ကျင့်ကြံရတော့မှာလား
Vol. 5 Ch. 63
ယွီဟွေးဖေးက စပ်စုပြီးကြည့်လာတာကိုမြင်တော့… ချွေ့ကျွယ်က ရယ်ပြီးပြောလိုက်သည်။
“ဒါကဝတ္ထုလိုမကြည့်နဲ့…။ တကယ်တော့ဝတ္ထုတော်တော်များများရဲ့ အကြောင်းအရာတွေဟာ စကြာဝဠာပေါင်းစုံက ပုံပြင်တွေရဲ့အရိပ်ထင်ဟပ်မှုပဲ။ အဲ့ဒါတွေက လူတချို့ရဲ့ဦးနှောက်ထဲမှာ ထင်ဟပ်သွားချိန် သူကိုယ်တိုင်ဉာဏ်ကွန့်ထားတဲ့ ပုံပြင်အဖြစ်ဖွဲ့စည်းပြီး ရေးချလိုက်တာမျိုး”
ယွီဟွေးဖေးက စိတ်လေသွားတဲ့ပုံစံနဲ့ မျက်လုံးကိုလှန်ပြီးပြောလိုက်၏။
“အမလေး… ဘယ်သူ့ကို လာလိမ်နေတာတုန်း။ ခင်ဗျားပြောသလိုဆိုရင် ကျုပ်လည်းဇာတ်လိုက်ဖြစ်နိုင်တာပေါ့”
ချွေ့ကျွယ်ကလည်း ခေါင်းညိတ်ပြသည်။
“အဲ့လိုသဘောပေါ့… ဥပမာဒီစာအုပ်ထဲက ဒီဘုန်းကြီးဖန်ကျန့်ပေါ့။ ငါအမှတ်မမှားဘူးဆိုရင် ဗုဒ္ဓဘုရားရဲ့ အဲ့ဒီတပည့်ငယ်လေးဖြစ်ရမယ်။ စရိုက်ကသွက်လက်ပြီး ကိုယ်ပိုင်အတွေးအခေါ်ရှိတယ်။ လင်ရှန်းမှာဆူညံဆူညံလုပ်တော့ အောက်ဘုံကိုပစ်ချခံလိုက်ရတာ။ ပြီးတော့ ဒီငါးဆားနယ်ကို ငါမြင်ဖူးတယ်။ ဒီကောင်က လူမိုက်ကြီး”
“ခင်ဗျားပြောတာတကယ်လား။ ဒါဆိုအပြင်မှာတကယ်ပဲ အရူးတစ်ယောက်က ကျုပ်အကြောင်းကိုရေးနေတာလား” ချွေ့ကျွယ်ကိုကြည့်ရင်း ယွီဟွေးဖေးက အံ့ဩစွာနဲ့ပြောလိုက်၏။
“ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ်… လောကမှာလူတိုင်းကပုံပြင်တစ်ပုဒ်… စာအုပ်တစ်အုပ်ပဲ။ စကြာဝဠာပေါင်းစုံမှာထင်ဟပ်ပြီးနောက်မှာပေါ်လာတာ။ သကောင့်သားတွေရဲ့ဦးနှောက်ထဲမှာပဲ ထင်ဟပ်မှာမဟုတ်ဘူး။ ဒါကြောင့်… သူတို့ကစဉ်းစားကောင်း စဉ်းစားနိုင်ပေမယ့် ရေးချင်မှရေးမှာ။ ရေးချခံရတာက… ကံကောင်းတယ်လို့ပြောရမှာပေါ့”
ယွီဟွေးဖေးက မေးစေ့ကိုပွတ်သပ်ပြီး၏။ “ဒါဆိုကြည့်ရတာ… ငါ့ကိုရေးတဲ့လူကသေချာပေါက်ခန့်ညားထည်ဝါပြီး… စကြာဝဠာတစ်ခုလုံးကကောင်မလေးတွေအားလုံးက idol လို့သတ်မှတ်ထားတဲ့သူဖြစ်ရမယ်”
