← Chapters

အခြား မူလအဆင့်

Vol. 7 Ch. 678

အခြား မူလအဆင့်

Vol. 7 Ch. 678

ကမ္ဘာမှ ထွက်ခွာရန်…

ထိုအစီအစဉ်သည် ချန်းဖန် ပြန်လည် မွေးဖွား လာကတည်းက ရှိပြီးသား အစီအစဉ် ဖြစ်သည်။ သို့သော်လည်း သူသည် ထိုအကြောင်းကို မည်သူ တစ်ဦးတစ်ယောက် ကိုမှ မပြောခဲ့ဖူးချေ။

သူသည် ဖန့်ချုံး၊ ဝမ်ရှောက်ယွင်နှင့် အန်ရာတို့အား ကျင့်ကြံခြင်း လမ်းစဉ် အကြောင်း ပြောပြခဲ့ဖူးသော်လည်း သူ ဘယ်ကလာသည် ဆိုသော အသေးစိတ် အကြောင်းများကိုမူ မပြောပြခဲ့ဖူးချေ။ အခြာလူများကလည်း သူ့အား တွန်းအား မပေးခဲ့ချေ။

သို့သော်လည်း ယခုတွင်မူ သူသည် မူလအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်လေရာ သိသင့် သိထိုက်သည်များကို သူ၏ မိသားစုအား အသိပေးထားရန် လိုအပ်သည်။

"ကမ္ဘာမြေကနေ ထွက်ခွာမယ်…"

ချန်းဟွိုက်အန်းက တီးတိုး ရေရွတ်၏။

ဖန့်ချုံးကလည်း ဝိုင်းစက်သော မျက်လုံး များဖြင့် ချန်းဖန်အား ကြည့်သည်။

"ကမ္ဘာကနေ ထွက်ခွာမယ် ဆိုတော့ ရှောင်ဖန်… နင် ခွန်ရှု့နယ်မြေကို သွားမှာလာား ဒါမှမဟုတ် နေနဲ့လဆီကို သွားမှာလား အာကာသထဲကို သွားမှာလား"

သူတို့နှစ်ယောက်သည် ကမ္ဘာမြေမှ သာမန် သက်ရှိလေးများ ဖြစ်ကြရာ စကြဝဠာ၏ အပြောကျယ်မှုကို ကောင်းစွာ နားမလည်ကြချေ။ ကျင့်ကြံခြင်း ဂြိုဟ်များ၊ ရှေးဟောင်း သားရဲကြီးများ မဆိုထားနှင့် ဂြိုဟ်သားများ၏ တည်ရှိမှုပင် သူတို့ အတွက် ဝေဝါး၏။

သို့သော်လည်း ချမ်ရဲ့ရွှယ်ကမူ ချန်းဖန်အား အမြင်တစ်မျိုးဖြင့် ကြည့်သည်။

သူမသည် "ကောင်းကင်လမ်းကြောင်း" နှင့် ပတ်သက်သော  ချန်းဖန်၏ မေးခွန်းကို မှတ်မိနေဆဲ ဖြစ်သည်။ ချန်းဖန်သည် ကောင်းကင် လမ်းကြောင်းကို လျှောက်လှမ်းကာ ကမ္ဘာမြေမှ ထွက်ခွာတော့မည် ဖြစ်ကြောင်း သူမ ခန့်မှန်းမိ၏။

"ဒါပေမဲ့ ရှေးခေတ် ကောင်းကင် လမ်းကြောင်းကို လျှောက်လှမ်းကြတဲ့ ပုဂ္ဂိုလ်တွေက ကောင်းကင် တန်ခိုးရှင်တွေချည်းပဲ… သူက အခုမှ မြေကမ္ဘာအဆင့်မှာပဲ ရှိနေသေးတာ… နောက်ပြီး နှစ်ထောင်ချီ ကြာပြီးတဲ့နောက်မှာ ကောင်းကင် လမ်းကြောင်းကရော ရှိပါဦးမလား"

ချမ်ရဲ့ရွှယ်က တွေးလိုက်မိသည်။

"အဘိုး ရှောင်ချုံး… ကျွန်တော် မူလအဆင့်ကို ဝင်ရောက်ပြီးပြီ ဆိုတာတော့ အားလုံး သိကြမှာပါ"

