← Chapters

ခေါင်းကိုက်ရတဲ့ ဧည့်သည်တွေပါလား

Vol. 5 Ch. 66

ခေါင်းကိုက်ရတဲ့ ဧည့်သည်တွေပါလား

Vol. 5 Ch. 66

“လွန်ခဲ့တဲ့နှစ်ကဆို ဒီရွာထဲအထိ ဝံပုလွေတွေဝင်လာသေးတာ။ ဒါပေမဲ့ ရွာကလမ်းသရဲခွေးတစ်သိုက် ဝိုင်းဟောင်လိုက်၊ ဝိုင်းကိုက်လိုက်လုပ်လို့ ထွက်ပြေးသွားကြရတာပေါ့”

“အဲဒီအချိန်ကစပြီး ရွာသားတွေက ညဘက်အပြင်ထွက်ရင် တော်တော်လေး သတိထားသွားကြတယ်”

“ဒါတွေအပြင် နောက်ထပ်ရန်သူတော်ကတော့ ဝက်ဝံနက်ကြီးတွေပဲ။ တောင်ထဲမှာ ဝက်ဝံတွေ အမြဲရှိတယ်။ ဒါပေမဲ့ လူက ဝက်ဝံကိုကြောက်သလို၊ ဝက်ဝံကလည်း လူကိုကြောက်တာမို့ ရွာနားကိုတော့ ကပ်လေ့မရှိဘူး”

“ပြသနာက လူတွေက တောထဲသွားတိုးပြီး ဝက်ဝံအကိုက်ခံရတဲ့ အဖြစ်အပျက်တွေကတော့ နှစ်တိုင်းလိုလိုကို ရှိနေတာပဲ”

ဒီအကြောင်းတွေကြားတော့ လျိုကျွမ်းတို့တစ်သိုက် မျက်မှောင်ကြုတ်သွားကြ၏။ ခယ်လီက မယုံတစ်ဝက်နဲ့မေးသည်။

“တကယ်ကြီး ဝက်ဝံနဲ့ ဝံပုလွေတွေ ရှိတယ်ဆိုပါလား”

ယွီဟွေးဖေးက ခေါင်းညိတ်ပြသည်။ “တွေ့ဖို့က မလွယ်ပေမဲ့ အန္တရာယ်ရှိတာတော့ အမှန်ပဲ။ အဲဒါကြောင့် ခင်ဗျားတို့ကို တောတောင်နက်ထဲအထိတော့ မသွားစေချင်ဘူး။ အစွန်အဖျားလောက်မှာပဲ ကြည့်ပြီးပြန်တာ ကောင်းလိမ့်မယ်”

ခယ်လီက မျက်မှောင်ကြုတ်ရင်း ညည်း၏။ “ဒါတော့ ဒုက္ခပါပဲ။ ဒီတစ်ခေါက် ကျွန်မတို့ဆွဲလာတဲ့ ပန်းချီကားတွေက သိပ်အားမရဘူး။ ဘွဲ့ယူဖို့တင်ရမယ့် ပရောဂျက်အတွက်တော့ အရည်အသွေးမမီလောက်ဘူး… ဒါကြောင့် တောင်ထဲဝင်ပြီး ပန်းချီဆွဲဖို့ စဉ်းစားထားတာ”

လျိုရှင်းက “တခြားနည်းလမ်း မရှိတော့ဘူးလားဟင်”

ဒီတစ်ခါတော့ လျိုကျွမ်းက ဘဝင်မြင့်တဲ့လေသံနဲ့ ဝင်ပြော၏။ “ငါတို့ကံအဲ့လောက်တော့ မဆိုးပါဘူး။ တောတောင်ထဲကို ကျွန်တော်လည်း မကြာမကြာဝင်ဖူးတာပဲ။ ဝက်ဝံတော့ မတွေ့ဖူးပေမဲ့ ဝံပုလွေတော့ တွေ့ဖူးတယ်။ ငါဘာမှမဖြစ်ဘဲ အကောင်းတိုင်း ပြန်လာတာပဲ မဟုတ်လား။ တကယ်တော့ အဲ့ဒီတောရိုင်းတိရစ္ဆာန်တွေက မီးကိုကြောက်တယ်၊ အသံကျယ်ကျယ်ကိုလည်း ကြောက်တယ်။ ငါတို့ ဗျောက်အိုးလေး ဘာလေးဆောင်သွားရင် သူတို့ကို ခြောက်လှန့်မောင်းထုတ်လို့ရမှာပါ”

