← Chapters

အိမ်ပြန်ကြစို့

Vol. 5 Ch. 75

အိမ်ပြန်ကြစို့

Vol. 5 Ch. 75

မုဆိုးတဲလို့ ပြောရပေမဲ့ တကယ်တော့ ဒါကမုဆိုးတွေ နေတာ မဟုတ်ဘူး။ ဒီနေရာက အစောပိုင်းက ဂျင်ဆင်းတူးသမားတွေ ဆောက်ထားတဲ့ တဲလေးတွေ၊ တောင်ထဲမှာ ဂျင်ဆင်းရှာဖို့၊ ပြီးတော့ ဝံပုလွေအုပ်၊ ဝက်ဝံ စတဲ့ တောရိုင်းတိရစ္ဆာန်တွေကို ရှောင်တိမ်းဖို့ အဆင်ပြေအောင် ဆောက်ထားတာ။

ဒါပေမဲ့ ဒီနှစ်ပိုင်းမှာ တောင်ကြီးထဲက တောရိုင်းဂျင်ဆင်းတွေက ရှားပါးသွားပြီ၊ ဂျင်ဆင်းတူးသမားဆိုတဲ့ အလုပ်အကိုင်ကလည်း ဂျင်ဆင်းစိုက်သမား ဖြစ်သွားပြီး တောင်ကြီးထဲကနေ တဖြည်းဖြည်း ထွက်ခွာသွားကြပြီလေ။

အရင်က ကျန်ခဲ့တဲ့ အိမ်လေးတွေကို နောက်ပိုင်းက မုဆိုးတွေက သိမ်းပိုက်သုံးစွဲကြတယ်၊ နောက်ပိုင်းမှာ သေနတ်တွေ အသိမ်းခံရတော့ လူတွေက လက်နက်မရှိတော့ဘူး၊ တောင်ပေါ်ကိုလည်း အလွယ်တကူ မတက်ရဲတော့ဘူး။ ပြီးတော့ နောက်ပိုင်း စိမ်းလန်းရေးလှုပ်ရှားမှု၊ လူတိုင်းက ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိစိတ်တွေ မြင့်မားလာတယ်၊ တောအုပ်ထဲမှာ တောရိုင်းတိရစ္ဆာန်တွေလည်း ပိုများလာလို့ အခုအချိန်မှာတော့ ဒေသခံတွေက မလိုအပ်ရင် ဘယ်သူမှ တောင်ပေါ် မတက်ရဲဘူး။

နှစ်စဉ်နှစ်တိုင်းတော့ သေမှာမကြောက်တဲ့ မြို့ပေါ်က လူတွေတောင်ထဲဝင်ပြီး သေကြောင်းကြံကြတယ်၊ ဒီအတွက် ရွာသားတွေက စိတ်ပူရပေမဲ့ ဘာမှမတတ်နိုင်ဘူး။ အချိန်ကြာတော့ လူမနေတော့ဘူး၊ ဒီတဲလေးတွေကလည်း အလိုလို စွန့်ပစ်ထားသလို ဖြစ်သွားတယ်။

ကံကောင်းတာက အဲ့ဒီတုန်းက ဂျင်ဆင်းတူးသမားတွေက ဘေးကင်းရေးအတွက် ဒီတဲလေးတွေကို တော်တော်လေး ခိုင်ခံ့အောင် ဆောက်ထားတာပဲ၊ အတွင်းအပြင် မြေနံရံနှစ်ထပ်၊ တံခါးကလည်း ထူထဲတဲ့ သစ်သားနှစ်ထပ်တံခါး။ အိမ်ခေါင်မိုးက နှစ်ကြာတော့ အပေါက်တချို့ ရှိနေပေမဲ့ ယေဘုယျအားဖြင့် ဝံပုလွေ၊ ဝက်ဝံ စတာတွေကို ကာကွယ်ဖို့တော့ ပြဿနာမရှိဘူး။

ပျက်စီးနေတဲ့ သစ်သားတံခါးကို တွန်းဖွင့်ပြီး ယွီဟွေးဖေးတို့အားလုံး ဝင်သွားကြကော။ အိမ်က မကြီးဘူး၊ ပုံမှန်ဆိုရင် လူနှစ်ယောက်လောက်ပဲ နေနိုင်တာ၊ အခု တစ်ပြိုင်နက်တည်း ဒီလောက်များတဲ့ လူတွေ ဝင်လာတော့ တော်တော်လေး ကျပ်တည်းနေပြီ။

