းမှာပင်…

မိုက်မဲသော သားရဲ နှစ်ကောင်၏ ခန္ဓာလေးပိုင်းသည် အသက်မဲ့စွာဖြင့် ကောင်းကင်မှ မြေကြီးသို့ကျ၏။

ချန်းဖန်၏ အတောင်များကား အလွန်ပင် ထက်ရှလှရာ သားရဲနှစ်ကောင် အတွက် ခုခံရန် အခွင့်အရေးပင် မရှိလိုက်ချေ။

"သူ့ကိုသတ်ကြ…"

မြေကမ္ဘာ နတ်ဘုရား လဲ့ရှင်းက လျှပ်စီးဖြင့် ဆယ်ပေခန့် ရှည်သော နဂါးတစ်ကောင်ကို ဆင့်ခေါ်လိုက်သည်။ ထိုနဂါးက ကျယ်လောင်စွာ ဟိန်းဟောက်ရင်း ချန်းဖန်ဆီ တိုးဝင်၏။

"ကလန့်…"

ချန်းဖန်သည် သူ၏ ဘယ်ဘက် အတောင်ပံကို မြှောက်ကာ လျှပ်စီးနဂါးကို တိုက်ရိုက် ပိတ်ဆို့လိုက်သည်။

"ခရက်…"

လျှပ်စီးနဂါးသည် ချန်းဖန်ကို ဝါးမျိုရမည့် အစား အတောင်ပံ၏ ပိတ်ဆို့မှုတွင် ချက်ချင်းပင် ကွဲကြေသွား၏။

လျှပ်စီးနဂါးကို ထိန်းချုပ်နေသည့် လဲ့ရှင်းမှာလည်း မသက်သာလှချေ။ တန်ပြန် ထိုးနှက်မှုတွင် လဲ့ရှင်းသည် သွေးတစ်လုတ်အန်ကာ မြေပြင်သို့ ကြယ်ပျံတစ်စင်း အလား ပြုတ်ကျ သွားတော့သည်။

"ဒီတိရစ္ဆာန်ကောင်က အရမ်းကို အစွမ်းထက်တယ်… ငါ ပြေးမှပဲ"

ထိုမြင်ကွင်းကို မြင်သည်နှင့် ရှေးဟောင်း မီးမျောက်ဝံသည် ထိတ်လန့်တကြား  ထွက်ပြေးတော့၏။

တစ်ချိန်တည်းတွင်ပင် လနတ်သမီးနှင့် နောက်ဆုံး ကျန်ရစ်နေသည့် ဝိညာဉ်သားရဲ နှစ်ကောင်မှာလည်း ထွက်ပြေးရန် ကြိုးစားကြသည်။

"မင်းတို့ လွတ်မယ် ထင်နေတာလား"

ချန်းဖန်က လှောင်ပြုံးပြုံးရင်း သူ၏အတောင်ပံကို ခတ်လိုက်၏။

ဝှစ်…

ခွန်ပန်က လနတ်သမီး၏ အရှေ့၌ ပြန်ပေါ်လာကာ အတောင်ပံဖြင့် ခုတ်ချလိုက်သည်။

"ဘုန်း…"

လနတ်သမီး ကောင်းကင်ရေခဲ အလင်းကို ထုတ်လွှတ်ရန်အချိန် မရခင်မှာပင် ချန်းဖန်၏  အတောင်ပံသည် သူမ၏ အကွာအကွယ် အလင်း၊ ခန္ဓာကိုယ်နှင့် နတ်ဘုရား စိတ်ဝိညာဉ်ကို ပိုင်းဖြတ်ခဲ့ပြီးဖြစ်၏။

"ဒေါ်လေး…"

နတ်ဘုရား သင်္ချိုင်း တောင်ကြားအတွင်း၌ ချမ်ရဲ့ရွှယ်၏ ကြေကွဲစွာ အော်ဟစ်သံ တစ်ခုက ပျံ့လွင့်သွား၏။

ထိုအချိန်၌ တိုက်ပွဲကား အထွတ်အထိပ်ကို ရောက်ရှိနေခဲ့ပြီ ဖြစ်လေသည်။

မြေကမ္ဘာအဆင့် ရှစ်ယောက် သေဆုံးသွားပြီ ဖြစ်သော်လည်း လေးယောက် ကျန်ရှိသေးသည်။ ထိုလေးယောက်ကား သာမန် မြေကမ္ဘာ အဆင့်များ မဟုတ်ဘဲ အလွန် အစွမ်းထက်ကြသူများ ဖြစ်သည်။

"ဘုန်း…"

"ဘုန်း…"

"ဘုန်း…"

"ဘုန်း…"

တိုက်ခိုက်မှု လေးခုက ချန်းဖန်ဆီသို့ တစ်ပြိုက်နက်တည်း ရောက်ရှိလာ၏။

အနက်ရောင် ကိုင်လင်သားရဲ၏ ကိုင်လင် မီးတောက်များက လေပွေအသွင်ဖြင့် ချန်းဖန်ကို လောင်ကျွမ်းရန် ကြိုးစားသည်။

ဖုတ်ကောင်ဘုရင်၏ သေဆုံးခြင်းချီများကလည်း ချန်းဖန် ရှိရာ အရပ်ကို အဘက်ဘက်မှ စိမ့်ဝင်သည်။

တစ်ချန်တည်းတွင် ဓားတန်ခိုးရှင် ချန်းဟယ်က သူ၏ဓားပျံကို ထိန်းချုပ်၍ တိုက်ခိုက်ကာ မြေကမ္ဘာ နတ်ဘုရားလဲ့ရှင်းက သူ၏ ခရမ်းရောင် မိုးကြိုးဓားဖြင့် ခုတ်ပိုင်း၏။

