← Chapters

အပြင်ပန်းနုနယ် အတွင်းမာကျော

Vol. 5 Ch. 72

အပြင်ပန်းနုနယ် အတွင်းမာကျော

Vol. 5 Ch. 72

လူတစ်စုက မျက်နှာမှာ သွေးတွေပေကျံနေနေရဲ့။ တစ်ချို့က ကိုယ့်သွေး၊ တစ်ချို့က ဝံပုလွေသွေး၊ အားလုံးမှာ ဒဏ်ရာကိုယ်စီနဲ့ တစ်ယောက်မှ ကောင်းကောင်းမရှိဘူး။ အဲ့ဒါအပြင် ဝံပုလွေအုပ်က အခွင့်အရေးယူပြီး ချက်ချင်းမတိုက်ခိုက်ဘဲ ငြိမ်ငြိမ်သက်သက် စောင့်နေကြတာပေါ့။

“သူတို့ဘာလုပ်နေတာလဲ” လို့ လျိုကျွမ်း မေးလိုက်တော့ ဖိန်ကောက ပြန်ဖြေလေ၏။

“တောင်ထဲက ဝံပုလွေတွေက လည်တယ်ကွ။ သူတို့ငါတို့ဒဏ်ရာရပြီး သွေးထွက်နေတာမြင်တော့ မလောတော့ဘူး။ ငါတို့သွေးကုန်ပြီး သေသွားမှာကို စောင့်နေတာ၊ ဒါမှမဟုတ် တိုက်ခိုက်နိုင်စွမ်းမရှိတော့တာကို စောင့်ပြီးမှ ဝင်တိုက်မှာ”

“ဒါက ဝံပုလွေလား။ ဒီလောက်လည်တာလား”

“မင်းမသိပါဘူးကွာ တောင်ထဲက ဝံပုလွေတွေက မလည်ရင် ကြာကြာမရှင်နိုင်ဘူး။ အထူးသဖြင့် ဝံပုလွေအုပ်မှာ ဝံပုလွေဘုရင်တစ်ကောင်ရှိတယ်၊ အဲ့ကောင်က ဝံပုလွေအုပ်ရဲ့ဦးနှောက်ပဲ၊ အရမ်းတော်တယ်” လို့ စုန့်လောင်အာကပါ ဝင်ပြောပြသည်။

“ဒါဆို ငါတို့သေချာပေါက် သေတော့မှာပေါ့” လို့ ခယ်လီရဲ့ အမေးစကားကို ဖိန်ကောက ခါးသီးစွာပြုံးရင်း ပြန်ဖြေ၏။

“အားလုံးကို စိတ်ဓာတ်ကျအောင်မလုပ်ချင်ဘူး၊ ဒါပေမဲ့ ဒီအချိန်မှာ တစ်ယောက်ယောက်လာကယ်မှဘဲ၊ မဟုတ်ရင် ငါတို့သေချာပေါက် သေမှာ”

သူတို့စကားပြောနေတုန်း ဝံပုလွေအုပ်က ရုတ်တရက် မငြိမ်မသက်ဖြစ်လာပြီးတော့ အော်ဟစ်သံတစ်ခု ထွက်လာသည်။ ထိုအသံက အရမ်းစူးရှလွန်း၏။

“ဘာသံလဲ” စုန့်လောင်အာက မေးလိုက်သည်။

“မသိဘူး…” ဖိန်ကောက ခေါင်းခါပြ၏။

ဒါပေမဲ့ ချက်ချင်းပဲ အသံတဒုန်းဒုန်းနဲ့ နီးကပ်လာပြီး တစ်ချိန်တည်းမှာပဲ အော်သံက ပိုပြီးရှင်းလင်းလာတယ်၊ အဲ့ဒါက ဝက်အော်သံလိုပဲ။

“သောက်ပြသနာပဲ… အဲ့ဒါတောဝက်အုပ်ဟ”