ချွေ့ကျွယ်က မင်းမျက်နှာပြောင်တယ်ဆိုတဲ့မျက်လုံးနဲ့ယွီဟွေးဖေးကိုကြည့်ပြီးပြောလိုက်သည်။ “မြှောက်ပင့်တာအသုံးမဝင်ဘူး… တစ်ဖက်လူကလုံးဝမသိဘူး။ ဒီစာကြောင်းကိုရေးလိုက်ရင်တောင် အများစုက ကိုယ့်ကိုယ်ကို ချီးကျူးနေတယ်လို့ပဲထင်မှာ။ အများဆုံးတော့ မျက်နှာပြောင်ပြီး ကိုယ့်ကိုယ်ကို အဲ့လိုလို့ထင်နေမှာပေါ့…”
ယွီဟွေးဖေးက ပါးစပ်ကို တကျွတ်ကျွတ်နဲ့ စုပ်သပ်မိသည်။ “မဖြစ်နိုင်ပါဘူး… လောကမှာ ဒီလောက်မျက်နှာပြောင်တဲ့လူရှိလို့လား”
“မျက်နှာရှိတဲ့သူ ဘယ်သူကစာအုပ်ရေးမှာလဲ”
“ဟုတ်သားပဲ… မပြောတော့ဘူး။ ကျုပ်လည်း အပြင်ထွက်လမ်းလျှောက်လိုက်ဦးမယ်”
အပြင်မထွက်ခင်မှာ ယွီဟွေးဖေးက အရင်တစ်ခါ အပြင်ထွက်တုန်းကလိုဘဲ အဝတ်အစားကိုလဲလိုက်ရင်း အနီရောင်ဝတ်ရုံရှည်ကို ဖုံးကွယ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် ဒီဟာကအရမ်းထင်ရှားလွန်းတယ်။
အပြင်ထွက်တာနဲ့ ယွီဟွေးဖေးကြောင်အသွား၏။ အဘိုးကြီးတစ်ယောက်က တံခါးဝမှာထိုင်ပြီး သူ့ကိုစိုက်ကြည့်နေတာမို့လို့ပဲ။
ဂျိန်း…
တံခါးမကြီးပိတ်သွားပြီးတာနဲ့ ယွီဟွေးဖေး တစ်ချိုးတည်း နောက်ခြံကိုပြေးသွားပြီး ရေပုံးကြီးကိုကိုင်ပြီး ထွက်လာတော့သည်။ အဘိုးကျန်းက တံခါးဝမှာတစ်မနက်လုံးစောင့်နေတာ၊ တံခါးခေါက်လည်းဘယ်သူမှမတုံ့ပြန်ဘူး။ အခုနောက်ဆုံးတော့ အဓိကလူကိုတွေ့ပြီ။ ဒါပေမဲ့တစ်ဖက်လူက ထပ်ပြေးသွားပြန်၏။
ဒေါသထွက်လွန်းလို့ အဘိုးကျန်းက ယွီဟွေးဖေးဟာအကြွေးရှောင်တဲ့အပြင် သူ့ရေပုံးကိုပါ လိမ်ယူသွားတယ်ထင်သွားလို့ ပါးစပ်ဟရင်း ဆဲတော့မယ်ဟန်ပြင်တုန်း နောက်တစ်ခဏမှာ တံခါးပွင့်လာပြီး ယွီဟွေးဖေးက ချက်ချင်း ရေပုံးကိုအဘိုးကြီးလက်ထဲ ထိုးထည့်ပေးလိုက်သည်။
“ပါးစပ်ပိတ်… ဒီမှာ ခင်ဗျားကိုပြန်ပေးလိုက်ပြီ”
အဘိုးကျန်းက ပါးစပ်ဟပြီး ပါးစပ်နားရောက်နေတဲ့ စကားကိုပြန်မျိုချလိုက်ရင်း ဟွန်းဟွန်းဆိုတဲ့ အသံပြုပြီးပြော၏။
“ကောင်လေး… မင်းတော်တယ်”
အဘိုးကျန်းက လိုချင်တာရသွားတော့ သူ့ဆိုင်ကိုပြန်သွားပြီး ဇစ်ပြင်တော့သည်။ ယွီဟွေးဖေးလည်းဘာအလုပ်မှမရှိတော့ ကပ်သွားပြီး အဘိုးကြီးသေသေချာချာ အလုပ်လုပ်နေတာကို ကြည့်နေ၏။
