← Chapters

ခွေးမသား

Vol. 5 Ch. 68

ခွေးမသား

Vol. 5 Ch. 68

ရှောင်ထျန်းချန် ကြားတော့ ချက်ချင်းဒေါသထွက်ပြီး လက်မြှောက်ပြီး ရိုက်တော့မလို့ပဲ။ အဲ့အချိန်မှာပဲ သံခက်ရင်းခွကြီးတစ်ခုက သူ့လည်ပင်းပေါ်ကို တန်းတန်းမတ်မတ်ကျလာပြီး ရှေ့ကိုတစ်ချက်တည်း ဆောင့်တွန်းထိုးပစ်ပြီး ရှောင်ထျန်းချန်ကို နံရံမှာကပ်စိုက်ထားလိုက်တယ်။

“အမလေးဗျ… မင်းတို့က ငါ့လည်ပင်းကို ညှပ်တယ်လား။ သတ္တိရှိရင် အောက်ချပေးစမ်း”

“လုပ်စမ်းကွာ၊ အဲ့ကောင်ကို ဝိုင်းသမကြစမ်း” နွားခေါင်းရဲ့ စကားဆုံးတာနဲ့ မြင်းမျက်နှာ၊ သရဲနက်၊ သရဲဖြူတို့ တစ်ပြိုင်နက်တည်းလှုပ်ရှားကြတယ်။ နဂါးစိမ်းလခြမ်းဓားမ၊ ဖမ်းချုပ်ကြိုး၊ ငိုချင်းချတုတ်တွေနဲ့ သူ့ခွေးခေါင်းကို တဒုန်းဒုန်း ဝိုင်းရိုက်ကြတော့တာပဲ။

ဒုန်းဒိုင်းအသံတွေဆူညံသွားပြီး ရှောင်ထျန်းချန်ခမျာ အော်ဟစ်ငိုယိုနေရရှာတယ်။ ယွီဟွေးဖေးကတော့ မြေကြီးပေါ်က ခုံပုလေးကိုကောက်ကိုင်ပြီး ရှောင်ထျန်းချန်ရဲ့ခေါင်းကို တစ်ချက်ဆင့်ရိုက်လိုက်ရင်း မေးပါလေရော။

“ဟေ့ကောင် ခွေးမသား… မင်းက တကယ်လက်ပါရဲတယ်ပေါ့လေ။ ကောင်းပြီ… မင်းငါ့ကိုစောင့်နေ၊ မင်းကဒီမှာ အေးအေးဆေးဆေးနေချင်တယ် မဟုတ်လား။ ငါမင်းကို အားရပါးရအနားယူခိုင်းမယ်”

ယွီဟွေးဖေးက စကားပြောရင်းနဲ့ စာလိပ်ပေါ်မှာ စရေးနေပြီ “ရှောင်ထျန်းချန်၊ ယဉ်ကျေးလိမ္မာဌာန ညွှန်ကြားရေးမှူးကို သတ်ဖြတ်ရန်ကြံစည်ပြီး ပုန်ကန်မယ်လို့ ကြုံးဝါးခဲ့တယ်။ ဤကဲ့သို့ ဆိုးရွားသောအကျဉ်းသားကို ကောင်းကင်ဘုံမှ မိုးကြိုးကိုးချက်ဖြင့် ချက်ချင်းကွပ်မျက်ပေးပါရန် အကြံပြုအပ်ပါသည်။”

ယွီဟွေးဖေး စာကမဆုံးသေးဘူး၊ သူ့ပေါင်ပေါ်မှာ တစ်ခုခုလာဖက်ထားတာကို ခံစားလိုက်ရတယ်။ ခေါင်းငုံ့ကြည့်လိုက်တော့ ရှောင်ထျန်းချန်က မြေကြီးပေါ်မှာဝပ်ပြီး သူ့ပေါင်တံကိုဖက်ထားလေရဲ့။ ခွေးခေါင်းကိုမော့ပြီး သနားစရာကောင်းတဲ့ မျက်လုံးဝိုင်းလေးတွေနဲ့ ယွီဟွေးဖေးကို ကြည့်နေပါရော။