ဒီစကားကြားတော့ ယွီဟွေးဖေးမှာ နားထင်စပ်ဖျဉ်းဖျဉ်းဖြစ်ပြီး ခေါင်းကိုက်သွားသည်။ ဝံပုလွေနဲ့ ဝက်ဝံကို နှိမ်နင်းရတာသာ အဲ့လောက်လွယ်ရင် နှစ်တိုင်းလူသေနေပါ့မလား။ ဒါပေမဲ့ ခယ်လီနဲ့ လျိုရှင်းတို့ကတော့ ဒီအကြံကို သဘောကျသွားပုံပဲ။

ယွီဟွေးဖေးက ထပ်ပြောသည်။ “ခင်ဗျားတို့ အဲ့ဒီအတွေးကို အမြန်ဆုံးဖျောက်လိုက်တာ ကောင်းမယ်။ ကျုပ်တို့ အရှေ့မြောက်ဒေသမှာ လူကိုအန္တရာယ်အပေးနိုင်ဆုံး သတ္တဝါတွေထဲမှာ ဝက်ဝံက အဆင့်သုံးပဲရှိသေးတယ်။ အဆင့်နှစ်က ကျား…”

“ကျားကမှ အဆင့်နှစ်လား။ ဒါဆို အဆင့်တစ်က ဘာကြီးတုန်း” လျိုရှင်းက စိတ်ဝင်တစားမေး၏။

“ဝက်..”ဟု ယွီဟွေးဖေးက တည်တည်ငြိမ်ငြိမ်ပဲ ပြန်ဖြေလိုက်သည်။

“ဖွီး…အဟား ဟား” လျိုကျွမ်းကတော့ ထပြီးဟားတိုက်ရယ်တော့တာပဲ။

“ဝက် ဟုတ်လား။ ဝက်က ကျားထက်တောင် ကြမ်းတယ်ဆိုပါလား”

ယွီဟွေးဖေးက သူ့ကိုတစ်ချက်စွေကြည့်ပြီး ပြော၏။

“တောဝက်တွေဟာ တောထဲမှာ လူအတွက် ကျားထက် အဆပေါင်းများစွာ ပိုအန္တရာယ်များတယ်။ ကျားက ကြမ်းပေမဲ့ အရေအတွက်နည်းတော့ တွေ့ရခဲတယ်”

“ဒါပေမဲ့ ဒီအရှေ့မြောက်ဒေသရဲ့ နောက်ပိုင်းနှစ်တွေမှာ သဘာဝပတ်ဝန်းကျင်ကောင်းလာတော့ တောဝက်ကောင်ရေက နှစ်တိုင်းတိုးပွားနေတာ။ အဲ့ကောင်တွေက သားရေကလည်းထူ၊ အရေကလည်းမာတာမို့ သာမန်လက်လုပ်သေနတ်လောက်တော့ အေးဆေးပဲ။ သူတို့အမွေးတွေက သံချောင်းတွေလိုပဲ။ ခင်ဗျားတို့က သူတို့ကို တစ်ချက်တည်းနဲ့ အသေသတ်နိုင်တာမဟုတ်ရင် သူတို့ရဲ့အစွယ်နဲ့ ဝက်ဝံတို့၊ ကျားတို့ရဲ့ ဗိုက်ကိုတောင် ပေါက်အောင် ထိုးခွဲနိုင်တယ်”

“အဓိကအချက်က သူတို့က ကျားနဲ့ဝက်ဝံလိုမဟုတ်ဘူး။ ကျားနဲ့ဝက်ဝံက လူကိုအလွယ်တကူ မတိုက်ခိုက်ဘူး။ တောဝက်ကတော့ အဲ့လိုမဟုတ်ဘူး။ အဲ့ကောင်က ဘယ်သူ့မျက်နှာမှမထောက်ဘူး။ တိုက်ခိုက်လိုစိတ် အရမ်းပြင်းတယ်။ အဲ့လိုတောဝက်တွေ အုပ်လိုက်ကြီးသာ ပြေးဝင်လာရင် ခင်ဗျားတို့ထဲက ဘယ်သူများ အသက်ရှင်ကျန်ရစ်မယ်ထင်လဲ”

