တောင်ထဲဝင်မလား
Vol. 5 Ch. 65
“ခင်ဗျားတို့နှစ်ယောက် တတိယထပ်မှာတစ်ညလောက်ပုန်းနေလိုက်… အဲ့ဒီကောင်ရဲတိုင်မှာစိုးလို့”
ယွီဟွေးဖေးက ရဲတွေလာစစ်ဆေးမှာစိုးတော့ သေချာမှာနေရ၏။ နွားခေါင်းနဲ့မြင်းမျက်နှာက ခေါင်းညိတ်ပြီး သရဲဖြူ၊သရဲနက်ကို အတူတူအပေါ်ထပ်တက်သွားဖို့ ခေါ်လိုက်သည်။ အခုအချိန်မှာတော့ သူခိုးလေးကရေချိုးပြီးပြီ။ ပြီးတော့ မီတာရှစ်ဆယ်အကွာကနေ ရဲတစ်ယောက်ကသူ့ကိုစစ်ချက်ယူနေ၏။
“ရဲအစ်ကို… ကျွန်တော်ပြောတာတကယ်ပါ။ အဲ့ဒီအိမ်မှာတကယ်ပဲနွားခေါင်း၊ မြင်းမျက်နှာရှိတယ်… အဲ့ဒီအရပ်အမောင်း… အဲ့ဒီပုံစံတော်တော်ကြမ်းတယ်… ကျွန်တော်ပုံပြင်မပြောဘူး… တကယ်” သူခိုးလေးက နှာရည်တစ်ပေါက် မျက်ရည်တစ်ပေါက်နဲ့ပြောလိုက်၏။
“လုပ်… မင်းဆက်လုပ်… ငါနားထောင်နေတယ်” တစ်ဖက်ရဲကလည်း တဟဲဟဲရယ်ပြီး သူ့ကိုကြည့်နေလေရဲ့။ သူခိုးလေးက ငိုချင်ပေမယ့်မျက်ရည်မထွက်တော့ဘူး။ သူအကြိမ်ပေါင်းများစွာ ထပ်ပြောပြီးပြီ။ ဒါပေမဲ့လူတွေက လုံးဝမယုံဘူး။
…
“အခု ငါတို့အလှည့်…”
ခဏစောင့်ပြီး ရဲတွေလာတာမတွေ့တော့ သရဲဖြူ၊သရဲနက်က မစောင့်နိုင်တော့ဘဲ ယွီဟွေးဖေးကိုရှာပြီး တဟဲဟဲရယ်ကာပြောလိုက်ကြ၏။
“ဘာခင်ဗျားတို့အလှည့်လဲ”
ယွီဟွေးဖေးက ဒီနှစ်ကောင်ရဲ့အပြုံးကိုကြည့်ပြီး နားမလည်စွာဖြင့်မေးရာ သရဲဖြူက လက်ကောက်ဝတ်ကို တစ်ချက်ခါလိုက်ပြီး မိုးမခကိုင်းတစ်ချောင်းထုတ်လိုက်၏။
“ဒီနေ့ကစပြီး… ငါခဏခဏပေါ်လာပြီး မင်းကိုရိုက်မယ်။ မင်းရှောင်နိုင်ရင်… ပြီးပြီ… မရှောင်နိုင်ရင်… ဆက်ရိုက်မယ်”
ယွီဟွေးဖေးတစ်ယောက် ဒီစကားကြားတော့ နဖူးပေါ်မှာမျဉ်းမည်းတွေပြည့်သွားပြီး အော်တော့သည်။
“မဟုတ်သေးပါဘူး”
ဖြောင်း…
မိုးမခကိုင်းက ယွီဟွေးဖေးရဲ့ တင်ပါးပေါ်ကျရောက်သွားတော့ နာကျင်လွန်းလို့ခုန်တက်သွားပြီး ထွက်ပြေးရင်းနဲ့ အော်ဟစ်နေ၏။
“ဖြူကြီး… ခင်ဗျားတကယ်လုပ်တာလား”
