← Chapters

ကမ္ဘာအား လွှမ်းမိုးခြင်း

Vol. 7 Ch. 675

ကမ္ဘာအား လွှမ်းမိုးခြင်း

Vol. 7 Ch. 675

ချန်းဖန်တို့ နတ်ဘုရား သင်္ချိုင်း တောင်ကြားအတွင်း တိုက်ပွဲဖြစ်နေချိန်၌ အပြင် လောကကား ကျီးလန့်စာ စားဖြစ်နေခဲ့၏။

အရှေ့တိုင်း ပညာရှင်များအတွက်မူ ချန်းဖန်နှင့် ရဲ့ချင်စန်းတို့မှာ သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်သည်။ ခွန်ရှု့နယ်မြေမှ လူများကို တားဆီးရန်က သူတို့နှစ်ယောက် အပေါ်တွင်သာ မူတည်နေသည်။

"ခွန်ရှု့နယ်မြေက မြေကမ္ဘာအဆင့်တွေ ဘယ်လောက်များများ လာမှာလဲ… အရှင်ရဲ့နဲ့ အရှင်ချန်းတို့ ကိုင်တွယ်နိုင်ပါ့မလား"

အချို့က စိတ်ပူစွာဖြင့် သိုင်းပညာ အင်တာနက် ဖိုရမ်ပေါ်တွင် ရေးသားကြသည်။

"အရှင်ချန်းက မြေကမ္ဘာအဆင့် သုံးယောက်စာလောက် အစွမ်းထက်တဲ့ သွေးဘိုးဘေးကို အနိုင်ယူခဲ့တာပဲ… အရှင်ရဲ့ပါ ပေါင်းလိုက်ရင်  သာမန် မြေကမ္ဘာ အဆင့်တွေလောက်တော့ ကြောက်စရာ မလိုပါဘူး"

ကောရှောင်မန်ဆိုသော တစ်ယောက်က ယုံကြည်ချက်ရှိစွာ ရေးသည်။

သူမသည် ချန်းဖန်၏ ပရိသတ် အကြီးစားတစ်ယောက် ဖြစ်ပြီး အကြိမ်တိုင်းလိုလို ချန်းဖန် ဘက်မှနေ၍ ကာကွယ်ရေးလေ့ ရှိသည်။ ထို့ကြောင့် သူမ၏ အကောင့်နာမည် ဖြစ်သော "ရှောင်-မန်" မှာ ကျော်ကြား၏။

"သွေးဘိုးဘေးက နှစ်တစ်ထောင်လောက် အသက်ရှင်ခဲ့တာ ဆိုတော့ အားနည်းနေပြီ… နောက်ပြီး ခွန်ရှု့နယ်မြေရဲ့ မြေကမ္ဘာအဆင့်တွေ ဘယ်လောက်တောင် ရောက်လာမယ် ဆိုတာရော ငါတို့ မသိရသေးဘူး… ချန်းပေ့ရွှမ်း ဘယ်လောက်ပဲ အစွမ်းထက်ထက် မြေကမ္ဘာအဆင့် ခုနစ်ယောက် ရှစ်ယောက်လာတယ် ဆိုရင်ရော သူ တစ်ယောက်တည်း တားနိုင်ပါ့မလား"

တစ်ယောက်က မေးသည်။

"ကောင်းကင်တံခါးက အပြည့်အဝ မပွင့်သေးဘူး… လူအနည်းငယ်လောက်ပဲ ဝင်လာနိုင်မှာ… အရှင်နှစ်ယောက်က သူတို့ကို တားနိုင်မှာပါ… စိတ်မပူကြနဲ့"

