အနံ့အသက်နဲ့ ပြည့်နေတဲ့ အခန်းတစ်ခန်း
Vol. 5 Ch. 64
“ဒီနေရာကနတ်စွမ်းအင်က ငရဲပြည်လောက်မကောင်းပေမယ့် သိပ်မဆိုးပါဘူး။ ကိုယ်ခံပညာလေ့ကျင့်တယ်ဆိုတာ တကယ်တော့အဆင့်နိမ့်ကျင့်ကြံခြင်းပဲ။ နှစ်ခုလုံးရဲ့ အကြောင်းရင်းက အတူတူပဲလို့ပြောရမယ်။ နည်းလမ်းတစ်ခုခုနဲ့ ကိုယ့်ကိုယ်ကိုပြောင်းလဲစေပြီး အတိတ်ကနေလွန်မြောက်သွားတာမျိုး”
“ဒီနေ့မင်းကို အသက်ရှူနည်းတစ်စုံသင်ပေးမယ်။ အဲ့ဒါက ပုစဉ်းခွံကိုးလွှာ။ ဒါကငရဲပြည်မှာတောင်ထိပ်တန်းဝင်တဲ့ သာမန်လူတွေရဲ့ ကျင့်စဥ်နည်းလမ်းပဲ။ ကောင်းကောင်းမွန်မွန်ကျင့်ကြံရင် မင်းရဲ့ကိုယ်ခန္ဓာကိုကိုးကြိမ်ပြောင်းလဲစေပြီး ပြီးပြည့်စုံတဲ့ကိုယ်ခန္ဓာအဖြစ် ထုလုပ်ပေးနိုင်တယ်။ ကျင့်ကြံသူတွေနဲ့မယှဉ်နိုင်ပေမယ့် ဒီလူ့ပြည်မှာ သေချာပေါက် ပြီးပြည့်စုံဆုံးခန္ဓာကျင့်စဥ်ပဲ”
ယွီဟွေးဖေးတစ်ယောက် ဒီစကားကြားတော့ မျက်လုံးတွေတောင်တောက်ပလာ၏။ ပြီးတော့ ချွေ့ကျွယ်က ယွီဟွေးဖေးကို ရွတ်ရမယ့်စာသား၊ ဘယ်လိုစိတ်ကူးပုံဖော်၊ အသက်ရှူသွင်းရှူထုတ်၊ နတ်စွမ်းအင်ကို ကိုယ်ထဲသွင်းဘယ်လိုသွင်း၊ နတ်စွမ်းအင်သုံးပြီး ဆဲလ်တွေကို လှုံ့ဆော်ပြောင်းလဲစေဖို့ စတာတွေသင်ပေးတော့တယ်။
ဒီတစ်ညမှာတော့ ယွီဟွေးဖေးကဘဝရဲ့ပထမဆုံးအကြိမ်တရားထိုင်ခြင်းကို ပြီးမြောက်ခဲ့လေပြီ။ ပထမဆုံးအကြိမ်အဖြစ် အသက်ရှူသွင်းရှူထုတ်တိုင်းမှာ စွမ်းအင်က ကိုယ်ထဲဝင်ထွက်နေတဲ့ခံစားချက်ကို ခံစားလိုက်ရတယ်။
ဒါကတော်တော်အံ့ဩဖို့ကောင်းသား…။
ဒါပေမဲ့ တတိယထပ်ရှိတဲ့ နတ်စွမ်းအင်ကအရမ်းများတော့ အချိန်ကြာလာတာနဲ့အမျှ ယွီဟွေးဖေးနည်းနည်းမခံနိုင်တော့ဘူး။ ဒါကြောင့် သုံးနာရီကြာတော့ သူရပ်လိုက်ရတော့တယ်။ ဒီလိုဖြစ်သွားပေမယ့် ယွီဟွေးဖေးက ကိုယ်ခန္ဓာနည်းနည်းပြောင်းလဲသွားတာကိုခံစားလိုက်ရတယ်။ သိပ်အရမ်းမကြီးပေမယ့်… အနည်းဆုံးတော့ခါးမနာ၊ လည်ပင်းမညောင်း၊ လက်ခြေတွေလည်းအားရှိလာပြီ။ အပြင်ထွက်လာတာနဲ့… ယွီဟွေးဖေးကို နွားခေါင်းနဲ့မြင်းမျက်နှာက ဆွဲပြီးနောက်ခြံကိုထွက်သွားကြတော့တာပဲ။
