← Chapters

အကုန်ရှုပ်ကုန်ပြီ

Vol. 5 Ch. 71

အကုန်ရှုပ်ကုန်ပြီ

Vol. 5 Ch. 71

ဒီစကားကြားတော့ ပြောင်လက်နေတဲ့ နှစ်လုံးပြူသေနတ်ကို ကြည့်ပြီး မိန်းကလေးနှစ်ယောက်လည်း စိတ်အေးသွားကြတယ်။ ယောက်ျားတစ်ယောက်အနေနဲ့ သေနတ်ကိုကြိုက်တာကတော့ ပြောစရာမလိုဘူး။

လျိုကျွမ်းက မျက်လုံးတွေ တောက်ပနေပြီး “ကျွန်တော်ကြည့်လို့ရမလား” လို့ စကားပြောနေရင်း လက်လှမ်းလိုက်ပေမယ့် ဖိန်ကောက သူ့ရဲ့လက်ကို တစ်ချက်ပုတ်ချပစ်လိုက်သည်။

“မထိနဲ့။ ဒါက ငါ့အိမ်ရဲ့ မျိုးရိုးစဉ်ဆက်လက်ဆင့်ကမ်းလာတဲ့ ရတနာကွ၊ ငါကလွဲပြီး ဘယ်သူ့ကိုမှ မထိရဘူး”

ပြောပြီးတော့ ဖိန်ကောက ကောင်းကင်ကို တစ်ချက်ကြည့်လိုက်ချိန် လမင်းကြီးက တော်တော်သာနေတော့ လရောင်အောက်မှာ ပတ်ဝန်းကျင်က တော်တော်လေး လင်းထိန်နေတယ်။ ဒါကြောင့် လူ့မျက်စိနဲ့ ဆယ်မီတာလောက် ကောင်းကောင်းမြင်နိုင်တယ်။ သူက နှစ်လုံးပြူးသေနတ်ကို ချိန်ပြီး စကားစတော့တာပဲ။

“ဒီလိုကျယ်ပြန့် ရှင်းလင်းတဲ့နေရာလေးက ခံစစ်အတွက်ကောင်းသလို တိုက်စစ်အတွက်လည်း မဆိုးဘူး။ မင်းတို့စိတ်ချလက်ချ အိပ်ကြတော့။ ငါတို့အလှည့်ကျ ကင်းစောင့်မယ်…”

“ပင်ပန်းသွားကြပြီပဲ၊ ဒီတစ်ခါအောင်မြင်လို့ နောက်ပြန်ရောက်ရင် ပိုက်ဆံထပ်ပေးမယ်” လို့ ခယ်လီက ပြောလိုက်တယ်။ ပိုက်ဆံထပ်ပေးမယ်ဆိုတာကြားတော့ ဖိန်ကောတို့ရဲ့ မျက်လုံးတွေ တောက်ပြောင်သွားကြပါလေရော။

ခယ်လီနဲ့ လျိုရှင်းတို့က အိပ်ယာခင်းထုတ်ပြီး တဲထဲမှာ လှဲလိုက်ကြတယ်။ လျိုကျွမ်းက မအိပ်ဘဲ မိန်းကလေးနှစ်ယောက်ရဲ့တဲကို စောင့်နေတယ်၊ သူက ဖိန်ကောတို့ကို သိပ်မယုံကြည်ဘူးဆိုတဲ့ပုံနဲ့ပေါ့။

ဖိန်ကောက ဒါကိုမြင်တော့ နှုတ်ခမ်းမဲ့ပြုံးပြီး “ဖိန်ကောက လူကောင်းမဟုတ်ပေမဲ့ စိတ်ချပါ၊ တရားဝင်ပိုက်ဆံရှာလို့ရနေတာပဲကို ငါက မိုက်ရူးရဲဆန်ပါ့မလား။ ငါ့မှာလည်း မိန်းမနဲ့ကလေးရှိတယ်ကွ”

