အရူးနှစ်ကောင်
Vol. 5 Ch. 62
ဒါပေမဲ့ ယွီဟွေးဖေးအကြိုက်ဆုံးကတော့ မုန်လာဥချဉ်။ ဒီပစ္စည်းက စပ်တဲ့အရသာနည်းနည်းပါပြီး ကြက်သွန်ဖြူလေးလိုပဲ။ ငရုတ်သီးအချဉ်ရည်နဲ့နယ်ပြီးနောက်မှာ တော်တော်စားမြိန်တယ်။ ဆန်ပြုတ်နှစ်ပန်းကန် မော့ချပြီးနောက်မှာ ယွီဟွေးဖေးက ရေပုံးနဲ့တံမြက်စည်းကိုကိုင်ပြီး သင်္ချိုင်းကုန်းလှဲကျင်းဖို့ထွက်သွားတော့သည်။
အခုအချိန်မှာတော့ နေထွက်ခါစ မနက်ခြောက်နာရီကျော်ပဲရှိသေး၏။ ဘာကြောင့်မှန်းမသိ အဲ့ဒီစုတ်ပြတ်နေတဲ့ဘေးတံခါးကိုတွန်းဖွင့်ပြီး သင်္ချိုင်းကုန်းထဲဝင်သွားတိုင်း ယွီဟွေးဖေး ဘယ်လောက်ပဲ စိတ်ညစ်နေပါစေ ဒီတစ်ခဏမှာ ငြိမ်သက်သွားတတ်သည်။
အဲ့ဒီခံစားချက်ကတော်တော်ထူးဆန်းသည်။ မမြင်နိုင်တဲ့နေရာကနေ တစ်ယောက်ယောက်က သူ့ရဲ့စိတ်ညစ်စရာအားလုံးကို ဖြေဖျောက်ပေးလိုက်သလိုပဲ။ ယွီဟွေးဖေးက သူ့အဘိုးဟာ စောစောကတည်းကအောက်မှာအဖွားနဲ့ ပြန်ဆုံသွားပြီလေ။ ကို့ညီအစ်ကိုတွေက ပို့ဆောင်ပေးခဲ့တာဆိုတာ မသိရင် သူတကယ်ပဲ သူ့အဘိုးကဘေးမှာ အဖော်ပြုပေးနေတယ်လို့ ထင်မိမှာ။
ရင်းနှီးကျွမ်းဝင်နေတဲ့ သင်္ချိုင်းကုန်းထဲမှာရပ်နေချိန် ဆောင်းဦးရာသီ အပူချိန်ကျဆင်းတာနဲ့အတူ တောင်ပေါ်က မြူဖြူတစ်လွှာလွင့်မျောလာ၏။ မြူခိုးတွေကသင်္ချိုင်းကုန်းကိုဝေ့ဝဲနေပြီး သင်္ချိုင်းကျောက်တိုင်တွေကို မသဲမကွဲမြင်ရသည်။
မြူဖြူအပေါ်မှာ အနီရောင်၊ အဝါရောင်မေပယ်ရွက်အစီအရီ… မေပယ်ရွက်တွေကနှင်းစက်တွေနဲ့ စိုစွတ်နေပြီး နေထွက်ခါစရောင်ခြည်ကိုထင်ဟပ်နေ၏။ ရွှေရောင်တောက်တောက် ရွှေရွက်ပြားတွေလိုပဲ တော်တော်လှ၏။ သက်တံတစ်စင်းက သင်္ချိုင်းကုန်းကို ဖြတ်ကျော်သွားတော့ အလှကိုပိုပြီးတိုးစေသည်။
ဒီလိုမြင်ကွင်းမျိုးက ဒီနေရာမှာ တကယ်တော့မရှားပါးဘူး။ ယွီဟွေးဖေးငယ်ငယ်က အကြိမ်ပေါင်းများစွာမြင်ဖူး၏။
အဲ့ဒီအချိန် ဒီသင်္ချိုင်းကုန်းထဲမှာ အဘိုးကြီးတစ်ယောက်ရှိခဲ့ဖူးသည်။ အမြဲတမ်း ဒီအချိန်မှာတိတ်တိတ်ဆိတ်ဆိတ်နဲ့ သစ်ရွက်ကြွေတွေကိုလှဲကျင်းနေပြီး မောရင်ထိုင်ချရင်း ဆေးတံတစ်ဖွာရှိုက်က သူ့ကိုပြုံးပြတတ်၏။