“မင်းဘာကြည့်တာလဲ”
အဘိုးကျန်းက ယွီဟွေးဖေးကို မျက်စောင်းထိုးလိုက်၏။ မျက်စိရှေ့က ဒီကောင်လေးကို တစ်စက်မှကြည့်မရဘူး။ ယွီဟွေးဖေးကလည်း ပါးစပ်ကိုမဲ့ပြသည်။
“ဘာမှမဟုတ်ပါဘူး။ ပြောရရင် ခင်ဗျားဒါလုပ်တာ ပိုက်ဆံရလို့လား။ ဒီမှာက လူသိပ်မများဘူးလေ”
အဘိုးကျန်းက ဟွန်းဟွန်းဆိုတဲ့အသံပြုပြီးပြောသည်။ “မင်းစပ်စုတာများသွားပြီ… အလုပ်မရှိရင်လည်း အမြန်ထွက်သွားစမ်း”
ယွီဟွေးဖေးက ပါးစပ်ကို ပြွတ်… ပြွတ်နဲ့လုပ်ပြီး ထထွက်သွားပေမယ့် တစ်ပတ်လောက်ပတ်ပြီးနောက် သွားစရာနေရာသိပ်မရှိလို့ ပြန်လာတဲ့အချိန်မှာ ယွီဟွေးဖေးရဲ့စိတ်ထဲမှာ ဂျောက်ခနဲဖြစ်သွား၏။ ဘာကြောင့်လည်းဆိုတော့ လူသုံးယောက်က အဘိုးကျန်းရဲ့ဆိုင်ကိုဝိုင်းပြီး တစ်ခုခုပြောနေကြလို့ပင်။ အဲ့ဒီသုံးယောက်က တခြားသူမဟုတ် ခယ်လီ၊ လျိုကျွမ်းနဲ့ လျိုရှင်းတို့ဖြစ်၏။
ယွီဟွေးဖေးက စိတ်ထဲမှာ သောက်ပြသနာပဲလို့အော်မိလိုက်၏။ ဒီအဘိုးကြီးက သူ့အကြောင်းကိုအကုန်သိနေတာလေ။ သူမျက်နှာဖုံးတပ်ပြီး ဟန်ဆောင်နေတာကအပြင်လူကိုပဲလိမ်ညာလို့ရတာ။ ရှို့လင်ရွာကလူတွေအတွက်တော့ အဲ့ဒါကဘာလျှို့ဝှက်ချက်မှမဟုတ်ဘူး။
အဘိုးကျန်းက အာရုံခံမိလို့လားမသိဘူး။ ဒီဘက်ကိုတစ်ချက်ကြည့်ပြီး ယွီဟွေးဖေးကိုမြင်တော့ သူ့ကိုသွားဝါအကြီးကြီးချဲပြရင် လူယုတ်မာဆန်ဆန် ရယ်လိုက်၏။
ယွီဟွေးဖေးက စဉ်းစားနေမိလိုက်တာက ‘လူသတ်ပြီးနှုတ်ပိတ်ရမလား…’။ တစ်ချိန်တည်းမှာပဲ သူက အမြန်ထွက်ခွာသွားပြီး နောက်ခြံကိုပတ်သွားကာ အမြန်အဝတ်အစားလဲသည်။
ဒါပေမဲ့ ယွီဟွေးဖေးကိုအံ့ဩစေတာက နေ့လယ်မှာ ခယ်လီတို့ကိုတွေ့တော့ ယွီဟွေးဖေးမှန်းမသိဘူးထင်ပါရဲ့ သူ့ကိုသူဌေးလို့တောင် ခေါ်နေသေးတယ်။ အဲ့ဒီတော့ ယွီဟွေးဖေးလည်း မျက်စိစုံမှိတ်ပြီး ဆက်အေးစက်စက်နေရင်း ခေါင်းညိတ်၊ သင်္ချိုင်းကုန်းထဲသွားပြီး တံမြက်စည်းလှဲကျင်းတော့တာပဲ။
