အကျဉ်းသားသစ် ထပ်လာဦးမတဲ့
Vol. 5 Ch. 61
ဒီစကားကြားတော့ ယွီဟွေးဖေးရဲ့ မျက်လုံးတွေတောင် နီရဲလာပြီး သရဲဖြူနဲ့ သရဲနက်ပခုံးကိုပုတ်ကာ ပြောလိုက်၏။
“ဖြူကြီး၊ မဲကြီး… ကျေးဇူးပဲဗျာ”
သူတို့နှစ်ယောက် ကြောင်သွားပြီးမှ ပါးစပ်ကိုဖြဲပြီး ရယ်လိုက်ကြသည်။
“အားနာစရာလား မလိုပါဘူး။ သူတို့နှစ်ယောက် ခင်ဗျားအတွက် အသားတောင်မစားလိုက်ရဘူးလေ။ ဒါပေမဲ့ ငါတို့က သူတို့အတွက် နည်းနည်းတော့ ဖွက်ထားပေးပါတယ်”
နွားခေါင်းကလည်း “ဒီနှစ်ကောင်က ဇလုံအကြီးကြီးနဲ့ ငါကိုစားပြီး အင်္ကျီထဲမှာလည်း အိတ်တစ်လုံးဖွက်ထားတာ။ လူလစ်ရင် လစ်သလို အထဲကိုထည့်ထားတယ်လေ။ ဒါပေမဲ့ တိုက်ပွဲက ဒီလောက်မြန်မြန်ပြီးသွားမယ်လို့ ဘယ်ထင်မှာလဲ… ငါးက အိုးတစ်ဝက်လောက်ကျန်သေးတယ်။ မနက်ဖြန်… ငါတို့ဆက်ပြီးစားကြမယ်၊ ဟဲဟဲ…”
ယွီဟွေးဖေးက တစ်ခုခုပြောချင်ပေမယ့် နောက်ဆုံးတော့ အားလုံးနဲ့ မျက်လုံးချင်းဆုံပြီး တစ်ယောက်နဲ့တစ်ယောက် ပါးစပ်ကိုဖြဲပြီး ပြုံးလိုက်ကြ၏။
ပျားရည်ရေကို တစ်ယောက်တစ်ခွက်စီသောက်ပြီး ကျန်တာကို သရဲဖြူက လျိုကျွမ်း၊ လျိုရှင်း၊ ခယ်လီတို့အတွက် နည်းနည်းပို့ပေးလိုက်သည်။
တောပျားရည်ကိုမြင်တော့ ခယ်လီက တော်တော်စိတ်လှုပ်ရှားနေပြီး သူရဲဖြူနက်တို့ရဲ့ ခေါင်းပေါ်က အဖုတွေကိုမြင်တော့လည်း တော်တော်စိတ်မကောင်းဖြစ်သွား၏။ မနက်ဖြန် နှစ်ယောက်လုံးကို ဆေးရုံခေါ်သွားမယ်လို့တောင် ပြောနေသေးသည်။
အမူးပြေပြီးပြန်နိုးသွားတော့ အိပ်မပျော်တော့ဘူး။ ဒါနဲ့ ယွီဟွေးဖေးက နွားခေါင်း၊ မြင်းမျက်နှာ၊ ဖြူမဲနဲ့ ချွေ့ကျွယ်တို့ကိုခေါ်ပြီး နောက်ခြံနှစ်ထပ်အိမ်ခေါင်မိုးပေါ်မှာ ရှေ့ခြံအိမ်ခေါင်မိုးကိုကျောပေးပြီး ဘေးချင်းယှဉ်ထိုင်ကာ ကောင်းကင်ပေါ်ကကြယ်တွေကိုမော့ကြည့်ရင်း စကားစမြည်ပြောပြီး အချိန်ဖြုန်းနေကြတော့သည်။
“မဲကြီး… ပိုက်ဆံပြန်ပေးပြီးပြီလား” ယွီဟွေးဖေးက သရဲမင်ကိုမေးလိုက်တော့ သူက ဟွန်းခနဲတစ်ချက်လုပ်ပြီး ဘာမှမလှုပ်တော့ဘူး။ ဒါကြောင့် ယွီဟွေးဖေးက မျက်စောင်းထိုးပြီးကြည့်လိုက်၏။
“ခင်ဗျားပြန်မပေးသေးဘူးမလား”