“ ငါကမင်းနဲ့ စနောက်နေတယ်လို့ ထင်နေတာလား။ ရိုက်တာကြည့်စမ်း”
သူ့ကိုယ်က သရဲတစ်ကောင်လိုပဲ တိတ်တဆိတ်လိုက်သွားပြီး လွင့်မျောနေရင်း တဖြောင်းဖြောင်းနဲ့ရိုက်ထုတ်သွားတာ တင်ပါးကို တစ်ချက်မှမလွတ်ဘူး။
မနက်…
ခယ်လီတို့က ဒီနေ့မနက်စောစောထပြီး ဆန်ပြုတ်သောက်နေတုန်းမှာ ပြတင်းပေါက်ဘေးမှာရပ်ရင်း ဆန်ပြုတ်သောက်နေတဲ့ ယွီဟွေးဖေးကို ကြည့်နေမိကြသည်။
“သူဌေး… အတူတူလာထိုင်လေ။ ရှင်က ရပ်ပြီးဘာလုပ်တာလဲ” ခယ်လီက မသင်္ကာဖြစ်ပြီး ဂရုတစိုက် မေးလိုက်ချိန် လျိုကျွမ်းလည်း ဝင်ပြောလိုက်၏။
“ဟုတ်တယ်… လာထိုင်လေ။ ဒီမှာ နေရာရှိသေးတယ်”
ယွီဟွေးဖေးက အားတင်းပြီးအပြုံးတစ်ခုညှစ်ထုတ်ပြီး “ငါ… ဒီမှာက လေကောင်းလေသန့် နည်းနည်းရှူလို့ရသလို သက်တောင့်သက်သာလည်းရှိလို့ ရပ်နေတာ” ပါးစပ်ကဒီလိုပြောနေပေမယ့် စိတ်ထဲမှာညည်းညူနေ၏။
‘ငါလည်းထိုင်ချင်တာပေါ့… ဒါပေမဲ့မထိုင်နိုင်ဘူး… အား… ဖင်နာတယ်…’
အဲ့ဒီအချိန်မှာ လျိုရှင်း ခွေးခြေတစ်လုံးကိုမ၊ ယွီဟွေးဖေးနောက်မှာချ… “ထိုင်ပြီးလည်း လေရှူလို့ရတယ်လေ”
ဖွီး…
သရဲဖြူက တန်းပြီး ဆန်ပြုတ်တစ်ငုံထွေးထုတ်လိုက်မိသလို ချွေ့ကျွယ်လည်း ရယ်ချင်တာကို မနဲအောင့်အီးထားရ၏။ ခယ်လီတို့က နားမလည်စွာနဲ့ သူတို့ကိုကြည့်နေကြသည်။ ဘာဖြစ်သွားတာလဲ လုံးဝနားမလည်ဘူး။
“အဲ… သူဌေးယွီ… မနေ့ညက ကျုပ်ရင်းနှီးနေတဲ့ တဖြန်းဖြန်း အသံကြားလိုက်ရတယ်။ ခင်ဗျားတင်ပါး… နာနေတာလား”
ဒီလိုပြောချိန် လျိုကျွမ်းရဲ့မျက်လုံးတွေက တော်တော်ထူးဆန်းတဲ့ အရောင်အသွေးတွေနဲ့။ အဲ့ဒီတင်ပါးဆိုတဲ့ စကားနှစ်လုံးက သိသိသာသာတုန်ခါနေတယ်။ သိသာတယ်… ပြောချင်တာက တင်ပါးနာတာမဟုတ်ဘူး။ တခြားအဓိပ္ပာယ်ရှိတယ်။
ယွီဟွေးဖေးက တကယ်ပဲ ဒီကောင့်ကိုခွေးခြေတစ်လုံးနဲ့ ရိုက်ချင်စိတ်ပေါက်သွား၏။ ဒီကောင်ဦးနှောက်ထဲမှာ ဘာတွေစဉ်းစားနေလဲ။