အဓိကက ဒီကောင်က ခက်ရင်းခွကလွတ်အောင် ခေါင်းကို အတင်းဆွဲနှုတ်လိုက်တော့ အမွေးတွေတော်တော်များများ ပြတ်ထွက်သွားပြီး ခွေးခေါင်းမှာ ခွေးကိုက်ထားသလို အကွက်လိုက်ဖြစ်နေပြီး တော်တော်လေး စုတ်ပြတ်သတ်နေတာ…

“မင်းဘာလုပ်တာလဲ” ယွီဟွေးဖေးမေးလိုက်တော့ ရှောင်ထျန်းချန်က အသံကျယ်ကျယ်နဲ့ အော်တယ်။

“အစ်ကိုကြီး… နောက်ဆို ကျွန်တော်က အစ်ကိုကြီးရဲ့ ညာလက်ရုံး၊ တပည့်ကျော်ပဲ။ တကယ်သစ္စာရှိတဲ့အကောင်မျိုးပေါ့။ နောက်ဆို အစ်ကိုကြီးက အရှေ့သွားဆိုရင် ကျွန်တော်အနောက်မသွားဘူး။ အနောက်သွားဆိုရင် ကျွန်တော်အရှေ့မသွားဘူး…”

ယွီဟွေးဖေးကတော့ ဒီကောင့်ရဲ့ မျက်နှာပြောင်တိုက်တဲ့အပြုအမူကြောင့် ကြောင်တောင်တောင်ဖြစ်သွားလေရဲ့။ လာတုန်းကတော့ တော်တော်မာမယ့်ကောင်လို့ထင်ထားတာ၊ မထင်မှတ်ဘဲ အပြင်ပန်းမာပြီး အတွင်းကြောက်တဲ့ကောင် ဖြစ်နေပါလား။

ဒီလိုတွေးမိတော့ ယွီဟွေးဖေး နွားခေါင်းကို တစ်ချက်လှမ်းကြည့်လိုက်တော့ သူ့ရဲ့အကြည့်တွေက ကောင်းကင်ပေါ်ရောက်နေပြီး ဘာမှမသိသလို ပုံစံမျိုးလုပ်နေတယ်။

“ဘာလဲ… အခုမှ မှားမှန်းသိပြီလား” ယွီဟွေးဖေးက နှုတ်ခမ်းမဲ့ပြုံးပြီး ပြောလိုက်တာပေါ့။

“မှားပါတယ်၊ ကျွန်တော်တကယ်မှားပါတယ်” ပြောပြီး ရှောင်ထျန်းချန်က ဆေးလိပ်တစ်လိပ်ထုတ်ပြီး ယွီဟွေးဖေးကို ကမ်းပေးတယ်။

“အစ်ကိုကြီး ဆေးလိပ်သောက်ပါဦး”

ယွီဟွေးဖေး မျက်နှာမှာ ကြောင်တောင်တောင်ဖြစ်သွားတယ်၊ ဒီကောင်က အပြစ်ပေးခံရတာတောင် ဆေးလိပ်ပါယူလာသေးတာလား။ ဒါပေမဲ့ ယွီဟွေးဖေးက ချက်ချင်းတစ်ခုခုမှားနေတာကို သတိထားမိလိုက်တယ်၊ ဒီဆေးလိပ်က ဘာလို့ဒီလောက် ရင်းနှီးနေရတာလဲ။

“အစ်ကိုကြီးကို မီးညှိပေးမယ်”

ရှောင်ထျန်းချန်က မီးခြစ်ထုတ်ပြီး ယွီဟွေးဖေးကို မီးညှိပေးချိန် ဒီမီးခြစ်ကိုကြည့်လိုက်တော့ ပန်းရောင်လေးနဲ့ ဖောက်ထွင်းမြင်နေရပါလားဟ။ ဒါက ဆေးလိပ်ဝယ်တုန်းက ကုန်စုံဆိုင်သူဌေး လက်ဆောင်ပေးလိုက်တဲ့ မီးခြစ်မဟုတ်လား။ အပေါ်မှာ လက်ဆောင်ဆိုတဲ့ စာတန်းတောင်ပါသေး။