ပျံလွှားနီလေးဆိုသော အကောင့်ပိုင်ရှင်က ဝင်ရောက် ရေးလိုက်၏။

***

ထိုအချိန်၌ စီအိုင်အေ ဖိုရမ်မှာလည်း ပို့စ်များစွာဖြင့် စည်ကားနေခဲ့သည်။

"ရှေးဟောင်း စာအုပ်တွေအရဆိုရင် ခွန်ရှု့နယ်မြေက အရှေ့တိုင်း နတ်ဘုရားတွေနေတဲ့ နေရာတစ်ခုပဲ … အဲဒီနယ်မြေမှာ ရှေးဟောင်း ဂိုဏ်းတွေအပြင် မြေကမ္ဘာ နတ်ဘုရား ရာဂဏန်းအထိ ရှိတယ်တဲ့… အချိန်ကာလအရ တန်ခိုးရှင် အရေအတွက် ကျဆင်းသွားနိုင်ပေမဲ့ ငါတို့ ကမ္ဘာထက်တော့ ပိုပြီးများမှာ သေချာတယ်"

ခရစ်ယာန် ဘုရားကျောင်းမှ ဘုန်းတော်ကြီး တစ်ယောက်က ရေးလိုက်သည်။

"ဒါဆို ချန်းပေ့ရွှမ်း သေတော့မှာပေါ့"

များစွာသော လူများက ဝမ်းသာအားရ ပြန်ရေးကြ၏။

အနောက်တိုင်း နိုင်ငံများနှင့် ဂျပန်၊ ထိုင်း စသည့် နိုင်ငံများသည် မပြေလည်သော ရန်ငြိုးများကြောင့် ချန်းဖန်အား မုန်းတီးကာ သေစေချင်ကြသည်။

"တကယ်လို့ ချန်းပေ့ရွှမ်း သေရင် လူတိုင်း တက်ရောက်နိုင်တဲ့ ပါတီတစ်ခုကို ဟာဝိုင်အီမှာ ဆယ်လောက်လောက် ငါ ကျင်းပမယ်ဟေ့"

"တက်ဒီလမ့်" ဆိုသော တစ်ယောက်က ကြေညာလိုက်၏။

"တက်ဒီလမ့်" သည် အမေရိကန် လမ့် မိသားစုမှ အရေးကြီးသော ပုံရိပ်တစ်ခု ဖြစ်ပြီး လမ့်မိသားစု၏ အမှောင်ကမ္ဘာ၊ မြေအောက်လောက ဆက်သွယ်ရေး တာဝန်ခံလည်း ဖြစ်သည်။

"ဟဟ… ငါက တစ်လလောက် ကျင်းပ လိုက်မယ်"

ဂျပန်လူမျိုး သူဌေးကြီး တစ်ယောက်က ရေးသည်။

"ခြောက်လကွာ…"

ထိုင်းတော်ဝင် မိသားစု၏ မင်းသား တစ်ပါးကလည်း သံယောင်လိုက်၏။

ချန်းဖန်သည် များစွာသောလူများကို သတ်ဖြတ်ခဲ့သည်။ ထို့ကြောင့် သူ အန္တရာယ်တွေ့သည့် အခါ၌ စီအိုင်အေတစ်ခုလုံး အပျော်များ ဖုံးလွှမ်းနေခြင်းပင်။

"ချန်းပေ့ရွှမ်းဟာ နာမည် ကျော်ကြားလာတဲ့ အချိန်ကစလို့ တစ်ခါမှ မရှုံးနိမ့်ခဲ့ဖူးဘူး… ဒီတစ်ကြိမ်မှာလည်း သူ ကမ္ဘာကြီးကို အံ့အားသင့်စေဦးမလား ဘယ်သူသိနိုင်မှာလဲ… နောက် သူမရှိတော့ရင်တောင် မြောက်ပိုင်းချုံး ကျန်သေးတယ် ဆိုတာ သတိရဦး"

အဖြူအနက် နတ်ဆိုး အမဲလိုက်သူက အပျော်လွန်နေသူများကို ဝင်ရောက်၍ သတိပေးသည်။

မှန်ပေသည်။

ချန်းပေ့ရွှမ်း သေလျှင်ပင် မြောက်ပိုင်းချုံး ကျန်သေးသည်။

မြောက်ပိုင်းချုံးသည် တန်ခိုးရှင်အဆင့် လေးယောက်ကို ပိုင်ဆိုင်ထားပြီး ထိုအင်အားက မြေအောက်လောက၏ ထိပ်တန်း အဖွဲ့အစည်းကြီးများထက်ပင် သာလွန်နေသေးသည်။