ဖိန်ကောက အော်လိုက်တဲ့အချိန်မှာပဲ သူတို့က ဝဖိုင်းဖိုင်းအရိပ်တွေ ချုံပုတ်ထဲကို ပြေးဝင်သွားတာကို တွေ့လိုက်ရပြီး ခုနက ကြမ်းတမ်းပြနေတဲ့ ဝံပုလွေအုပ်က အော်ဟစ်ပြီး လှည့်ပြေးသွားတော့သည်။ တစ်ချိန်တည်းမှာပဲ တောထဲမှာ တုန်ခါမှုတစ်ခုဖြစ်ပြီး အရိပ်တစ်ခု ပျံထွက်လာရင်း ဘုန်းဆိုတဲ့အသံနဲ့ လူတွေရှေ့မှာ ကျလာသည်။

အဲ့ဒါက ဝံပုလွေတစ်ကောင်။

ဒါပေမဲ့ ဒီအချိန် သူ့လည်ပင်းအောက်မှာ အရိုးမြင်ရလောက်အောင် နက်တဲ့ဒဏ်ရာတစ်ခုရှိပြီး လည်ပင်းက တစ်ဝက်လောက်ပြတ်နေပြီ၊ အသက်ရှင်ဖို့ မဖြစ်နိုင်တော့ဘူး။ သူတို့ကို တိုက်ခိုက်တဲ့ ဝံပုလွေအုပ်က ဒါကိုမြင်တော့ မျက်လုံးထဲမှာ ကြောက်ရွံ့မှုအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး လှည့်ပြီးခြေကုန်သုတ်ပြေး ချုံပုတ်ထဲကို တိုးဝင်သွားတယ်။

ဒါပေမဲ့ နောက်တစ်ခဏမှာပဲ လူတွေက ချုံပုတ်ထဲကနေ ရူးရူးသွပ်သွပ်တိုက်ခိုက်နေတဲ့အသံကို ကြားလိုက်ရတော့တာပဲ။ ဝံပုလွေအုပ်နဲ့ တောဝက်အုပ် တိုက်ခိုက်နေပေမဲ့ ဝံပုလွေရဲ့အော်ဟစ်သံက ပိုများပြီး အော်သံက တဖြည်းဖြည်းဝေးသွားတာမို့ ခန့်မှန်းရသလောက် ဝံပုလွေအုပ် ရှုံးနိမ့်သွားတာနေမယ်။

အားလုံးငြိမ်သက်သွားတော့ ဖိန်ကောတို့ရဲ့မျက်နှာမှာ သွေးရောင်လုံးဝမရှိတော့ဘူး၊ သူတို့ဘယ်တုန်းကမှ ဒီလိုရူးသွပ်တဲ့တိုက်ပွဲမျိုး မမြင်ဖူးဘူး။ တောဝက်အုပ်က ဝံပုလွေအုပ်ကို လိုက်ဖိုက်တယ်တဲ့လား။ ဒါက အိပ်မက်ထဲမှာ ရောက်နေသလိုပဲ။ အရမ်းကို အိပ်မက်ဆန်တယ်။

ပတ်ဝန်းကျင်မှာ ဝံပုလွေမရှိတော့တာ သေချာတော့ လျိုကျွမ်းက မထိန်းနိုင်ဘဲ “ဒီ… ဒီအတွေ့အကြုံကို ငါတစ်သက်လုံး ကြွားလို့ရတယ်” လို့ တိုးတိုးလေးပြောလိုက်တယ်။

ခယ်လီကလည်း “အရမ်း… အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတယ်” လို့ ပြောတော့တာပေါ့။

လျိုရှင်းက ငိုသံနဲ့ “ပြန်ကြရအောင်” ပြောတော့ ဖိန်ကောကလည်း “အင်း… ပြန်ကြရအောင်” လို့ ပြောလိုက်တယ်။

