ရှောင်ရွှမ်နှင့် ပြန်တွေ့ခြင်း
Vol. 7 Ch. 681
ချန်းဖန်သည် ရှောင်ရွှမ်၏ ခြေလက်များကိုချိုးကာ မြောက်အရပ် တောင်တန်းမှ ပစ်ချ ခဲ့ဖူးသည်။
သို့သော်လည်း ဝူကျွင်းကျဲ့နှင့် လင်းဝေ့ဝေ့တို့သည် ထိုအကြောင်းအရာများကို မသိကြချေ။ သူတို့၏ မျက်လုံးများ၌ ရှောင်ရွှမ်သည် တော်ဝင် ပုဂ္ဂိုလ်တစ်ယောက်ကဲ့သို့ ထူးကဲသူ ဖြစ်သည်။
"ကျွင်းကျဲ့… ရှောင်ရွှမ်ဆိုတာက ဘယ်သူလဲ"
လီယဉ်က မေးလိုက်၏။
ဝူကျွင်းကျဲ့၏ ရှင်းပြမှုကို နားထောင်ပြီးနောက် လီယဉ်၏ မျက်လုံးများကား ပြူးကျယ် သွားတော့သည်။
ရန်ကျင်း ရှောင်မိသားစုကား တရုတ်၏ အင်အားအကြီးဆုံး မိသားစုများထဲမှ တစ်ခု ဖြစ်သည်။ သူတို့ကဲ့သို့ စီကျွေးနယ်မှ ဘဝများနှင့် ယှဉ်လျှင် မိုးနှင့်မြေလို ကွာခြားလှ၏။
"သောက်ကြစို့… အဲဒီအကြောင်း မတွေးနဲ့ တော့"
ဝူကျွင်းကျဲ့က ဆိုလိုက်၏။
"ရှောင်ရွှမ်က ရှောင်မိသားစုရဲ့ လူငယ်ခေါင်းဆောင် ဖြစ်ပြီးတော့ ရန်ကျင်းမှာတောင် ထင်ရှားတယ်… သူက ဘာလို့ မြောက်ကမ်းနား စားသောက်ဆိုင်ကို ရောက်နေတာလဲ"
လင်းဝေ့ဝေ့က ရေရွတ်လိုက်သည်။
"ငါတို့ကို တားတဲ့လူက ကျန်းပေ့ ဝေ့မိသားစုက လူတွေပဲ… နောက်ပြီး တံခါးပေါက်က တစ်ဆင့် တတိယသခင်ကြီး ဝေ့ကိုပါ တွေ့ခဲ့ရတယ်… ငါကြားဖူးတာ အရဆို သခင်ကြီးဝေ့နဲ့ သခင်ကြီးရှောင်က မိတ်ဆွေတွေ တဲ့… အဲဒါက တကယ် ဖြစ်နေပုံ ရတယ်"
ရှု့ဟောက်ရွှမ်းက ပြန်လည် ဖြေကြားလိုက်သည်။
"ကျန်းပေ့ ဝေ့မိသားစု…"
ထိုနာမည်က ချန်းဖန်အား မျက်မှောင်ကြုတ် သွားစေသည်။
သူ့တွင် ဝေ့မိသားစုနှင့် မရှင်းရသေးသော ကိစ္စများ ရှိနေသေးသည်။ ရုရှားတွင် သူသေပြီဟု သတင်းထွက်စဉ် အချိန်က ဝေ့မိသားစုသည် သူ၏ ယွင်ဝူရေ လုပ်ငန်းကို သိမ်းပိုက်ကာ ဟောင်ဂိုဏ်းအတွက် အလုပ်လုပ်ပေးခဲ့ဖူးသည်။
"ရှောင်ဖန်… ဝေ့မိသားစုက မင်းနဲ့ နီးစပ်တယ်မလား"
ဝူကျွင်းကျဲ့က မေးလိုက်၏။
"ရှောင်ဖန်က သာမန် ကောလိပ်ကျောင်းသားပဲဟာ… သူက ဘယ်လိုလုပ်ပြီး ဝေ့မိသားစုနဲ့ သိမှာလဲ"
ရှု့ဟောက်ရွှမ်းက ခေါင်းအား ခါယမ်းလိုက်၏။