ယွီဟွေးဖေးက အိတ်ကပ်ကို အမြန်စမ်းလိုက်တယ်၊ အမလေးဗျာ၊ တကယ်အလစ်သုတ်ခံလိုက်ရတာပဲ။

“အစ်ကိုကြီး… နားလည်မှုလွဲတာပါ၊ နားလည်မှုလွဲတာပါ”

ရှောင်ထျန်းချန်က နောက်လှည့်ပြီး ထပြေးတော့ ယွီဟွေးဖေးကလည်း မြေပေါ်ကခုံကိုကောက်ကိုင်ပြီး လိုက်ရိုက်တော့ပါလေကော။

“မင်း ရပ်နေစမ်း”

“မင်းမရိုက်မှ ငါရပ်မယ်”

“သောက်ကျိုးနည်း ငါနှယ့်…၊ မင်းပြေးရင် ငါရိုက်မှာ”

“ဒါဆို ငါပြေးတော့မယ်… မင်းလည်း ငါကို မီအောင်မလိုက်နိုင်ပါဘူး”

“ငါ… ငါမင်းကို မိုးကြိုးကိုးချက်နဲ့ ပစ်သတ်မယ်” ယွီဟွေးဖေးက သူ့ရဲ့ အစွမ်းကုန်နည်းကို ထုတ်သုံးလိုက်ပြီး ရှောင်ထျန်းချန်ကို မှတ်ချက်ပေးတော့မလို့။ နောက်တစ်ခဏမှာပဲ ယွီဟွေးဖေးရဲ့ခြေထောက်မှာ ခွေးတစ်ကောင် လာတွယ်ကပ်နေပြီ။

ဒီခွေးမသားက ခေါင်းကိုတောင် သူ့အနားကပ်ပြီးပြောသေးတယ်။ “သူဌေးကြီး... ဒီနေရာကိုရိုက်ပါ၊ ဒီနေရာကိုရိုက်မှ အားရစရာကောင်းပြီး လက်ထဲမှာလည်း ခံစားလို့ကောင်းမှာ”

ယွီဟွေးဖေးကတော့ နောက်တစ်ခါ စကားမပြောနိုင်ဖြစ်သွားပြီး ချွေ့ကျွယ်ကို ကြည့်လိုက်တော့တာပေါ့။ အကြည့်တွေက ဒီကောင်က အာလန်ရှန်းရဲ့ ခွေးနက်ကြီး ရှောင်ထျန်းချန်ဆိုတာ ခင်ဗျားသေချာလို့လား မေးနေသလိုပဲ။

ချွေ့ကျွယ်က လက်ဖြန့်ပြီး “ဒါ… တကယ်ပဲ” လို့ ပြောလိုက်တော့ ယွီဟွေးဖေး လုံးဝစကားမပြောနိုင်တော့ဘူး၊ သူနားမလည်နိုင်တာက ဒီလိုကောင်မျိုးနဲ့ အာ့လန်ရှန်က လောင်စွန်းကို ဘယ်လိုနိုင်သွားတာလဲ။ ဒီကောင်က နောက်ကျောဓားနဲ့ထိုးလိုက်လို့ လောင်စွန်းရှုံးသွားတာများလား။

ယွီဟွေးဖေးက ရှောက်ထျန်းချန်နဲ့ တကယ်ကြီး ရန်ဖြစ်ချင်တာမဟုတ်ဘူး၊ မဟုတ်ရင် ဒီသေနာကျခွေးက လူ့ပြည်မှာ နှစ်ရာချီ ပိတ်မိနေပြီး နေ့တိုင်းဒုက္ခပေးနေရင် သူ့ဘဝကလည်း မလွယ်ဘူး။ အဓိကက အာလန်ရှန်ကို ယွီဟွေးဖေး တော်တော်လေး သဘောကျတာ။

ခွေးရိုက်ရင် သခင်မျက်နှာထောက်ရတယ်ဆိုသလိုပဲ၊ ဒါကြောင့် လက်မလွန်အောင် ထိန်းထားတာပဲ။ နောက်ပြီး ဒီခွေးကလည်း လေယူရာတိမ်းတတ်တဲ့ကောင်၊ ဆက်ပြီး ရန်ရှာနေရင် ယွီဟွေးဖေးက တကယ်ပဲ သူ့ကို မိုးကြိုးကိုးစင်းနဲ့ ကွပ်မျက်ဖို့ အကြံပြုလိုက်လောက်တယ်။