ယွီဟွေးဖေးက ပါးစပ်ကိုမဲ့ပြီးပြုံးမိလိုက်သည်။ ဒီလိုမသဲမကွဲကြားမှာ သူ့အဘိုးက သူ့ကိုပြုံးပြနေတာကို ပြန်မြင်ယောင်လာသည်။ ထို့နောက်တွင်တော့ ယွီဟွေးဖေးက တံမြက်စည်းကိုကိုင်ပြီးသစ်ရွက်ကြွေတွေကို စလှဲကျင်းတော့လေ၏။
ဒီသင်္ချိုင်းကုန်းက ဧရိယာအလိုက်ခွဲထားသည်။ အတွင်းနက်နက် မေပယ်တောအုပ် အနက်ဆုံးနေရာက သင်္ချိုင်းကျောက်တိုင်တွေအများစုဟာ နာမည်မရှိတဲ့ သင်္ချိုင်းကျောက်တိုင်တွေ။
အဲ့ဒါက တစ်ချိန်တုန်းက အာဇာနည်တွေရဲ့သင်္ချိုင်းမြေပဲ။ အပြင်ဘက်ကတော့ အများပိုင်သင်္ချိုင်းကုန်း။ ကြုံရင်ကြုံသလို ရောင်းချဖို့။ ဒါပေမဲ့ အစပိုင်းမှာ လူတချို့မြှုပ်နှံပြီးနောက်ပိုင်း နောက်ထပ်သင်္ချိုင်းမြေတစ်ကွက်မှ မရောင်းတော့ဘူး။
သူဌေးလီစကားအတိုင်းဆိုရင် သူသာအရမ်းချမ်းသာတဲ့အခါ အဲ့ဒီအာဇာနည်ဝိညာဉ်တွေကိုတစ်သက်လုံးကျွေးမွေးဖို့ ဝန်မလေးဘူးတဲ့။ ဒါပေမဲ့… သူကသိပ်မချမ်းသာဘူး။ စီးပွားရေးလောကက စစ်မြေပြင်လိုပဲ။ သူဘယ်နှစ်မှာ ဒေဝါလီခံရမလဲဆိုတာ သေချာမသိဘူး။
ဒါကြောင့်… သူကဒီသင်္ချိုင်းကုန်းအတွက် စက်မှုကွင်းဆက်တစ်ခုဖန်တီးပေးရမယ်။ သူဒေဝါလီခံရရင်တောင် ဒီနေရာက ပုံမှန်လည်ပတ်နိုင်မှာ။ သူ့ရဲ့ဒေဝါလီခံရမှု ဒါမှမဟုတ် ထွက်ခွာသွားမှုကြောင့် ဒီနေရာက ပျက်စီးသွားမှာ မဟုတ်ဘူး။ အဲ့လိုသာဖြစ်ခဲ့ရင် သူ့ဘိုးဘေးတွေကိုလည်း မျက်နှာမပြရဲဘူး။ အဲ့ဒီကွယ်လွန်သွားတဲ့ သူရဲကောင်းတွေကိုလည်း မျက်နှာမပြရဲဘူး။
ဒါကြောင့် အပြင်ဘက်က အများပိုင်သင်္ချိုင်းကုန်းမှာချန်ထားတဲ့ သင်္ချိုင်းမြေကွက်အကြီးကြီးတွေက နောက်ပိုင်းအတွက် ပြင်ဆင်ထားတာ။
တစ်နေ့နေ့သူဌေးလီပိုက်ဆံမရှိတော့ရင် သင်္ချိုင်းကွက်တွေစရောင်းပြီး နောက်လာတဲ့သူတွေဆီက အခကြေးငွေယူ အရင်လူတွေကို စောင့်ရှောက်နိုင်မယ်။ တစ်ချိန်တည်းမှာပဲ ရှို့လင်ရွာရဲ့ရှုခင်းသာနေရာ ပြီးတော့ပတ်ဝန်းကျင်က ရှုခင်းသာနေရာတွေဖန်တီးတာကလည်း ဒီအတွက်ပဲ။