ဝူကျွင်းကျဲ့မှ ဘာမှ ဆက်မပြောတော့ပဲ ငြိမ်ကျသွားသည်။ သူသည် အေးဆေးစွာသာ ထိုင်ရင်း ချန်းဖန် မည်သည့် ရှင်းပြမည်ကိုသာ စောင့်နေလိုက်၏။
ချန်းဖန်က ဝိုင်တစ်ခွက်ကို ငှဲ့ရင်း ဖြည်းညင်းစွာ သောက်လိုက်၏။ ထို့နောက် သူက ဝူကျွင်းကျဲ့၏ မေးခွန်းကို ပြန်ဖြေလိုက်သည်။
"ငါ ဝေ့မိသားစုနဲ့ သေချာကြီးသိတာပေါ့… နောက်ပြီး ငါနဲ့ သူတို့ကြားမှာ မပြီးပြတ်သေးတဲ့ ကိစ္စတွေ ရှိသေးတယ်"
ချန်းဖန်က ဝိုင်ခွက်ကို စားပွဲပေါ်သို့ချရင်း ညင်သာစွာ ထရပ်လိုက်သည်။
"ဟောက်ရွှမ်း… ငါနဲ့အတူလိုက်ခဲ့ သူတို့နဲ့ အတူ တစ်ခွက်တစ်ဖလား သွားသောက်ကြတာပေါ့"
"ဟမ်… ဘယ်သူတွေနဲ့လဲ"
ရှု့ဟောက်ရွှမ်းက ဆွံ့အစွာမေးသည်။
"ဝေ့မိသားစု ဆရာရှောင်တို့နဲ့ပေါ့…"
ချန်းဖန်က ပြန်လည် ပြောလိုက်သည်။
ထို့နောက် အားလုံး ဆွံ့အနေချိန်မှာပင် ချန်းဖန်သည် ရှု့ဟောက်ရွှမ်းကို ခေါ်၍ အခန်းထဲမှ ထွက်သွားတော့၏။
"ဟောက်ရွှမ်းက ဘာလုပ်နေတာလဲ… တစ်ခါ အငြင်းခံရတာက ရှက်ဖို့ မလုံလောက် သေးတာလား"
ဟောင်မိန်မှာ ဒေါသနှင့်ရှက်စိတ် ရောနှော၍ မျက်နှာတစ်ခုလုံး နီရဲလာခဲ့သည်။
"ရှောင်ဖန်က ဝေ့မိသားစုနဲ့ တကယ်သိလို့ဖြစ်မှာပါ… ဟောက်ရွှမ်းက သူနဲ့အတူ လိုက်သွားတာ ဆိုတော့ ရှောင်မိသားစုရဲ့ သခင်လေးနဲ့ တွေ့ခွင့်ရမှာပဲလေ … အဲဒါက မကောင်းဘူးလား"
လင်းဝေ့ဝေ့က ဖျောင်းဖျရန် ကြိုးစားလိုက်၏။
"ဟဟ… ဝေ့မိသားစုနဲ့ သိတော့ရော ဘာဖြစ်လဲ… ဝေ့မိသားစုကတောင် အစ်ကိုရှောင်ရွှမ်ကို ခယနေရတာ… အစိုးရအရာရှိ ဖြစ်ရင်တောင် ရှောင်ရွှမ် သဘောမကျရင် ဝေ့မိသားစုက ပေးဝင်မှာ မဟုတ်ဘူး"
ဟောင်မိန်က နှာခေါင်းတစ်ချက် ရှုံ့ပြီးနောက် ငြိမ်ကျသွားသည်။
မှန်ပေသည်။
ရှောင်မိသားစုနှင့် နှိုင်းယှဉ်လျှင် ဝေ့မိသားစုသည် ကျန်းပေ့နယ်၌ လွှမ်းမိုးမှုရှိသော ဒေသခံ အင်အားစုလေးသာ ဖြစ်သည်။ သူတို့အတွက် ရှောင်ရွှမ် အလည်လာခြင်းသည် မင်းသားတစ်ပါး အလည်လာခြင်းနှင့် မခြားနားချေ။
"ငါတို့ နောက်ကနေလိုက်ပြီး ကြည့်ရင်ကောင်းမလား"
ရန်ရှောင်ပိုင်က ဆိုလိုက်၏။
"သွားကြတာပေါ့…"