ရှောက်ထျန်းချန်ရဲ့ ခွေးလက်ကို ဖယ်ထုတ်ပြီး ယွီဟွေးဖေးက “တော်ပြီ… မင်းဒီမှာ အရင်နေ။ ငါပြန်လာမှ မင်းနဲ့ ရှင်းမယ်” လို့ပြောပြီး တံခါးဖွင့်ရင်း အမြန်ပြေးထွက်သွားတော့တာပဲ။

“ဘယ်သွားမလို့လဲ ဘောစိ” ဘေးနားက ရှောက်ထျန်းချန်ရဲ့အသံ ထွက်လာတော့ ယွီဟွေးဖေး လန့်သွားပြီး ဒီသေနာကျခွေးရဲ့ ပါးစပ်ကို အမြန်ပိတ်ရတာပေါ့။

“အခုကစပြီး မင်းက ခွေးတစ်ကောင်ပဲ၊ သိလား။ ဒီမှာက လူ့ပြည်၊ မင်းစကားပြောတတ်တာကို လူတွေသိသွားရင် ငါမင်းကို မိုးကြိုးကိုးစင်းနဲ့ ကွပ်မျက်ပစ်မယ်” လို့ ကျိန်းရတော့တာပဲ။ ဒါပေမယ့် ရှောင်ထျန်းချန်း ဆက်လိုက်လာတော့ ယွီဟွေ့ဖေးက ဒေါသတကြီးနဲ့ မေးတော့တာပေါ့။

“မင်းဘာလုပ်ချင်တာလဲ”

“ဘောစိ အစ်ကိုကြီး… ခင်ဗျားသွားလို့ရတယ်၊ မသွားခင် ငါ့ကို နေစရာတစ်ခုခု စီစဉ်ပေးလို့မရဘူးလား” ရှောင်ထျန်းချန် ပြန်မေးလိုက်တော့ ယွီဟွေးဖေးက ခြံထဲက ခွေးအိမ်တစ်ခုကို လက်ညှိုးထိုးပြလိုက်ရော။

“အဲ့မှာနေလိုက်”

“ဘာ… အဲ့မှာနေရမယ်လား”

“ဟုတ်တယ်လေ… ဒါက ခွေးအိမ်ပဲ။ အရင်က လီသူဌေးက ဒီမှာ လုံခြုံရေးအတွက် ဆောက်ထားတာ။ ခွေးမမွေးဖြစ်လို့ ဒီအတိုင်းထားတာပဲ”

“ငါက ကောင်းကင်ဘုံက ရှောင်ထျန်းချန်နော်”

“ဒါပေမဲ့ ခွေးပဲ မဟုတ်လား”

“ငါက ချင်းယွမ်ကျိန်းကျွင်းနဲ့ တွဲတဲ့ကောင်နော်”

“ဒါပေမဲ့ ခွေးပဲလေ”

“ငါက နတ်ဆိုးတစ်ပိုင်းနော်”

ယွီဟွေ့ဖေးက စိတ်မရှည်တော့ဘဲ “ဘာကောင်ဖြစ်ဖြစ် မင်းက ခွေးတစ်ကောင်ပဲ မဟုတ်လား” လို့ ပြောလိုက်တော့တာပေါ့။

“ငါ… ငါမနေနိုင်ဘူး။ ငါအခန်းထဲမှာ နေချင်တယ်၊ အခန်းကြီးကြီးနဲ့ နေချင်တာ” လို့ နားပူနားဆာလုပ်နေပေမယ့်

ယွီဟွေးဖေးက သူ့ကို အဖက်လုပ်ဖို့ အချိန်မရှိဘူး။

“နေချင်နေ၊ မနေချင်လည်းနေ” လို့ပြောပြီး ယွီဟွေးဖေးက ခြံအပြင်ကို အမြန်ပြေးထွက်ပြီး အဘိုးကြီးကျန်းကို သွားရှာလိုက်တယ်။