ချန်းဖန်က ခဏမျှရပ်ပြီးနောက် ဆက်ပြောလိုက်သည်။

"မူလအဆင့်ကို ဝင်ရောက်ပြီးနောက်မှာ ဘယ်လောက်ပဲ ကျင့်ကြံပါစေ စွမ်းအားက နည်းနည်းပဲ တိုးလာတော့တယ်… ကျွန်တော့်အတွက် ရွှေအမြုတေ အဆင့်ကိုရောက်ဖို့ ဆိုရင် နှစ်ဆယ်ဂဏန်းလောက် အထိ ယူရလိမ့်မယ်… ဒီဂြိုဟ်မှာသာ ဆက်နေရင် ကျွန်တော့်ရဲ့ တိုးတက်မှုတွေ ရပ်တန့်သွားလိမ့်မယ်"

"အဲဒါတော့ မှန်တယ်…"

ချန်းဟွိုက်အန်းက ခေါင်းညိတ်လိုက်သည်။

သူသည် အစိမ်းရောင် နဂါးအစီအရင် အတွင်းနှင့် အပြင် ချီကွာခြားမှုကို လက်တွေ့ တွေ့မြင်ခဲ့ပြီး ဖြစ်သည်။

"ရှောင်ဖန်… နင် ခွန်ရှု့နယ်မြေကို သွားမှာလား… ဒါပေမဲ့ ကောင်းကင်တံခါးက ပိတ်နေပြီလေ"

ဖန့်ချုံးက မေးသည်။

"ခွန်ရှု့နယ်မြေရဲ့ ဝိညာဉ်ချီ သိပ်သည်းမှုက ကမ္ဘာထက် နည်းနည်းသာရုံပဲ ရှိတာ… အစစ်အမှန် ကျင့်ကြံခြင်း ဂြိုဟ်တွေနဲ့ ဘယ်လိုမှ မနှိုင်းယှဉ်နိုင်ဘူး… မဟုတ်ရင် ရှေးဟောင်း ကျင့်ကြံသူတွေက ကမ္ဘာမြေကို ဘယ်စွန့်ခွာခဲ့မလဲ"

ချန်းဖန်က ခေါင်းကို ခါယမ်းလိုက်၏။

"ငါ လုပ်ချင်တာက စကြဝဠာ ထွက်ပေါက်တစ်ခုကို ရှာပြီး အစစ်အမှန် ကျင့်ကြံခြင်း ဂြိုဟ်တစ်ခုကို သွားဖို့ပဲ… အဲဒီနေရာမှာပဲ ကျင့်ကြံခြင်းအတွက် လုံလောက်တဲ့ ရင်းမြစ်တွေ ရနိုင်မှာလေ"

"ကျင့်ကြံခြင်း ဂြိုဟ်…"

ယခု တစ်ကြိမ်တွင်မူ ချမ်ရဲ့ရွှယ်ပါ ဆွံ့အသွား၏။ သူမသည် ခွန်ရှု့နယ်မြေကိုသာ ပြည့်စုံသော ကမ္ဘာဟု ထင်မှတ်ကာ ယုံကြည်ခဲ့သူ ဖြစ်သည်။

"နင်ပြောတဲ့ အတိုင်းဆို စကြဝဠာထဲမှာ ကမ္ဘာမဟုတ်တဲ့ အခြားကမ္ဘာတွေ ရှိတာပေါ့ ဟုတ်လား… နောက်ပြီး သူတို့လည်း ကျင့်ကြံကြတာလား"

ဖန့်ချုံးက မေးလိုက်သည်။

"ဟုတ်တယ်…"

ချန်းဖန်က ထိုင်ရာမှ ထရင်း လက်နှစ်ဖက်ကို နောက်သို့ ပစ်လိုက်၏။

"စကြဝဠာက အဆုံးမဲ့ ကျယ်ပြန့်လွန်းတယ်… ကျင့်ကြံခြင်း လမ်းစဉ်ကလည်း ရှည်လျားတဲ့ ခရီးတစ်ခုပဲ… ငါတို့ နေထိုင်တဲ့ ကမ္ဘာမြေ ဆိုတာက စကြဝဠာရဲ့ စွန့်ပစ်ခံ နယ်မြေ တစ်ခုပါပဲ"