သရဲနက်က အင်းဆိုတဲ့အသံပြုပြီး သရဲဖြူကိုလှည့်ကြည့်လိုက်တော့ ဝင်ပြောပေးရတော့တာပေါ့။
“ပိုက်ဆံလက်ထဲရောက်ပြီးမှ… ပြန်ပေးရတာတော်တော်ခက်တာပဲ… ဒါမှမဟုတ်… မင်းပြန်ပေးမလား”
သရဲဖြူက ပိုက်ဆံကိုထုတ်ပြီး ယွီဟွေးဖေးကိုထိုးပေးလိုက်၏။ စုစုပေါင်း နှစ်သောင်းတစ်ထောင်။ ထူထဲတဲ့ပိုက်ဆံတစ်ထပ်က ယွီဟွေးဖေးလက်ထဲမှာ။ သူ့ရဲ့နှလုံးသားကလည်း တုန်နေပြီ။
ပြန်ပေးရမှာလား။ နှမြောစရာကြီး…
မပြန်ပေးပဲနေရမလား။ ဒီပိုက်ဆံကို သူလည်းသိမ်းထားလို့မရဘူးလေ… ဘာလို့လဲဆိုတော့ တစ်ဖက်လူက အများဆုံးသုံးရက်ပဲတည်းခွင့်ရှိတာ။ ပိုယူထားတဲ့ပိုက်ဆံကို သူသိမ်းထားဖို့အကြောင်းပြချက်မရှိဘူး။
ယွီဟွေးဖေးက ချွေ့ကျွယ်ကိုလှည့်ကြည့်တော့ ချွေ့ကျွယ်က ပခုံးတွန့်ပြီးပြောလိုက်သည်။
“ငါပဲသွားလိုက်တော့မယ်”
ယွီဟွေးဖေး ခေါင်းညိတ်ပြီး ပိုက်ဆံကိုကမ်းပေးလိုက်တော့ ချွေ့ကျွယ် သိမ်းဆည်းပြီးနောက်မှာ လူအနည်းငယ်က ထပ်ပြီးကောင်းကင်ကို မော့ကြည့်နေကြပြန်တယ်။
အဲ့ဒီအချိန်မှာ တိမ်မည်းတစ်စကကွဲထွက်သွားပြီး ကြီးမားပြီးလုံးဝိုင်းနေတဲ့ လမင်းကြီးတစ်စင်း ပေါ်လာတော့တာပေါ့။ ဒါက်ုကြည့်ပြီး ယွီဟွေးဖေးက ပါးစပ်ကို ကျွတ်ကျွတ်နဲ့လုပ်ပြီးပြောလိုက်၏။
“ခင်ဗျားတို့ပြောကြည့်… လမင်းပေါ်မှာ တကယ်ပဲ ချန်အော်နတ်သမီးရှိလား”
ဒီစကားထွက်လာတော့ အဲ့ဒီနေရာကလူတိုင်းတစ်ကိုယ်လုံးတောင့်တင်းသွားပြီး ခေါင်းငုံ့ကာဘာမှမပြောတော့ ယွီဟွေးဖေးက နားမလည်တော့ဘူး။
“ခင်ဗျားတို့ ဘာလို့ စကားမပြောတော့တာလဲ”
နွားခေါင်းက သနားစရာမျက်နှာနဲ့ပြောလိုက်၏။
“ဒါက… လပေါ်က အဲ့ဒီကိစ္စကိုတော့… မင်းမမျှော်လင့်နဲ့တော့”
“ကျုပ်ကမေးရုံပဲမေးတာ… ဘာမှ မျှော်လင့်မနေဘူး”
“မင်းမမျှော်လင့်ရင်ကောင်းတယ်… အစ်ကို့စကားတစ်ခွန်းကိုနားထောင်… အဲ့ဒီလပေါ်ကဟာကို နည်းနည်းပဲပတ်သက်။ အထူးသဖြင့်အဲ့ဒီယုန်ဖက်တီး”
မြင်းမျက်နှာ ရှင်းပြနေတုန်းမှာဘဲ သရဲဖြူက အမြန်ပြောလိုက်၏။
“အဲ့ဒီယုန်အကြောင်းမပြောလို့မရဘူးလား… မင်းသူ့အကြောင်းပြောလိုက်တာနဲ့… ငါ့လျှာနာတယ်”
သရဲနက်ကလည်း ဝင်ထောက်ခံသည်။ “ဟုတ်တယ်… သူ့အကြောင်း ဘာလို့ပြောနေရမှာလဲ”