ဘာပဲဖြစ်ဖြစ် အခုဘာအလုပ်မှ လုပ်စရာမရှိဘူးဆိုတော့ တံမြက်စည်းလှဲကျင်းတာက ပိုကောင်းတယ်။ အရင်ကပြောခဲ့သလိုပဲ သင်္ချိုင်းကုန်းထဲဝင်သွားရင် ယွီဟွေးဖေးစိတ်ထဲက အဲ့ဒီစိတ်ညစ်စရာတွေ ချက်ချင်းပျောက်သွားတာပေါ့။ တိတ်ဆိတ်စွာနဲ့ တံမြက်စည်းလှဲကျင်းရင်း ဘာမှမဂရုစိုက်တော့ဘူး။
အဲ့ဒီနေရာပဲ ပန်းချီကားချပ်တစ်ခုဖွင့်ထားပြီး လျိုရှင်းက တိတ်တဆိတ်ထိုင်နေရင်း ယွီဟွေးဖေးရဲ့ ပုံရိပ်ကို ဆက်ဆွဲနေတော့တာပဲ။ ညရောက်တော့ ခယ်လီတို့ ကိစ္စတစ်ခုခုရှိပုံနဲ့ ထွက်သွားကြတယ်။
ယွီဟွေးဖေးတို့က ကိုယ့်ဘာသာကိုယ် စားပွဲတစ်ဝိုင်းထောင်ပြီး ဝါးတီးစဆွဲတော့၏။ ထမင်းစားတဲ့အချိန်မှာ ယွီဟွေးဖေးက ခဏခဏ ခါးကိုပွတ်သပ်နေမိသည်။ ဒါကိုမြင်တော့ နွားခေါင်းက သူ့ကိုတစ်ချက်ကြည့်ပြီးပြောလိုက်၏။
“ယွီလေး… မင်းလေ့ကျင့်ခန်းလုပ်ဖို့ လိုနေပြီနော်”
“ကျုပ်သိပါတယ်… ဒီမှာနေ့တိုင်းတံမြက်စည်းလှဲကျင်းနေတာပဲလေ” ယွီဟွေးဖေးက ခါးခါးသီးသီးပြုံးပြီးပြောသည်။
“အဲ့ဒါကလေ့ကျင့်တာမဟုတ်ဘူး… မင်းအဲ့လိုလှဲကျင်းနည်းနဲ့ဆို မကြာခင် ခါးရိုးကျွံထွက်လာမှာ” သရဲနက်က ပြုံးပြီး ဆို၏။
“ဒါဆိုကျုပ်က တခြားဘာနည်းလမ်းနဲ့ လေ့ကျင့်ရမှာတုန်း” ဒီလိုပြောပြီး… ယွီဟွေးဖေးကကပ်သွား၏။
“ဒါမှမဟုတ် ခင်ဗျားတို့မှာ နည်းလမ်းရှိလို့လား”
“ဆရာတင်… ဆရာတင်ရင်သင်ပေးမယ်။” မြင်းမျက်နှာက ဂွင်တွေ့ပြီဆိုပြီး အော်ဟစ်ပါတော့ ယွီဟွေးဖေးကလည်း သူ့မျက်စိရှေ့ကပန်းကန်ကို ဆွဲယူလိုက်သည်။
“ခင်ဗျားကို စကားပြန်ပြင်ဖို့ အခွင့်အရေးတစ်ခါထပ်ပေးမယ်”
“ဆရာ မတင်လည်းရပါတယ်ကွာ…” မြင်းမျက်နှာက ငိုသံပါနဲ့ပြောလိုက်တော့မှ ယွီဟွေးဖေး သူ့ပန်းကန်ကိုပြန်ပစ်ပေးပြီး မေးလိုက်၏။
“တကယ်ပဲနည်းလမ်းရှိလို့လား။ အစ်ကိုကြီးတို့က ကျုပ်ကိုကျင့်ကြံခြင်းဆိုတဲ့ နည်းလမ်းသင်ပေးတော့မှာလား။ တခြားဟာတွေအတွက် မလောပါဘူး၊ လောဘလည်းမကြီးဘူး။ အရင်ဆုံး ကျုပ်ကိုဓားပျံစီးဖို့ ဘယ်လိုလုပ်ရမလဲ သင်ပေးပါဦး”
“မင်းဒါကိုကြည့်… ဒါနဲ့ဆက်သွယ်လိုက်။ တုံ့ပြန်မှုရှိတဲ့အခါကျရင် နောက်တစ်ဆင့်ဆက်လုပ်မယ်” ချွေ့ကျွယ်က တန်းပြီးတူတစ်ချောင်းကို ယွီဟွေးဖေးထံပစ်ပေးလိုက်၏။
