← Chapters

မင်းတို့အားလုံးပေါင်းရင်တောင် ငါ့ခွေးတစ်ကောင်စာမရှိဘူး

Vol. 5 Ch. 73

မင်းတို့အားလုံးပေါင်းရင်တောင် ငါ့ခွေးတစ်ကောင်စာမရှိဘူး

Vol. 5 Ch. 73

ကားငယ်လေးတစ်စီးလို တောဝက်ကြီးက လေထဲကနေ ပြေးဝင်တိုက်လာတယ်၊ လျိုရှင်းက အဲ့ဒီမှာရပ်နေပြီး ရှောင်တိမ်းဖို့ မမီတော့ဘူး၊ တစ်ဖက်ကောင်က အရမ်းမြန်တာ။

အန္တရာယ်ကျရောက်နေတဲ့ အချိန်မှာ လျိုရှင်းက မီးတုတ်ကို သူ့ရှေ့မှာ ကာထားနိုင်ရုံပဲ ရှိတယ်၊ ဒါပေမဲ့ အရမ်းကို အားနည်းနေပုံရတယ်။ ဒီတစ်ခဏမှာ လူတိုင်းက မသိစိတ်နဲ့ မျက်လုံးမှိတ်လိုက်ကြတယ်၊ တချို့က မကြည့်ရဲလို့၊ တချို့က မမြင်ချင်တဲ့ မြင်ကွင်းကို မြင်မှာစိုးလို့...

အဲ့အချိန်မှာပဲ အနက်ရောင် အရိပ်တစ်ခုက ဘေးဘက်ကနေ ပြေးထွက်လာပြီး တစ်ချိန်တည်းမှာပဲ အသံကျယ်ကျယ်နဲ့ အော်သံတစ်ချက် ထွက်လာတယ်။

"သူ့ကိုတားလိုက်"

လူရှိသေးတာလား။ လူတိုင်းရဲ့ ရင်ထဲမှာ တုန်ခနဲ ဖြစ်သွားတယ်၊ ရုတ်တရက် မျက်လုံးဖွင့်ကြည့်လိုက်တော့ ခွေးနက်ကြီးတစ်ကောင် ပြေးထွက်လာပြီး လေထဲကနေ တောဝက်ကြီးရဲ့ ကိုယ်ပေါ်ကို ခေါင်းနဲ့တိုက်လိုက်တာကို မြင်လိုက်ရတော့တာပဲ။

တောဝက်ကြီးက ဘုန်းဆိုတဲ့ အသံနဲ့လွင့်ထွက်သွားပါလေရော။ ပြီးတော့ အဲ့ဒီခွေးနက်ကြီးက လေထဲမှာ တစ်ပတ်လှည့်ပြီး မြေပေါ်ကို ကျလာတဲ့အပြင် ဖင်ကိုသူတို့ဘက်လှည့်ပြီး ခေါင်းမော့ရင်း တစ်ခုခုပြောမလို လုပ်နေပေမဲ့ နောက်ဆုံးတော့ တော်တော်လေး ခွေးမပီသတဲ့ ခွေးဟောင်သံလေး ထွက်လာပါလေရော။

"ဝမ့်... ဝမ်... ဝမ်... ဝေါင်း... အဲ... ဝုတ်ဝုတ်"

ဒါပေမဲ့ ဒါက အဓိကမဟုတ်ဘူး၊ အဓိကက လျိုရှင်းက အန္တရာယ်ကနေ လွတ်မြောက်သွားပုံပဲ။ တစ်ချိန်တည်းမှာပဲ လူရိပ်တစ်ခုက ဘေးက ကျောက်တုံးကြီးပေါ်ကနေ ခုန်ချလာပြီး လျိုရှင်းနဲ့ ခယ်လီရှေ့မှာ ကာရပ်လိုက်တယ်။

"ခင်ဗျားတို့ နောက်ဆုတ်၊ ကုန်းပေါ်မြန်မြန်တက်ကြ"