ယွီဟွေးဖေးတစ်ယောက် စကားမပြောနိုင်တော့ဘူး။ သောက်ကျိုးနည်း… ဘာအခြေအနေကြီးလဲ။ ချွေ့ကျွယ်က ယွီဟွေးဖေးရဲ့ကြောင်တောင်တောင်ဖြစ်နေတဲ့ပုံစံကိုမြင်တော့ ရှင်းပြလိုက်၏။
“မင်းတို့ဒီနေရာက လူ့ပြည်၊ အဒ့တော့ ဒီလပေါ်မှာသေချာပေါက် ချန်အော်နတ်သမီးမရှိဘူး။ ဒါပေမဲ့ငါတို့နေရာမှာတော့ ချန်အော်နတ်သမီးရှိတယ်။ ဒဏ္ဍာရီထဲကအတိုင်းပဲ လမင်းပေါ်မှာ ချန်အော်နတ်သမီး ဝူကန်းနဲ့ ယုန်ဖက်တီးတစ်ကောင်ရှိတယ်။ သူတို့အပေါ်မှာ ရေချိုးခန်းတစ်ခန်းဖွင့်ထားသေး”
“ခဏနေဦး… ဒဏ္ဍာရီထဲမှာကျတော့ သူတို့အပေါ်မှာ ရေချိုးခန်းဖွင့်ထားတယ်လို့ မပြောဘူးလေ။ ပြီးတော့ ချန်အော်နတ်သမီးက လောကမှာအလှဆုံးနတ်သမီးတဲ့။ ခင်ဗျားပါးစပ်ဟလိုက်တာနဲ့ ရေချိုးခန်းအကြောင်းပြောတယ်။ ခင်ဗျားဇာတ်လမ်းက မမှန်တော့ဘူး” ယွီဟွေးဖေးက အမြန်ဖြတ်ပြောလိုက်ချိန် ချွေ့ကျွယ်က ခါးခါးသီးသီးပြုံးသွားသည်။
“မင်းငါ့ကို ဇာတ်လမ်းအကြောင်း ပြောနေတာလို့ထင်လား။ အဲ့ဒီသေနာကျယုန် လမင်းပေါ်ရောက်သွားပြီးနောက်ပိုင်းမှာ ဇာတ်လမ်းကပြောင်းသွားပြီ။ မင်းဆရာမဝတ်စုံဝတ်ထားတဲ့ ချန်အော်နတ်သမီးကို မြင်ဖူးလား”
“ဘာဆရာမဝတ်စုံလဲ”
ယွီဟွေးဖေးက ကြောင်သွားပြီး မေးလာတဲ့မေးခွန်းကို ပြန်ဖြေတဲ့သူက မျက်နှာနီရဲနေတဲ့ သရဲဖြူပဲ။
“မင်းဖုန်းထဲက အဲ့ဒီလူသုံးယောက် သရုပ်ဆောင်တဲ့အမျိုးအစားပဲ”
ယွီဟွေးဖေးတစ်ယောက် ဒီစကားကြားတော့ နဖူးပေါ်မှာ မျဉ်းမည်းတွေပြည့်သွားပြီး ဟိန်းဟောက်လိုက်၏။
“သေစမ်း… ခင်ဗျားတို့နောက်ဆိုရင် ကျုပ်ဖုန်းကိုမထိနဲ့နော်”
ပြီးတော့ ယွီဟွေးဖေးက မအောင့်နိုင်တော့ဘဲ စပ်စုဆက်ပြီးမေးတော့သည်။
“ခင်ဗျားတို့ဘဲ ပြောထားတာလေ။ အချို့နတ်ရာထူးအကြောင်းကြောင့် လူ့ပြည်ကို ခဏခဏလာနိုင်တာကလွဲရင် တခြားသူတွေက လူ့ပြည်ဘယ်လိုပုံစံလဲမသိဘူးလို့ပေါ့။ အခုကျတော့ ဘယ်လိုဖြစ်ပြီး ချန်အော်နတ်သမီး နှစ်သောင်းချီပြီး လပေါ်ကမခွာတဲ့သူက… ကျုပ်တို့အဝတ်အစားတွေ ဘယ်လိုသိပြီ ဝတ်နေတာတုန်း”
“အဲ့ဒီသေနာကျ ဖက်တီးယုန်ကောင်ကြောင့်ပဲပေါ့ဟ”