"ဘာလို့ ကြောက်ရမှာလဲ… ခရစ်ယာန် ဘုရားကျောင်း ရှိနေသေးတာပဲ… နောက်ပြီး အမေရိကန် ပြင်သစ်တို့က မြောက်ပိုင်းချုံးကို ချန်းပေ့ရွှမ်း ထင်တိုင်းကြဲခဲ့သလို ခွင့်ပြုမယ်ထင်လား"

ထိုင်းမင်းသားက တန်ပြန်ကာ ရေး၏။

ဂွန်းတူဘုရင် ဒါ့ဆင်းသည် ထိုင်းတော်ဝင် မိသားစု၏ တစ်ဦးတည်းသော တန်ခိုးရှင် အစောင့်အရှောက် ဖြစ်သည်။

သို့သော်လည်း ချန်းဖန်သည် နဂါးခန်းမ၌ ကျူးကျော်သူ ဒါ့ဆင်းကို သတ်ဖြတ်ခဲ့သည်။ ထို့ကြောင့်ပင် ထိုင်းတော်ဝင် မိသားစုသည် ချန်းဖန်ကို အခဲမကျေခြင်း ဖြစ်၏။

"စောင့်ကြည့်ကြစို့… ဒီတိုက်ပွဲက ကမ္ဘာကြီးရဲ့ အနာဂတ်ကို ဆုံးဖြတ်ပေးလိမ့်မယ်… ချန်းပေ့ရွှမ်းနိုင်ရင် သူက ကမ္ဘာနဲ့ လူသား မျိုးနွယ်ရဲ့ သူရဲကောင်း ဖြစ်လာလိမ့်မယ်… သူသာ သေဆုံးသွားမယ် ဆိုရင်တော့ ငါတို့ဟာ ခွန်ရှု့ နယ်မြေရဲ့ ရန်သူတွေနဲ့ တိုက်ခိုက်ရလိမ့်မယ်"

မစ္စတာ လေ့လာသူက ဝင်ရောက် နိဂုံးချုပ်လိုက်သည်။

ဖိုရမ်တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွား၏။ လူတိုင်းသည် နတ်ဘုရား သင်္ချိုင်း တောင်ကြားမှ ရောက်ရှိလာမည့် သတင်းကို စိတ်ရှည်စွာပင် စောင့်ဆိုင်းနေကြသည်။

***

မြောက်အရပ် တောင်တန်း…

ဝမ်မိသားစု ခြံဝန်း…

ဝမ်ကျုံးကောသည် ပြတင်းပေါက် နံဘေးတွင် ထိုင်ကာ ရန်ကျင်းမြို့အား ငေးမော ကြည့်နေခဲ့၏။

"အဖေ… ခုထိ ဘာသတင်းမှ ရောက် မလာသေးဘူး… အဖေ ဒီနေရာမှာပဲ ထိုင်နေတာ တစ်ရက်ရှိပြီ… ထိုင်ရာကထပြီး တစ်ခုခုစားပါဦး"

ဝမ်ကဲ့ချင်က လျှောက်လာရင်း ဆိုလိုက်သည်။

ဝမ်မိသားစုကဲ့သို့ ကုန်သည် မိသားစုအတွက် ခွန်ရှု့နယ်မြေ၊ မြေကမ္ဘာ အဆင့်၊ ကောင်းကင်သက်ရှိများမှာ ဒဏ္ဍာရီများ ဖြစ်ကြသည်။

"ကဲ့ချင်… ငါ နောင်တရနေပြီ"