“ခင်ဗျားတို့နှစ်ယောက်ဘာလုပ်တာလဲ” ယွီဟွေးဖေးက နားမလည်စွာနဲ့မေးလိုက်ရာ နွားခေါင်းကဖြေ၏။
“ကိုယ်ခန္ဓာလေ့ကျင့်ခန်း လုပ်ပေးမလို့လေ။ မင်းကျင့်ကြံတာက တရားထိုင်ရုံနဲ့ပြီးသွားမယ်လို့ ထင်နေတာလား။ မင်းရဲ့ကိုယ်ခန္ဓာက အဆုံးစွန်အထိကျင့်ကြံရင်တောင် လူသားခန္ဓာရဲ့အဆုံးစွန်ပဲရမှာ။ နတ်ဖြစ်မှာမဟုတ်ဘူး။ ပြီးတော့… အသက်ရှူသွင်းရှူထုတ်ရုံနဲ့ တိုးတက်မှုက အရမ်းနှေးတယ်။ အဲ့တော့ ဒီနေ့ကစပြီး မင်းငါတို့နှစ်ယောက်နဲ့အတူ ကာယလေ့ကျင့်ရမယ်”
ပြောပြီးတော့ နွားခေါင်းက ကျောက်တုံးတစ်တုံးကိုရှာပြီး ယွီဟွေးဖေးကိုပစ်ပေးလိုက်၏။
“ဖက်ထားပြီး ငါတို့နဲ့အတူပြေး”
ယွီဟွေးဖေးက လူခေါင်းလောက်ကြီးတဲ့ကျောက်တုံးကိုဖက်ပြီး “ဘုရားရေ… ကျုပ်ကဒါကိုဖက်ပြီးပြေးရမှာလား”
“ဟုတ်တယ်… ပြေး” နွားခေါင်းကပြောပြီး ရှေ့ကဦးဆောင်ရင်းပြေးသွားတော့တယ်။ မြင်းမျက်နှာကလည်း ယွီဟွေးဖေးကို တဟဲဟဲတစ်ချက်ရယ်ပြရင်း “ငါလည်းပါတယ်… အရင်သွားပြီ”
ယွီဟွေးဖေးက ဘာပြောနိုင်မှာလဲ၊ မျက်စိစုံမှိတ်ပြီးလိုက်သွားရတော့တာပေါ့။ ဒါပေမဲ့ ဒီတစ်ခါပြေးတာက ဆယ်ကီလိုမီတာ။ မောလွန်းလို့မခံနိုင်တော့ရင် နွားခေါင်းက ယွီဟွေးဖေးကိုရပ်ပြီး ဆယ်မိနစ်လောက်တရားထိုင်ခိုင်းပြီးတော့ ဆက်ပြေးတယ်။ ပြောရရင် ယွီဟွေးဖေးက နောက်ဆုံးတော့ ခံနိုင်ရည်ရှိသွားတာပေါ့။
“သောက်ကျိုးနည်း… ငါနောက်ဆုံးတော့လွတ်လာပြီ”
တစ်ချိန်တည်းမှာပဲ… အရိပ်တစ်ခုက တိတ်တိတ်လေးနဲ့ ယွီဟွေးဖေးအိမ်နောက်ခြံကိုပတ်ဝင်လာရင်း ပွစိပွစိနဲ့ရေရွတ်နေလေရဲ့။ ဒီလူကတခြားသူမဟုတ်ဘူး… အရင်က အခွင့်အရေးရှာဖို့ထွက်လာတဲ့ သူခိုးလေးပဲ။
ဒါပေမဲ့ကံမကောင်းစွာနဲ့ အရက်မူးနေတဲ့နွားခေါင်း၊ မြင်းမျက်နှာ၊ သရဲဖြူ၊ သရဲနက်တို့နဲ့တိုးပြီး မိုင်ရှစ်ရာအရေးကြီးကိစ္စနဲ့ မင်းပြောမှာလားမပြောဘူးလားဆိုပြီး တစ်ဝကြီးအနိုင်ကျင့်ခံလိုက်ရတယ်။ နောက်ပိုင်းမှာ ရဲကားထဲဝင်သွားမိတာကြောင့် ခေါ်သွားခံလိုက်ရတာပေါ့။ အခုသူထွက်လာချိန် စုံစမ်းကြည့်မှ ဒီမှာတည်းခိုခန်းဖွင့်ထားမှန်း သိလိုက်ရတယ်။
