မျက်လုံးတစ်လုံးအတွက် မျက်လုံး တစ်လုံးချင်း
Vol. 7 Ch. 682
ဝေ့ဖူ သို့မဟုတ် ကျန်းပေ့နယ် ဝေ့မိသားစု သခင်ကြီး…
သူသည် ချန်းဖန် ပြန်လည် မွေးဖွားလာပြီးနောက် ပထမဆုံး တွေ့ဆုံခဲ့သည့် အတွင်းအား ပညာရှင်ဖြစ်သည်။
ချန်းဖန်သည် သူ၏ရောဂါကို ပျောက်ကင်းအောင် ကုသပေးခဲ့သည့် အပြင် ဆေးများ၊ ကျင့်ကြံခြင်း နည်းစနစ်များ လက်ဆောင် ပေးခဲ့သေးသည်။
အပြန်အလှန်အနေဖြင့် ဝေ့ဖူက ချန်းဖန်ကို စစ်တပ်သို့ဝင်ရန် ကူညီပေးခဲ့သည်။ ထို့အပြင် ချန်းမိသားစု တွေ့ဆုံပွဲတွင်လည်း သခင်ကြီးဝေ့က တက်ရောက်ကာ ချန်းဖန်ကို ပံ့ပိုးပေးခဲ့သည်။
ထို့ကြောင့် ချန်းဖန်နှင့် သခင်ကြီးဝေ့သည် ရင်းနှီးသည်ဟု ဆိုနိုင်သည်။ သခင်ကြီးဝေ့၏ မျက်နှာဖြင့် ချန်းဖန်သည် ဝေ့ကျီပင်ကို အကြိမ်ကြိမ် ခွင့်လွှတ်ပေးခဲ့ဖူးသည်။
သို့သော်လည်း ယခုတစ်ကြိမ်ကမူ ခြားနား၏။
"သခင်ကြီးဝေ့… ခင်ဗျားသား ဘာလုပ်ခဲ့လဲဆိုတာ ခင်ဗျားလည်းသိမှာပါ"
ချန်းဖန်က သခင်ကြီးဝေ့ကို ကြည့်လိုက်သည်။
သခင်ကြီးဝေ့က တစ်ခုခု ကာကွယ်ပြောဆိုရန် ဟန်ပြင်လိုက်သော်လည်း နောက်ဆုံး၌ သက်ပြင်းကိုသာ ချလိုက်သည်။
"တတိယသားက အမှားတစ်ခုပြုလုပ်ခဲ့တယ်… ကျုပ် ရှာဖွေ တွေ့ရှိတဲ့အချိန်မှာ အဲဒါက နောက်ကျနေပြီ… ဆရာချန်းဘက်က သနားညှာတာမှုပြဖို့ပဲ ကျုပ် မျှော်လင့်ပါတယ်"
"ခင်ဗျားသိရင် အစောတည်းက ကျုပ်ကို တောင်းပန်ဖို့ ခင်ဗျား တိုက်တွန်းသင့်တယ်… ခင်ဗျားက အခုကျမှသနားဖို့ လာတိုက်တွန်းနေတယ်"
ချန်းဖန်က ဆိုလိုက်၏။
"အဲဒါက…"
သခင်ကြီးဝေ့၏ မျက်နှာသည် ချက်ချင်းပင် ဖြူရော်ကာ ဆွံ့အသွား၏။
"ဆရာချန်း… တတိယညီလေးက သေဖို့ တကယ်ပဲ ထိုက်တန်ပါတယ်… ဒါပေမဲ့ ကျုပ်တို့ ဝေ့မိသားစုက သူ့ကို လက်မလျှော့နိုင်ဘူး… သူ့အသက် အတွက် ဝေ့မိသားစုက ခင်ဗျားကို ဘာပေးရမလဲ"
ဝေ့ချန်စုန့်က ဆိုလိုက်သည်။
"ငါလိုချင်တာကို မင်းတို့ မပေးနိုင်ဘူး"
ချန်းဖန်က ပြတ်သားစွာဆိုရင်း တတိယ သခင်ကြီးဝေ့ဘက်သို့ လှည့်လိုက်သည်။
"တတိယ သခင်ကြီးဝေ့… ငါက မင်းအပေါ် အမြဲတမ်း ကောင်းကောင်း ဆက်ဆံခဲ့တယ်… ဒါပေမဲ့ မင်း ငါ့ရဲ့ကြင်နာမှုကို ဘယ်လိုပြန်ပြီး တုံ့ပြန်ခဲ့သလဲ"