ဒါပေမဲ့ အထင်လွဲမခံရအောင် ယွီဟွေးဖေးက အံကြိတ်ပြီး လျိုရှင်းဘေးမှာ ထိုင်ချလိုက်သည်။ အဲ့ဒီတစ်ခဏမှာ ယွီဟွေးဖေး တစ်ကိုယ်လုံးက ကြွက်သားတွေတောင့်တင်းသွားပြီး မျက်ဖြူတောင် နည်းနည်းစိုက်ချင်သွား၏။
မျက်နှာဖုံးကိုဖောက်ပြီး လူတိုင်းက ယွီဟွေးဖေးနည်းနည်း မူမမှန်ဘူးလို့ ခံစားလိုက်ရသဖြင့် ခယ်လီကဝင်ပြောလိုက်သည်။
“ရှင်ဘာမှမဖြစ်ဘူးဆိုတာ သေချာလို့လား။ ဆေးရုံသွားမလား”
“ဘာမှမဖြစ်ဘူး… ရုတ်တရက်ဗိုက်နာလို့… ငါအိမ်သာသွားလိုက်ဦးမယ်” ပြောပြီးတာနဲ့ ယွီဟွေးဖေးလက်ထဲကပန်းကန်ကိုချပြီး ထွက်ပြေးတော့တာပဲ။
“တကယ်ပဲ အဲ့ဒီအကြိုက်ရှိတာများလား…”
လျိုကျွမ်းက ပွစိပွစိပြောပြီးတော့ သူတစ်ကိုယ်လုံးအေးစက်သွားပြီး တင်ပါးကိုကျုံ့လိုက်သည်။ နည်းနည်း မထိုင်နိုင်တော့ဘူး။
…
အိမ်သာတက်ပြီးချိန် ချွေ့ကျွယ်က ယွီဟွေးဖေးကိုလာရှာတော့ ယွီဟွေးဖေးက သတိကြီးကြီးထားပြီး သူ့ကိုမေးလိုက်၏။
“ခင်ဗျား ဘာလုပ်မလို့လဲ”
“တော်ပြီ… ငါမင်းကို အသက်ရှူသွင်းရှူထုတ်ပဲသင်ပေးမှာ… တခြားမသင်ဘူး”
ယွီဟွေးဖေးက အဲ့ဒီတော့မှ သက်ပြင်းချလိုက်မိ၏။ ချွေ့ကျွယ်က ဆက်ပြောသည်။
“ယွီလေး… ခယ်လီတို့က ငါတို့ကိုတောထဲဝင်ဖို့ လမ်းပြငှားချင်နေတယ်”
“တောထဲဝင်မလို့လား”
မြင်ကွင်းတစ်ချက်ပြောင်းသွားပြီး ယွီဟွေးဖေးက ခယ်လီတို့ရှေ့မှာရပ်ရင်း တူညီတဲ့မေးခွန်းကို မေးလိုက်တော့ ခယ်လီက ခေါင်းညိတ်ပြီးပြောလိုက်သည်။
“ဟုတ်တယ်… ငါတို့အားလုံးက အနုပညာကျောင်းသားတွေ။ ငါတို့လုပ်ရမှာက အကောင်းဆုံးရှုခင်းကိုရှာ… ပန်းချီဆွဲ… ဘွဲ့ယူဖို့အတွက်သုံး။ ဒီနေရာကလူတွေပြောတာ ငါတို့ကြားရသလောက် ရှင်တို့ဒီနောက်တောင်က တောင်တန်းကြီးထဲမှာ တော်တော်လှတဲ့ ကိုးကန်ရေတံခွန်ရှိတယ်တဲ့။ အဲ့နေရာကို သွားကြည့်ချင်တယ်။ ဒါပေမဲ့လမ်းမသိဘူး… ဒါကြောင့်သူဌေးကိုဘဲ ဒုက္ခပေးရတော့မယ်”