ဒီလောက်ကြားတော့ လျိုကျွမ်းတောင် နည်းနည်းလန့်သွားပုံရတယ်။ ဒါပေမဲ့ ခယ်လီကတော့ အားမလျှော့သေးဘူး။

“ရှင်က ဒီတောင်အကြောင်းကို ဒီလောက်သိနေမှတော့ သွားလို့ရမယ့်နည်းလမ်းတော့ ရှိမှာပါနော်”

လျိုကျွမ်းကလည်း “ဟုတ်တယ်… ဒီတောင်ကိုသာ လိုက်ပို့ပေးနိုင်ရင် လမ်းပြကြေး တစ်သောင်းပေးမယ်”

ယွီဟွေးဖေးက ခေါင်းတန်းခါလိုက်တယ်။ နောက်နေတာလား။ နှစ်တိုင်းလူသေတဲ့ နောက်တောင်ဆီ သူကဒီလူတွေကို ခေါ်သွားရမယ် ဟုတ်လား။ တော်ကြာ တစ်ခုခုဖြစ်သွားမှ သူတစ်သက်လုံး စိတ်မလုံဖြစ်နေရမှာပေါ့။

လျိုကျွမ်းက ဈေးတက်တယ်၊ “နှစ်သောင်း”

ခယ်လီကပါ၊ “သုံးသောင်း”

ဒီလောက်ကြားတော့ ယွီဟွေးဖေးတောင် စိတ်ယိုင်ချင်ချင်ဖြစ်သွားတယ်။ သူ တကယ်ကို ပိုက်ဆံမရှိဘဲ ဆင်းရဲနေတာကိုး။

ဒါပေမဲ့ ယွီဟွေးဖေးတစ်ခုကောင်းကောင်းသိတယ်။ လူတစ်ယောက်အနေနဲ့ ယူသင့်တဲ့ပိုက်ဆံနဲ့ မယူသင့်တဲ့ပိုက်ဆံဆိုတာရှိတယ်။ ဒါကြောင့် သူက ခိုင်ခိုင်မာမာပဲ ခေါင်းခါပြီးပြောလိုက်တယ်။

“ဒါက ပိုက်ဆံပြဿနာမဟုတ်ဘူး။ ခင်ဗျားတို့က ကျုပ်ဆီမှာတည်းနေတာမို့ ခင်ဗျားတို့ ဘေးကင်းရေးအတွက် ကျုပ်မှာ တာဝန်ရှိတယ်။ မိတ်ဆွေတို့… ဒီနေ့က နောက်ဆုံးညပဲဆိုတော့ ပျော်ပျော်ရွှင်ရွှင် အနားယူကြပါဗျာ”

ပြောပြီးတာနဲ့ ယွီဟွေးဖေးက နောက်လှည့်ထွက်သွားတော့တယ်။ ယွီဟွေးဖေးထွက်သွားတာမြင်တော့ လျိုကျွမ်းက အနောက်ကနေလှမ်းအော်၏။

“ငါးသောင်း”

ယွီဟွေးဖေးကတော့ လှည့်မကြည့်တော့ဘဲ အနောက်တံခါးကို ဆွဲပိတ်လိုက်တော့သည်။ ယွီဟွေးဖေးက ပိုက်ဆံမက်တာမှန်တယ်။ သူတော်ကောင်းယောင်လည်း မဆောင်တတ်ဘူး။ ဒါပေမဲ့ ပိုက်ဆံရှာတဲ့နေရာမှာ လိပ်ပြာလုံဖို့တော့လိုတယ်။ ဒါက သူ့အဘိုးသင်ပေးထားတဲ့ ဆုံးမစကားပဲ။