ချန်းဖန်က ကောင်းကင်သို့ မော့ကြည့်လိုက်၏။ ထိုနေရာတွင် သူ၏ဆရာ၊ ညီအစ်ကို၊ ရန်သူ၊ မိတ်ဆွေများကို သူမြင်ရသည်။

"ငါ့ရဲ့ မိတ်ဆွေဟောင်းကြီးတွေက ဒီအချိန်ဆို ငါနဲ့ တိုက်ခိုက်ဖို့ အတွက် စောင့်နေဦးမလား"

ချန်းဖန်က သူ့ကိုယ်သူ ပြန်မေးလိုက်သည်။

ထိုအချိန်မှာပင် ချမ်ရဲ့ရွှယ်က ချန်းဖန်အား မယုံကြည်နိုင်စွာ ကြည့်ရင်း ဆိုလိုက်၏။

"မဖြစ်နိုင်ဘူး… အခြား ဂြိုဟ်တွေရှိတယ်လို့ ငါတစ်ခါမှ မကြားဖူးဘူး… ကမ္ဘာကြီးက သက်ရှိတွေရှိတဲ့ တစ်ခုတည်းသော နေရာပဲ"

"ကမ္ဘာမှာပဲ သက်ရှိ ရှိတယ်ဆိုရင် ရှေးဟောင်း ကျင့်ကြံသူတွေက ကမ္ဘာကထွက်ပြီး ဘယ်ကို သွားတာလဲ"

ချန်းဖန်က သူမအား တည်ငြိမ်စွာဖြင့် ကြည့်လိုက်သည်။

"အဲဒါက…"

ချမ်ရဲ့ရွှယ်မှာ ဆွံ့အ၍ သွား၏။

ထိုမေးခွန်းအတွက် သူမတွင် တိကျသော အဖြေမရှိချေ။ သူမ မဆိုထားနှင့် ခွန်ရှု့ နယ်မြေ၏ ထိပ်တန်း ကျင့်ကြံသူများပင် ထိုအဖြေကို သိလိမ့်မည် မဟုတ်ချေ။

"စကြဝဠာထဲမှာ အခြား ကျင့်ကြံခြင်း ဂြိုဟ်တွေရှိတယ် ဆိုတော့… နင်က အဲဒီနေရာက လာခဲ့တာလား"

ဖန့်ချုံးက စိတ်ဝင်စားစွာ မေးလိုက်၏။

ထိုမေးခွန်းကား သူ၏မိဘများ အပါအဝင် တစ်ကမ္ဘာလုံး စိတ်ဝင်စားနေသော မေးခွန်း ဖြစ်သည်။

ချန်းဖန်သည် အချိန်တို အတွင်းမှာပင် ကမ္ဘာ၏ ထိပ်ဆုံးနေရာသို့ တက်လှမ်းလာခဲ့သူ ဖြစ်၏။ သို့သော်လည်း မည်သူမျှ သူ၏ဆရာကို မတွေ့၊ မမြင်ခဲ့ဖူးချေ။ အများစုကမူ ချန်းဖန်မှာ ရှေးဟောင်း နတ်ဘုရားတစ်ပါး ပြန်လည် ဝင်စားသူဟု ကောက်ချက်ချကြသည်။

"ဟုတ်လည်း ဟုတ်တယ်… မဟုတ်လည်း မဟုတ်ဘူး"

ချန်းဖန်က ပြုံးရင်း ဖန့်ချုံး၏ဆံနွယ် ကလေးများကို သပ်တင် ပေးလိုက်သည်။

"စိတ်မပူပါနဲ့ ရှောင်ချုံး… ငါ့ခန္ဓာကို ဘယ်သူကမှ ယူထားတာ မဟုတ်ဘူး… ငါက ငါ ချန်းဖန်ပဲ… တစ်စုံတစ်ရာက ငါ့နောင်တ တရားတွေကို ပြုပြင်ဖို့ နင်တို့ဆီကို ပြန်ပို့လိုက်တာ… ခုအချိန်မှာ ငါ ရှင်းမပြနိုင်သေးတာတွေ အများကြီး ရှိသေးတယ်… ဒါပေမဲ့ တစ်ချိန်ချိန်မှာတော့ ငါ အားလုံးကို ပြောပြမှာပါ"

"အင်းပါ…"