ဝမ်ကျုံးကောက တိုးတိတ်စွာဖြင့် ရေရွတ်လိုက်သည်။

"ငါ ချန်းဖန်ရဲ့ အရည်အချင်းကို မမြင် နိုင်ခဲ့တာ နောင်တ ရတယ်… သူ ဝမ်မိသားစုကို လာတုန်းက စော်ကားမိတာ နောင်တ ရတယ်… ဝမ်မိသားစုရဲ့ ဆိုးဝါးတဲ့ အခြေအနေတွေကို ကောင်းအောင် မထိန်းချုပ် နိုင်တာ နောင်တ ရတယ်"

"အဖေ… သူ့ရဲ့ အရည်အချင်းကို ဘယ်သူက မြင်နိုင်ခဲ့လို့လဲ… ကျွန်တော်တို့ အားလုံး မှားခဲ့တာပဲ… သူ အခုလိုမျိုး နတ်ဘုရားတစ်ပါး ဖြစ်လာမယ်လို့ ဘယ်သူမှ ကြိုမသိခဲ့ကြပါဘူး"

ဝမ်ကဲ့ချင်က ဖြူရော်စွာ ပြုံးရင်း တုံ့ပြန်လိုက်သည်။

"တကယ်လို့ ချန်းဖန် အသက်ရှင်ပြီး ပြန်လာခဲ့ရင် ငါတို့ ဝမ်ရှောက်ယွင်ကို တောင်းပန် သင့်တယ်"

ဝမ်ကျုံးကောက တုန်ယင်စွာဖြင့် ဆိုလိုက်သည်။ ယခု အချိန်၌ သူ၏မျက်နှာက ဆယ်စုနှစ် တစ်ခုခန့် ပိုပြီး အိုမင်းသွားသလို ထင်ရသည်။

"ဒါပေမဲ့ အဖေ… သူက ဝမ်ချန်းကို ဘယ်လိုလုပ်ခဲ့လဲ ဆိုတာ မေ့သွားပြီလား"

ဝမ်ကဲ့ချင်က သူ့ဖခင်၏မျက်နှာကို သတိပေးဟန်ဖြင့် ကြည့်၏။

သူသည် လူအများ၏ရှေ့၌ ဝမ်ချန်းကို သတ်ဖြတ်ကာ ဝမ်မိသားစုနှင့် ဆက်ဆံရေးကို ဖြတ်ပစ်ခဲ့သော ချန်းဖန်၏ လုပ်ရပ်ကို မမေ့သေးချေ။

ဝမ်ချန်းက သူ၏ သားဖြစ်သည်။ သူ၏ ဂုဏ်အယူရဆုံး ဆက်ခံသူ ဖြစ်သည်။

"နတ်ဘုရား သင်္ချိုင်းတောင်ကြားကနေ ချန်းဖန် အသက်ရှင်လျက် ထွက်လာနိုင်ရင်… ကမ္ဘာမှာ သူ့ကိုယှဉ်နိုင်တဲ့ အင်အားစုတစ်ခုမှ မရှိတော့ဘူး"

ဝမ်ကျုံးကောက ဖြည်းညင်းစွာဖြင့် တစ်လုံးချင်း ပြောလိုက်သည်။

ဝမ်ကဲ့ချင်က တစ်ခုခုပြန်ပြောရန် ပြင်လိုက်သော်လည်း နောက်ဆုံး၌ သူ၏ ပါးစပ်ကိုသာ ပိတ်ထားလိုက်တော့၏။

***

မြောက်ပိုင်းချုံး ဂိုဏ်းသားများသည်  ဓားနန်းတော်၌ အတူတကွ စုစည်း၍ ချန်းဖန်အတွက် တိတ်ဆိတ်စွာ ဆုတောင်းပေးနေကြသည်။

"စိတ်မပူနဲ… ဆရာက ပြိုင်ဘက်ကင်းပဲ… သူက ဘယ်တော့မှ ရှုံးမှာ မဟုတ်ဘူး"

ဟွာရန်ဖန်းက ဆိုလိုက်သည်။

ဝမ်ရှောက်ယွင်၊ ဖန့်ချုံးနှင့် အခြားလူများသည် ရေကိုသာ အကြိမ်ကြိမ်အခါခါ သောက်ရင်း ချန်းဖန်အား စိတ်ရှည်စွာ စောင့်ဆိုင်းနေမိကြသည်။