ယွီဟွေးဖေးက အခုထိ နည်းနည်း အားနည်းနေသေးတော့ လျိုရှင်းက သူ့ကို ပြုစုပြီး သူ့ဘေးမှာ ထိုင်နေတာပေါ့။ ခယ်လီက ဘေးမှာ ကူညီပေးနေတယ်၊ လျိုကျွမ်းနဲ့ ဖိန်ကောတို့ကတော့ အိမ်ထဲမှာ မြွေ၊ အဆိပ်ရှိတဲ့ ပိုးမွှားတွေ ရှိမရှိ စစ်ဆေးပြီး မောင်းထုတ်နေကြလေရဲ့။ ဘေးကင်းအောင် သေချာလုပ်နေကြတဲ့သဘောပဲ။

တစ်ချိန်တည်းမှာပဲ အချိန်အတော်ကြာ မသုံးဖြစ်တဲ့ မီးဖိုကိုလည်း မီးမွှေးလိုက်တယ်၊ မီးခိုးတွေ အများကြီး ထွက်ပြီး အသက်ရှူကျပ်ပေမဲ့ မီးတောက်တွေ တောက်လောင်လာတာ မြင်တော့ လူတိုင်းရဲ့ စိတ်ထဲမှာလည်း တည်ငြိမ်သွားကြတာပေါ့။

"သူဌေးယွီ... ခင်ဗျားခွေး ဘာလို့ မဝင်လာတာလဲ" ခွေးကိုမတွေ့လို့ ဖိန်ကောက မေးပါလေကော။

"ခွေးလား... ငါက သူ့ကို အကူအညီတောင်းဖို့ ပြန်လွှတ်လိုက်ပြီ"

"ဘာ... ခင်ဗျားခွေး သွားပြီလား။" ဖိန်ကောက လန့်သွားတယ်၊ အဲ့ဒီခွေးရဲ့ တိုက်ခိုက်နိုင်စွမ်းကို သူမြင်ဖူးတယ်လေ။ တကယ်ကို ကြမ်းပြီး ရဲလွန်းတယ်။ အဲ့ဒီခွေးမရှိရင် သူတို့ရဲ့ တိုက်ခိုက်နိုင်စွမ်းက အနည်းဆုံး လေးပုံသုံးပုံ လျော့သွားပြီ။

"စိတ်မပူပါနဲ့... ဒီအိမ်ထဲမှာ လုံးဝ ဘေးကင်းတယ်။ ခွေးက အကူအညီတောင်းဖို့ သွားတာ၊ တကယ်လို့ အကူအညီ ရောက်လာရင် တောင်အောက်ဆင်းရတာလည်း ပိုပြီး ဘေးကင်းမှာပေါ့။ နောက်လာမယ့် အချိန်တွေမှာ အားလုံး အလှည့်ကျ ကင်းစောင့်ကြ၊ အခု ဝံပုလွေအုပ်၊ ဝက်ဝံ မကြောက်ရတော့ဘူး၊ အိမ်ခေါင်မိုးကနေ မြွေဝင်လာမှာပဲ ကြောက်ရတယ်"

လူတိုင်းက ခေါင်းညိတ်ပြီး နားလည်ကြောင်း ပြပြီး အလုပ်ခွဲဝေကြတယ်။ နေရာမှာ ရှိတဲ့ လူတွေက အခြေခံအားဖြင့် ဒဏ်ရာတွေနဲ့လေ။ ဒါကြောင့် ဒီတစ်ခေါက် လျိုကျွမ်းက ကင်းစောင့်ဖို့ ကိုယ်တိုင် တာဝန်ယူတယ်။ ဖိန်ကောက သူ့နဲ့အတူ၊ နှစ်ယောက်က ထိုင်ပြီး မျက်နှာကြက်ကို စိုက်ကြည့်နေကြတာပေါ့။

ယွီဟွေးဖေးလည်း ခဏတာလေ့ကျင့်ခန်းလုပ်ခဲ့ပေမဲ့ အဲ့ဒီလေ့ကျင့်ခန်းက တကယ်တော့ ဝတ္ထုတွေထဲကလို အံ့ဩစရာကောင်းပြီး လူကို ချက်ချင်း လန်းဆန်းတက်ကြွစေတာ မဟုတ်ဘူး။ ဆန့်ကျင်ဘက်အနေနဲ့ အားအင်ကုန်ခမ်းနေတဲ့ အချိန်မှာ ဒီလေ့ကျင့်ခန်းရဲ့ အကျိုးသက်ရောက်မှုက တော်တော်လေး အကန့်အသတ်ရှိတယ်။