ဖန့်ချုံးက ခေါင်းညိတ်ပြလိုက်သည်။ သူမ၏ မျက်လုံးများကမူ ချန်းဖန်ကို မည်မျှ ယုံကြည်ကြောင်း ဖော်ပြနေ၏။

"နင် တကယ်ပဲ ထွက်သွားတော့မှာလား"

ဖန့်ချုံးက မေးလိုက်သည်။

အတိတ်၌ သူမသည် ချန်းဖန် ကမ္ဘာပေါ်တွင်ရှိသည် ဆိုသော အတွေးဖြင့် လုံခြုံမှုကို ခံစားရသည်။

သို့သော်လည်း ယခုတွင်မူ ချန်းဖန်သည် ကမ္ဘာမြေမှ ထွက်ခွာတော့မည် ဖြစ်ရာ တစ်ခုခုကို အပြီးတိုင် ဆုံးရှုံးတော့မည့် ခံစားချက်မျိုး သူမ ရနေခဲ့သည်။

စကြဝဠာကား အပြောကျယ်သလို အန္တရာယ်လည်း များလှသည်။ ချန်းဖန် ကောင်းကောင်းမွန်မွန် ပြန်လာနိုင်မည်ဟု မည်သူမျှ အာမ မခံနိုင်ချေ။

"ချက်ချင်းကြီးတော့လည်း မဟုတ်ပါဘူး… ခွန်ရှု့နယ်မြေ အပါအဝင် ငါ့ရဲ့ ရန်စတွေကို ရှင်းလင်းပြီး နင်တို့အတွက် လုံခြုံစိတ်ချရပြီ ဆိုခါမှ ဒီကမ္ဘာကနေ ငါ ထွက်သွားမှာပါ"

ချန်းဖန်က သက်ပြင်းချရင်း ပြန်လည် အဖြေပေးလိုက်သည်။

"ရှောင်ဖန်… နင် ဒီကမ္ဘာကနေ ထွက်ခွာမယ်ဆိုရင် ဂြိုဟ်တုကြီးစီးပြီး သွားမှာလား"

ဖန့်ချုံးက ရုတ်တရက် ကောက်ခါငင်ကာ မေးလိုက်၏။

"ဟား… ဟား…"

ယခု တစ်ကြိမ်တွင်မူ ချန်းဟွိုက်အန်းမှာ မရယ်ဘဲ မနေနိုင်တော့ချေ။

ချန်းဖန်ကလည်း အသာအယာပြုံးရင်း ရှင်းပြလိုက်သည်။

"ကမ္ဘာပေါ်မှာ ရှေးခေတ်က ကျင့်ကြံသူတွေ အများကြီးရှိခဲ့တယ်… သူတို့က ကောင်းကင် လမ်းကြောင်းဆိုတဲ့ အစီအရင်ကိုသုံးပြီး ကမ္ဘာကနေ ထွက်ခွာသွားခဲ့ကြတာ… ရှင်းရှင်း ပြောရမယ်ဆို စကြဝဠာ တယ်လီပို့ အစီအရင်ပေါ့… အဲဒီအစီအရင်ကို ရှာတွေ့တာနဲ့ ပြင်သင့်တာ ပြင်ပြီးရင် ငါ ကမ္ဘာကနေ ထွက်သွားလို့ရပြီ… ဟိုမှာ အဆင်ပြေပြီဆိုတာနဲ့ ကမ္ဘာကို ပြန်လာပြီး နင်တို့တွေကို ခေါ်မှာပါ"

"အင်းပါ…"

ဖန့်ချုံးက ခေါင်းညိတ်လိုက်သည်။

ထိုအချိန်၌ ချမ်ရဲ့ရွှယ်မှာမူ အတွေးများ နေခဲ့၏။ ချန်းဖန်၏ စကားကို နားထောင်ပြီးနောက် သူမသည် ကမ္ဘာကြီးမှာ လုံးဝခြားနားသွားသလို ခံစားနေခဲ့ရသည်။

"ချန်းပေ့ရွှမ်းက လက်စသတ်တော့ အခြားကမ္ဘာတစ်ခုက လာတာကိုး… သူ အရမ်း အစွမ်းထက်တာ မထူးဆန်းတော့ဘူး… သူ ပြောတဲ့အတိုင်းဆို ခွန်ရှု့နယ်မြေ အပါအဝင် ငါတို့နေတဲ့ ကမ္ဘာကြီးက စွန့်ပစ်ခံ ဂြိုဟ်သေတစ်ခုထက် မပိုဘူးပဲ"