ခွန်ရှု့နယ်မြေသည် မြေကမ္ဘာအဆင့်များနှင့် ပြည့်နှက်နေသော ဒဏ္ဍာရီလာ နယ်မြေတစ်ခု ဖြစ်သည်။ ရွှမ်လော့၊ ထျန်းမင်ကျီတို့ပင် အလွန် အစွမ်းထက်ရာ သူတို့၏ ဆရာများက မည်မျှအထိ အစွမ်းထက်နေမည်နည်း။

"ခွန်ရှု့နယ်မြေ အကြောင်း ငါတို့သိတာက နည်းနည်းလေးပဲ ရှိတယ်… ချမ်ရဲ့ရွှယ်က ဘာမှ သေချာ မပြောပြဘူး… ငါသာ ဆရာဆိုရင် သူ့ကိုချက်ချင်း သတ်ပစ်လိုက်တယ်"

ယူကီရှီရိုဆာက မကျေမနပ် ရေရွတ်လိုက်သည်။ သူမသည် ချမ်ရဲ့ရွှယ်ကို အပြစ်ကင်း၍ လှပသော ရုပ်ရည်ကြောင့် နှစ်သက်ခြင်း မရှိချေ။

"ငါတို့ များများသိရင် များများပိုပြီး စိတ်ပူနေရမှာပေါ့… တကယ်လို့ ချမ်ရဲ့ရွှယ်က ခွန်ရှု့ နယ်မြေမှာ မြေကမ္ဘာအဆင့် တစ်ထောင်ရှိတယ် ပြောရင်ရော ငါတို့လုပ်နိုင်တာ ဘာရှိလဲ… ဘာပဲဖြစ်ဖြစ် သူတို့နဲ့ တိုက်ခိုက်ရမှာပဲလေ"

ရှဲ့ရန်က ခေါင်းအား ဖြည်းညင်းစွာ ခါယမ်းလိုက်သည်။

"ဒါတွေ ထားပါလေ… ခုတော့ ငါတို့စောင့်ပြီး ရှောင်ဖန်အတွက် ဆုတောင်းပေးရုံပဲ တတ်နိုင်တယ်"

ဝမ်ရှောက်ယွင်က သူမ၏ ခေါင်းကို အောက်သို့ ငုံ့ရင်း ဆုတောင်းလိုက်၏။

မြောက်ပိုင်းချုံးဂိုဏ်း၊ နဂါး ခန်းမ၊ ဟောင်ဂိုဏ်း၊ တရုတ် သိုင်းလောက၊ ဂျပန်နှင့် ကိုရီးယား ကင်ဒို အဖွဲ့အစည်းများ၊ မြေအောက် အင်အားစုများ၊ မဟာအင်အားကြီး နိုင်ငံများ၊ ထိပ်တန်း မိသားစုကြီးများ စသည်ဖြင့် လူတိုင်း စောင့်ဆိုင်းနေချိန်မှာပင်…

၂၀၁၂၊ ဇူလိုင် ၅ ရက်နေ့…

ချန်းဖန်နှင့် ရဲ့ချင်စန်းတို့သည် နတ်ဘုရား သင်္ချိုင်းတောင်ကြားမှ ပြန်လည်ထွက်ခွာ လာခဲ့ကြ၏။

ချန်းဖန်သည် ခွန်ရှု့နယ်မြေမှ ရန်သူများကို အနိုင်ယူကာ ကောင်းကင်တံခါးကို ကိုယ်တိုင် ပိတ်ပစ်ခဲ့၏။

ထိုသတင်း ပျံ့နှံ့သွားသည်နှင့် ကမ္ဘာဂြိုဟ်တစ်ခုလုံး ဆွံ့အသွားကြတော့သည်။

သူကား ကမ္ဘာကြီးအား လွှမ်းမိုးခဲ့ပြီ ဖြစ်လေသည်။

***

All Chapters