အကျဉ်းသားအသစ် ရောက်လာပြီ
Vol. 5 Ch. 67
ယွီဟွေးဖေးမှာ ခေါင်းတောင်ကိုက်လာ၏။
“ဒီမြို့ကြီးကလာတဲ့ ကောင်တွေကွာ… ဒီတစ်ချက်ပဲ သဘောမကျတာ။ သောက်ကျိုးနည်း… သေချင်လို့များလားကွာ။ ကျုပ်သွားကြည့်ဦးမှ။ ဘယ်ကောင်ကများ သူတို့ကိုတောင်ထဲခေါ်သွားရဲတာလဲ ကြည့်ရသေးတာပေါ့”
ယွီဟွေးဖေးက အန္တရာယ်ရှိကြောင်း အကုန်ရှင်းပြထားပြီးပြီ။ ခယ်လီတို့က တောင်ထဲသွားရဲသေးတယ်ဆိုတာ လမ်းပြရှာတွေ့လို့ပဲဖြစ်ရမယ်။ မဟုတ်ရင် တောင်ပေါ်မှာ သရဲခြောက်တယ်ဆိုတဲ့ ကောလာဟလတစ်ခုတည်းနဲ့တင် သူတို့ချည်းဘဲ မတက်ရဲလောက်ဘူး။ တောဝက်အုပ်၊ ဝံပုလွေအုပ်အပြင် ဝက်ဝံအန္တရာယ်နဲ့ ဘယ်အချိန် ဘယ်ကထွက်လာမှန်းမသိတဲ့ အရှေ့မြောက်ပိုင်းက ကျားကြီးတွေ ရှိသေးတယ်လေ။
အိမ်အပြင်ထွက်လိုက်တော့ သော့ရောင်းတဲ့အဘိုးကြီးက ဖိန်ကောနဲ့ ခယ်လီတို့ကို တစ်ခုခုပြောနေတာ တွေ့လိုက်ရတယ်။ ဖိန်ကောကတော့ ရင်ဘတ်ကို တဘုန်းဘုန်းပုတ်ပြီး အရာအားလုံး သူ့ကိုသာစိတ်ချထားလိုက်ဆိုတဲ့ ပုံစံမျိုးနဲ့ပေါ့။
ယွီဟွေးဖေးက နှုတ်ခမ်းမဲ့ပြုံးလိုက်ပြီး စိတ်ထဲကပြောလိုက်တယ်၊ “ဘယ်လိုဖြစ်ပြီး ဒီကောင်တွေကို မေ့နေပါလိမ့်”
ဒီရက်ပိုင်းအတွင်း ယွီဟွေးဖေးက ဖိန်ကောနဲ့ ကိုခွေးတို့အကြောင်းကို စုံစမ်းပြီးသွားပြီ။ ကိုခွေးက သူ့မိန်းမရဲ့ရွာတွေအထိ လိုက်သမခံရတဲ့အကြောင်းလည်း သိပြီးသွားပြီ။
အဲဒီတုန်းကတော့ ရယ်ပြီး ဘာမှမတွေးမိလိုက်ဘူး။ ဒါပေမဲ့ ဒီလိုသိက္ခာမရှိတဲ့ ကလေကချေကောင်တွေက လူတွေကိုတောနက်ကြီးထဲအထိ ခေါ်သွားရဲလိမ့်မယ်လို့တော့ မထင်ထားမိဘူး။ တကယ်ကို ပိုက်ဆံမက်ပြီး ရူးနေကြတာပဲ။
တံခါးဝက သော့ရောင်းတဲ့ အဘိုးကြီးကျန်းကိုတော့ ယွီဟွေးဖေးက သူ့ဆိုင်ကို မှောက်လှန်ပစ်ချင်တဲ့စိတ် ပထမဆုံးအကြိမ် ပေါက်သွားတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ ယွီဟွေးဖေးက အခြေအနေတစ်ခုမှားနေတာကို သတိထားမိလိုက်တယ်။ အဘိုးကြီးက သူတို့နဲ့ရန်ဖြစ်နေပုံပဲ။ ခယ်လီတို့ကိုမသွားဖို့ ဆွဲထားနေတာ။