ဘာတဲ့ သရဲနတ်တည်းခိုခန်း။ သရဲဖြူ၊ သရဲနက် ဘာညာတွေနဲ့ ပြီးတော့လူတွေလည်း တည်းခိုသွားပြီပြီး။ ဘာမှမဖြစ်ဘူး။ သေချာစဉ်းစားကြည့်တော့ သူအရင်ကလိမ်ခံလိုက်ရတာပဲကိုး။ ဒီမှာသရဲမရှိလောက်ဘူး… cosplay လုပ်တဲ့ကောင်တွေပဲရှိတာ။
သရဲမရှိမှတော့ သူလည်းမကြောက်တော့ဘူး။ ဒီရန်ကြွေးကို ဘယ်လိုပဲဖြစ်ဖြစ်ပြန်တောင်းရမယ်။ အခုထွက်လာတာနဲ့ သူခိုးလေးက ဒီနေရာကိုတသသသတိရနေတာ။ ရှေ့တံခါးကိုလည်း စစ်ပြီးပြီ၊ ရှေ့ခြံမှာလူစောင့်နေတာမို့ ဝင်ဖို့အခွင့်အရေးမရှိဘူး။ ဒါကြောင့် စဉ်းစားလိုက်တော့ နောက်ခြံကနေသွားတာက ပိုကောင်းတယ်။
ပတ်ဝန်းကျင်ကိုကြည့်ပြီး လူမရှိတော့ ဒီသူခိုးလေးကလည်း ဇကတော့ အဆင့်တစ်ခုတောင်ရှိနေသား။ နှစ်မီတာမြင့်တဲ့နံရံကို ဟိတ်… ယား ဆိုပြီးမာန်သွင်း တစ်ချက်ပြေးခုန်လိုက်တာနဲ့ ပေါ့ပေါ့ပါးပါး ဝှီးခနဲ အပေါ်ရောက်သွားကောပဲ။
အပေါ်ရောက်သွားတာနဲ့ နံရံပေါ်မှာထိုင်၊ ကောင်းကင်ဘုံထိ ထွင်းဖောက်သွားနိုင်တဲ့ စူးရှရှမျက်ဝန်းတွေနဲ့ ပတ်ဝန်းကျင်ကိုကြည့်၊ လူတစ်ယောက် ကြက်သီးမွှေးညှင်း ထောင်ထသွာစေမယ့် အေးစက်စက်အပြုံး ပြုံးလိုက်၏။
“ဒီနေ့ မင်းတို့ပါပါးကြီးက မင်းတို့အိမ်မှာ မစင်တစ်ပုံပဲချန်ပြီး အကုန်သယ်သွားမယ့်ကောင်ကွ” ပြောပြီးတော့ လေထဲမှာ လှလှပပပျံဝဲ တစ်ပတ်လှည့်ပြီးခုန်ချလိုက်လေတော့တယ်။
ဗြိ…။
သူ့ခြေထောက်အောက်မှာ ချောကျိကျိအရာတစ်ခု နင်းမိသလိုခံစားလိုက်ရပြီး ကိုယ်ကချက်ချင်းဟန်ချက်ပျက်သွားရင်း တစ်ချက်တည်းနဲ့လဲကျသွားရော။ ဒီအချိန်မှာ လက်သီးနှစ်လုံးစာလောက်ကြီးတဲ့ အနက်ရောင်မစင်တစ်ပုံက ကောင်းကင်မိုးထိုးမတတ်ရှိနေတာကို တွေ့လိုက်ရတာမို့ အဲ့ဒီတစ်ခဏမှာ ဆံပင်တွေတောင်ထောင်ထသွားတယ်။
ဒီသူခိုးလေးရဲ့အစွမ်းအစက တကယ်ကိုမိုက်တာ။ အင်မတန်အရေးကြီးတဲ့အချိန်မှာ လှဲမကျသွားအောင် လက်တစ်ဖက်ကို မြေကြီးပေါ်ထောက်လိုက်တာပေါ့။
ဘုန်း…။ ဗြီး…ဗြစ်ဟစ်ဟစ်…
မစင်တွေက ရေပန်းလိုပဲ ပတ်ပတ်လည်လွင့်စင်လာလေကော။
“သေစမ်း… ဝမ်းလျှောနေကြတာလားဟ”
သူခိုးလေးက မစင်တွေမပေအောင်လို့ အံကြိတ်မာန်သွင်းအော်ဟစ်ပြီး ဘေးကိုလျှောတိုက် ခေါင်းထိုးလှိမ့်ရှောင်လိုက်ချိန်မှာ သူတွေ့လိုက်ရတာက…။