ဝူကျွင်းကျဲ့က စိတ်လှုပ်ရှားစွာဖြင့် ထိုင်ရာမှ ထလိုက်သည်။
ချန်းဖန်၏ သူငယ်ချင်းများထဲ၌ ယုဝမ်ကျင်းမှ လွဲ၍ သူသည် ချန်းဖန်၏ အစစ်အမှန် ပုံရိပ်ကို သိသည့် တစ်ဦးတည်းသောလူ ဖြစ်သည်။
သူသည် ထန်လုံ တပ်ဖွဲ့၏ ဗိုလ်ချုပ်ရာထူး မည်မျှ ကြီးကျယ်သည်ကို နားမလည်သော်လည်း ထိုအရာက ဝေ့မိသားစုကို ခြောက်လှန့်ရန် လုံလောက်သည်ဟု ဆူဆ၏။
ထိုနောက် သူတို့ ခြောက်ယောက်စလုံး ထိုင်ရာမှ ထကာ ချန်းဖန်တို့ နောက်သို့ ဦးတည် လိုက်ကြတော့သည်။
ထိုအချိန်၌ ချန်းဖန်နှင့် ရှု့ဟောက်ရွှမ်တို့သည် ဝေ့မိသားစု ငှားထားသည့် စားသောက်ဆိုင် အခန်းတံခါးဝသို့ ရောက်ရှိနေပြီ ဖြစ်သည်။
"ရှောင်ဖန်… ပြန်လှည့် ကြရအောင်… ဝေ့မိသားစုနဲ့က နောက်မှတွေ့လည်း ရပါတယ်"
ရှု့ဟောက်ရွှမ်းမှာ ခြေဖျားလက်ဖျားများ အေးစက်နေပြီး ချန်းဖန်ကို ဟန့်တားတန် ကြိုးစားလိုက်သည်။
"မရဘူးကွ… ဒီနေ့လုပ်မှ ဖြစ်မှာ"
ချန်းဖန်က ခိုင်မာစွာ ဆိုလိုက်၏။
အခန်းရှေ့သို့ ရောက်သည်နှင့် အစောင့်တစ်ယောက်က ရှု့ဟောက်ရွှမ်းကို စူးစိုက် ကြည့်ရင်း…
"ငါမင်းကို ပြောပြီးပြီ… ဝေ့မိသားစုက VIP တစ်ယောက်နဲ့ တွေ့ဆုံနေတယ်လို့… အခြား လူတွေ ဝင်ခွင့်မပြုဘူး"
သို့သော်လည်း ထိုအစောင့်သည် ချန်းဖန်အား တွေ့သည်နှင့် တစ်ကိုယ်လုံး တုန်ယင်သွားတော့သည်။
"အားပြောင်… မတွေ့ရတာ ကြာပြီ"
ချန်းဖန်က နှုတ်ဆက်လိုက်သည်။
"ဆ… ဆရာချန်း…"
အားပြောင်ကား ထိတ်လန့်မှုကြောင့် မေးချင်းပင် ရိုက်ခတ်သည်အထိ တုန်ယင်လာသည်။ ထို့နောက် သူက ချက်ချင်းပင် ဒူးထောက်ချလိုက်၏။
"မင်းပါ ဒီကိုရောက်နေတာ ဆိုတော့ တတိယ သခင်ကြီးဝေ့လည်း ဒီမှာရှိရမယ်… အရမ်းကောင်းတယ်… ငါသူနဲ့ ရှင်းစရာစာရင်းတွေ ရှိသေးတယ်"
ချန်းဖန်က ပြုံးရင်း အခန်းအတွင်းသို့ ဝင်လိုက်သည်။ အခြားအစောင့်များသည် တစ်ခုခု မှားယွင်းနေကြောင်း သိကြရာ ချန်းဖန်ကို မတားရဲကြချေ။
ထိုအချိန် အခန်းအတွင်းတွင်မူ…
"ဆရာရှောင်… ခင်ဗျား ကျန်းနန်ကို ရောက်လာတာ ကျုပ်တို့အတွက် ဂုဏ်ယူစရာပါပဲ… ကျုပ် အဘိုးကြီး ကိုယ်စား ဒီခွက်နဲ့ ဂုဏ်ပြုပါရစေ"