တတိယ သခင်ကြီးဝေ့က ဒူးထောက်ရင်း တဆတ်ဆတ် တုန်ယင်နေ၏။ သူက ခေါင်းကိုငုံ့ရင်း ဘာမှ ပြန်မပြောရဲခဲ့ချေ။
"ချန်းပေ့ရွှမ်း… မင်း နည်းနည်းလွန်နေပြီလို့ ငါထင်တယ်"
ရှောင်ရွှမ်က မျက်မှောင်ကြုတ်ရင်း ဝင်ရောက် ပြောလိုက်သည်။
"တတိယ သခင်ကြီးဝေ့က မင်းရဲ့ ယွင်ဝူလုပ်ငန်းက ငွေဘီလီယံအချို့လောက်ကိုပဲ အလွဲသုံးစား လုပ်ခဲ့တာမလား… မင်းလိုချင်ရင် ငါအဲဒီငွေကို ပြန်ပေးမယ်"
"ဘီလီယံအချို့…"
ချန်းဖန်က နှာခေါင်းရှုံ့လိုက်၏။
"သူက ငါ့မိဘတွေနဲ့ မိသားစုကို အခက်အခဲဖြစ်အောင် လုပ်ခဲ့တာ… အဲဒါက ဘီလီယံအချို့ပဲ ထိုက်တန်တာလား… ငါ ရှောင်မိသားစုကို သုတ်သင်ပြီး မင်းကို တစ်ဆယ် ဘီလီယံပေးမယ် ဆိုရင်ရော ဘယ်လိုသဘောရလဲ"
ချန်းဖန်၏စကားက လူတိုင်းအား ထိတ်လန့်သွားစေ၏။ ဝေ့ချန်စုန့်က လေးနက်သော အမူအရာဖြင့် ဝင်ရောက်ပြောလိုက်သည်။
"ဆရာချန်း… ကျုပ် မင်းကိုတကယ်ပဲ လေးစားတယ်… ဒါပေမဲ့ ဝေ့မိသားစုနဲ့ ရှောင် မိသားစုကို ခင်ဗျား ခြိမ်းခြောက်တာကို ကြောက်နေမယ် ထင်နေလား"
ဝေ့မိသာစုသည် သာမန်မိသားစု တစ်ခုသာ ဖြစ်သော်လည်း ဝေ့ချန်စုန့်မှာ ပြည်နယ် အစိုးရ အဖွဲ့ဝင် ဖြစ်သည်။
ထို့အပြင် ဝေ့ကျီချင်မှာလည်း ရှောင်ရွှမ်နှင့် လက်ထပ်တော့မည် ဖြစ်သည်။ ရှောင် မိသားစု၏ ထောက်ပံ့မှုနှင့် ဆိုပါက တရုတ်တွင် ဝေ့မိသားစုကို မည်သူမျှ ထိရဲတော့မည် မဟုတ်ချေ။
"ဟဟ…"
သို့သော်လည်း ချန်းဖန်က ဝေ့ချန်စုန့်၏ စကားကို ဂရုစိုက်ခြင်း မရှိချေ။ အကယ်၍ သူသာ ဆန္ဒရှိပါက ရှောင်မိသားစုကိုပင် ရှင်းလင်းပစ်နိုင်ရာ ဝေ့မိသားစု လောက်က ထည့်တွက်စရာပင် မလိုချေ။
ရှောင်ရွှမ်က လက်သီးကို တင်းတင်းဆုပ်လိုက်၏။ ထို့နောက် သူက ချန်းဖန်ကို ကြည့်ရင်း တင်းမာစွာ ဆိုလိုက်သည်။
"ချန်းပေ့ရွှမ်း… မင်း ဗိုလ်ချုပ်ရဲ့ကို နိုင်တယ်ဆိုတာနဲ့ လုပ်ချင်တိုင်း လုပ်လို့ရမယ် ထင်နေလား… မင်းက မင်းကိုမင်း နျူကလိယ ကို ခုခံနိုင်တယ်လို့ တွေးနေတာလား"
"ဗိုလ်ချုပ်ရဲ့… ဘယ် ဗိုလ်ချုပ်ရဲ့လဲ"
ဝေ့မိသားစုသည် ကျန်းပေ့နယ်၏ ဒေသခံ မိသားစုတစ်ခုသာ ဖြစ်ရာ ကျောင်းဟိုင်နှင့် ရန်ကျင်း၌ ချန်းဖန်လုပ်ခဲ့သည့် ကိစ္စများအား သိရှိထားခြင်း မရှိချေ။