နောက်တစ်ယောက်က “ဟုတ်တယ်… ငါတို့စီးပွားရေးပျက်သွားလို့သာ မင်းတို့အလုပ်ကို လက်ခံတာ။ ဒီတောထဲမှာ လူမလာတာ ကြာပြီ၊ တိရစ္ဆာန်တွေက နေရာအနှံ့ပဲ… ဒီပိုက်ဆံရှာရတာ မလွယ်ဘူးဟ” လို့ပြောတော့ ဖိန်ကောလည်း မျက်နှာက နာကျင်တဲ့ပုံစံဖြစ်သွားသည်။

လျိုကျွမ်းက စပ်စုပြီး ဝင်မေးလိုက်ကြည့်၏။

“ခင်ဗျားတို့အရင်က ဘာစီးပွားရေးလုပ်တာလဲ”

“ငွေတိုးချေးစားတာ”

ဖိန်ကောရဲ့အဖြေကြောင့် လျိုကျွမ်းက ချက်ချင်းပဲ သူတို့ကို ပိုပြီးသတိထားတဲ့အကြည့်နဲ့ ကြည့်နေတော့သည်။

ဖိန်ကောက လက်ခါပြပြီး “တရားဝင်လုပ်ပါကွ၊ လိုင်စင်မရှိတာကလွဲလို့ပေါ့”

ထပ်တိုးလာတဲ့ စကားလုံးကြောင့် လျိုကျွမ်းက သူတို့ကို ရာဇဝတ်သားလို ကြည့်နေလေတော့သည်။ လူတွေက ဒါကိုမြင်တော့ မရယ်ဘဲ မနေနိုင်တော့ဘူး။

“အရက်သောက်တဲ့သူရှိလား” ဝတုတ်တစ်ယောက်က အရက်ပုလင်းတစ်လုံး ထုတ်လိုက်၏။

“တစ်လုံးလောက်တော့ လန်းသွားအောင် သောက်မှ၊ အအေးဒဏ်လည်း ပြေတာပေါ့” အရပ်ရှည်ရှည်လူတစ်ယောက်က ပြောပြီးတော့ လူတစ်ယောက်တစ်လုံးစီ ခွဲဝေပြီး မီးပုံဘေးမှာ အရက်သောက်၊ အသားခြောက်နဲ့ ပေါင်မုန့်စားပြီး စကားစမြည် ပြောနေကြတော့သည်။

လျိုကျွမ်းက ခေါင်းခါပြီး “အဲ့ပစ္စည်းတွေက အရက်နဲ့မလိုက်ဘူး၊ ငါ့ဆီမှာ ဇီယာအမဲကြော်ရှိတယ်၊ မင်းတို့လိုချင်လား” လို့ မေးလိုက်၏။

ဖိန်ကောက သူ့ကို အရူးတစ်ယောက်လို ကြည့်ပြီး “တောထဲမှာ မင်းက အဲ့လိုအနံ့ပြင်းတဲ့ပစ္စည်းတွေ ယူလာတာ သေချင်လို့လား။ အသားထုတ်လိုက်တာနဲ့ အနံ့က လေနဲ့အတူ ပျံ့သွားပြီး မကြာခင် ဝံပုလွေအုပ်က မင်းဆီက အစာလာတောင်းလိမ့်မယ်ဆိုတာ ယုံလား”

“အဲ့လောက်ဆိုးရွားပါ့မလား”

“ဆိုးလား မဆိုးလား ငါမင်းကိုပြောမယ်။ ဒီတောင်ထဲမှာ ဆန်းကြယ်တဲ့ကိစ္စတွေ အများကြီးရှိပဲ။ ထားလိုက်တော့၊ မင်းနဲ့မပြောတော့ဘူး။ များများပြောရင် ဘာပြောပြော အဲ့ဒါဖြစ်လာတတ်တယ်”

စကားဆုံးတာနဲ့ အဝေးက ချုံပုတ်ထဲကနေ ဂလူးဂလူးနဲ့ဆိုတဲ့ အသံသဲ့သဲ့ ထွက်လာပါတော့ ဖိန်ကောရဲ့မျက်နှာ ချက်ချင်းပြောင်းသွားပြီး တခြားလူတွေလည်း ရုတ်တရက်လှည့်ပြီး ဓားမထုတ်ပြီး သတိထားတဲ့လေသံနဲ့ အော်ပါလေကော။