တတိယ သခင်ကြီးဝေ့က ဝိုင်ခွက်ကိုမြှောက်ရင်း သောက်ချလိုက်သည်။
"အဘိုးနဲ့ သခင်ကြီးဝေ့က ဆယ်စုနှစ်များစွာ ခင်မင်ခဲ့တဲ့သူငယ်ချင်းတွေပဲ… ကျုပ်က အဘိုးကိုယ်စား ဝေ့မိသားစုကို လာရောက် ဂါဝရပြုတာပါ"
ရှောင်ရွှမ်က ခွက်အား ပြန်လည်မြှောက်ရင်း မော့သောက်လိုက်သည်။
ဝေ့ကျီချင်ကမူ ဘာမှဝင်မပြောဘဲ သူတို့ဘေးနားတွင် ငြိမ်သက်စွာသာ ထိုင်နေခဲ့၏။
ရှောင်ရွှမ်၏ ခရီးခရီးစဉ် ရည်ရွယ်ချက်မှာ သူနှင့် ဝေ့ကျီချင်၏ လက်ထပ်ပွဲအထွက် ဆွေးနွေးရန် ဖြစ်သည်။
ချင်ယန်နာနှင့် စေ့စပ်ပွဲ ပျက်ပြီးကတည်းက ရှောင်မိသားစုသည် ရှောင်ရွှမ်အတွက် အခြား စေ့စပ်ပွဲတစ်ခုလုပ်ရန် ကြိုးစားခဲ့သည်။ အဘိုးအိုဝေ့က စတင် ကမ်းလှမ်းလာရာ သခင်ကြီးချင်က ချက်ချင်းပင် လက်ခံပြီး သူ၏ မြေးဖြစ်သူကို ဆွေးနွေးရန် စေလွှတ်ခဲ့ခြင်း ဖြစ်သည်။
"ကျိချင်နဲ့ လက်ထပ်ပြီးသွားရင် ဆရာရှောင်က ကျွန်တော်တို့နဲ့ ဝေ့မိသားစု ဖြစ်လာမှာပါ… အရမ်းကြီး သမာရိုးကျ လုပ်မနေပါနဲ့"
ဝေ့ချန်စုန့်က ပြုံးရင်း ဆိုလိုက်၏။
သူသည် ဝေ့မိသားစု ဒုတိယမျိုးဆက်၏ ခေါင်းဆောင်ဖြစ်ပြီး ပြည်နယ်အစိုးရ အဖွဲ့ဝင် တစ်ယောက် ဖြစ်သည်။ ရှောင်မိသားစုပင် သူ့အား လေးစားရ၏။
သူတို့ ပျော်ရွှင်စွာ ဆွေးနွေးပြောဆို နေကြချိန်တွင် အခန်းတံခါးက ဖြည်းညင်းစွာ ပွင့်ဟလာပြီး လူရိပ်အချို့ ဝင်ရောက်လာ၏။
တတိယ သခင်ကြီးဝေ့၏သား ဝေ့ကျီပင်က မျက်မှောင်ကြုတ်ရင်း အစောင့်များကို ဆူရန် ပြင်လိုက်သည်။
"ဘာတွေဖြစ်နေတာလဲ… အခြားဘယ်သူမှ ပေးမဝင်ဖို့ ငါ မပြောထားဘူးလား… မင်းတို့"
သို့သော်လည်း ချန်းဖန်အား တွေ့သည်နှင့် သူကား ဆွံ့အကာ စကားပင် ဆက်မပြော နိုင်တော့ချေ။
"ကျီပင် ဘာဖြစ်တာလဲ…"
တတိယ သခင်ကြီးဝေ့သည် ဝိုင်ခွက်ကို ကိုင်ရင်းမှ လှည့်ကြည့်လိုက်သည်။ သို့သော် ချန်းဖန်အား သတိထားမိသည်နှင့် သူ၏လက်အတွင်းရှိ ဝိုင်ခွက်က လွတ်ကျသွား၏။
"ချန်း… ချန်း… ချန်း…"
တစ်ခဏ အတွင်းမှာပင် တတိယ သခင်ကြီးဝေ့၏ ဆွယ်တာတစ်ခုလုံးမှာ ချွေးများဖြင့် ရွှဲရွှဲစို သွားတော့သည်။