သူလည်း ကြောက်သွားပြီ… သူက တကယ်တော့ သာမန်ရွာက လူမိုက်တစ်ယောက်ပဲ၊ နောက်ပိုင်းမှာ ကိုခွေးက သူ့ကို လမ်းပြခေါ်သွားပြီး ကုမ္ပဏီဖွင့်၊ လုံခြုံရေးခေါင်းဆောင်လုပ်၊ ရွာထဲမှာ ရမ်းကားပြီးမှ သတ္တိရှိလာတာ။ ဒီလောကကြီးမှာ သူမလုပ်ရဲတာ ဘာမှမရှိဘူးလို့ ထင်လာတာပေါ့။ ဒီတစ်ခါတော့ တောဝက်အုပ်နဲ့ ဝံပုလွေအုပ်က သူ့ကို တောင်ထဲက ရူးသွပ်မှုကို မြင်တွေ့သွားပြီး သူလည်း ကြောက်သွားပြီ။

“ဒါဆို… မိုးလင်းရင် ပြန်ကြမလား” လို့ မေးလိုက်တဲ့စကားကြောင့် ခယ်လီလည်း ကြောက်သွားပြီဆိုတာ သိသာတယ်။

အဲ့အချိန်မှာပဲ ဝေးသွားတဲ့ခြေသံတွေက ပြန်လာနေပြီ။ တဒုန်းဒုန်းအသံနဲ့အတူ တောဝက်တွေရဲ့ အော်ဟစ်သံတွေကြားရတော့ လူတစ်စု မျက်နှာဖြူဖပ်ဖြူရော် ဖြစ်သွားကြတော့တာပဲ။

“မဖြစ်တော့ဘူး၊ တက်ကြ…။ တောဝက်တွေက တောင်မတက်တတ်ဘူး၊ ငါတို့ဒီကျောက်တုံးကြီးပေါ် တက်မယ်။ မြန်မြန်… မြန်မြန်” ဖိန်ကောက လောဆော်ပြီးအော်လိုက်တယ်။

လူတွေလည်း မနှေးဘူး၊ လှည့်ပြီး အဲ့ခုံးနေတဲ့ ချောက်ကမ်းပါးပေါ် တက်ကြတယ်။ ဖိန်ကောတို့က တောင်ပေါ်သားတွေဆိုတော့ ကျောက်တောင်တက်မလေ့ကျင့်ဖူးပေမဲ့ သေရေးရှင်ရေးအချိန်မှာ တစ်ကိုယ်လုံးက အားအင်တွေက အသုံးဝင်သွားတယ်လေ။ ကျောက်တုံးကြားကို ကိုင်ကိုင်ပြီး သုံးမီတာကျော်မြင့်တဲ့အထိ တက်သွားကြတာပေါ့။

ဒီလောက်မြင့်တဲ့အကွာအဝေးကို တောဝက်တွေ တက်မလာနိုင်တော့ဘူး။ ဒါပေမဲ့ နောက်လှည့်ကြည့်တော့ ဒီသုံးယောက်က အောက်မှာကျန်နေသေးတယ်၊ အားလုံးလည်း စိုးရိမ်ပြီး ချွေးတွေထွက်လာကြပြီ။

ယောက်ျားလေးလို ခယ်လီက တောတွင်းလေ့ကျင့်မှုခံယူဖူးပုံပဲ၊ သုံးချက်ငါးချက်နဲ့ တစ်ပိုင်းလောက် အသာလေး တက်လာနိုင်တယ်။ လျိုကျွမ်းက ဗလအားကိုးနဲ့ တစ်ပိုင်းလောက် ရောက်နေပြီ။ ဒါပေမဲ့ လျိုရှင်းကတော့ သနားစရာပဲ၊ ကျောက်တောင်လုံးဝမတက်တတ်ဘူး၊ တက်မရဘူး။

နှစ်ယောက်သား နောက်လှည့်ကြည့်တော့ လျိုရှင်းက မြေပေါ်မှာကျန်နေသေးတာကို တွေ့တော့ စိုးရိမ်ပြီး “ရှင်းလေး… မြန်မြန်တက်လာလေ” လို့ အော်လိုက်တယ်။

လျိုကျွမ်းကလည်း နောက်လှည့်ရင်း လက်လှမ်းပြီး “ငါ့လက်ကိုကိုင်၊ ငါမင်းကို ဆွဲတင်မယ်” လို့ ပြောလိုက်တော့တာပေါ့။