ချမ်ရဲ့ရွှယ်မှာ ခေါင်းတစ်ခုလုံး ပေါက်ထွက်တော့မလို ခံစားနေရ၏။

"ဪ… မေ့နေတာ အဘိုးတို့ကို ကျွန်တော် ပြစရာတစ်ခု ရှိတယ်"

ချန်းဖန်က ဓားအားဖြည့် ကျောက်မျက် အတွင်းမှ သစ်သီးတစ်လုံးကို ထုတ်ယူလိုက်သည်။

"မိုးကြိုးသစ်သီး…"

ထိုသစ်သီးကို မြင်သည်နှင့် ချမ်ရဲ့ရွှယ်၏ မျက်လုံးများ ဝိုင်းစက်သွား၏။

"ဒီသစ်သီးကို မိုးကြိုးသစ်သီးလို့ ခေါ်တယ်… ရတနာဆေးဝါး တစ်ခုပေါ့လေ… ဒါကို စာပြီးတာနဲ့ ကျင့်ကြံသူ တစ်ယောက်က မူလအဆင့်ကို တိုက်ရိုက် ဝင်ရောက်နိုင်လိမ့်မယ်"

"မူလအဆင့်ကို တိုက်ရိုက်ဝင်နိုင်မယ်"

ဖန့်ချုံးနှင့် ချန်းဟွိုက်အန်းတို့က ပြိုင်တူ ရေရွတ်လိုက်ကြသည်။

သူတို့သည် မူလအဆင့်များ မည်မျှ အစွမ်းထက်သည်ကို တွေ့မြင်ခဲ့ပြီး ဖြစ်သည်။ ချန်းဖန်၊ ရဲ့ချင်စန်း၊ သွေးဘိုးဘေး စသည်ဖြင့် မူလအဆင့် တစ်ယောက်ချင်းစီကား ကမ္ဘာကြီးကို ပြောင်းပြန် လှန်ပစ်နိုင်သော လူများဖြစ်ကြသည်။

"သာမန် ကျင့်ကြံသူ တစ်ယောက်အတွက် အဲဒါက ခက်ခဲချင်ခက်ခဲလိမ့်မယ်… ဒါပေမဲ့ ကျွန်တော့် အကူအညီနဲ့ ဆိုရင်တော့ လွယ်လွယ်လေးပဲ… အဲဒါ အဘိုးကိုပေးဖို့ ကျွန်တော် ဆုံးဖြတ်ထားတယ်"

ချန်းဖန်က ဆုံးဖြတ်ပြီးဟန်ဖြင့် ပြောလိုက်သည်။

"မဖြစ်ဘူး… ဒီလောက် အဖိုးတန်တာကို ဖန့်ချုံး အန်ရာ ဒါမှမဟုတ် မြေးရဲ့ မိဘတွေကိုပဲ ပေးသင့်တယ်… အဘိုးက အသက်ကြီးနေပြီလေ… အဘိုးသာ  ရတနာကို သုံးလိုက်ရင် သက်သက် ဖြုန်းတီးရာ ကျတယ်"

အဘိုးအိုက လက်ကို ခါယမ်းရင်း ငြင်းပယ်လိုက်၏။

ချမ်ရဲ့ရွှယ်မှာ ထိုမြင်ကွင်းကို ကြည့်ရင်း ဆွံ့အသွားမိသည်။ ထိုအရာက ပထမဆုံးအကြိမ် အဖြစ် ရတနာဆေးဝါးကို ငြင်းပယ်သည့် လူအား သူမတွေ့ဖူးခြင်း ဖြစ်သည်။

ထိုအရာကား မြေကမ္ဘာအဆင့် ဖြစ်ရန် အခွင့်အရေး ဖြစ်သည်။ ရူးသွပ်နေသာ လူသာလျှင် ထိုအခွင့်အရေးကို ဖြန်းတီးပေလိမ့်မည်။