“ဘာကောင်လဲ”

တစ်ချိန်တည်းမှာပဲ တောထဲမှာ စိမ်းလဲ့လဲ့မျက်လုံးတစ်စုံစီ ပေါ်လာတော့ ဖိန်ကောမျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားတော့တာပဲ။

“သောက်ကျိုးနဲ ဝံပုလွေအုပ်နဲ့တိုးပဟ”

“ပြောလေကဲလေဆိုတဲ့အတိုင်းပဲ မင်းက သူတို့ကို ဘာလို့ ဝံပုလွေအုပ်အကြောင်းပြောရတာတုန်း” လို့ ဝတုတ်က အော်ပါလေရော။

“ကောင်လေး… မြန်မြန်သူတို့ကို နှိုးလိုက်၊ ငါတို့ဒုက္ခအကြီးအကျယ်ရောက်ပြီ”

တစ်ယောက်က ငိုသံနဲ့ “ငါမလာဘူးပြောသားပဲ၊ မင်းတို့က အတင်းလာခိုင်းတာ”

“တော်ပြီ… စုန့်လောင်အာ၊ မင်းက ဘာငိုနေတာလဲ။ မင်းငိုရင် ဝံပုလွေက မင်းကို မစားတော့ဘူးလား။ သူတို့က မီးကြောက်တယ်၊ အားလုံးမီးပုံကို စောင့်နေရင် သူတို့မလာရဲဘူး”

စုန့်လောင်အာက အသက်လေးဆယ်နီးပါးရှိတဲ့ လူတစ်ယောက်၊ အသားမည်းမည်း၊ မျက်နှာမှာ အရေးအကြောင်းတွေနဲ့၊ ကြည့်လိုက်ရင် လေးဆယ်ကျော်ပြီလို့ ထင်ရတယ်။ သူက ငိုသံနဲ့ “ငါသိတယ်၊ ဒါပေမဲ့… ငါအိမ်ပြန်ချင်တယ်…” လို့ ပြောလိုက်တယ်။

စုန့်လောင်အာက အစပြုလိုက်တော့ တခြားလူတွေလည်း နည်းနည်းကြောက်လာကြပြီ။ ဖိန်ကောက သေနတ်ထုတ်ပြီး ဝံပုလွေအုပ်ကို တစ်ချက်ပစ်သွင်းလိုက်၏။

ဒိုင်း…

သေနတ်သံတစ်ချက်ကြောင့် ဝံပုလွေအုပ် လန့်သွားပြီး ချုံပုတ်ထဲကို ပြန်ပုန်းသွားကြတယ်။ ဒီတစ်ချက်က အကျိုးသက်ရောက်မှုရှိသား။ စိတ်ဓာတ်ကျနေတဲ့ လူသားဘက်က ချက်ချင်းစိတ်ဓာတ်တက်ကြွလာကြတယ်။

“အားလုံး စိတ်ကို တင်းတင်းထား၊ ငါတို့မှာ သေနတ်ရှိတယ်၊ ဘာကြောက်စရာရှိလဲ။ ဒီဝံပုလွေပေါက်တွေ ဘယ်လောက်လာလာ ငါအကုန်ပစ်သတ်မယ်” လို့ ဖိန်ကောက ရဲရဲကြီးအာမခံတော့တာပဲ။

သေနတ်သံတစ်ချက်က အိပ်မောကျနေတဲ့ ခယ်လီနဲ့ လျိုရှင်းကို လုံးဝလန့်နိုးသွားစေပြီးတော့ ဝံပုလွေအုပ်တစ်စု နောက်ဆုတ်သွားတာကိုလည်း တွေ့လိုက်ရတယ်။ စိမ်းလဲ့လဲ့မျက်လုံးတွေက ချုံပုတ်ထဲမှာ လှုပ်စိလှုပ်လဲ့နဲ့ပေါ့။