ခရီးသွားရှိရင်… ဒီနေရာမှာလူစည်ကားမယ်။ လူစည်ကားရင် လူတွေကဒီနေရာကိုသတိထားမိမှာပဲ။ အဲ့ဒီအချိန်ဆိုရင် ဒီနေရာကသင်္ချိုင်းမြေတွေ တန်ဖိုးတက်လာမှာ။
အခု… သင်္ချိုင်းကုန်းရှေ့တစ်ဝက်အများစုက လွတ်နေပြီး သင်္ချိုင်းကျောက်တိုင်နှစ်ဆယ်ကျော်ပဲ ရှိနေတယ်။ အများစုက ဒီရွာကလူတွေ။ ဒါကလည်းသူဌေးလီရဲ့ကတိပဲ။ ဒီရွာကအိမ်တိုင်းကို အလကားသင်္ချိုင်းမြေတစ်ကွက်ပေးတယ်။
ဒါကလည်းအကျိုးခံစားခွင့်တစ်ခုပေါ့…။
ယွီဟွေးဖေးက တစ်လမ်းလုံးလှဲကျင်းသွားပြီး သစ်ရွက်ကြွေတွေကိုအိတ်ထဲထည့်ပြီးတော့ တစ်စိတ်တစ်ပိုင်းကိုအပြင်ပစ်၊ တစ်စိတ်တစ်ပိုင်းကို အဲ့ဒီမေပယ်ပင်တွေအောက်မှာစုပုံ၊ သစ်ရွက်ကြွေတွေ မြစ်ရင်းကိုပြန်ရောက်စေပြီး မေပယ်ပင်တွေကို အာဟာရပေး၏။
သင်္ချိုင်းမြေအနက်ဆုံးကို ယွီဟွေးဖေးက လျှောက်သွားပြီးနောက် အဲ့ဒီနာမည်မရှိတဲ့ သင်္ချိုင်းကျောက်တိုင်တွေကိုဦးညွှတ်ပြီးမှ ဆက်ပြီးသန့်ရှင်းရေးလုပ်သည်။
ဒါကသူ့အဘိုးချမှတ်ထားတဲ့စည်းကမ်း…။
ယွီဟွေးဖေးက တစ်တိုင်ပြီးတစ်တိုင် သင်္ချိုင်းကျောက်တိုင်ကိုတိုက်ချွတ်ပြီး သန့်ရှင်းစင်ကြယ်အောင်လုပ်ပြီးမှ နောက်လှည့်ထွက်ခွာသွား၏။ သင်္ချိုင်းကုန်းကသိပ်မကြီးပေမယ့် တကယ်လို့သေသေချာချာ သန့်ရှင်းရေးလုပ်ရင် တော်တော်အလုပ်ရှုပ်တဲ့ကိစ္စပဲ။ ယွီဟွေးဖေး တစ်မနက်လုံးအလုပ်လုပ်မှ ပြီးသွား၏။ တစ်ကိုယ်လုံးချွေးနံ့တွေနံရုံတင်မကဘူး လူကလည်းနည်းနည်းမောပြီး အားကုန်သွားသည်။
“သောက်ကျိုးနည်း… ဘယ်လိုခံစားရလဲဆိုတော့ ငါ့အဘိုးရှိတုန်းက သူသင်္ချိုင်းကုန်းသန့်ရှင်းရေးလုပ်တာတော်တော်လွယ်သလိုပဲ”
ယွီဟွေးဖေးက သူ့ခါးကိုပွတ်သပ်ပြီး အံကြိတ်ညည်းညူနေ၏။ ချွေ့ကျွယ်က ယွီဟွေးဖေးပြန်လာတာကိုမြင်တော့ ရယ်ပြီးပြောလိုက်သည်။
“မင်းအဘိုးလည်းမောတယ်၊ နာလည်းနာတယ်။ ဒါပေမဲ့ သူစိတ်ထဲမှာပျော်တယ်လေ”
ယွီဟွေးဖေးတစ်ယောက် ကြောင်သွား၏။ ဒီစကားကသူတော်တော်ရင်းနှီးသား။ သူ့အဘိုးကအလားတူစကားပြောဖူးသလိုပဲ။ ပြီးတော့ ပါးစပ်ကိုမဲ့ပြီးပြုံးလိုက်၏။