“တောင်ပို့ကြီးလား”
ဇွက်…
ခုနက ရှိသမျှအားကို ဘေးတိုက်ရှောင်လိုက်တာမို့ မစင်တောင်ပို့လေးတစ်ခုထဲ အရှိန်မထိန်းနိုင်ဘဲ ခေါင်းစိုက်ဝင်သွားကော။ ပြန်ထလာတဲ့အချိန်မှာ သူတစ်ကိုယ်လုံးမစင်တွေနဲ့ပေနေပြီ။ ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ ဒီနေရာက မြက်ရိုင်းတွေနဲ့ပြည့်နေပြီး တစ်ချက်ကြည့်ရုံနဲ့ ဘာမှသေချာမမြင်ရဘူး။ အံကြိတ်၊ မတ်တပ်ရပ်၊ ခြေတစ်လှမ်း လှမ်းလိုက်တာနဲ့။
ဗြိ…
“သောက်ကျိုးနည်း… နေရာတကာမှာပဲဟ”
ခုချိန်မှာတော့ သူခိုးလေးကငိုချင်လာပြီ။ သူဘယ်ဘက်ကိုပဲလျှောက်လျှောက် နေရာတကာမှာမိုင်းတွေ။ မိုင်းကြီးက မိုင်းငယ်ကိုဖုံးထား၊ တွင်းထဲမှာလည်း မြေမြှုပ်မိုင်းကရှိသေး။
တစ်လှမ်းနက် တစ်လှမ်းတိမ်၊ မြေမြှုပ်မိုင်းတွေကိုနင်းပြီး ငိုရင်းရှိုက်ရင်း နောက်ဆုံးတော့ နံရံဘေးကိုရောက်လာပြီ။ ဒါတောင် အတော်ကြာကြိုးစားပြီးမှ အခုနေရာထိလာနိုင်ခဲ့တာပဲ။
ခက်ခက်ခဲခဲနံရံကိုကျော်ပြီး မြေကြီးပေါ်ကျတော့ အဝေးက ကိုယ်လုံးကိုယ်ပေါက် တောင့်တောင့်နှစ်ယောက်နဲ့ အရပ်ပုပုတစ်ယောက် ဖြည်းဖြည်းချင်းလျှောက်လာတာကို တွေ့လိုက်ရတယ်။ ရှေ့ဆုံးကအနီရောင်ဝတ်စုံနဲ့သရဲ၊ ပြီးတော့ ကျန်တဲ့နှစ်ယောက်က အရမ်းဝေးတော့ လရောင်အောက်မှာ ပုံရိပ်ကိုမြင်နိုင်ပေမယ့် မျက်နှာကိုမမြင်ရဘူး။
ဒါပေမဲ့ အဲ့ဒီပုံစံက အရမ်းထင်ရှားသိသာတယ်။ ပထမဆုံးအတွေးက ပုံရိပ်တစ်ခုကို စိတ်ကူးပုံဖော်လိုက်တာပဲ။ အဲ့ဒီချိုနဲ့ကောင်ကို မျက်နှာရှည်ကြီးပေါ်တင်လိုက်ချိန် သူ့မျက်နှာဖြူဖျော့သွားပါလေရော။
“မိုင်ရှစ်ရာအရေးကြီးကိစ္စ… နွားခေါင်း… မြင်းမျက်နှာ… အိုက်ယား… တကယ်ကြီးဟ” ချက်ချင်းဘဲ နောက်လှည့်ပြီး ထွက်ပြေးတော့တာပဲ။
“အမ်… အဲ့ဒါဘယ်သူလဲ” နွားခေါင်းက သူ့ကိုတွေ့သွားပြီး အော်ဟစ်လိုက်ချိန် သူခိုးလေးလည်း ဒီစကားကြားလို့ နောက်လှည့်ကြည့်လိုက်တော့ နွားခေါင်းကြီးတစ်လုံး သူ့နောက်ကိုရောက်နေပြီ။ ဒါပေမဲ့သူ့ကိုယ်ပေါ်က အနံ့ကိုရလိုက်တော့တန်းပြီး ဆယ်မီတာလောက်နောက်ကိုခုန်ဆုတ်သွားတယ်။