“ထွီး… ခင်ဗျားက လျှောက်ပြောနေတာပဲ။ ဒီတူကို ထမင်းစားတိုင်း စိတ်နဲ့ဆက်သွယ်နေတာ ၂၁နှစ်တောင်ရှိနေပြီ။ တုံ့ပြန်မှုရှိတာ တစ်ခါမှမတွေ့ဖူးဘူး” ယွီဟွေးဖေး တတွေးထွေးရင်းပြောလိုက်တော့ ချွေ့ကျွယ်က လက်ကိုဖြန့်ပြီးပြော၏။
“ဟုတ်တယ်လေ… ဘာတုံ့ပြန်မှုရှိမှာလဲ။ ဒီလောကီဘုံမှာ မင်းကျင့်စဉ်ဘယ်လောက်ကောင်းကောင်း အခုနေရာကန်ချခံရရင် လောကီဓားတစ်ချက်နဲ့ ကျင့်ထားသမျှ ပလုံသွားကော”
“ဒီမှာ သာမန်လူပဲရှိတယ်။ နတ်မရှိဘူး၊ နတ်သိကြားလည်း မရှိဘူး။ ကျင့်ကြံခြင်းဆိုတာကိုတော့ ပြောမနေနဲ့တော့။ ငါတို့မင်းကိုသင်ပေးနိုင်တာက လောကီကျင့်ကြံခြင်းနည်းလမ်းပဲ”
“ဥပမာ ကိုယ်ခန္ဓာသန်မာစေတဲ့နည်းလမ်းတို့ အသက်ရှူနည်းလမ်းတို့ပဲရမယ်။ မြေလျှိုးမိုးပျံတာကို မင်းစိတ်တောင်မကူးနဲ့”
“ဒါဆို ကျုပ်ကကမ္ဘာ့အညံ့ဆုံးနတ်သိကြားပဲဖြစ်ရတော့မှာလား”
ယွီဟွေးဖေးက ကောင်းကင်ကိုမော့ကြည့်ပြီးညည်းညူလိုက်ချိန်မှာ ချွေ့ကျွယ်၊ နွားခေါင်း၊ မြင်းမျက်နှာ၊ သရဲဖြူ၊ သရဲနက်တို့က တစ်ပြိုင်နက်တည်းခေါင်းညိတ်ကြ၏။
“@#**$&”
သူက ငါ့ကံကြမ္မာငါဖန်တီးတယ် ကောင်းကင်ဘုံကမဖန်တီးဘူးလို့ ကုန်းရုန်းအော်ချင်ပေမယ့် ဒီလောကမှာတကယ်ကြီးကောင်းကင်ဘုံရှိတယ်လို့ စဉ်းစားမိတော့ ကြောက်သွားပြီး မအော်ရဲတော့ဘူး။
စားသောက်ပြီးတော့ နွားခေါင်းက ယွီဟွေးဖေးရဲ့ပခုံးကိုတစ်ချက်ပုတ်ပြီး ပြောလိုက်၏။
“ဒီနေ့ကစပြီး ငါတို့မင်းကိုလေ့ကျင့်ပေးတော့မယ်။ အဆင်သင့်ဖြစ်ပြီလား”
ကျင့်ကြံလို့မရပေမယ့် ကိုယ်ခန္ဓာသန်မာပြီး ကြွက်သားဘုထစ်ကြီးတွေနဲ့ ကိုယ်လုံးကိုယ်ပေါက်ကောင်းအောင်လုပ်နိုင်ရင် ယွီဟွေးဖေးကတော်တော်ပျော်ပြီလေ။ ဒါကြောင့်ခေါင်းညိတ်လိုက်သည်။
“ပြဿနာမရှိဘူး”
“ဖြူကြီးနဲ့ မဲကြီး… မင်းတို့ပန်းကန်ခွက်တွေ သိမ်းလိုက်။ ယွီလေး… မင်းငါနဲ့လိုက်ခဲ့”
ချက်ချင်းဘဲ ချွေ့ကျွယ်က ယွီဟွေးဖေးကို တတိယထပ်ခေါ်သွားတော့သည်။