ဒီမြင်ကွင်းကိုမြင်တော့ နှစ်ယောက်သား လန့်ပြီး အော်တော့မလိုဖြစ်သွားချိန် လျိုကျွမ်းက အမြန်သူတို့ပါးစပ်ကို ပိတ်လိုက်၏။

“မအော်နဲ့”

သတိပေးသံကြားတော့ နှစ်ယောက်သား သတိပြန်ဝင်လာပြီး ခေါင်းကို အပြင်းအထန်ညိတ်ပြတယ်၊ အော်ဟစ်ပြီး ဒုက္ခမပေးဘူးဆိုတဲ့သဘော။ အဲ့ကျမှ လျိုကျွမ်းက လက်လွှတ်ပေးလိုက်တာ။ ဒါပေမယ့် ချက်ချင်း ခယ်လီရဲ့ အမေးစကားသံက ထွက်လာတော့တာပဲ။

“ဘယ်လိုလုပ်မလဲ ဖိန်ကော”

“ဝံပုလွေက တော်တော်စိတ်ရှည်တယ်၊ သားကောင်ကို ပစ်မှတ်ထားပြီးရင် အလွယ်တကူ မထွက်သွားဘူး။ သူတို့အနီးအနားမှာ လှည့်ပတ်နေမှာပဲ၊ မလှုပ်ကြနဲ့… ငါတို့သူတို့ကိုကြောက်သလို သူတို့လည်း ငါတို့ကိုကြောက်တယ်။ ငါတို့လက်ထဲမှာ သေနတ်နဲ့ မီးပုံရှိတယ်၊ သူတို့အလွယ်တကူ မတိုက်ခိုက်ရဲဘူး။ စောင့်ကြ၊ မိုးလင်းရင် သူတို့ငါတို့ကို ဘာမှလုပ်လို့မရဘူးဆိုတာ သိသွားရင် ပြန်သွားလိမ့်မယ်”

ဒီစကားက ဖိန်ကောက မုဆိုးအဘိုးကြီးတွေဆီက ကြားဖူးတာ၊ သူကိုယ်တိုင်လည်း တကယ်ဟုတ်မဟုတ် မသိဘူး။ ပြောပြီးတော့ သူကိုယ်တိုင်လည်း နည်းနည်းစိတ်မလုံဘူး။ ဒါပေမဲ့ ဒီအချိန်မှာ လူတွေလည်း ဘာမှမတတ်နိုင်တော့ဘူး၊ ဖိန်ကောပြောတာကိုပဲ နားထောင်ရတော့မယ်။ ဖိန်ကောလက်ထဲက မုဆိုးသေနတ်က သူတို့အခုအသက်ရှင်ဖို့ မျှော်လင့်ချက်ပဲ။ အဲ့အချိန်မှာပဲ ခုနကဆုတ်ခွာသွားတဲ့ ဝံပုလွေအုပ်က ပြန်တက်လာရင်း တစ်ကောင်ချင်းစီ သွားဖြဲပြီး ဖိန်ကောတို့ကို စိုက်ကြည့်နေတယ်။

“ဘေးဘက်ကို သတိထား၊ ကျောက်တုံးပေါ်မှာ ဝံပုလွေရှိတယ်”

ခယ်လီက အော်လိုက်တော့ လူတွေခေါင်းမော့ကြည့်ချိန် တကယ်ပဲ ဝံပုလွေ တစ်ကောင်က လူပုံစံလို ကျောက်တုံးပေါ်တက်ပြီး သူတို့ကို အမြင့်ကနေ ကြည့်နေတာပဲ။ လူတွေခေါင်းမော့ကြည့်တာကို မြင်တော့ အဲ့ဝံပုလွေက တန်းခုန်ချလာတယ်။

ဒိုင်း…

ဖိန်ကောက လက်မြှောက်ပြီး တစ်ချက်ပစ်လိုက်တယ်၊ ဝံပုလွေတစ်ကောင် တန်းလွင့်ထွက်သွားပြီး မြေပေါ်မှာ သွေးတွေနဲ့ ပစ်ကျသွားတာပေါ့။ သွေးနံ့ရပြီးတော့ အကြံအစည်ပျက်သွားတော့ ဒီဝံပုလွေတွေက မပြေးဘဲ ဒေါသထွက်ပြီး ပိုပြီးရူးသွပ်လာကြတယ်၊ မီးပုံကိုတောင် မကြောက်တော့ဘဲ အော်ဟစ်ပြီး တက်လာကြတော့တာပဲ။

