သေနတ်
Vol. 5 Ch. 70
ဒီလိုတွေးမိတော့ ယွီဟွေးဖေးလည်း စိတ်အေးသွားကော။ ညဘက်မှာ အန္တရာယ်ရှိနိုင်ပေမဲ့ ယွီဟွေးဖေးက ဒီနေရာကို အမြဲလာနေကျလူဆိုတော့ တောင်ထဲကအခြေအနေကို တော်တော်လေး နားလည်တယ်။ အထူးသဖြင့် ငယ်ငယ်တုန်းက ကလေးတစ်သိုက်နဲ့ တောထဲခိုးဝင်ပြီး တောသစ်သီးရှာစားခဲ့တာ မနည်းဘူး။ ဒီနှစ်တွေမှာ တက္ကသိုလ်တက်တော့ ဆော့ချင်စိတ်နည်းသွားပြီး တောင်ထဲကအန္တရာယ်ကိုလည်း သိလာတော့မှ ငြိမ်သွားတာ။
အိမ်အပြင်ထွက်ရင်း ယွီဟွေးဖေးက ပေါင်မုန့်နဲ့ အသားဘူးတွေဝယ်ပြီး ကျောပိုးအိတ်ထဲ ထည့်လိုက်ပြီးတော့ အံကြိတ်နှစ်ရာပေးပြီး တစ်ပတ်ရစ် မုဆိုးဓားတစ်လက် ဝယ်လိုက်တယ်။ ဒီလိုမုဆိုးဓားမျိုးက ဒီမှာတွေ့ရခဲပြီ။ ဒါပေမဲ့ ယွီဟွေးဖေးက ဘယ်မှာရှာလို့ရလဲဆိုတာ သိတော့ ရလာတာ မဆန်းဘူး။
ပစ္စည်းအစုံအလင်ဖြစ်တော့ ယွီဟွေးဖေးက ရှောင်ထျန်းချန်ကို တစ်ချက်ခေါ်ပြီး တောင်ပေါ်တက်သွားတော့တာပဲ။ ဒီတစ်ခါတော့ ယွီဟွေးဖေးက အရှေ့ဘက်က မသွားဘဲ သူ့အိမ်နောက်က တောင်ကနေ တန်းတက်သွားတယ်။ ဒီမှာက ဖြတ်လမ်း၊ နောက်က တောင်ငယ်လေးကို ကျော်သွားရင် လမ်းတစ်ဝက်လောက် သက်သာတယ်လေ။
ရှောင်ထျန်းချန်က လမ်းတစ်လျှောက်မှာ “ငါက အကျင့်စာရိတ္တပြုပြင်ဖို့ လာတာ၊ အလုပ်သမားလုပ်ဖို့ လာတာမဟုတ်ဘူး” လို့ တတွတ်တွတ်ညည်းညူနေတော့တာပဲ။
ယွီဟွေးဖေးကလည်း ကောင်းကင်ကို မော့ကြည့်ပြီး “အလုပ်သမားလား။ မင်းအတွေးလွန်နေပြီ၊ မင်းက အလုပ်ကြမ်းလုပ်ဖို့ လာတာ။ ဘယ်လိုအလုပ်ကြမ်းလုပ်ရမလဲဆိုတာ ငါပြောတာအတည်ပဲ။ မင်းထပ်ပြီး စကားများရင် ငါမင်းကို နေ့တိုင်း ခြေတစ်ချောင်းနဲ့ ခုန်ခိုင်းမယ်။ အဲ့ခြေတစ်ချောင်းက တတိယခြေထောက်ပဲ”
ရှောင်ထျန်းချန် ကြားလိုက်တော့ မျက်လုံးတစ်ဖက်ပင့်ပြီး သွားဖြဲပြရင်း “ငါက လူမဟုတ်တာ သေချာတယ်၊ ဒါပေမဲ့ မင်းကတော့ တကယ့်ခွေးပဲ။ ဒါတောင် မင်းစဉ်းစားလို့ရတယ်…” လို့ ပြောပါလေရော။