“သောက်ကျိုးနဲ ဘာကြီးတုန်း… မစင်နတ်လားဟ” နွားခေါင်းက မဆဲဘဲမနေနိုင်တော့ဘူး။ သူခိုးလေးကတော့ ဂရုမစိုက်ဘူး။ ခုနက နှစ်ယောက်လုံးအရမ်းနီးကပ်နေတော့ သူသေသေချာချာ မြင်လိုက်ရတယ်။ အဲ့ဒါက အရမ်းသက်ဝင်လှုပ်ရှားပြီး အမွေးတွေနဲ့ပြည့်နေတဲ့ နွားခေါင်း။ အဲ့ဒါကသေချာပေါက် မိတ်ကပ်လိမ်းထားတာ မဟုတ်ဘူး။ တကယ့်နွားခေါင်းပဲ… သူခိုးလေး တကယ်ကြောက်သွားပြီ။
သူတစ်ချိုးတည်း ရှို့လင်လမ်းကိုပြေးတက်သွားချိန် တစ်လမ်းလုံးကလည်း မစင်နံ့တွေထောင်းထောင်းထနေတာပေါ့။ အဲ့ဒီအချိန်မှာ ရဲကားတစ်စီးကိုတွေ့လိုက်တော့ တန်းပြေးသွားပြီး ငိုသံပါနဲ့ အော်နေလေရဲ့။
“ရဲ… ရဲအစ်ကိုကြီး ကယ်ပါဦး… ကျွန်တော်အဖမ်းခံပါတယ်”
အဲ့ဒီကားပဲ၊ ရဲကလည်း အရင်ရဲနှစ်ယောက်ပဲ။ ဒါပေမဲ့အခုအချိန်မှာ အဲ့ဒီရဲလည်း အသည်းအသန်အော်ဟစ်နေပြီး တားနေလေရဲ့။
“မလာနဲ့… မလာနဲ့။ မင်း အဲ့မှာပဲရပ်နေစမ်း”
ဒါပေမဲ့အဲ့ဒီသူခိုးလေးကတော့ ရဲကားပေါ် အတင်းမရမကတက်သွားပြီး ကားတံခါးပိတ်သွားချိန် သူခိုးလေးကိုကြည့်နေတဲ့ ရဲမျက်နှာက မည်းသည်းနေပါကော။ ဒါကိုမြင်တော့ သူခိုးလေးက သနားစရာမျက်နှာနဲ့…
“ဒါ… ဒါက ကျွန်တော်အဖမ်းခံတာ ဟုတ်တယ် မဟုတ်လား”
“တိတိကျကျပြောရရင်… မင်းက ရဲကို အကြမ်းဖက်တိုက်ခိုက်တာပဲ။ ခုချက်ချင်းဆင်းသွားစမ်း။ ဒါက ငါ့ကား…”
…
အခုအချိန်မှာတော့ ယွီဟွေးဖေးတို့က ဓာတ်မီးကိုင်ပြီးနောက်ခြံကိုရောက်နေရင်း နင်းချေခံရ၊ ဖိပြားခံရ၊ တစ်နေရာလုံးပေကျံ ပွထနေတဲ့မစင်တွေကို ကြည့်နေကြတယ်။ မြင်းမျက်နှာက ပါးစပ်ကို ကျွတ်ကျွတ်နဲ့လုပ်ပြီးပြောလိုက်တာပေါ့။
“နှမြောစရာပဲ… ငါက ထိုက်ကျိရှစ်ထောင့်ပုံဖော်မလို့။ ဒါပေမဲ့ အခုတော့ပျက်စီးသွားပြီ”
ယွီဟွေးဖေးက သူ့ကိုမျက်စောင်းထိုးလိုက်တယ်။ ဒီကောင်ဦးနှောက်ထဲမှာ တစ်နေ့လုံး ဘာတွေစဉ်းစားနေလဲမသိဘူး။ ဒါပေမဲ့ ယွီဟွေးဖေးလည်း အဲ့ဒီသူခိုးလေးကို နည်းနည်းသနားသွားတယ်။ ဒါကမစင်နဲ့ဖွဲ့စည်းထားတဲ့ ထိုက်ကျိရှစ်ထောင့်ပုံထဲကျသွားတာလေ။ မစင်အားလုံးကို တစ်ခါတည်း အကုန်ဝင်တိုးပြီးမှ ထွက်သွားနိုင်တာ မဆန်းတော့ဘူး။