ဖိန်ကောရဲ့ ပြောင်းနှစ်လုံးပါတဲ့ မုဆိုးသေနတ်က တစ်ခါမှာ ကျည်နှစ်တောင့်ပဲ ပစ်နိုင်တယ်၊ နှစ်ချက်ပစ်ပြီးရင် ကျည်ထပ်ဖြည့်ရတယ်၊ အရှိန်က မမြန်ဘူး။ စုန့်လောင်အာတို့က ဓားမထုတ်ပြီး ခုန်ဝင်လာတဲ့ ဝံပုလွေတွေကို တစ်ချက်ပြီးတစ်ချက် ခုတ်ပိုင်းပြီး ဝံပုလွေတွေနဲ့ ရောထွေးတိုက်ခိုက်နေကြရပြီ။

ခယ်လီ၊ လျိုရှင်းနဲ့ လျိုကျွမ်းတို့က မီးတုတ်ကိုင်ပြီး မရပ်မနား ဝှေ့ယမ်းနေကြတယ်၊ သုံးယောက်က အုပ်စုအတွင်းဆုံးမှာရှိတော့ ဝံပုလွေတစ်ကောင်ပဲ ဝင်လာနိုင်တယ်။ မီးတုတ်ကို ရင်ဆိုင်ရတော့ ဝံပုလွေအုပ်က နည်းနည်းကြောက်ပြီး ချက်ချင်းမတိုက်ခိုက်ဘူး။

“သေပြီ၊ သေပြီ…” ခယ်လီတို့ ပါးစပ်က ရေရွတ်နေကြတယ်၊ ဒီနေ့ တစ်ခုခုထူးခြားမှုမရှိရင် သေရတော့မယ်ဆိုတာ သေချာနေပြီ။

အဲ့အချိန်မှာပဲ ဒိုင်းဆိုတဲ့ သေနတ်သံတစ်ချက်နဲ့ သုံးယောက်ကို ရင်ဆိုင်နေတဲ့ ဝံပုလွေက တန်းလဲကျသွားပါလေရော။

“လူစုပြီး မီးပုံကို ဝိုင်းထား၊ လူမကွဲကြနဲ့” လို့ ဖိန်ကောက ချက်ချင်းအော်ရင်း သတိပေးလိုက်တယ်။

စုန့်လောင်အာက ခြေထောက်ကို ဝံပုလွေတစ်ကောင်ကိုက်လိုက်လို့ နာကျင်ပြီး မျက်ရည်တွေထွက်လာတယ်၊ တစ်ချိန်တည်းမှာပဲ ဓားတစ်ချောင်းကို အဲ့ဝံပုလွေရဲ့လည်ပင်းထဲ ထိုးစိုက်သွားပါရော။

ဒိုင်း…

ဖိန်ကောက စုန့်လောင်အာကို ခိုးတိုက်ချင်တဲ့ ဝံပုလွေတစ်ကောင်ကို ပစ်သတ်ပြီး စုန့်လောင်အာကို နောက်ဆုတ်ခိုင်းလိုက်တယ်။

အားလုံးစုစည်းမိတဲ့အချိန်မှာ ဝံပုလွေအုပ်က ဒုတိယလှိုင်းတိုက်ခိုက်ဖို့ ပြင်ဆင်နေပြီ။ ဒီမြင်ကွင်းကိုမြင်တော့ ဖိန်ကောက ခါးသီးစွာပြုံးပြီး ခြောက်ကပ်ကပ်ရယ်လိုက်ပါကော။

“ညီအစ်ကိုတို့… ငါတို့ဒီနေ့တော့ ဒီမှာပဲအဆုံးသတ်တော့မယ်ထင်တယ်”

All Chapters