ယွီဟွေးဖေး အနားကပ်သွားတော့မှ အဘိုးကြီးကလည်း သူတို့ကိုတောထဲမဝင်ဖို့ တားနေတာကို နားလည်သွားတယ်။ ဒါပေမဲ့ ဖိန်ကောက သူ့လူတွေနဲ့ အဘိုးကြီးကိုတွန်းဖယ်ပြီး ခယ်လီတို့ကို ဆွဲခေါ်သွားတော့တာပဲ။
ဒီမြင်ကွင်းကိုတွေ့တော့ ချွေကျွယ်က ရှေ့တက်လာပြီးမေးတယ်၊ “ဝင်ပါရမလား”
ယွီဟွေးဖေးက “ပါရမှာပေါ့”
ဒါပေမဲ့ သူတို့နောက်လိုက်မလို့လုပ်နေတုန်းမှာပဲ သူ့အနောက်ကနေ ဒုန်းဒုန်းဒုန်း ဂျစ်ဂျစ်ဂျစ်ဆိုတဲ့ ထူးဆန်းတဲ့တံခါးခေါက်သံကြီး ထွက်လာတော့ ယွီဟွေးဖေးရဲ့ ရင်ထဲမှာ ဒိန်းခနဲဖြစ်သွားတယ်။
ဒီအသံက ဘာလို့ဒီလောက် ရင်းနှီးနေရတာလဲ။ အဓိကက အခုတံခါးက ဖွင့်ထားတာလေ၊ ဘယ်သူက တံခါးလာခေါက်မှာလဲ။
ချွေကျွယ်က “လူတစ်ယောက်ယောက် ရောက်လာပုံပဲ”
ယွီဟွေးဖေးရဲ့စိတ်ထဲမှာ အကြံတစ်ခုပေါ်လာပြီး သူရုတ်တရက်သတိရသွားတယ်၊ ဒီနေ့က အကျဉ်းသားအသစ်လာပြီး သတင်းပို့ရမယ့်နေ့ပဲ။
အဝေးကိုထွက်သွားတော့မယ့် ခယ်လီတို့ကိုကြည့်ပြီး ယွီဟွေးဖေးစဉ်းစား လိုက်တယ်။ အကျဉ်းသားတစ်ယောက်လက်ခံတာ အချိန်အများကြီးမကြာလောက်ပါဘူး။ ခဏနေမှ သူတို့နောက်လိုက်သွားလည်း ဖြစ်တာပဲ။
ဒါနဲ့ ယွီဟွေးဖေးက ခြံထဲအမြန်ပြန်ဝင်၊ တံခါးကြီးကိုပိတ်လိုက်တော့ အပြင်ဘက်က တံခါးခေါက်သံက ပိုပြီးရှင်းလင်းလာတယ်။
ဒုန်းဒုန်းဒုန်း ဂျစ်ဂျစ်…
ဒီအသံက တော်တော်ထူးဆန်းသလိုပဲ။ တံခါးကို လက်သည်းနဲ့ ကုတ်ခြစ်နေတဲ့အသံမျိုးပါ ပါနေတော့ ယွီဟွေးဖေး မျက်မှောင်ကြုတ်မိသည်။
“လက်သည်းမညှပ်ထားတာ ဘယ်လောက်ကြာပြီလဲမသိဘူး၊ တံခါးခေါက်တာတောင် ခြစ်သံနဲ့ပါလားဟ”
ချွေ့ကျွယ်လည်း မော့ကြည့်ပြီး လေသံတိုးတိုးနဲ့ပြော၏။ “လာတာ လူမဟုတ်လောက်ဘူး”
ယွီဟွေးဖေးရဲ့ ရင်ထဲမှာ တုန်ခနဲဖြစ်သွားပေမဲ့ နောက်တော့ရယ်လိုက်သည်။ အခုသူ့လက်ထဲမှာရှိတဲ့ အကျဉ်းသားတွေထဲမှာလည်း မျက်ပြူးကြီးတစ်လုံးရယ်၊ မြေအောက်ဘုံက ငရဲတမန်ငါးယောက်ရယ်နဲ့ လူတစ်ယောက်မှပါတာမဟုတ်တာ။ ဒီလိုတွေးမိတော့ ယွီဟွေးဖေးလည်း စိတ်အေးသွားပြီး တံခါးကြီးကို ဖြည်းဖြည်းချင်း ဆွဲဖွင့်လိုက်တယ်။