“ဘယ်လိုလုပ်မလဲ။ သူက မလိုက်ဘူးတဲ့” ခယ်လီက လျိုကျွမ်းကိုမေးတော့သည်။

“မလိုက်တော့ ဘာဖြစ်လဲ။ ဟိုအဘိုးကြီးဆီ သွားကြမယ်လေ။ သူကအရင်က တောင်ပေါ်မှာ မုဆိုးလုပ်ဖူးတယ်ဆို။ တောင်ပေါ်ကမြက်တစ်ပင်၊ သစ်တစ်ပင်ကအစ သူ့လက်ပေါ်တင်ထားသလို သိတယ်ဆို။ သူ့မှာနည်းလမ်းရှိချင်ရှိမှာပေါ့။ မဟုတ်တောင် တခြားလမ်းပြတွေ ထပ်ရှာမယ်။ ဒီလောက်ကြီးတဲ့ရွာကြီးမှာ ငါတို့ကို တောင်ပေါ်ခေါ်သွားပေးမယ့်လူ တစ်ယောက်မှမရှိတော့ဘူးလို့တော့ ငါမယုံဘူး”

ခယ်လီကလည်း ခေါင်းညိတ်သည်။ “ဟုတ်တယ်။ လူများများရှာထားရင် တကယ်လို့ ပြဿနာတစ်ခုခုတွေ့ရင်တောင် ဖြေရှင်းနိုင်တာပေါ့”

လျိုကျွမ်းက “ပိုက်ဆံငါးသောင်းပေးမယ်ဆိုမှတော့ လူငှားလို့မရစရာ အကြောင်းမရှိဘူး။ လာ… အပြင်ထွက်ပြီး လူသွားရှာကြစို့” လို့ပြောပြီးတာနဲ့ လျိုကျွမ်းက အပြင်ထွက်သွားတော့သည်။

“ငါးသောင်းတောင်နော်… မယူဘူးလား” အဲဒီအချိန်မှာ ချွေ့ကျွယ်က ယွီဟွေးဖေးဆီရောက်လာပြီးမေး၏။

“မယူပါဘူး”

“မင်းကို ပိုက်ဆံအတွက်ဆို ဘာမဆိုလုပ်မယ့်ကောင်လို့ ထင်ထားတာ။ ဒီလောက်ကြီးတဲ့ ငွေရေးကြေးရေးကြီးကိုတောင် တွန်းလှန်နိုင်တာ လွယ်တဲ့ကိစ္စတော့မဟုတ်ဘူး။ ကြည့်ရတာ လူယာကတော့ လူမမှားခဲ့ဘူးပဲ”

ယွီဟွေးဖေးက မျက်စောင်းတစ်ချက်ထိုးပြီးပြော၏၊ “အဲ့ဒီ ငနဲကြီးအကြောင်း လာမပြောစမ်းနဲ့” လို့ ပြောလိုက်တော့ ချွေကျွယ်က ခေါင်းတစ်ချက်ညိတ်ပြီး လှည့်ထွက်သွားတော့သည်။

ညနေစောင်းတော့ နွားခေါင်း၊ မြင်းမျက်နှာနဲ့ သရဲနက်၊ သရဲဖြူတို့ ပြန်ရောက်လာကြပြီး လူစုံတော့ သရဲနက်က စကားစသည်။ “ရှေ့က ဟိုကလေးသုံးယောက်ကလေ… ငါ့ကို နောက်တောင်လိုက်ပို့ပေးဖို့ လာငှားနေတယ်”

ဒါကို ယွီဟွေးဖေးကြားတော့ မျက်မှောင်ကြုတ်သွား၏။ သူ့ကိုငှားလို့မရတော့ တခြားနည်းလမ်း ထပ်ရှာကြပြန်ပြီပေါ့လေ။

“ခင်ဗျား သဘောတူလိုက်ရောလား”

သရဲနက်က မျက်လုံးတစ်ချက်လှန်ပြီးပြောသည်။ “နောက်မနေစမ်းပါနဲ့။ ငါတို့က ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားတွေ။ ဒီနေရာရဲ့ သခင်မှမဟုတ်တာ။ မင်းသဘောမတူဘဲ ငါတို့က ဘယ်လိုလုပ် သဘောတူနိုင်မှာလဲ။ ဒါပေမဲ့… မောင်ယွီလေးရယ်၊ ပိုက်ဆံတစ်သောင်းတောင်ဟ။ နောက်တောင်တစ်ခေါက်သွားရုံလေးပဲကို။ ငါတော့ အဆင်ပြေမယ်ထင်တယ်”

သရဲဖြူကပါ ဝင်ပြော၏။ “တစ်ယောက်ကို တစ်သောင်းနဲ့ လူငါးယောက်လိုချင်တယ်ဆိုတော့ ငါတို့ငါးယောက်လိုက်သွားရင် တန်းပြီးငါးသောင်းရပြီ။ သေချာပေါက်အမြတ်ကြီးပဲ”