ဖိန်ကောတို့က ဆင်းပြီး ဆွဲဖို့ကြံနေတုန်းမှာပဲ တောဘက်က ဘောင်းဆိုတဲ့အသံနဲ့ သစ်ပင်ခြောက်ငယ်တစ်ပင် ကျိုးသွားပြီး ပေါင်လေးရာလောက်ရှိတဲ့ တောဝက်ကြီးတစ်ကောင် မျက်လုံးနီနီတစ်စုံနဲ့ တဟုန်ထိုးပြေးထွက်လာတယ်။ ဒီကောင်ရဲ့အစွယ်က တစ်မီတာနီးပါးရှည်တာ၊ တစ်ကိုယ်လုံးက အနက်ရောင်အမွေးတွေနဲ့ သံချောင်းလိုထောင်နေပြီး သံချပ်ကာလိုပဲ။

ဒါပေမဲ့ အကြောက်စရာအကောင်းဆုံးက သူ့အစွယ်ပေါ်မှာ ဝံပုလွေခေါင်းတစ်လုံး ချိတ်နေတာပဲ။ အဲ့ဝံပုလွေက သေနေပြီ၊ မျက်နှာမှာ သေခါနီးက နာကျင်မှုနဲ့ မျှော်လင့်ချက်မဲ့မှုတွေ ရှိနေသေးတာမြင်ရတော့ လူတစ်စု ခေါင်းတွေပါထုံသွားတယ်၊ ဖိန်ကောတောင် မဆင်းရဲတော့ဘူး။

လူတွေက ချောက်ကမ်းပါးပေါ်မှာ၊ သေနတ်လည်း မပစ်နိုင်ဘူး၊ “မြန်မြန်တက်လာ” လို့ပဲ အော်နိုင်တယ်။

ခယ်လီက အောက်ကိုဆင်း ခြေတစ်ချောင်းလှမ်းပြီး “ကိုင်ထား၊ တက်လာ” လို့ ပြောလိုက်တယ်။ လျိုကျွမ်းလည်း အားစိုက်နေတာပဲ။ ဒါပေမဲ့ သူက ကျောက်တောင်တက်တာ မကျွမ်းကျင်ဘူး၊ လက်တစ်ဖက်နဲ့ ကိုယ့်ကိုယ်ကို ထိန်းထားတာတောင် ခက်နေတာလေ။ လူဆွဲဖို့ အားမသုံးနိုင်ဘူး။

အကြိမ်တော်တော်များများ လျိုရှင်းက သူ့ကို ဆွဲချတော့မလိုဖြစ်သွားတယ်။ တောဝက်ပြေးလာတာကို မြင်တော့ လျိုရှင်းမျက်လုံးထဲမှာ ခိုင်မာပြတ်သားတဲ့ အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး အံကြိတ်ရင်း လျိုကျွမ်းရဲ့လက်ကို လွှတ်လိုက်တယ်။

“နင်ဘာလုပ်တာလဲ”

ခယ်လီ အော်လိုက်တော့ လျိုရှင်းက ခေါင်းခါပြီး “မမီတော့ဘူး၊ ငါတက်မရတော့ဘူး။ နင်တို့… အသက်ရှင်အောင်နေပါ” လို့ပြောရင်း တစ်ချိန်တည်းမှာပဲ လှည့်ပြီး မီးလောင်နေတဲ့ သစ်ကိုင်းတစ်ချောင်းကိုကိုင်လို့ တောဝက်ကို ဝှေ့ယမ်းပြရင်း “လာ၊ ဒီဘက်ကိုပြေး” လို့ အော်လိုက်တယ်။

စကားပြောနေရင်း လျိုရှင်းက ခြေထောက်မြှောက်ပြီး ပြေးတော့တယ်၊ သူက တောဝက်အာရုံကို ဆွဲဆောင်သွားချင်တာ။ ဒါပေမဲ့ တောဝက်ဆိုတဲ့အကောင်က ရူးသွပ်လာရင် တင့်ကားတစ်စီးလိုပဲ၊ ဘာမှမဂရုမစိုက်ဘူး၊ တန်းတိုးပဲ။ ပြီးတော့ အရှိန်က အရမ်းမြန်တယ်။