တစ်ချိန်တည်းမှာပဲ ယွီဟွေးဖေးက နည်းနည်းတော့စိတ်လှုပ်ရှားနေမိကော။ ယောကျ်ားတွေချည်းပဲ ရောက်လာပြီးပြီဆိုတော့ ဒီတစ်ခါတော့ ခြံထဲက ယင်နဲ့ယန်ဓာတ်ကို မျှတအောင် နတ်သမီးလေးတစ်ပါးလောက် ရောက်လာပါစေလို့ ဆုတောင်းနေမိသား။
တံခါးပွင့်သွားတော့ အရင်ကလို အေးစက်စက် အငွေ့အသက်တွေမရှိဘဲ ပန်းရနံ့တစ်ခုက တိုးဝင်လာချိန် ယွီဟွေးဖေး ရုတ်တရက် လန်းဆန်းသွားတော့တာပဲ။ ဒီအနံ့အရဆိုရင်တော့ နတ်ဆိုးတော့မဟုတ်ဘူး၊ နတ်ဘုရားတစ်ပါးဖြစ်ဖို့များတယ်။
ဒါပေမဲ့ တံခါးပွင့်သွားတော့ စိတ်ကူးထဲကနတ်သမီးလည်းမရှိ၊ လူရိပ်လူယောင်တောင်မတွေ့ဘူး။
အပြင်ဘက်ကရှုခင်းကတော့ တော်တော်လှတယ်။ ဒါကတောင်ကြားတစ်ခု၊ တောင်ကြားထဲမှာ အဆုံးမရှိတဲ့ပန်းခင်းကြီး၊ အပေါ်မှာ ကောင်းကင်ပြာနဲ့တိမ်ဖြူတွေ၊ အဝေးမှာတော့ ဧရာမနတ်မိစ္ဆာ သားရဲကြီးတွေ ပျံဝဲနေပုံရပြီး တော်တော်လေး ရင်သပ်ရှုမောစရာကောင်းသားပဲ။
ဒီလောက်လှပတဲ့မြင်ကွင်းကြောင့် ဒီတစ်ခါလာတာ မိန်းကလေးတစ်ယောက်ဖြစ်မယ်လို့ ယွီဟွေးဖေး မသိစိတ်က ခံစားမိနေတယ်။ ဒါပေမဲ့ ပြဿနာက လူကဘယ်မှာလဲ။ ယွီဟွေးဖေးက ခေါင်းထိုးထွက်ပြီး ဘေးဘယ်ညာကြည့်တော့လည်း လူမရှိဘူး။
“ဘယ်ကိုကြည့်နေတာလဲ။ အောက်မှာကွ အောက်မှာ” မကျေမနပ်ဖြစ်နေတဲ့အသံတစ်ခု ထွက်ပေါ်လာတယ်။
ယွီဟွေးဖေး ခေါင်းငုံ့ကြည့်လိုက်တော့… အမလေးဗျာ… အမွေးပြောင်လက်နေတဲ့ ခွေးနက်ကြီးတစ်ကောင် မြေကြီးပေါ်မှာ ထိုင်နေပါလား။
ယွီဟွေးဖေးကြည့်လာတာကိုမြင်တော့ အဲဒီခွေးနက်ကြီးက ပါးစပ်ဟပြီး မထီမဲ့မြင်လေသံနဲ့မေးတော့တာပဲ။
“မင်းက ဒီအကျဉ်းထောင်မှူးလား”
ယွီဟွေးဖေး လန့်သွားပြီး “သောက်ကျိုးနည်း… ခွေးတစ်ကောင်ပါလား”
“ဘာတွေပြောနေတာလဲ။ ဘာခွေးလဲ။ အစ်ကိုကြီးလို့ခေါ်စမ်း” ခွေးနက်ကြီးက ခေါင်းမော့ပြီး မတ်တပ်ရပ်လိုက်တယ်။ ဒီကောင် မတ်တပ်ရပ်လိုက်တော့ ယွီဟွေးဖေးထက်တောင် နည်းနည်းအရပ်ရှည်သေး။ ခွေးလက်တစ်ဖက်ကို ယွီဟွေးဖေးပခုံးပေါ်တင်ပြီး မေးပါလေရော။
“ဆေးလိပ်ရှိလား”