"ဗိုလ်ချုပ် ရဲ့နန်ထင်းလား…"
ဝေ့ကျီချင်က မေးလိုက်သည်။
"မဟုတ်ဘူး… ခွန်းလွန်ရဲ့ ခေါင်းဆောင် တရုတ်ရဲ့ အုပ်ချုပ်သူရဲ့ချင်စန်း"
ရှောင်ရွှမ်က ပြန်ဖြေလိုက်သည်။
"ဘာကြီး…"
လူတိုင်း ဆွံ့အသွားကြ၏။ သခင်ကြီးဝေ့ပင်လျှင် မျက်လုံးများ ပြူးကျယ်၍သွားသည်။
ရဲ့နန်ထင်းနှင့် နှိုင်းယှဉ်လျှင်ပင် ရဲ့ချင်စန်းကား အလွန် ကြီးမြတ်သူဖြစ်သည်။ သူသည် ဗိုလ်ချုပ်ကြီး တစ်ယောက်အဖြစ် တရုတ်ကို နှစ်ပေါင်းများစွာတိုင် လွှမ်းမိုးခဲ့သူ ဖြစ်သည်။
သို့သော်လည်း ချန်းဖန်က ဗိုလ်ချုပ်ရဲ့ကို အနိုင်ယူခဲ့သည်ဟု ဆိုသည်။ ထိုအရာက သူသည် တရုတ်၏ စောင့်ရှောက်သူကို အနိုင်ယူခဲ့ခြင်းလည်း ဖြစ်၏။
"အကို ရှောင်ရွှမ်တောင် ချန်းဖန်ကိုကြောက်တာ မထူးဆန်းတော့ဘူး… သူက အရမ်းကို အစွမ်းထက်လာတာပဲ"
ဝေ့ကျီချင်က တွေးလိုက်သည်။
မည်သို့ပင်ဆိုစေ တတိယသခင်ကြီး ဝေ့သည် ဝေ့မိသားစုဝင် ဖြစ်နေသေးသည်။ ထို့ကြောင့် သူတို့အနေဖြင့် မျှော်လင့်ချက် အမျှင်လေး ရှိနေလျှင်ပင် ကယ်တင်ရန် ကြိုးစားရမည် ဖြစ်သည်။
"ဆရာချန်း… ဒါက တကယ်ပဲ တတိယညီလေးရဲ့ အမှားပါပဲ… ဒါပေမဲ့ အတိတ်ရဲ့ ရင်းနှီးမှုတွေကို ထောက်ထားပြီး သူ့ရဲ့အသက်ကို ချမ်းသာပေးဖို့ တောင်းပန်ပါရစေ"
ဝေ့ချန်စုန့်က တောင်းပန်လိုက်၏။
"ချန်းဖန်… ကျေးဇူးပြုပြီး ဦးလေးရဲ့အသက်ကို ချမ်းသာပေးပါ"
ဝေ့ကျိချင်ကလည်း ခေါင်းကိုငုံ့ရင်း ပြောသည်။
"ဆရာချန်း… ကျုပ် တကယ်ပဲ ရှက်ရွံ့မိပေမဲ့ ကြင်နာမှုလေး ပြပေးပါလို့ တောင်းပန်ပါရစေ"
သခင်ကြီးဝေ့ကလည်း သက်ပြင်းချရင်းဆို၏။ တတိယ သခင်ကြီးဝေ့နှင့် ဝေ့ကျီပင်တို့ကလည်း ဒူးထောက်ကာ တောင်းပန် ကြသည်။
ချန်းဖန်က ထိုလူများကို ဝှေ့ကြည့်လိုက်ရင်း သက်ပြင်းတစ်ချက် ချလိုက်၏။
"ဟုတ်ပါတယ်… အဲဒါက ဘီလီယံအချို့ပါပဲ… ငါ အဲဒီငွေပမာဏလောက်ကို ဘာလို့ မက်မောရမှာလဲ"
ချန်းဖန်၏ စကားကို ကြားသည်နှင့် ဝေ့မိသားစုဝင်များမှာ အသက်ကို လေးလံစွာ ရှူသွင်းလိုက်ကြသည်။
သို့သော်လည်း ချန်းဖန်က စကားဆက်လိုက်၏။