သရဲနက်စကားကြောင့် ယွီဟွေးဖေးတစ်ယောက် နည်းနည်းသဘောပေါက်လာပြီ။ ပြီးတော့ လူတိုင်းကအဲ့ဒီယုန်အကြောင်းပြောလိုက်တာနဲ့ တစ်ယောက်ချင်းစီရဲ့မျက်လုံးတွေက ထူးဆန်းနေတယ်။ သူတို့အဲ့ဒီယုန်ကိုစိတ်ကုန်နေတယ်လို့ ပြောရမလား၊ လေးစားမှုကလည်း နည်းနည်းပါနေသလိုပဲ၊ လေးစားတယ်လို့ပြောရဖို့ကျတော့ မျက်နှာတစ်ခုလုံးကြည့်ရတာ စိတ်ကုန်နေတဲ့ပုံစံပဲ။ မသိတော့တာနဲ့ ယွီဟွေးဖေးက စပ်စုပြီးဆက်မေးလိုက်တယ်။
“အဲ့ဒီယုန်က ခင်ဗျားတို့ဘိုးဘေးသင်္ချိုင်းကို တူးသွားလို့လား။ ကျုပ်ဘယ်လိုခံစားရလဲဆိုတော့ ခင်ဗျားတို့သူ့အပေါ်မှာ တော်တော်အမြင်မကြည်ဘူးပဲ”
နွားခေါင်းက ယွီဟွေးဖေးရဲ့ပခုံးကိုပုတ်ပြီးပြော၏။
“မင်းနောက်မှသူနဲ့တွေ့ရင်… မင်းနားလည်သွားမှာ။ အဲ့ဒီသကောင့်သား… တော်တော်မဟုတ်ကဟုတ်ကနိုင်တာ”
မြင်းမျက်နှာ၊ သရဲဖြူ၊ သရဲနက်၊ ချွေ့ကျွယ်တို့ တစ်ပြိုင်နက်တည်း ခေါင်းညိတ်ကြ၏။ ယွီဟွေးဖေးတစ်ယောက် ချက်ချင်းအဲ့ဒီယုန်ကိုပိုပြီးစပ်စုသွားသည်။ ငရဲတမန်တချို့ကို ဒီလောက်စိတ်ကုန်အောင်လုပ်နိုင်တယ်ဆိုတော့ ဘယ်လိုယုန်မျိုးများလဲ။
အဲ့ဒီအချိန်မှာပဲ ယွီဟွေးဖေးအိတ်ကပ်ထဲမှာ ပူလောင်လာ၏။ အခုသူမအံ့ဩတော့ဘူး၊ တန်းပြီးတံဆိပ်ပြားကိုထုတ်လိုက်သည်။
“သန်ဘက်ခါ၌ သတ္တမမြောက်အကျဉ်းသားအား သင်၏ဌာနသို့ပို့ဆောင်မည်။ လက်ခံရန်ပြင်ဆင်ထားပါ”
ဒီစာလုံးတွေကိုမြင်တော့ ယွီဟွေးဖေးက ငိုသံပါကြီးနဲ့ပြောလိုက်၏။
“ဒါကငါပိုက်ဆံရှာနိုင်လား မရှာနိုင်ဘူးလားကို သိလို့လား။ ချက်ချင်းဘဲ ငါ့ဆီကိုအကျဉ်းသားတစ်ယောက်ပို့လာတယ်ပေါ့။ ဒီကောင်အစားနည်းပါစေလို့မျှော်လင့်ရတာပဲ။ အသားမစားရင်အကောင်းဆုံးပေါ့။ အရက်သောက်ရင် စရိုက်ကောင်းတဲ့သူဆို ပိုပြီးကောင်းမှာ”
ချွေ့ကျွယ်တို့လည်း ဒီသတင်းကိုတွေ့လိုက်ကြ၏။ သရဲဖြူက သနားနေတဲ့လေသံနဲ့ ဝင်ပြောသည်။
“ဘယ်ကံဆိုးတဲ့ကောင် ထပ်လာဦးမလဲ မသိဘူး… မင်းတို့ပြောကြည့်… ငါတို့ ငရဲပြည်ဘက်ကလူ ထပ်ဖြစ်ချေရှိလား”
ချွေ့ကျွယ်က ခေါင်းခါပြ၏။ “မဖြစ်နိုင်ဘူး… ငရဲပြည်ရဲ့အဓိကတာဝန်က ဝိညာဉ်တွေကိုလက်ခံ၊ စစ်ဆေးစီရင်၊ ပြီးတော့လူဝင်စားဖို့ပို့၊ ဒါမှမဟုတ် ငရဲကိုပို့တာပဲ။ အခုဒီအလုပ်လက်ခံတဲ့ ခင်ဗျားတို့နှစ်ယောက်ဒီမှာလေ”