အဲ့ဒီပုံစံက ကျောင်းမှာ အတန်းကြီးလူမိုက်အစ်ကိုကြီးတစ်ယောက် အတန်းငယ်ညီလေးဆီက ဆေးလိပ်တောင်းနေသလိုမျိုးပဲ။
“မင်းက… ရှောင်ထျန်းချန်လား” ချွေ့ကျွယ်က အရင်ဆုံးသတိဝင်လာပြီး ခွေးနက်ကြီးနာမည်ကို အော်မေးလိုက်၏။
ယွီဟွေးဖေးကြားတော့ အံ့ဩသွားသွားကော။ “ဘာကြီး… အာလန်ရှန်းရဲ့ ရှောင်ထျန်းချန်လား”
ရှောင်ထျန်းချန်က ယွီဟွေးဖေးကို မျက်စောင်းထိုးပြီး “နတ်မင်းကြီး နာမည်ကို မင်းကခေါ်စရာလား။ ချင်းယွမ်ကျိန်းကျွင်းလို့ခေါ်စမ်း” လို့ ပြောပြီးတော့ ရှောင်ထျန်းချန်က ချွေကျွယ်ကိုကြည့်လိုက်တယ်။
“သြော်… ယမမင်းကြီးပါလား။ ခင်ဗျားက ဘယ်လိုလုပ်ရောက်လာတာတုန်း။ ဒါနဲ့ ဆေးလိပ်ရှိလား”
“မင်းက ဆေးလိပ်လည်း သောက်တတ်သွားပြီလား” ချွေ့ကျွယ် မျက်နှာပျက်သွားပြီးမေးတော့ ရှောင်ထျန်းချန်က စိတ်ပျက်လက်ပျက်နဲ့ ပြောတော့တာပဲ။
“ဟိုယုန်ကောင်ဆီက သင်လာတာ၊ သောက်ကျိုးနည်းပဲ၊ သုံးရက်မသောက်ရရင် နေမထိထိုင်မသာဖြစ်နေရော”
“မရှိဘူး” ချွေကျွယ် ခေါင်းခါရင်း ငြင်းလိုက်တော့ ရှောင်ထျန်းချန်က ယွီဟွေးဖေးဘက်လှည့်ပြီး “ဟေ့ကောင်လေး၊ မင်းဆီမှာရှိလား”
ယွီဟွေးဖေးက ဒီလိုမောက်မာပြီး သူ့ကိုမျက်စိထဲမထည့်တဲ့ ခွေးနက်ကြီးကိုကြည့်ပြီး မျက်ခုံးပင့်လိုက်တယ်။ ပြီးတာနဲ့ ချက်ချင်းဘဲ ခွေးလက်ကို ပုတ်ချပြီး တံဆိပ်ပြားကိုထုတ်လိုက်ချိန် တံဆိပ်ပြားက သူ့လက်ထဲမှာ စာလိပ်တစ်ခုအဖြစ်ပြောင်းသွားကော။
“ရှောင်ထျန်းချန်၊ မျက်စိထဲမှာ လူမရှိ၊ မှတ်ချက်တစ်ခါ”
ဒီစကားပြောပြီးတော့ ယွီဟွေးဖေးက ရှောင်ထျန်းချန်က ကြောက်သွားလိမ့်မယ်ထင်ထားတာ။ ဒါပေမဲ့ ဒီကောင်က ဟက်ဟက်ပက်ပက် ရယ်တော့တာပဲ။
“ဝူးထွားဟားဟား… မင်းဘယ်သူ့ကိုခြောက်နေတာတုန်း။ မှတ်ချင်ရင် မှတ်လိုက်၊ အများဆုံးပြစ်ဒဏ်တိုးရုံပေါ့။ ကောင်းကင်ဘုံမှာ ငါနေရတာပျင်းနေပြီ၊ အောက်ကို အပန်းဖြေခရီးလာတာနဲ့ အတော်ပဲ။ အရင်ဆုံး အနှစ်တစ်ရာလောက်နေပစ်လိုက်ဦးမယ်”
ပြောပြီးတော့ ရှောင်ထျန်းချန်က ခွေးလက်ကိုဆန့်ထုတ်ရင်း “ဆေးလိပ်ပေးစမ်း”