ယွီဟွေးဖေးက သူ့ကို တစ်ချက်ကန်ပြီး “ဒီတောင်ကို ကျော်သွားရင် မင်းနှာခေါင်းနဲ့ အနံ့ခံတော့။ ငါသူတို့ကို အမြန်ဆုံးရှာတွေ့ချင်တယ်၊ သိလား။ ကောင်းကောင်းလုပ်ရင် မင်းအရင်က ငါ့ကို စော်ကားခဲ့တာတွေ အကုန်ကျေအေးပေးမယ်။ အမူအကျင့် ကောင်းမွန်ပါတယ်ဆိုတဲ့ မှတ်တမ်းတစ်ခုပါ ပေးမယ်” လို့ပြောလိုက်တော့ ရှောင်ထျန်းချန်က စိတ်မပါပေမဲ့ ခေါင်းညိတ်ပြီး ရှေ့ကနေ လမ်းပြတော့တယ်။
တစ်ယောက်နဲ့တစ်ကောင် တောင်ပေါ်တက်ပြီး တောင်ငယ်လေးကို ကျော်သွားတော့ နောက်မှာ ကြီးမားခန့်ညားတဲ့ တောင်တန်းကြီးတွေ တွေ့ရပါလေကော။ တောင်တန်းတွေက တစ်လုံးပြီးတစ်လုံး မြေပြင်ကနေ ထိုးထွက်ပြီး ကောင်းကင်ထဲကို ထိုးဖောက်တော့မယ့်အလားပဲ။ တိမ်မြူတွေကြားမှာ ငှက်တွေရဲ့ တေးသံနဲ့ သားရဲတွေရဲ့ ဟိန်းသံသဲ့သဲ့ကို ပါကြားနေရတယ်။
ယွီဟွေးဖေးသိလိုက်ပြီ… ဒီတောင်ငယ်လေးကို ကျော်သွားရင် သူတို့ကို ကြိုဆိုနေမှာက တကယ့်တောနက်ကြီးပဲ။
“သွားမယ်”
ယွီဟွေးဖေးက ကျောက်တုံးကြီးတစ်ခုပေါ်က ခုန်ချရင်း လားရာတစ်ခုကို သတ်မှတ်ပြီး အောက်ကို အမြန်ပြေးဆင်းသွားတယ်။ ရှောင်ထျန်းချန်က နောက်ကနေ လိုက်လာပြီး တစ်ချိန်တည်းမှာပဲ အားစိုက်ပြီး အနံ့ခံနေတာပေါ့။ နှစ်ယောက်သား တောင်အောက်ရောက်တော့ ကောင်းကင်က နည်းနည်းမည်းလာပြီ။ ယွီဟွေးဖေးက မျက်မှောင်ကြုတ်မိလိုက်တယ်။
“ညမှောင်ရင် သူတို့ရှေ့ဆက်သွားမှာ မဟုတ်ဘူး၊ စခန်းချဖို့ နေရာရှာမှာပဲ”
သူ့စကားကြောင့် ရှောင်ထျန်းချန်မျက်လုံးတွေတောက်ပြောင်လာပြီး “ဒါဆို ရှာရလွယ်သွားပြီ၊ မီးရောင်အတိုင်း လိုက်ရှာရုံပဲ”
ယွီဟွေးဖေးက သူ့ကို ခွေးရူးတစ်ကောင်လို ကြည့်ရင်း “မင်းက ဝက်လား။ ဒီတောင်ထဲမှာ တိရစ္ဆာန်တော်တော်များများက မီးကြောက်ပေမဲ့ မီးရောင်ကြိုက်တဲ့ သတ္တဝါတွေလည်း ရှိတယ်။ ဒါကြောင့် သူတို့မီးပုံဖိုရင်တောင် အလွယ်တကူမတွေ့နိုင်တဲ့နေရာမှာ ဖိုမှာပဲ။ မင်းနှာခေါင်းနဲ့ပဲ သေသေချာချာ အနံ့ခံတော့…”