ဒီအရိပ်ကို မြင်တော့ ဖိန်ကောတို့က ကြောင်သွားကော။ သူတို့အားလုံး ဒီကောင်ကို သိတယ်လေ...။ ခယ်လီတို့လည်း သိတယ်... အဲ့တော့ လူတစ်စုက တစ်ပြိုင်နက်တည်း အော်လိုက်ကြတော့တာပေ့ါ။

"ဆိုင်ရှင်ယွီ... (ယွီဟွေးဖေးလား။)"

ဒီစကားထွက်လာတော့ ယွီဟွေးဖေးရဲ့ ရင်ထဲမှာ ဒိန်းခနဲ ဖြစ်သွားတယ်၊ သူဘယ်လိုလုပ်ပြီး ဒီကိစ္စကို မေ့သွားရတာလဲ။ တကယ်ပဲ၊ ဖိန်ကောတို့က ယွီဟွေးဖေးရဲ့ နာမည်ကို အော်လိုက်တော့ သူ့နောက်က မျက်လုံးနှစ်စုံက ထူးဆန်းသွားတာကို သူသိသိသာသာ ခံစားလိုက်ရတယ်။ ပြီးတော့ အားနည်းတဲ့ အသံတစ်ခုက မေးလာလေရော။

"တကယ်ဘဲ ယွီဟွေးဖေးလား"

ယွီဟွေးဖေးက ခြောက်ကပ်ကပ် ရယ်ပြီး မျက်နှာဖုံးကို ချွတ်လိုက်တယ်၊ "ဒီအချိန်မှာတော့ ဒီအကြောင်းပြောဖို့ မသင့်တော်ဘူးလို့ ထင်တယ်"

"ဝုတ်ဝုတ်" ရှောင်ထျန်းချန်က နောက်ဆုံးတော့ ဟောင်သံကို မှန်အောင် ရှာတွေ့သွားပြီ၊ နှစ်ချက်အော်ပြီးတော့ ဒီကောင်က သူ့ရဲ့ နတ်မိစ္ဆာကိုယ်ခန္ဓာကို အားကိုးပြီး ခုနကမှ ထမလို့လုပ်နေတဲ့ တောဝက်ကြီးကို လက်ဝါးတစ်ချက်နဲ့ မြေပေါ်မှာ ဝပ်သွားအောင် ရိုက်ချလိုက်တယ်။ ပြီးတော့ အော်ဟစ်ပြီး နောက်ကလိုက်လာတဲ့ တောဝက်ဆယ်ကောင်ကျော်ဆီကို ပြေးဝင်သွားတော့တာပဲ။

အဲ့ဒီတောဝက်တွေက ရူးသွပ်နေပေမဲ့ သူတို့ရဲ့ အားကိုးလွန်နေတာပဲ။ ဒီခွေးက တစ်ချက်တည်းနဲ့ သူတို့ရဲ့ ဝက်ဘုရင်ကြီးကိုတောင် ရိုက်လှဲပစ်တာ မြင်တော့ တစ်ကောင်ချင်းစီက ကြောက်သွားပြီး နောက်လှည့်ပြေးကြတော့တယ်။ ရှောင်ထျန်းချန်ကလည်း နောက်ကနေ တောအုပ်ထဲကို ပြေးဝင်သွားပြီးတော့ မကြာခင်မှာဘဲ တောဝက်တွေရဲ့ အော်ဟစ်ငိုယိုသံတွေ ထွက်ပေါ်လာပေမဲ့ အဲ့ဒီအသံကလည်း အမြန်ဝေးသွားတယ်။

"သောက်ကျိုးနည်း၊ ဒါက ဘာခွေးလဲကွ"

"ဒါက ခွေးဟုတ်သေးရဲ့လား။ တိဘက်ခွေးတောင် ဒီလောက် တိုက်ခိုက်နိုင်စွမ်း မရှိဘူး"

"နတ်ပူးနေတာများလား"