“တကယ်ကြီးလား…”
ပြီးတော့ ယွီဟွေးဖေးက စားသောက်ဆိုင်ဘက် အခန်းကိုကြည့်လိုက်တော့ လူမရှိသေးဘူး။
“သူတို့ခုမှထတာလေ။ ပြီးတော့ နေ့လယ်စာ ဒီမှာမစားဘူး၊ အပြင်ထွက်စားတာ”
ချွေ့ကျွယ်စကားကြောင့် ယွီဟွေးဖေးက မျက်လုံးကိုလှန်ပြီးပြောလိုက်၏။
“ခုမှထတာလား။ ဒါဆို မနက်စာမစားဘူးပေါ့”
“မစားဘူး”
ဒါကိုသိရတော့ ယွီဟွေးဖေးက ညည်းညူပါလေရော။
“စောစောကတည်းက ဒီကောင်တွေ ဒီလောက်ပျင်းမှန်းသိရင် ငါမနက်စာအများကြီး ဘာလို့လုပ်နေမှာလဲ။ စားစရာဖြုန်းတီးတာပဲ…” ဒါပေမဲ့ ချက်ချင်းဘဲ ယွီဟွေးဖေးကရယ်လိုက်သည်။
“ကောင်းသားပဲ… နောက်ဆိုရင် ပိုက်ဆံချွေတာလို့ရပြီ”
နောက်ခြံကိုသွားတော့ နွားခေါင်းက ယွီဟွေးဖေးကို တစ်ချက်တည်းနဲ့ဆွဲခေါ်သွားရင်း ပြောသည်။
“ယွီလေး… သင်္ချိုင်းကုန်းတစ်ခု သန့်ရှင်းရေးလုပ်တာနဲ့ မောဟိုက်နေပြီလား။ အဲ့လိုဆို မဖြစ်သေးဘူးနော်”
“ကျုပ်ကို ခင်ဗျားလိုထင်နေတာလား။ အဲ့လောက်ကြီးတဲ့သင်္ချိုင်းကုန်းကို တစ်ယောက်တည်း သန့်ရှင်းရေးလုပ်တာ မမောမှထူးဆန်းတော့မှာ။ ဖြူကြီးနဲ့ မဲကြီးတို့ရော… ဘယ်ရောက်နေတာတုန်း”
မြင်းမျက်နှာက အဲ့ဒီအချိန်မှာထွက်လာ၏။ “အဲ့နှစ်ကောင်က ဒီနေ့ခြံထဲမှာ ပျားတစ်ကောင်တွေ့လိုက်တယ်တဲ့”
“ပျားတွေ့တယ်လား။ ဒါကသူတို့နဲ့ဘာဆိုင်လို့လဲ” ယွီဟွေးဖေးက နားမလည်လို့မေးလိုက်ချိန် နွားခေါင်းက တဟဲဟဲရယ်လျက် ပြောလိုက်သည်။
“အဲ့ဒီနှစ်ကောင်ကပြောတယ်… ပျားတွေ့ရင် သေချာပေါက်ပျားအုံရှိမှာပဲ။ ဒါကြောင့် သူတို့နှစ်ယောက်က မနက်စာတောင်မစားဘဲ အဲ့ဒီပျားနောက်လိုက်သွားကြတာ။ အဲ့ဒီပျားကိုခြေရာခံရင်း သူတို့အိမ်ကိုသွားပြီး စားစရာနည်းနည်းရှာမလို့တဲ့”
“အင်း…. အချိန်တွက်ကြည့်ရင်… ထွက်သွားတာနှစ်နာရီလောက်ရှိပြီ။ ရမရတော့မသိဘူး”
ယွီဟွေးဖေးတစ်ယောက် ဒီစကားကြားတော့… ချက်ချင်းစကားမပြောနိုင်တော့ဘူး။ မနေ့ညက နှစ်ကောင်လုံးပျားတုပ်ခံရပြီး ဝက်ခေါင်းလိုဖြစ်နေတာလေ။ ဘယ်လိုဖြစ်ပြီး စွဲသွားတာတုန်း။