"အဲဒါက ဘီလီယံရာချီ ဖြစ်ရင်တောင် ငါ ဂရုမစိုက်ဘူး… ဒါပေမဲ့ ငါ့ကို သစ္စာဖောက်ခဲ့တဲ့ ပြစ်မှုကတော့ ခွင့်လွှတ်လို့မရတဲ့အရာပဲ… ငါသာ သူ့ကို မသတ်ရင် အနာဂတ်မှာ ဘယ်သူက ချန်းမိသားစုကို လေးစားတော့မှာလဲ"
အားလုံး ဆွံ့အသွားကြ၏။ အဘိုးကြီးဝေ့က စကားပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် ချန်းဖန်က ခေါ်လိုက်သည်။
"ယုဝမ်ကျင်း…"
ထိုအချိန်၌ ယုဝမ်ကျင်းနှင့် အခြားလူများမှာလည်း အခန်းအတွင်းသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ ယုဝမ်ကျင်းက ရှေ့သို့ တစ်လှမ်းတိုးရင်း အဖြေပေးလိုက်၏။
"အင်း…"
"မြောက်ပိုင်းချုံးကို စော်ကားတဲ့ လူတွေက ဘယ်လိုအဆုံးသတ်လဲ ပြောပြလိုက်ပါ"
ချန်းဖန်သည် ပြတင်းပေါက်၏နံဘေးတွင် ရပ်နေခဲ့၏။ သူ၏ အင်္ကျီလက်များက မြစ်ပြင်လေ၏ တိုက်ခတ်မှုတွင် တဖျပ်ဖျပ် လွင့်နေခဲ့သည်။
"သူတို့ကို သတ်ပစ်ပါတယ်"
ယုဝမ်ကျင်းက အေးစက်သော လေသံဖြင့် ပြန်ဖြေလိုက်သည်။
"ကောင်းပြီ…"
ချန်းဖန်က ခေါင်းညိတ်လိုက်သည်။
ထိုအချင်းအရာကို မြင်သည်နှင့် သခင်ကြီးဝေ့က အော်ဟစ်၍ တားဆီးရန် ကြိုးစားလိုက်၏။
"ဆရာချန်း…"
သို့သော်လည်း နောက်ကျသွားချေပြီ ဖြစ်သည်။ ယုဝမ်ကျင်းသည် အထွတ်အထိပ် အဆင့်သို့ ဝင်ရောက်နေပြီ ဖြစ်ရာ သူ၏ လှုပ်ရှားမှုက လျှပ်စီးလျှပ်သကဲ့သို့ မြန်၏။
သူမက ရုတ်တရက် လက်ညှိုးကိုဆန့်ထုတ်ကာ တတိယ သခင်ကြီးဝေ့၏ နဖူးကို တို့ထိလိုက်သည်။
"ဘုန်း…"
ရုတ်တရက် တတိယ သခင်ကြီးဝေ့၏ ခန္ဓာကိုယ်က အေးခဲကာ ကြမ်းပြင်ပေါ် ပစ်လဲကျသွား၏။ သူ၏ အသက်ရှူခြင်းများကမူ ရပ်တန့်သွားခဲ့ပြီ ဖြစ်သည်။
လူတိုင်း တိတ်ဆိတ်သွားကြ၏။
ယုဝမ်ကျင်းသည် တတိယ သခင်ကြီးဝေ့ကို သတ်ဖြတ်ပစ်လိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားကြချေ။
"ချန်းပေ့ရွှမ်း… မင်း…"
ရှောင်ရွှမ်က လက်သီးကို တင်းတင်းဆုပ်ရင်း ချန်းဖန်အား ကြည့်၏။
သူကဲ့သို့ပင် ဝေ့ဖူ၊ ဝေ့ကျီချင်တို့မှာလည်း အသားများ တုန်ယင်သည်အထိ ဒေါသ ထွက်လာကြသည်။ သို့သော်လည်း သူတို့သည် ချန်းဖန်အား မေးခွန်း မထုတ်ရဲကြချေ။
မဟုတ်လျှင် နောက်ထပ် သေဆုံးခြင်းက သူတို့ထံသို့ တည့်တည့်မတ်မတ် ရောက်ရှိလာနိုင်သည်။