"ဆရာချန်း… ဒီကို ဘယ်လို ရောက်လာတာလဲ"
ဝေ့ကျီချင်က အံ့အားသင့်သော မျက်နှာဖြင့် မေးလိုက်သည်။
"မင်းတို့နဲ့ အတူ သောက်ရအောင်လေ"
ချန်းဖန်က ပြုံးကာ လျှောက်လာရင်း စားပွဲပေါ်မှ ဝိုင်ခွက်အား ကောက်ယူလိုက်သည်။
ထိုအချိန်၌ တတိယ သခင်ကြီးဝေ့၏ ခြေလက်များကား တဆတ်ဆတ် တုန်ယင်နေခဲ့ပြီ ဖြစ်လေသည်။
ရှု့ဟောက်ရွှမ်း တစ်ယောက်မှာလည်း ထိုမြင်ကွင်းကို ကြည့်ရင်း ဆွံ့အနေခဲ့ပြီ ဖြစ်သည်။
ချန်းဖန်က တုန်ယင်နေသော တတိယ သခင်ကြီးဝေ့ကို စူးစိုက်ကြည့်လိုက်ရင်း…
"ငါမင်းကို အကျိုးအမြတ်တွေ အများကြီး ပေးပြီးတော့ ယွင်ဝူရေကို စောင့်ရှောက် ခိုင်းခဲ့တယ်… ဒါပေမဲ့ ငါမရှိတာနဲ့ မင်းက ငါ့ကို သစ္စာဖောက်တယ်… ဟောင်ဂိုဏ်းနဲ့ ပေါင်းပြီး ငါ့ယွင်ဝူရေ လုပ်ငန်းကို အပိုင်သိမ်းယူခဲ့တယ်.. ငါက ဒီကိစ္စကို ဘာမှမလုပ်ဘဲ ထားမယ်လို့ မင်းထင်နေတာလား"
ချန်းဖန်၏ စကားလုံး တစ်ခုချင်းစီတိုင်း၌ တတိယ သခင်ကြီးဝေ့သည် တူဖြင့် ထုနှက်ခံရသလို ခံစားနေရ၏။ သူသည် မြေပြင်၌ ဒူးထောက်ကာ လှုပ်ရှားရန်ပင် မဝံ့ရဲချေ။
"ဆရာချန်း… မတွေ့ရတာ ကြာပြီ… ဘာလို့ အေးအေးဆေးဆေး ထိုင်ပြီး မပြောရမှာလဲ"
ဝေ့ချန်စုန့်က ချန်းဖန်အားပြုံးကာ ပြောလိုက်သည်။
"မျက်လုံးတစ်လုံး အတွက် မျက်လုံးတစ်လုံးချင်းပဲ… အခု ငါ တတိယ သခင်ကြီးဝေ့နဲ့ ထိုက်တန်တာကို ပေးဖို့ လာတာ… မင်းက ငါ့ကို တားချင်တာလား"
ချန်းဖန်က ဝေ့ချန်စုန့်ကို မျက်မှောင်ကြုတ်ရင်း ကြည့်လိုက်သည်။
ဝေ့မိသားစုဝင် အားလုံး အေးခဲသွားကြ၏။ သူတို့မှာ ချန်းဖန်၏ လုပ်နိုင်စွမ်း အပေါ် သံသယ မရှိကြချေ။ အကယ်၍ ချန်းဖန်သာ ဆန္ဒရှိပါက ဝေ့မိသားစု တစ်ခုလုံးကိုပင် ဖျက်ဆီးပစ်၍ ရကြောင်း သူတို့ ကောင်းကောင်းကြီး သဘောပေါက်ကြသည်။
"အဟွတ်… အဟွတ်…"
သခင်ကြီးဝေ့က ချောင်းဆိုးရင်း ထိုင်ရာမှ ထရပ်လိုက်သည်။ ထို့နောက် သူက ချန်းဖန်ကို ဦးညွှတ်လိုက်၏။
"ဆရာချန်း… ကျုပ် မိသားစုက ခင်ဗျားအပေါ် အမှားကျူးလွန်ခဲ့ပါတယ်… ကျုပ်ရဲ့ တတိယသားကို ကျုပ်မျက်နှာနဲ့ ခွင့်လွှတ်ပေးနိုင်မလား"
***