ယွီဟွေးဖေးက ခေါင်းခါပြီး နောက်တောင်ရဲ့အခြေအနေကို သူတို့အားလုံးကို ရှင်းပြလိုက်တယ်။ အကြောင်းစုံကြားပြီးတော့ သရဲနက်နဲ့ သရဲဖြူက “ခရီးက နှစ်ရက်တောင်ကြာမယ်ဆိုရင်တော့ မဖြစ်ဘူး။ ငါတို့က အများဆုံးတစ်ရက်ပဲ အပြင်ထွက်လို့ရတာ… အချိန်မမီဘူး”

ယွီဟွေးဖေးက သူ့ရဲ့စိုးရိမ်မှုတွေကို ထပ်ပြောပြတော့ အားလုံးကခေါင်းညိတ်ပြီး ယွီဟွေးဖေးလုပ်တာမှန်တယ်လို့ ထောက်ခံကြတယ်။

“ဒါပေမဲ့ အဲ့ကလေးသုံးယောက်က အလွယ်တကူ လက်လျှော့မယ့်ပုံမပေါ်ဘူး။ ပိုက်ဆံမက်ပြီး သူတို့ကို တောင်ပေါ်ခေါ်သွားမယ့်လူ တကယ်ရှိနေမှာစိုးရိမ်မိတယ်”

“ဒီရွာကလူတွေကို ကျုပ်အကုန်သိတယ်။ ဒီလောက်နှစ်တွေကြာလာတာတောင် ဘယ်သူမှ နောက်တောင်ကို ဖြတ်မသွားကြဘူး။ ဒါက စည်းကမ်းပဲ။ ဒီနှစ်ပိုင်းအတွင်း တောင်ထဲမှာသေကြတဲ့သူတွေက တခြားရွာကလူတွေ၊ ဒါမှမဟုတ် တခြားနေရာက လာတဲ့သူတွေချည်းပဲ။ ဒီရွာကလမ်းပြကိုတော့ ရှာတွေ့မှာမဟုတ်လောက်ပါဘူး”

ဒီစကားကြားတော့ ချွေကျွယ်တို့လည်း စိတ်အေးသွားကြတယ်။

ဒါပေမဲ့ နောက်နေ့မနက်စောစော၊ ယွီဟွေးဖေးက သင်္ချိုင်းကုန်းသန့်ရှင်းရေးလုပ်ဖို့ ထွက်လာတဲ့အချိန်မှာ ခယ်လီတို့အုပ်စုက ချွေ့ကျွယ်နဲ့ တစ်ခုခုပြောနေတာကို တွေ့လိုက်ရသည်။ ယွီဟွေးဖေးက နားစွင့်မလို့ရှိတုန်း သူတို့က စကားပြောပြီးလို့ အပြင်တောင်ထွက်သွားကြပြီ။ အဲ့တော့ သူက ချက်ချင်းချွေ့ကျွယ်ဆီသွားပြီးမေးတော့တာပဲ။

“ဘာဖြစ်တာလဲ။ အခန်းပြန်အပ်တာဆိုရင် ပစ္စည်းတွေဘာလို့မယူသွားတာလဲ”

ချွေ့ကျွယ်က “သြော်… ဒီလိုကွ။ သူတို့က ပစ္စည်းတွေကို ငါတို့ဆီမှာ ငါးရက်လောက် အပ်ထားခဲ့ချင်လို့တဲ့။ ငါးရက်ပြည့်မှ ပြန်လာယူမယ်ဆိုပဲ။ ဒါက ပစ္စည်းအပ်ခတဲ့။ တစ်ယောက်ကို နှစ်ရာ၊ စုစုပေါင်း ခြောက်ရာပေါ့။ ငါကြည့်လိုက်တော့ ဒီအလုပ်က လုပ်လို့ဖြစ်တယ်ဆိုပြီး သဘောတူလိုက်တာ”

“အသွားအပြန်လေးရက်၊ အလယ်မှာတစ်ရက်နား… ငါးရက်လောက်ပဲ။ ကြည့်ရတာ သူတို့တွေ လက်မလျှော့ကြသေးဘူးထင်တယ်”

All Chapters