မကြာခင်မှာပဲ နှစ်ယောက်သား လမ်းလိုလိုနေရာတစ်ခုကို ရောက်လာတယ်၊ ဒါက လူတွေအမြဲသွားလို့ ဖြစ်နေတဲ့ လမ်းကျဉ်းလေးတစ်ခု။
ရှောင်ထျန်းချန်က အနံ့ခံရင်း “အေး… တွေ့ပြီ။ ဒီမှာ လူတစ်စုသွားထားတဲ့အနံ့ရတယ်” လို့ ပြောလိုက်တော့ ယွီဟွေးဖေး မျက်လုံးတွေတောက်ပြောင်သွားပြီး “ရှေ့ကနေလမ်းပြ” ဆိုရင်း အမိန့်ပေးတော့တာပဲ။
ရှောင်ထျန်းချန်က ခြေကုန်သုတ်ပြီး ရှေ့ကနေ ပြေးချိန်မှာတော့ တောင်တွင်းမှာ နေဝင်စပြုပြီး သစ်ပင်တွေက နေရောင်ကို ကာထားတော့ အပြင်ဘက်ထက် စောစောမှောင်နေပြီ။ ခွေးနက်ကြီးက အသကုန်ပြေးထွက်သွားတော့ ယွီဟွေးဖေးက ဒီသေနာကျခွေးကို မမြင်ရတော့ဘူး။ ဒါပေမဲ့ ယွီဟွေးဖေးက ကြိုးစားပြီး လိုက်နေရင်း တစ်ယောက်နဲ့တစ်ကောင် တောထဲမှာ အမြန်ပြေးလွှားနေကြတယ်။ နေလုံးဝဝင်သွားတော့ တောထဲကနေ ဝံပုလွေအူသံတွေ ထွက်လာတယ်၊ ကြားရတာ တော်တော်လေး ကြက်သီးထစရာကောင်းသား။
ရှောင်ထျန်းချန်က ယွီဟွေးဖေးကို တစ်ချက်စွေကြည့်ပြီး “စိတ်မပူနဲ့၊ ခွေးပေါက်လေးတစ်သိုက်ပဲ၊ တကယ်ထွက်လာရင် ငါ့ကိုသာ ထားလိုက်” လို့ ရယ်ကျဲကျဲနဲ့ ပြောလိုက်တယ်။
ဘေးနားက ဒီအပေါစားခွေးရဲ့ ယုံကြည်မှုအပြည့်နဲ့ အပြုံးကိုကြည့်ပြီး ယွီဟွေးဖေးတောင် နည်းနည်းစိတ်အေးသွားမိသား။ ဘာပဲဖြစ်ဖြစ် သူက ရှောင်ထျန်းချန်ပဲကိုး။ တန်ခိုးမရှိတော့ရင်တောင် သာမန်ခွေးတွေက မယှဉ်နိုင်လောက်ဘူး…။
လမ်းတစ်လျှောက်လုံး တစ်ယောက်နဲ့တစ်ကောင် ဆဲဆိုနေကြပေမဲ့ နောက်ဆုံးတော့ ခံစားချက်တစ်ခုတော့ ရလာပြီ။ အဲ့တော့ ယွီဟွေးဖေးက ခေါင်းညိတ်ပြီး “ကျေးဇူးပဲ… ကိုခွေး” လို့ ပြောလိုက်တော့တာပေါ့။
ဒီစကားကြားတော့ ရှောင်ထျန်းချန်က တစ်ချက်ကြောင်သွားပြီး နောက်တော့ ပါးစပ်ကြီးဖြဲရင်း “မင်းက ကျပ်သိပ်မပြည့်ပေမဲ့ လပေါ်က အကောင်ထက်တော့ အများကြီးသာတယ်။ စိတ်မပူနဲ့… မင်းရဲ့ ကိုခွေးဆိုတဲ့တစ်ခွန်းက အလကားမဖြစ်စေရဘူး၊ ဒီတောင်ထဲမှာ ဘာပဲရှိရှိ ငါ့ကိုသာ ထားလိုက်” လို့ ဟီးဟီးရယ်ပြီး ပြောပါလေကော။