"အဘိုး… ဒါက အရမ်းကို ရှားပါးတဲ့အသီး မဟုတ်ပါဘူး… နောက်ငါးနှစ်လောက် ကြာရင် ဒီလိုရတနာမျိုးကို ကျွန်တော် အချိန်မရွေးရနိုင်တယ်လို့ ယုံကြည်ချက်ရှိတယ်… အဲဒီအခါကျရင် ကျန်တဲ့ လူတွေပါ မူလအဆင့်ကို ဝင်နိုင်မှာပါ"

ချန်းဖန်က ဆိုလိုက်၏။

"အဘိုးကို ရွေးလိုက်ရတဲ့ အကြောင်းရင်းက အဘိုးက ဒီအဆင့်အထိကို ကိုယ်တိုင် ကျင့်ကြံပြီး ရောက်လာတာမို့လို့ပဲ… တကယ်လို့ ဖန့်ချုံးတို့ကို ပေးလိုက်မယ် ဆိုရင် သူတို့ရဲ့ အခြေခံက မခိုင်မမာဖြစ်သွားမှာ… ဘာပဲဖြစ်ဖြစ် တစ်ဆင့်ပြီးတစ်ဆင့် သွားတာက ကောင်းပါတယ်"

"အဘိုး… ရှောင်ဖန်ပြောတာ အမှန်ပဲ… အဘိုးယူလိုက်ပါ"

ဖန့်ချုံးကလည်း တိုက်တွန်းသည်။

"အား… ကောင်းပြီလေ"

တစ်ခဏအကြာ၌ ချန်းဟွိုက်အန်းက သဘောတူလိုက်သည်။

ထို့နောက် ချန်းဖန်က အစီအရင်တစ်ခု ခင်းကျင်းလိုက်ကာ တောင်ထိပ် မြင်ကွင်းကို သင်္ကေတများဖြင့် ပိတ်ဆို့လိုက်သည်။

"သူတို့က ရူးနေတာလား…"

ထိုမြင်ကွင်းကို မြင်သည်နှင့် ချမ်ရဲ့ရွှယ် သည် ဆွံ့အသွား၏။

"သူတို့ကို ကြည့်ရတာ မိုးကြိုးသစ်သီးကို ဒီအတိုင်းကြီး စားတော့မဲ့ပုံပဲ… မိုးကြိုးသစ်သီးကို စားသုံးဖို့အတွက်က အခြား အဖိုးတန် ဆေးဝါးတွေကိုသုံးပြီး သုံးနှစ် သုံးမိုး တိတိ သန့်စင် ရတယ်လေ… နောက်ပြီး မိုးကြိုးသစ်သီးကို အသက်ကိုးဆယ်အရွယ် အဘိုးကြီးကို ပေးတာက ဖြုန်းတီးတာပဲ… သူက မြေကမ္ဘာအဆင့် ဖြစ်လာရင်တောင် တက်လမ်းရှိမှာ မဟုတ်ဘူး"

သို့သော်လည်း ချမ်ရဲ့ရွှယ်သည် ထိုစကားများကို စိတ်ထဲတွင်သာ သိမ်းဆည်းထားလိုက်၏။

နာရီဝက်ခန့် ကြာပြီးနောက်…

ချမ်ရဲ့ရွှယ်၏ အရှေ့တွင်ပင် အဘိုးအို ချန်းဟွိုက်အန်းသည် တင်ပျဉ်ခွေကာ ထိုင်ရင်း မိုးကြိုးသစ်သီးကို စတင်ကာ စားတော့၏။

"ကျွန်တော် အဘိုးကို ဒီနေ့ပဲ မူလအဆင့်ရောက်အောင် လုပ်ပေးမယ်"

ချန်းဖန်က ပြောရင်း ဓမ္မချိပ်တံဆိပ် တစ်ခုကို ချန်းဟွိုက်အန်း၏ ဦးခေါင်းထက်၌ ရေးဆွဲလိုက်၏။

"ဘုန်း…"

ရုတ်တရက် အဆုံးမဲ့သော စွမ်းအားများ ချန်းဟွိုက်အန်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ် လာသည်။

တစ်ချိန်တည်းတွင်ပင် ကောင်းကင်၌ မိုးကြိုး တိမ်တိုက်များ ဖုံးလွှမ်းလာကာ လျှပ်စီးများက တဖျပ်ဖျပ် လင်းလက်ကြ၏။

***

All Chapters