ယွီဟွေးဖေးက ချွေ့ကျွယ်ကို တစ်ချက်လှမ်းကြည့်လိုက်တော့ သူက ခပ်အေးအေးပဲပြောလိုက်တယ်။
“ကောင်းကင်ဘုံမှာတော့ ဒီခွေးက တော်တော်စွမ်းတယ်။ ဒါပေမဲ့ လူ့ပြည်ရောက်လာတော့ လောကီဓားချက်ကြောင့် သူကခွေးတစ်ကောင်ပဲ”
ယွီဟွေးဖေး နားလည်သွားပြီ။ တံခါးကြီးကိုပိတ်ပြီး အသံကျယ်ကျယ်နဲ့ ကုန်းရုံးပြီးအော်လိုက်၏။
“နွားခေါင်း၊ မြင်းမျက်နှာ၊ သရဲနက်၊ သရဲဖြူတို့ ထွက်ခဲ့ကြစမ်း”
ယွီဟွေးဖေးအော်သံနဲ့အတူ နောက်တံခါးပွင့်လာပြီး နွားခေါင်း၊ မြင်းမျက်နှာနဲ့ သရဲနက်၊ သရဲဖြူတို့ ပြေးထွက်လာကြတယ်။ သူတို့က ယွီဟွေးဖေးအသံမှာ မကျေမနပ်ဖြစ်နေတာကိုသိလို့ လက်နက်ကိုယ်စီနဲ့ ထွက်လာကြတာ။ တစ်ချိန်တည်းမှာပဲ နွားခေါင်းက အော်တယ်။
“ဘယ်ကောင်က ကိုးထပ်ဆောင်မှာ လာရမ်းကားနေတာလဲကွ”
စကားပြောနေတုန်းမှာပဲ နွားခေါင်းက သံခက်ရင်းခွကိုကိုင်လို့၊ မြင်းမျက်နှာက နဂါးစိမ်းလခြမ်းဓားမကိုကိုင်လို့၊ သရဲနက်၊ သရဲဖြူတို့ကလည်း ငိုချင်းချ ငိုကြွေးတုတ်နဲ့ ဝိညာဉ်ဖမ်းချုပ်ကြိုးတွေကိုင်ပြီး တဟုန်ထိုးထွက်လာကြတာပေါ့။
ရှောင်ထျန်းချန်က လူအုပ်ကြီးထွက်လာတာမြင်တော့ ရယ်ပြီးပြောတော့တာပဲ။
“ငါ့အစ်ကိုကြီး ကောင်းကင်ဘုံမှာ ပွဲတော်လုပ်တုန်းက နတ်မိစ္ဆာမျိုးနွယ်စုဘက်မှာ အမြဲတမ်းအထက်တန်းနေရာထိုင်ရတာကွ။ ဘယ်လိုလဲ။ မင်းတို့ မြေအောက်ဘုံက ပါချီပါချက်တွေက ငါနဲ့ ပါးစပ်ရုံးခြင်းယှဉ်ချင်ပြီး ပြိုင်ကိုက်ချင်လို့လား”
ဖြောင်း…
ခွေးခေါင်းပေါ်ကို လက်ဝါးတစ်ချက်ကျသွားပြီး ယွီဟွေးဖေးက ပြောလိုက်သည်။
“ဘာတွေလေကျယ်နေတာလဲ။ မင်းအပေါ်မှာ ဘာကောင်ဖြစ်ဖြစ် ငါသောက်ဂရုမစိုက်ဘူး၊ အောက်ရောက်လာရင် ငါပြောတာ ငါ့အမိန့်ပဲ”
သူ့စကားကြားတော့ ရှောင်ထျန်းချန်က နောက်လှည့်ပြီး သွားဖြဲပြရင်း “ငါမင်းကို ကိုက်ဖြဲပစ်လိုက်မယ်ဆိုတာ ယုံလား”
ယွီဟွေးဖေးက ရင်ကော့ပြီး သူ့ရင်ဘတ်ကိုလက်ညှိုးထိုးပြတာပေါ့။
“လာလေ… လာစမ်းဘာ။ ကိုက်လေ၊ မင်းကိုက်ရဲလား ငါကြည့်ချင်တယ်။ မကိုက်ရဲရင် မင်းက ခွေး… အဲ အဲ… မင်းကဝက်ပဲ”