ယွီဟွေးဖေးက စပ်စုပြီး “လပေါ်က အကောင်ဆိုတာ ဟိုယုန်မလား” လို့ မေးလိုက်တယ်။
ရှောင်ထျန်းချန်က အံ့ဩပြီး “မင်းလည်း အဲ့သေနာကျယုန်ကို သိလို့လား” လို့ မေးတော့တာပဲ။ ယွီဟွေးဖေးက စိတ်ထဲက တကယ်ပဲဟလို့ တွေးမိပါလေရော။
ဒီယုန်အကြောင်း သူကြားဖူးတာ ပထမဆုံးအကြိမ်မဟုတ်ဘူး၊ နွားခေါင်း၊ မြင်းမျက်နှာ၊ အဖြူအမည်းနဲ့ ချွေ့ကျွယ်တို့က အဲ့ကောင်အကြောင်းကို မပြောချင်ကြဘူး။ ဒီရှောင်ထျန်းချန်က ယုန်နဲ့ တော်တော်ရင်းနှီးပုံရပေမဲ့ အဲ့ယုန်ကို သိပ်မကြိုက်တဲ့ပုံပဲ။
ဘယ်လိုယုန်မျိုးက မရဏတမန်တွေနဲ့ မိစ္ဆာနတ်ဆိုးတွေကို ဒီလောက်မုန်းတီးစေတာလဲ။ ယွီဟွေးဖေးက နှစ်ခွန်းလောက် ထပ်မေးလိုက်ပေမယ့် ရှောင်ထျန်းချန်က ချက်ချင်းဘဲ ခေါင်းခါတော့တယ်။
“မပြောနဲ့တော့… ငါအောက်ကို ဆင်းလာရတာ သူ့ကျေးဇူးကြောင့်ပဲ။ ငါပြန်သွားရင် သူ့လနန်းတော်ကို ဖြိုပစ်မယ်”
ကြမ်းကြမ်းတမ်းတမ်းပြောနေပေမဲ့ ရှောင်ထျန်းချန်ကိုယ်တိုင်က နည်းနည်းတော့ ကြောက်နေသလိုပဲ။ အဲ့ယုန်က အနိုင်ကျင့်လို့လွယ်တဲ့ကောင် မဟုတ်ဘူးဆိုတာ သိသာတယ်။ ဒါပေမယ့် ယွီဟွေးဖေးလည်း မထောက်ပြတော့ဘူး…
အဲ့အချိန်မှာပဲ ရှောင်ထျန်းချန်က “ငါတို့က သူတို့နဲ့ သိပ်မဝေးတော့ဘူး။ ဒါပေမဲ့ လေထဲမှာ တခြားအနံ့တစ်ခုရတယ်… အခြေအနေ သိပ်မကောင်းဘူး၊ ဝံပုလွေပေါက်တွေရဲ့အနံ့ပဲ။ သူတို့ဝံပုလွေပေါက်တွေရဲ့ ပစ်မှတ်ဖြစ်နေပြီ။ တစ်ကောင်တည်းလည်း မဟုတ်ဘူး”
ယွီဟွေးဖေး ကြားလိုက်တော့ ရင်ထဲထိတ်ခနဲဖြစ်သွားပါလေရော။
“အဲ့ဒီနေရာ အမြန်သွားကြစို့”
…
တစ်ချိန်တည်းမှာပဲ တောနက်ထဲမှာ ဖိန်ကောက လူငါးယောက်ကိုခေါ်ပြီး တစ်ယောက်တစ်လက် ဓားမကိုင်ရင်း မီးပုံဘေးမှာ ထိုင်နေကြသည်။ သူတို့နေရာက လေကွယ်တဲ့ တောင်ဂူငယ်တစ်ခု။