“ကိုးကန်ရေတံခွန်… ခင်ဗျားတို့ဘယ်သူပြောတာလဲ” ယွီဟွေးဖေးက မျက်မှောင်ကြုတ်ပြီး ပြောလိုက်၏။ ခယ်လီကလည်း ယွီဟွေးဖေးရဲ့ ဒီအမူအရာကိုမြင်တော့ ကိစ္စကအဲ့လောက်မလွယ်ဘူးဆိုတာသိလိုက်ပြီ။
“သွားလို့မရဘူးလား”
“သူဌေး… ပိုက်ဆံက ပြသနာမရှိဘူး”
လျိုကျွမ်းရဲ့စကားကို ယွီဟွေးဖေးက ခေါင်းခါပြီး ငြင်းလိုက်၏။
“ဒါက ငွေရေးကြေးရေး ပြဿနာမဟုတ်ဘူး။ ဘယ်သူက ခင်ဗျားတို့ကို ကိုးကန်ရေတံခွန်အကြောင်း ပြောတာလဲ”
ခယ်လီက တံခါးအပြင်ဘက်ကိုလက်ညှိုးထိုးပြရင်း “ရှင်တို့အိမ်တံခါးဝက အဲ့ဒီအဘိုးကြီးလေ”
ယွီဟွေးဖေးတစ်ယောက် ဒီစကားကြားတော့ မျက်နှာက ချက်ချင်းမည်းသည်းသွားပြီး အဲ့ဒီအဘိုးကြီးကို နှစ်ချက်လောက် သွားတီးချင်စိတ်ပေါက်သွား၏။ ယွီဟွေးဖေးရဲ့ မျက်နှာမကောင်းတာကိုမြင်တော့ လျိုရှင်းကမေးလိုက်သည်။
“သူဌေး… အဲ့ဒီမှာဘာပြဿနာရှိလို့လဲ”
ယွီဟွေးဖေးက ဘေးကထိုင်ခုံကို လက်ညှိုးထိုးပြရင်း “ထိုင်ပြီးပြောကြရအောင်” ထိုင်ပြီးတော့ ယွီဟွေးဖေးကလည်း အတွေးတွေကို တစ်ခါတည်းစုစည်းလိုက်ပြီး ပြောလိုက်သည်။
“ကိုးကန်… အဲ့ဒီနေရာက တကယ်ပဲလှတယ်။ ဒါပေမဲ့ နေရာက ဒီအနီးအနားမှာမဟုတ်ဘူး။ တောနက်ထဲမှာပဲ။ ကိုးကန်ရေတံခွန်ကို သွားချင်ရင်… တောင်နှစ်လုံးကျော်ရမယ်”
လျိုကျွမ်းက ရယ်ပြီးပြောလိုက်၏။ “အဲ့ဒီအဘိုးကြီးက ငါတို့ကိုပြောပြီးပြီ… ဒါကြောင့် ငါတို့နောက်တောင်ကို တစ်ခေါက်သွားရမယ်… တဲကိုပြန်ယူလိုက်ရင် ကိုးကန်ရေတံခွန်သွားဖို့လည်း အဆင်ပြေတယ်”
ဒီတော့မှ ယွီဟွေးဖေးက သတိရသွားသည်။ အရင်ကဒီကောင်တွေ တောင်ပေါ်မှာစခန်းချနေတာပဲ။ ယွီဟွေးဖေး၊ နွားခေါင်း၊ မြင်းမျက်နှာတို့က ခြောက်လှန့်ပြီးပြန်လာခဲ့ပေမယ့် စခန်းချတဲ့ ရွက်ဖျင်တဲ ဘာညာအကုန်လုံးအပေါ်မှာပစ်ထားခဲ့တာ။ ဒီလောက်ကြာပြီကို သူတို့က မယူပြန်သေးဘူးလို့ ထင်မထားမိဘူး။
လျိုကျွမ်းက တောင်ပေါ်မှာကြုံခဲ့ရတာတွေကို ရိုးရှင်းစွာပြောပြလိုက်ပေမဲ့ သူကြောက်ရတဲ့ကိစ္စကိုတော့ မပြောဘူး။ ယွီဟွေးဖေးကလည်း မဖော်ထုတ်ဘဲ ဆက်မေးလိုက်သည်။