တစ်ချိန်တည်းမှာပဲ ယွီဟွေးဖေးက ပျားအတွက်ခဏလောက် ဝမ်းနည်းပေးလိုက်၏။ ဒီနှစ်ကောင် သတိထားမိသွားပြီဆိုတော့ အကုန်အစင်အနှိုက်ခံရတော့မှာ သေချာသလောက်ရှိသည်။
အဲ့ဒီအချိန်မှာ နောက်တံခါးမှာ လူရိပ်ပေါ်လာပြီး အဖြူအမဲ ညီကိုနှစ်ယောက် ဝင်လာကြ၏။ ယွီဟွေးဖေးက ခေါင်းငုံ့ရင်းလက်ဗလာနဲ့ ပြန်လာတဲ့နှစ်ယောက်ကိုကြည့်ပြီး စပ်စမ်စုစုမေးလိုက်သည်။
“လက်ဗလာနဲ့ပြန်လာတာလား”
“အား… မပြောနဲ့တော့”
“နှစ်နာရီကျော်ကြာအောင်လိုက်သွားတာ နောက်ဆုံးတော့အိမ်မွေးပျားတွေဖြစ်နေတယ်”
ဒီနှစ်ကောင်ရဲ့ စကားကိုကြားတော့ ယွီဟွေးဖေးတစ်ယောက် ဖွီးဆိုပြီးရယ်ထွက်သွား၏။ ဒီနှစ်ကောင်ကအလကားအလုပ်ရှုပ်သွားတာပဲကိုး။ ယွီဟွေးဖေးက ရယ်နေပေမယ့် နှစ်ကောင်လုံးကတော့ လက်မလျှော့သေးဘူးထင်ပါ့။
“ငါကြည့်ပြီးပြီ… အိမ်မွေးပျားတွေက တော်တော်ဝတယ်။ နောက်ဆိုရင် ငါတို့ပိန်ပိန်ပါးပါး တောရိုင်းဆန်တဲ့ အမျိုးအစားကိုပဲ ခြေရာခံမယ်”
သရဲနက်ရဲ့စကားကို သရဲဖြူက အားရပါးရခေါင်းညိတ်ပြီးပြောလိုက်၏။
“ဟုတ်တယ်။ နောက်တစ်ခါ ဒီလိုပဲလုပ်မယ်”
ယွီဟွေးဖေးတစ်ယောက် ချွေးတွေတောင်ကျလာ၏။ ဒီနှစ်ကောင်က လုံးဝလက်မလျှော့သေးဘူးလားဟ။
နေ့လယ်စာလည်း ဆန်ပြုတ်ပဲ။ ဘာမှမတတ်နိုင်ဘူး… မနက်က အများကြီးပြုတ်ထားမိတာကိုး။ ကံကောင်းလို့ မနေ့ညကကျန်တဲ့ ငါးအသားနဲ့ ငါးဟင်းရည်တွေအများကြီးရှိတော့ လူတိုင်းက တော်တော် စားလို့သောက်လို့ရသေး။
စားသောက်ပြီး နွားခေါင်းနဲ့မြင်းမျက်နှာက တတိယထပ်ကို ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ဖို့ သွားကြ၏။ သရဲဖြူ၊ သရဲနက်က စိတ်မလျှော့သေးဘဲ မျက်နှာဖုံးတပ်ပြီး တောင်ကိုထပ်ပတ်ကြည့်ကြသည်။ ချွေ့ကျွယ်ကတော့ အေးအေးဆေးဆေး ရှေ့ခြံက ကုလားထိုင်ပေါ်မှာထိုင်ပြီး နေပူစာလှုံ၊ စာအုပ်ဖတ်နေလေ၏။
ယွီဟွေးဖေးက ကပ်သွားကြည့်လိုက်တော့ ဆွံ့အသွားပါလေရော။ အင်တာနက်ဝတ္ထုတစ်အုပ် နာမည်က…
“ကျုပ်ဘုန်းကြီးလူထွက်တော့မယ်”