တောင်ဂူလို့ပြောရပေမဲ့ တကယ်တော့ တောင်ကိုယ်ထည်က ချိုင့်ဝင်နေတဲ့နေရာတစ်ခုပဲ၊ မိုးမကာနိုင်ပေမဲ့ အလင်းရောင်တစ်ချို့ကိုတော့ ကာပေးနိုင်တယ်။ အထူးသဖြင့် ဒီတောင်ဂူနှစ်ဘက်မှာ ကျောက်တုံးကြီးတွေရှိပြီး ချုံပုတ်တွေလည်း ထူတော့ မီးဖိုရင် အပြင်က သိပ်မမြင်ရဘူး။ ခယ်လီ၊ လျိုကျွမ်း၊ လျိုရှင်းတို့သုံးယောက်က အထဲဆုံးမှာ ထိုင်နေကြတာ။ ဒီလိုကြည့်ရင် ဖိန်ကောက တာဝန်ကျေတယ်လို့ ပြောလို့ရတယ်။
အူဝူးးး…
တောထဲမှာ ဝံပုလွေအူသံတွေ ဆက်တိုက်ထွက်ပေါ်နေတော့ လျိုရှင်းက နည်းနည်းကြောက်နေသည်။
“ဘာမှမဖြစ်ဘူး၊ သရဲမဟုတ်ရင် ငါတို့ဒီလောက်များတဲ့လူတွေ ဒီလောက်များတဲ့ဓားတွေနဲ့ မကြောက်ပါဘူး” လို့ ခယ်လီက ပြောလိုက်၏။
“စိတ်ချစမ်းပါ ညီမလေးရာ။ အစ်ကိုတောင်ထဲဝင်တာ လက်ဗလာနဲ့ လာတာမဟုတ်ဘူး”
ဖိန်ကောက ရယ်ပြီးစကားပြောနေရင်း သူ့နောက်က အနက်ရောင်အထုပ်ရှည်ကို ယူပြီး ဖွင့်လိုက်ချိန် လျိုကျွမ်းက အံ့ဩပြီး အော်လိုက်လေ၏။
“ပြောင်းနှစ်လုံးပါတဲ့ နှစ်လုံးပြူးသေနတ်လား။ ဒီပစ္စည်းက မရှိတော့လောက်ဘူးထင်တာ”
ဖိန်ကောက ဂုဏ်ယူစွာနဲ့ ခေါင်းမော့ပြီး ပြောလေတော့သည်။
“ငါတို့က ဘယ်နေရာလဲ သိတယ်မလား… ရှိုးလင်လေ။ အရင်က မဖွံ့ဖြိုးသေးခင်က ဒီမှာက တောင်ကြားလေးပဲ လူတစ်ယောက်မှမလာဘူး။ ငါတို့ဒီက အဘိုးအဘွားတွေက တောင်ကိုမှီပြီး စားသောက်နေရတဲ့ မုဆိုးကြီးတွေ၊ အိမ်တိုင်းမှာ မုဆိုးသေနတ်ရှိတယ်။ နောက်ပိုင်းမှာ တစ်ချို့သိမ်းသွားပေမဲ့ လွတ်သွားတဲ့ငါးတွေတော့ ရှိတာပေါ့”
“နောက်ပြီး ငါတို့ဒီမှာ အရင်က ဝံပုလွေအုပ်တွေ၊ မြွေပါတွေ၊ တောဝက်တွေ၊ ဝက်ဝံတွေ လာတတ်တယ်၊ သေနတ်မရှိရင် ဘာဖြစ်သွားမလဲ သိတယ်မလား။ ဒီသေနတ်က ငါ့အဘိုးလက်ထက်ကတည်းက လက်ဆင့်ကမ်းလာတာ၊ အရင်က ဝက်ဝံပစ်ဖူးတယ်။ သူရှိနေလို့ ငါမင်းတို့ကို တောင်ထဲခေါ်လာရဲတာ။ မဟုတ်ရင် မင်းတို့ပိုက်ဆံကို ငါလိုချင်ပေမဲ့ မဝင်ရဲဘူး”