“ခင်ဗျားတို့ ကိုးကန်ရေတံခွန်က တောင်ထဲမှာရှိတယ်ဆိုတာပဲသိတာ။ ဒါပေမဲ့ခင်ဗျားတို့သိလား… အဲ့ဒီရေတံခွန်ရှိတဲ့နေရာက ဘယ်လောက်အန္တရာယ်များလဲဆိုတာ”
“ငါတို့အရင်က တိဗက်ထိလျှောက်ဖူးသလို နေရာတော်တော်များများလည်း သွားဖူးတယ်။ ဒီနေရာက အဲ့ဒီဘက်ထက် ပိုအန္တရာယ်များလို့လား”
ယွီဟွေးဖေးက ခေါင်းခါပြီးပြောလိုက်၏။ “မတူဘူး… ခင်ဗျားတို့ အရင်ကသွားတဲ့နေရာတွေ ဘယ်လောက်ပဲခေါင်ခေါင် လူတွေခဏခဏသွားတဲ့ လမ်းကြောင်းပဲ။ ကိုးကန်ရေတံခွန်ကတော့မတူဘူး…”
“ကိုးကန်ရေတံခွန်က ရှို့လင်ရဲ့ပထမဆုံးနဲ့ အလှဆုံးရှုခင်း။ ဒါပေမဲ့ အဲ့ဒီနေရာက အရမ်းနက်တယ်။ သူဌေးလီလည်း အဲ့လောက်ပိုက်ဆံမရှိတော့ တံတားတွေ လမ်းတွေဘာညာဆောက်ဖို့ ယာယီစွန့်လွှတ်လိုက်ရတယ်။ သွားချင်ရင် တောင်ကြီးနှစ်လုံးကျော်ရမယ်။ တောင်ပေါ်မှာ အခြေခံအားဖြင့်လမ်းမရှိဘူး။ တချို့နေရာတွေမှာ လူတွေက လက်ခြေအကုန်လုံးသုံးမှ ဖြစ်တာ”
“အဓိကက… အဲ့ဒီနေရာကိုတစ်ရက်နဲ့ သွားမရဘူး၊ တောထဲမှာ တစ်ညအိပ်ရမယ်။ ဒါပေမဲ့ မလုံခြုံဘူး။ တစ်နိုင်ငံလုံးက လယ်ယာမြေကို ဘေးမဲ့တောအုပ်အဖြစ်ပြန်ပြောင်း၊ ဂေဟစနစ်ကို ကာကွယ်ဖို့တိုက်တွန်းပြီးနောက်မှာ ဂေဟစနစ်က အရှိန်အဟုန်နဲ့ ကောင်းမွန်လာတယ်”
“အထူးသဖြင့် ဒီတောင်တန်းကြီးထဲမှာ တောရိုင်းတိရစ္ဆာန်တွေကို မဖမ်းခိုင်းတော့ဘူး။ ပြီးတော့ စည်းရုံးလှုံ့ဆော်မှုတွေကြောင့် ရွာသားတွေက တောင်ထဲဝင်ပြီး ဘယ်သတ္တဝါကိုမှ မဖမ်းတော့ဘူး။ ဒါကြောင့် တောင်ထဲကတောရိုင်းတိရစ္ဆာန်တွေက နှစ်တိုင်းအရှိန်အဟုန်နဲ့တိုးပွားနေတာ။ အထူးသဖြင့် မကြာသေးခင် နှစ်နှစ်အတွင်းမှာ နှစ်ပေါင်းများစွာမတွေ့ရတော့တဲ့ အရှေ့မြောက်ပိုင်း ကျားတွေတောင်ပေါ်လာဖူးတယ်။ တောင်ထဲဝင်သွားရင် ညအချိန် ဝံပုလွေအုပ်နဲ့တောင် တွေ့နိုင်တယ်”