ဖိန်ကောတို့က ဒီမြင်ကွင်းကို ပါးစပ်အဟောင်းသားနဲ့ ကြည့်ပြီး တအံ့တဩ ရေရွတ်နေကြတယ်။ ယွီဟွေးဖေးလည်း ရှောင်ထျန်းချန် ဒီလောက်ကြမ်းတာကို မထင်ထားဘူး၊ အဲ့ဒါက အကောင်နှစ်ဆယ်နီးပါးရှိတဲ့ တောဝက်အုပ်လေ၊ ဒီကောင်က အလွယ်တကူ မောင်းထုတ်လိုက်တာပဲ။

ဒီထဲမှာ တိုက်ဆိုင်မှုတွေ အများကြီး ပါဝင်ပေမဲ့ ရှောင်ထျန်းချန်ရဲ့ တိုက်ခိုက်နိုင်စွမ်းကိုတော့ မငြင်းနိုင်ဘူး။ အဲ့အချိန်မှာပဲ နေရာမှာရှိတဲ့ တောဝက်နှစ်ကောင်က ခေါင်းခါပြီး ပြန်ထလာကြတယ်။ ယွီဟွေးဖေးက ဒါကိုမြင်တော့ မုဆိုးဓားထုတ်ပြီး တစ်ချက်ခုန်တက်ကာ တောဝက်တစ်ကောင်ရဲ့ မျက်လုံးထဲကို ဓားနဲ့ထိုးစိုက်လိုက်တော့တာပေါ့။

တောဝက်က အူးဆိုတဲ့ အသံနဲ့ အော်ပြီး ခေါင်းတစ်ချက်ခါလိုက်တော့ ယွီဟွေးဖေးက လွင့်ထွက်သွားပါလေရော။ အဲ့ဒီတောဝက်က ရုတ်တရက် ထပြီး ယွီဟွေးဖေးကို တိုက်ခိုက်တော့မလို့ပဲ။

ဒိုင်း...

သေနတ်သံတစ်ချက် ထွက်လာပြီး အဲ့ဒီတောဝက်က ယိုင်သွားတယ်၊ ဒါပေမဲ့ သူက သားရေထူပြီး အရေမာတော့ ကျည်ဆံက ကျောရိုးပေါ်မှာ ထိမှန်ပြီး မဝင်ဘူး။ ယွီဟွေးဖေးက သေနတ်သံကြားတော့ လှည့်ကြည့်လိုက်ချိန် ခယ်လီလက်ထဲက သေနတ်ကို မြင်လိုက်ရတယ်။ ကျည်ဆံကို ဖိန်ကောပစ်ချပေးတော့ ခယ်လီက ချက်ချင်း ထည့်လိုက်တာ။

ယွီဟွေးဖေးက "ငါ့ကိုပေး"

ခယ်လီက သေနတ်ကို ပစ်ပေးလိုက်ချိန် ယွီဟွေးဖေးက တစ်ပတ်လှည့်ပြီးဖမ်းယူရင်း နောက်ကတောဝက်တစ်ကောင်ရဲ့ တိုက်ခိုက်မှုကို ရှောင်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ ယွီဟွေးဖေးက နောက်လှည့်ပြီး ဒုတိယတောဝက်ဆီကို ပြေးသွားတာပေါ့။ အဲ့ဒီတောဝက်က ယွီဟွေးဖေးကို မြင်တော့ ပါးစပ်ဟပြီး ကိုက်မလို့ လုပ်တယ်၊ ယွီဟွေးဖေးက သေနတ်ကို သူ့ပါးစပ်ထဲ ထိုးထည့်ပြီး မောင်းခလုတ် ညှစ်လိုက်တော့တာပဲ။

ဒိုင်း...