“လူဝင်စားဖို့ပို့တဲ့နွားခေါင်း၊ မြင်းမျက်နှာလည်းဒီမှာ၊ စစ်ဆေးစီရင်တဲ့ ငါလည်းဒီမှာ။ ငရဲပြည်မှာတရားသူကြီးသုံးယောက်ရှိပေမယ့် ငါမရှိရင် အဲ့ဒီနှစ်ကောင် အလုပ်ရှုပ်နေလောက်ပြီ”
“ထပ်ပြီးတစ်ယောက်လာရင် ငါထင်တာတော့ လော်ဖုန်းခြောက်ရက်၊ ငါးဘက်သရဲဘုရင်တွေတောင်အလုပ်ဆင်းခိုင်းခံရတော့မှာ။ သူတို့ရဲ့ သောက်ပျင်းပုံစံနဲ့ဆိုရင် တကယ်လို့ တစ်ယောက်ယောက်က အမှားလုပ်ရင်တောင် မျက်စိတစ်ဖက်မှိတ်ပြီး တစ်ဖက်ဖွင့်ထားမှာ။ သေချာပေါက်ထပ်မပို့တော့ဘူး”
လူတိုင်းက ဒါဖြစ်နိုင်ချေရှိတယ်လို့ ထင်ကြ၏။
အောက်အီးအီးအွတ်….
ကြက်ဖကြီးရဲ့တွန်သံနဲ့အတူ ကောင်းကင်မှာ ရောင်နီသန်းလာပြီ။ အလင်းတန်းတစ်စက တိမ်တိုက်တွေကြားကထိုးထွက်လာတော့ နေနီကြီးတစ်လုံးကပါ မိုးကုတ်စက်ဝိုင်းကနေ ခုန်ထွက်လာတော့တာပဲ။
နေ့သစ်တစ်နေ့… စတင်ပြီ။
ယွီဟွေးဖေးက အရင်ကအရက်သောက်ပြီးခဏအိပ်ထားတော့ အခုလေတစ်ချက်တိုက်လိုက်ချိန် လူကတော်တော်လန်းဆန်းသွားတယ်။ အိပ်မငိုက်တော့ဘူး…။
သရဲဖြူ၊ သရဲနက်ကတော့ မောနေကြပြီ။ ဒီနှစ်ကောင်က ရက်အတော်ကြာ သိပ်မအိပ်ရသေးဘူး။ နေ့နဲ့ည အချိန်ဇုန်ပြောင်းတာ အခုထိလုံးဝအဆင်မပြေသေးဘူး။
နွားခေါင်းနဲ့မြင်းမျက်နှာလည်း နားဖို့ပြင်ဆင်နေကြပြီ။ နေ့ခင်းကြောင်တောင်ကျရင် ဧည့်သည်တွေကလှုပ်ရှားမှာပဲ။ သူတို့အပြင်မှာ လျှောက်ပတ်လို့မကောင်းဘူး။ ချွေ့ကျွယ်ကတော့ အောက်ထပ်ဆင်းပြီး မနက်စာပြင်ဆင်တော့တယ်။
ယွီဟွေးဖေးက အပြင်ထွက်ပြီး ကင်မ်ချီတစ်ပေါင်၊ မုန်လာဥချဉ်နှစ်ပေါင်ဝယ်ပြီး လူတိုင်းကို ဆန်ပြုတ်နဲ့စားဖို့ပေးလိုက်ဒါပေမဲ့ ယွီဟွေးဖေးနဲ့ချွေ့ကျွယ်က ခယ်လီ၊ လျိုရှင်း၊ လျိုကျွမ်းတို့ရဲ့ စောစောထနိုင်စွမ်းကို အထင်ကြီးလွန်းသွားတယ်။
အတော်ကြာစောင့်နေတာတောင် ဘယ်သူမှမထွက်လာဘူးလေ။ မထူးပါဘူးဆိုပြီး ယွီဟွေးဖေးနဲ့ချွေ့ကျွယ်က အရင်စားလိုက်ကြရတယ်။ ဆန်ပြုတ်တစ်ပန်းကန်နဲ့ အရှေ့မြောက်ပိုင်းကကင်မ်ချီ နီစပ်စပ်လေး။ ကင်မ်ချီက မူလကတည်းက မုန်လာဥလိုချိုမြတဲ့ အရသာနည်းနည်းရှိတော့ အရသာတော်တော်ကောင်းသား။