ချန်းဖန်သည် လူများ၏ ဒေါသထွက်နေသော အကြည့်များကို လျစ်လျူရှု၍ ဝိုင်တစ်ခွက်ကို ငှဲ့လိုက်သည်။ ထို့နောက် သူက သခင်ကြီးဝေ့ကိုကြည့်ရင်း ဆိုလိုက်၏။
"သခင်ကြီးဝေ့… ကျုပ် ခင်ဗျားကို အရင်ကတည်းက ပြောဖူးတယ်… ကျုပ်နဲ့ ကျုပ်ရဲ့ မိသားစုကိုထိရင် ဘယ်သူ့ကိုမှ ခွင့်မလွှတ်ဘူးလို့… ဒီတစ်ခွက်နဲ့ ခင်ဗျားနဲ့ကျုပ်ရဲ့ အကြားက ကိစ္စတွေအားလုံးကို သင်ပုန်း ချေလိုက်ရအောင်… ဒီနေ့ကစလို့ ဝေ့မိသားစုနဲ့ ကျုပ်ရဲ့အကြားက ဆက်ဆံရေးက ပြီးပြီ"
ချန်းဖန်က ဝိုင်ကိုတစ်ကျိုက်တည်း မော့သောက်ပြီးနောက် ထိုအခန်းကို ကျောခိုင်းကာ ပြန်လည် ထွက်ခွာလာခဲ့တော့၏။
ဟောင်မိန်၊ ဝူကျွင်းကျဲ့နှင့် အခြားလူများမှာမူ နေရာတွင်ပင်ရပ်ကာ မည်သို့ လုပ်ရမှန်း မသိကြချေ။
"ဘာတွေဖြစ်နေတာလဲ… ချန်းဖန်က ရှောင်ရွှမ် ဝေ့မိသားစုတို့နဲ့ ပြဿနာရှိနေတာလား… နောက်ပြီး ယုဝမ်ကျင်းက တတိယသခင်ကြီးဝေ့ကို ရုတ်တရက် သတ်ပစ်လိုက်တယ်"
နောက်မှာ ရောက်လာသော လင်းဝေ့ဝေ့တို့ မဆိုထားနှင့် ချန်းဖန်နှင့် တစ်ချိန်လုံး ရှိနေသည့် ရှု့ဟောက်ရွှမ်းပင် ယခုထိ နားမလည်နိုင်သေးချေ။
သူနားလည်သည့် တစ်ခုတည်းသော အရာက ဝေ့မိသားစုနှင့် ရှောင်ရွှမ်သည် ချန်းဖန်ကို ကြောက်ကြသည် ဆိုခြင်းပင်။
"နေဦး… မဟုတ်မှလွဲရော သူက အရှင် ချန်းပေ့ရွှမ်းလား"
ဟောင်မိန်က ရုတ်တရက်သတိရကာ မေးလိုက်၏။
သူမသည် ရန်ကျင်း မိသားစုတစ်ခု၌ မွေးဖွားလာသူ ဖြစ်ရာ ချန်းပေ့ရွှမ်း၏ ဂုဏ်ပုဒ်နှင့် နာမည်ကို ကြားဖူးနားဝရှိ၏။
သူမသည် ချန်းဖန်ကို ချက်ချင်း မမှတ်မိသော်လည်း ရှောင်ရွှမ်ခေါ်သည့် "ချန်းပေ့ရွှမ်း" ဆိုသော အမည်ကို ကြားသည်နှင့် ဆက်စပ်စဉ်းစားမိခြင်း ဖြစ်သည်။
ယုဝမ်ကျင်းသည် ချန်းဖန်၏နောက်မှနေ၍ ထွက်ပေါက်ရှိရာသို့ လျှောက်လာသည်။ ဟောင်မိန်၏ မေးခွန်းကို ကြားသည်နှင့် သူမက ခဏမျှရပ်၍ ပြုံးရင်းပြောလိုက်၏။
"ဟုတ်တယ်… သူက မကြာသေးခင်ကမှ ထန်လုံးတပ်ဖွဲ့ရဲ့ ဗိုလ်ချုပ်ကြီးအဖြစ် ခန့်အပ်ခံရတဲ့ ချန်းပေ့ရွှမ်းပဲ"
"ဘယ်လို…"
သူမ၏စကားကို ကြားသည်နှင့် ရှောင်ရွှမ် အပါအဝင် လူတိုင်း ဆွံ့အသွားကြတော့သည်။
***