လျိုရှင်းက ခြေလှမ်းအနည်းငယ်ပဲ ပြေးရသေးတယ်၊ အဲ့တောဝက်က လိုက်မီလာပြီ။ ပြီးတော့ အဲ့တောဝက်ကြီးရဲ့နောက်ကနေ နောက်ထပ် ဆယ်ကောင်ကျော် ပြေးထွက်လာသေး။ ဒီတောဝက်တွေက အရူးအမူးပြေးလာတယ်… တစ်ကောင်ထက်တစ်ကောင် ကြမ်းတမ်းပြီး နူးညံ့သိမ်မွေ့မှုဆိုတာ လုံးဝမရှိဘူး။ လျိုရှင်းရဲ့မျက်နှာက စက္ကူပါးလို ဖြူဖျော့နေပေမဲ့ တောဝက်ကို တတ်နိုင်သလောက် ဆွဲဆောင်သွားဖို့ ကြိုးစားပြီး ပြေးနေတယ်။ ချောက်ကမ်းပါးပေါ်မှာ ဖိန်ကောတို့က ခေါင်းလွှဲပြီး မကြည့်ရဲတော့ဘူး၊ သူတို့ရလဒ်ကို သိနေကြသလိုပဲ။

အဲ့အချိန်မှာပဲ ခယ်လီက တစ်ချက်ခုန်ပြီး ဖိန်ကောနောက်က သေနတ်ကို ဆွဲယူလိုက်တော့ ဖိန်ကောခမျာ ဟန်ချက်ပျက်ပြီး ပြုတ်ကျသွားပါလေရော။

“နင်ရူးနေတာလား”

ဖိန်ကောရဲ့ အော်သံကို ခယ်လီက ဂရုစိုက်မနေဘဲ တောဝက်ကို တန်းပစ်လိုက်တယ်။

ဒိုင်း…

ရှေ့ဆုံးက တောဝက်က ကျည်ထိလို့ အော်ဟစ်ရင်းယိုင်သွားပြီး မြေပေါ်မှာ တစ်ပတ်လိမ့်သွားပေမဲ့ ဒုတိယတောဝက်က နောက်ကနေ ပြေးထွက်လာတယ်။ ခယ်လီလည်း တုံ့ပြန်မှုမြန်တယ်၊ ဒုတိယတောဝက်ကို နောက်တစ်ချက်ပစ်လိုက်တော့တာပဲ။

ဒိုင်း…

အဲ့တောဝက်က နေရာမှာတင် လဲကျသွားတယ်။ ဒါပေမဲ့ ပြဿနာက ပြောင်းနှစ်လုံးပါတဲ့ သေနတ်က တစ်ခါမှာ ကျည်နှစ်တောင့်ပဲ ပစ်နိုင်တာ။ ပစ်ပြီးရင် ကျည်ထပ်ဖြည့်ဖို့ အချိန်လိုတယ်၊ သူတို့မှာ ကျည်ဖြည့်ဖို့ အချိန်မရှိတော့ဘူး။

ခယ်လီက ဖိန်ကောဆီက ကျည်တောင်းချင်ပေမယ့် ဖိန်ကောက ချောက်ကမ်းပါးပေါ် ပြန်တက်သွားပြီ၊ ဘယ်လိုမှ မဆင်းတော့ဘူး၊ အပေါ်မှာ တွယ်တတ်နေရတော့ ကျည်မထုတ်နိုင်ဘူး။

ခယ်လီ လှည့်ကြည့်တော့ မြေပေါ်က မီးပုံဟာ လေပြင်းတိုက်လို့ မီးတောက်တွေ မြင့်တက်လာတာကို တွေ့လိုက်ရတဲ့အတူ အနက်ရောင်အရိပ်တစ်ခုကလည်း မီးတောက်ကို ဖောက်ထွက်လာတယ်၊ အဲ့ဒါက အစွယ်ပေါ်မှာ ဝံပုလွေခေါင်းချိတ်ထားတဲ့ တောဝက်ကြီးပဲ။

All Chapters