“မဟုတ်သေးဘူး… မင်းက ဘာလာလုပ်ပြန်တာလဲ” အဘိုးကြီးကျန်းက စိတ်ညစ်နေတာ၊ ယွီဟွေ့ဖေးကို မြင်တော့ ပိုစိတ်ညစ်သွားတယ်။ အဲ့ဒါအပြင် သူ့ကို မျက်လုံးစွေပြီး အောက်တန်းစားတိရစ္ဆာန်တစ်ကောင်လို ကြည့်နေတဲ့ ခွေးနက်ကြီးကို မြင်တော့ ပိုပြီးပေါက်ကွဲသွားတယ်။

ယွီဟွေးဖေးက ရှောက်ထျန်းချွမ်ကို တစ်ချက်ကန်ပြီး အဘိုးကြီးကျန်းဘက်လှည့်ရင်း “စကားအပိုမပြောနဲ့၊ အရင်က ဖိန်ကောခေါ်သွားတဲ့ မိန်းကလေးနှစ်ယောက်နဲ့ ယောက်ျားလေးတစ်ယောက် ဘယ်ကနေ တောင်ပေါ်တက်သွားလဲ”

အဘိုးကြီးကျန်းက ယွီဟွေးဖေးကို သတိထားပြီး ကြည့်ရင်း “ဘာလဲ… အဲ့လိုပိုက်ဆံမျိုးကို မင်းကပါ လိုချင်နေတာလား။ ဟမ့်… မကောင်းတဲ့ကောင်တွေ ခွဲဝေမတည့်လို့ အတွင်းရန်ဖြစ်ကြတော့မလို့လား”

ယွီဟွေ့ဖေးက သူ့ကို မျက်စောင်းထိုးပြီး “သွားစမ်းပါ၊ ကျုပ်သာ အလုပ်လက်ခံလိုက်ရင် သူတို့က ကျုပ်ဆီကနေထွက်ပြီး ဖိန်ကောဆိုတဲ့ ငမိုက်သားဆီ သွားရှာပါ့မလား”

အဘိုးကြီးကျန်း ကြားလိုက်တော့ ဒါလည်းဟုတ်တာပဲလို့ တွေးမိတယ်။ ယွီဟွေးဖေးက သွေးဆောင်မှုကို ခံနိုင်ရည်ရှိပြီး အခြေခံစည်းကမ်းရှိတာကို မြင်တော့ မျက်နှာနည်းနည်း ပြန်ကောင်းလာပြီး ဒေါသတကြီးနဲ့ “အခုခေတ်ကလေးတွေ ဘယ်လိုဖြစ်နေကြလဲမသိဘူး။ တစ်ယောက်မှ သေမှာမကြောက်ကြဘူးလား။ ပြောတာလည်း နားမထောင်ကြဘူး” လို့ ပြောလိုက်တယ်။

“အဲ့လို အသုံးမဝင်တာတွေ မပြောနဲ့။ မြန်မြန်ပြော” ယွီဟွေးဖေးက အဘိုးကြီးကို တစ်ရာတန်တစ်ရွက် တန်းပေးလိုက်တာပေ့ါ။

အဘိုးကြီးက ဒေါသတကြီးနဲ့ “မင်းငါ့ကို ဘယ်လိုလူမျိုးထင်နေလဲ” လို့ ပြောပြီး ပိုက်ဆံကို အိတ်ကပ်ထဲ ထည့်လိုက်ချိန် သူချက်ချင်းပဲ အဲ့ခွေးနက်ရဲ့ မျက်လုံးတွေက ပိုပြီး မထီမဲ့မြင်၊ ပိုပြီး အထင်သေးတဲ့အကြည့်နဲ့ ကြည့်နေတာကို တွေ့လိုက်ရတယ်။ ဒီအဘိုးကြီးရဲ့ ဆယ်စုနှစ်ချီ လေ့ကျင့်ထားတဲ့ မျက်နှာပြောင်တိုက်နိုင်မှု မဟာအစွမ်းတော်ကြီးက ခွေးတစ်ကောင်ရဲ့အကြည့်ကြောင့် ချက်ချင်းဘဲ အရှက်သည်းပြီး မျက်နှာနီရဲသွားပါလေရော။

All Chapters