ကိစ္စတွေ စီစဉ်ပြီးတော့ ယွီဟွေးဖေးက အိပ်ငိုက်ချင်စိတ်တစ်ခု ဝင်လာပြီး ခေါင်းတစ်ချက်ယိုင်သွားရင်း တန်းခနဲ အိပ်ပျော်သွားပါလေရော။ အိပ်မက်ထဲမှာတော့ သူက မာကျောတဲ့ ကုတင်ပေါ်မှာ လှဲနေသလိုပဲ၊ ဒါပေမဲ့ ခေါင်းအုံးက အရမ်းကို သက်တောင့်သက်သာ ရှိသား။ ဒါနဲ့ ယွီဟွေးဖေးက ခေါင်းအုံးကို အားရပါးရပွေ့ဖက်ပြီး ဘေးစောင်းလှဲလို့ ခေါင်းကို ခေါင်းအုံးထဲမှာ လုံးဝမြှုပ်ထားရင်း ပိုပိုပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပါလေကော။

လက်တွေ့မှာ လျိုရှင်းက လက်လေးမြှောက်ပြီး အပြစ်ကင်းတဲ့ မျက်နှာနဲ့သူ့ရဲ့ ခါးသေးသေးလေးကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ပြီး ခေါင်းကို သူ့ရဲ့ ဝမ်းဗိုက်လေးပေါ်မှာ ထားနေတဲ့ ယောကျ်ားကို ကြည့်နေလေရဲ့။

"ဘာကြည့်တာလဲ" ခယ်လီက မျက်နှာမသာမယာနဲ့ လျိုရှင်းကို မေးတော့တာပဲ။

လျိုရှင်းကလည်း "နင်တို့ ချိန်းတွေ့ဖူးတယ်လေ"

ခယ်လီက လျိုရှင်းကို မျက်စောင်းထိုးပြီး "အများကြီး မတွေးနဲ့၊ သူက အိပ်မက်မက်နေတာ"

လျိုရှင်းက အင်းလို့ ပြောပြီး ယွီဟွေးဖေးကို မတွန်းထုတ်ဘဲ လက်ချပြီး လျိုကျွမ်းပေးတဲ့စောင်နဲ့ ယွီဟွေးဖေးကို ခြုံပေးလိုက်တယ်။

ခယ်လီက ထိုင်နေပြီး စိတ်ထဲမှာ တစ်ခုခု ရှိနေပုံပဲ၊ ခဏခဏ ယွီဟွေးဖေးကို ကြည့်လိုက်၊ လျိုရှင်းကို ကြည့်လိုက်၊ နောက်ဆုံးတော့ ထပြီး လျိုကျွမ်းဘေးမှာ ထိုင်လိုက်တယ်၊ လျိုကျွမ်း၊ ဖိန်ကောတို့နဲ့အတူ အရက်သောက်ပြီး မျက်နှာကြက်ပေါ်က အပေါက်တွေကို ကြည့်ပြီး အချိန်ဖြုန်းနေကြတာပေါ့။

ဒီတစ်ညက မအေးချမ်းဘူး။ သူတို့က တောရိုင်းတိရစ္ဆာန်တွေ တံခါးအပြင်ဘက်မှာ လှည့်ပတ်နေတဲ့ အသံအပြင် တံခါးကို ကုတ်ခြစ်နေတဲ့ အသံလည်း ကြားရတယ်။ ဒါပေမဲ့ နောက်ဆုံးတော့ ဘာမှ ဝင်မလာဘူး။

နေရောင်ခြည်တစ်စက အဲ့ဒီ ပျက်စီးနေတဲ့ အပေါက်ကနေ ဝင်လာတဲ့အချိန်မှာ လူတိုင်းက စုပေါင်းပြီး သက်ပြင်းရှည်ကြီး ချလိုက်ကြတယ်၊ သေဘေးကနေ လွတ်မြောက်လာသလို ခံစားရတယ်။

"အား... ဟား"

ယွီဟွေးဖေးက အကြောဆန့်လိုက်တယ်၊ ဒီတစ်ည သူအိပ်ရတာ အရမ်းကို သက်တောင့်သက်သာ ရှိသဟ။ အဲ့ဒီခံစားချက်က ပန်းခင်းထဲမှာ အိပ်နေရသလိုပဲ၊ နူးညံ့ပြီး မွှေးကြိုင်နေကောပဲ။ ဒါပေမဲ့ သူမျက်လုံးဖွင့်ကြည့်လိုက်တော့ အပြစ်ကင်းပြီး ဝမ်းနည်းနေတဲ့ မျက်လုံးကြီးတစ်စုံကို မြင်လိုက်ရတော့ နည်းနည်း ကြောင်သွားတယ်။

မျက်လုံးစွေစောင်းပြီး သူ့ခေါင်းအုံးကို ကြည့်လိုက်တော့... အဲ့ဒါက ချောမွေ့ပြီး နူးညံ့တဲ့ ခြေထောက်တစ်စုံပဲ။ အဲ့ဒီတစ်ခဏမှာ ယွီဟွေးဖေးက ဆုံးဖြတ်ချက်တစ်ခု ချလိုက်တယ်။