"ဝရော…"

မြေကမ္ဘာ အလယ်ဆင့် ငါးယောက်၏ အစွမ်းကုန် တိုက်ခိုက်မှုတွင် ကမ္ဘာမြေကြီးသည် ငလျင်လှုပ်သည့်အလား တုန်ဟည်းသွားတော့၏။

သို့သော်လည်း ထိုတိုက်ခိုက်မှုများက ခွန်ပန်အတွက် အယားပြေရုံလောက်သာ ရှိသည်။

ခွန်ပန် နတ်ဘုရားခန္ဓာနှင့် ပေါင်းစပ်ထားသည့် အချိန် မဆိုထားနှင့်။ ချန်းဖန်၏ စဦး အောင်မြင်ခြင်း အဆင့် ကောင်းကင် ခန္ဓာသည် သာမန် အချိန်တွင်ပင် မြေကမ္ဘာ ထိပ်ဆုံး အဆင့်တစ်ယောက်ကဲ့သို့ အစွမ်းထက်ပြီး ဖြစ်သည်။

ဝိညာဉ်ရတနာပင်လျှင် ထိုခန္ဓာကိုယ်အား ထိုးဖောက်နိုင်မည် မဟုတ်ချေ။

"ဟူး… ဟူး…"

အနက်ရောင် ကိုင်လင်မီးတောက်နှင့် ဓားချီများအတွက်မူ ချန်းဖန်သည် တိုက်ရိုက်ပင် စုပ်ယူလိုက်သည်။

"ဝါးမျိုခြင်း…"

ချန်းဖန်က လေထု၌ ရပ်ရင်း ပါးစပ်ကိုဟလိုက်၏။ ရုတ်တရက် ကြီးမားသော အနက်ရောင် တွင်းပေါက်ကြီးတစ်ခု ထွက်ပေါ်လာသည်။

ထိုအရာကား ခွန်ပန် ကောင်းကင်သားရဲ၏ စစ်မှန်သော နတ်ဘုရား စွမ်းအား ဖြစ်သည်။ ချန်းဖန်သည် တိုက်ပွဲကို မြန်မြန် လက်စသတ်လိုရာ သူ၏ခွန်အားကို ထိမ်ချန်မနေတော့ချေ။

"မကောင်းတော့ဘူး… နောက်ဆုတ်ကြ"

အနက်ရောင် တွင်းပေါက်အား တွေ့သည်နှင့် မြေကမ္ဘာ နတ်ဘုရား လဲ့ရှင်းက အော်ဟစ် သတိပေးရင်း နောက်ဆုတ်ရန် ကြိုးစားလိုက်၏။

သို့သော်လည်း ထိုသတိပေးမှုကား နောက်ကျသွားခဲ့ပြီ ဖြစ်လေသည်။

ဟူး… ဟူး…

မျက်တောင်တစ်ခတ်စာ အတွင်းမှာပင် တွင်းပေါက်နှင့် အနီးဆုံးနေရာ၌ ရှိနေသော အနက်ရောင် ကိုင်လင် စုပ်ယူခံရ၏။

ကိုင်လင်သည် ပါးစပ်မှ အနက်ရောင် မီးတောက်များကို မှုတ်ထုတ်၍ ခုခံရန် ကြိုးစားသော်လည်း ထိုအရာက ကောင်းကင်ဝါးမျိုခြင်း နတ်ဘုရား စွမ်းအား၏ ရှေ့မှောက်၌ အသုံးမဝင်ချေ။

"အား… အရသာ ရှိတာပဲ… ကဲ နောက်ထပ် ဘယ်သူလာမလဲ"

ချန်းဖန်သည် အနက်ရောင် တွင်းပေါက်မှ တစ်ဆင့် ကိုင်လင်သားရဲကို မျိုချပြီးနောက် ကျန်ရစ်နေသော ပုရွက်ဆိတ် သုံးကောင်ကို ကြည့်လိုက်၏။

"ပြေး…"

ကိုင်လင်သားရဲပင် ဝါးမျိုခံရရာ မည်သူက မပြေးဘဲ နေရဲတော့မည်နည်း။

သို့သော် မည်သူက ခွန်ပန်သားရဲ၏ ဝါးမျိုမှုမှ လွတ်မည်နည်း။

အချိန်ကာလ လက်ဖျောက်တစ်ချက်တွင် ဖုတ်ကောင်ဘုရင် ဝါးမျိုခံရသည်။

အချိန်ကာလ လက်ဖျောက်သုံးချက်တွင် ဓားတန်ခိုးရှင် ချန်းဟယ်သည် သူ၏ဓားနှင့် အတူ ဝါးမျိုခံရသည်။

အချိန်ကာလ လက်ဖျောက် ဆယ်ချက်တွင် မြေကမ္ဘာ နတ်ဘုရား လဲ့ရှင်းသည် သူ၏ဓားကို လွှတ်ချကာ ဝါးမျိုခံလိုက်ရသည်။

တစ်ခဏ အတွင်းမှာပင်…

ဝိညာဉ်သားရဲ ရှစ်ကောင်နှင့် မြေကမ္ဘာ နတ်ဘုရား လေးယောက်တို့ကား သေဆုံးသွားခဲ့ရပြီ ဖြစ်လေ၏။

ချန်းဖန်သည် နတ်ဘုရား တောင်ကြားနှင့် ခွန်ရှု့နယ်မြေ အင်အားစု နှစ်ခုပေါင်းကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ကာ သတ်ဖြတ်ပစ်ခဲ့သည်။

ထိုနေရာ၌ ဆွံ့အနေသော ရဲ့ချင်စန်းနှင့် ချမ်ရဲ့ရွှယ် နှစ်ယောက်သာ ကျန်ရစ်တော့၏။

***

All Chapters