သေနတ်သံတစ်ချက် ထွက်လာပြီး အဲ့ဒီတောဝက်ရဲ့ မျက်လုံးတစ်လုံးက အတွင်းကနေ ပေါက်ကွဲသွားတဲ့အပြင် ဦးနှောက်တွေတောင် ထွက်ကျလာပြီး နေရာမှာတင် လဲကျသွားရော။

"နောက်ကို သတိထား"

လျိုရှင်းရဲ့ သတိပေးသံကိုကြားတော့ ယွီဟွေးဖေးက သေနတ်ကို အမြန်လွှတ်ချပြီး ရှောင်မလို့ လုပ်ပေမဲ့ မမီတော့ဘူး။ အဲ့အချိန်မှာပဲ ခွေးကြီးတစ်ကောင် ပြေးထွက်လာပြီး အဲ့ဒီတောဝက်ရဲ့ ကိုယ်ပေါ်ကို ခေါင်းနဲ့တိုက်လိုက်တော့ လွင့်ထွက်သွားတယ်။ ပြီးတော့ အဲ့ဒီခွေးကြီးက နောက်ကနေလိုက်ပြီး ဝက်နောက်ခြေထောက်ကိုကိုက်ရင်း တစ်ပတ်လှည့်လို့ အဲ့ဒီတောဝက်ကို ခြုံပုတ်ထဲကို ပစ်လွှင့်လိုက်တော့တာပဲ။

ချက်ချင်းဘဲ အဲ့ဒီတောဝက်ရဲ့ အော်ဟစ်ငိုယိုသံ ထွက်ပေါ်လာပြီး ခြေသံတွေ အမြန်ဝေးသွားပုံအရ ဒီအကောင်ကလည်း ဒီခွေးကို ကြောက်သွားပြီဆိုတာ သိသိသာသာတယ်။

ယွီဟွေးဖေးက ဒါကိုမြင်တော့ စိတ်အေးသွားပြီး တစ်ကိုယ်လုံးက အားအင်တွေ ချက်ချင်း ပျောက်ကွယ်သွားသလို ခံစားရပြီး မြေပေါ်မှာ လှဲချလိုက်ကော။ တကယ်တော့ ခုနက ယွီဟွေးဖေးက ဓားတစ်ချက်ထိုး၊ တစ်ချက်ရှောင်၊ တစ်ချက်ပစ်ရုံပဲ လုပ်ခဲ့ပေမဲ့ အဲ့ဒါက အသက်လုတိုက်ပွဲမှာလေ။ နည်းနည်းလေး လွဲချော်သွားရင် သေသွားနိုင်တယ်။ သူ့ရဲ့ အစွမ်းအကုန် ထုတ်သုံးပြီးမှ လုပ်နိုင်ခဲ့တာ၊ အခု အန္တရာယ်ကင်းသွားတော့ သူတစ်ကိုယ်လုံး ပျော့ခွေသွားပြီ။

ရှောင်ထျန်းချန်က လျှောက်လာပြီး ယွီဟွေးဖေးကို တစ်ချက်ကြည့်ပြီး ပါးစပ်မဲ့ကာ တစ်ခုခုပြောမလို့ လုပ်နေပေမဲ့ တူတူပြေးလာတဲ့ ခယ်လီနဲ့ လျိုရှင်းကို ကြည့်ပြီး ခေါင်းကြီးခါကာ ဘေးကသေနေတဲ့ တောဝက်ဘေးမှာ ဝပ်နေလိုက်တယ်၊ "ဒါက ငါ့ရဲ့ စစ်နိုင်ပစ္စည်း၊ ဘယ်သူမှ မထိနဲ့" ဆိုတဲ့ ပုံစံမျိုးနဲ့ပေါ့။

တကယ်တော့ ဒီခွေး ဒီလောက်ကြမ်းတာ မြင်ပြီးတော့ ဘယ်သူက သူ့စစ်နိုင်ပစ္စည်းကို ထိရဲမှာလဲ။ ဖိန်ကောတို့ ဆင်းလာပြီးနောက် သူ့နဲ့ အဝေးဆုံး ဘေးကင်းတဲ့ အကွာအဝေးမှာ နေကြတယ်၊ အနားမကပ်ရဲဘူး၊ ကြည့်တောင် မကြည့်ရဲဘူး။

"ယွီဟွေး... သူဌေးယွီ၊ ရှင် အဆင်ပြေရဲ့လား" လျိုရှင်းက မေးသလိုပဲ ခယ်လီကလည်း အနားကပ်လာပြီး မေးတာပါပဲ။

"ရှင်က တကယ်ဘဲ ယွီဟွေးဖေးလား"

ယွီဟွေးဖေးက သူ့ကို မျက်စောင်းထိုးပြီး လက်ဆန့်ထုတ်ရင်း "ငါ့ကို တစ်ချက်ထူပေး၊ ထမရတော့ဘူး" လို့ပြောလိုက်တော့ ခယ်လီက ခေါင်းညိတ်ပြီး ထူပေးလိုက်တယ်။

လျိုရှင်းကလည်း ရေဘူးတစ်ဘူး ပေးတယ်။ ပန်းရောင်စုပ်တံပုံပါနေတော့ သူ့ရေဘူးဘဲဖြစ်မယ်။

"ရေသောက်မလား"

ယွီဟွေးဖေးက တန်းယူပြီး သောက်လိုက်တယ်... ဒီလမ်းတစ်လျှောက်လုံး သူတို့ကို လိုက်ဖမ်းနေရလို့ သူက ရေသိပ်မသောက်ရဘူး၊ ရေဆာနေတာ ကြာပြီ။ ယွီဟွေးဖေးက သူ့ရေဘူးနဲ့ ရေသောက်နေတာကို ကြည့်ပြီး လျိုရှင်းရဲ့ မျက်နှာအမူအရာက နည်းနည်း ထူးဆန်းနေတယ်။ ခယ်လီကတော့ မျက်စောင်းထိုးလိုက်တာပေါ့။

ပိုဝေးတဲ့နေရာမှာ ဖိန်ကောတို့က ယွီဟွေးဖေးက ခယ်လီတို့ကို သိတာမြင်တော့ ကြောက်ပြီးတစ်စုတစ်စည်းတည်း နေကြတယ်၊ အနားမကပ်ရဲဘူး။ သူတို့က ရွာရဲ့ စည်းကမ်းကို ချိုးဖောက်ပြီး လူတွေကို တောင်ထဲ ခေါ်လာတာ၊ ဒါက အမှားပဲဆိုတာ သူတို့ ကောင်းကောင်းသိတယ်။

အဓိကက ဒီတစ်ခေါက် ယွီဟွေးဖေးရဲ့ သူငယ်ချင်းတွေကို သေလုမျောပါး ဖြစ်စေခဲ့တာပဲ။ ဒါကိုသာ အရေးယူခံရရင် ပြန်ယှဥ်ဖိုက်ဖို့ကလည်း သူတို့တစ်ယောက်ချင်းက အဲ့ဒီခွေးတစ်ကောင်စာတောင် မရှိဘူး။ အဲ့အချိန်မှာ ယွီဟွေးဖေးက သူတို့ကို တစ်ချက်ကြည့်ပြီး အေးစက်စက် ရယ်ပြီး ပြောတော့တာပဲ။

"ဘာလဲ... မကျေနပ်ဘူးလား။ မင်းတို့အားလုံးပေါင်းမှ ငါ့အိမ်က ဒီခွေးတစ်ကောင်ကို မနိုင်ဘူးဆိုတာ မင်းတို့ ယုံလား"

ဒီစကားက လူက ခွေးအားကိုးနဲ့ ဗိုလ်ကျနေတဲ့ ပုံစံမျိုး၊ တစ်ချိန်တည်းမှာပဲ အရမ်းကို စိတ်တိုစရာကောင်းသား။ ဒါပေမဲ့ ဖိန်ကောတို့က ရှောင်ထျန်းချန်ရဲ့ တိုက်ခိုက်နိုင်စွမ်းကို မြင်ဖူးပြီးပြီမို့ လက်ခံလိုက်ကြတယ်၊ ဒေါသမထွက်တော့ဘူး။

All Chapters