"အရမ်းအိပ်ချင်တာပဲ၊ ငါ... ပြန်အိပ်ပျော်သွားပြီ။ အား... အိပ်ပျော်သွားပြီ" ပြီးတော့ ယွီဟွေးဖေးက မျက်နှာပြောင်တိုက်ပြီး ပြန်လှဲချကာ အိပ်ချင်ယောင်ဆောင်လိုက်တော့ပါလေရော။

ဒီမြင်ကွင်းကို မြင်တော့ လူတိုင်းရဲ့ မျက်နှာတွေ မည်းသည်းသွားတယ်၊ သောက်ကျိုးနဲ ဒီငနဲက ပေါ်တင် နှာဘူးကျနေတာပဲ။

အရမ်းကို အရှက်မရှိဘူး။

ခယ်လီက ဒါကိုမြင်တော့ တန်းပြေးလာပြီး ယွီဟွေးဖေးရဲ့ နားရွက်ကို ဆွဲလိမ်ပြီး ပြောတော့တာပေါ့။ "ဆက်ပြီး ဟန်ဆောင်နေသေးတယ် ဟုတ်လား။ နင့်ကို တစ်ညလုံး အခွင့်အရေးပေးထားတာတောင် ဆက်ပြီး လိုချင်နေသေးလား။ ခုချက်ချင်း ထစမ်း"

ယွီဟွေးဖေးက စိတ်ပျက်လက်ပျက်နဲ့ မျက်လုံးဖွင့်ပြီး ထိုင်လိုက်ရင်း မျက်နှာပြောင်တိုက်တဲ့ လေသံနဲ့ "ဘာကို တစ်ညလုံး အခွင့်အရေးပေးတာလဲ၊ အခွင့်အရေးယူတယ်ဆိုတာက သတိရှိရှိနဲ့ လုပ်တဲ့ အပြုအမူလေ။ ငါမနေ့က သွေးအန်လောက်အောင် ပင်ပန်းနေတာမို့ ဘာမှမသိဘူး။ သတိမရှိဘဲ လုပ်တာကို အခွင့်အရေးယူတယ်လို့ ခေါ်လို့ရမလားဟ"

ခယ်လီက ဟက်ဟက်ဆိုပြီး ရယ်ရင်း "အပိုတွေ မပြောနဲ့၊ မြန်မြန် ထမင်းထစားတော့"

ယွီဟွေးဖေးက ကြည့်လိုက်တော့ အမလေးဗျာ... အသားတောင်ပါသေးတယ်ဟ။

ခေါင်းမော့ကြည့်လိုက်တော့မှ သရဲဖြူ ရောက်နေတာကို တွေ့လိုက်ရတယ်။ သရဲဖြူက သူ့ကို ပါးစပ်ဖြဲပြီး ရယ်ပြနေလေရဲ့။

"ညီလေး"

ယွီဟွေးဖေးက ချက်ချင်းပဲ အားလုံးကို နားလည်သွားတယ်၊ ဖိန်ကောတို့က သရဲဖြူကို မြင်ဖူးတယ်လေ။ အဲ့တော့ သရဲဖြူက သူတို့ရှေ့မှာ ပုန်းနေစရာ မလိုဘူး။

ယွီဟွေးဖေးက ခေါင်းညိတ်ပြီး "အစ်ကို ပင်ပန်းသွားပြီပဲ"

ခယ်လီက "ကျွန်မနားမလည်တာက ရှင့်ခွေးက အကူအညီတောင်းဖို့ သွားတယ်ဆိုပြီး ဘာလို့ ရှင့်အစ်ကိုကို ခေါ်လာတာလဲ။ ဒါနဲ့ ရှင်တို့တည်းခိုခန်းက ဆွေမျိုးတွေချည်းပဲလား"

ယွီဟွေးဖေးက ရှင်းပြဖို့ ပျင်းနေတယ်၊ ဒီကိစ္စက ခဏတာနဲ့ ရှင်းပြလို့ မပြီးဘူးလေ။

ဒါပေမဲ့ ဖိန်ကောက "သူဌေးယွီရဲ့ ဆွေမျိုးတွေက သာမန်လူတွေ မဟုတ်ဘူးနော်၊ သူတို့ဆီမှာ လူသန်ကြီးတစ်ယောက် ရှိသေးတယ်၊ အဲ့ဒီလက်မောင်းက..."

ဒီစကားပြောချိန် ယွီဟွေးဖေးက သူ့ကို မျက်စောင်းထိုးလိုက်တော့ ဖိန်ကောက ချက်ချင်း ပါးစပ်ပိတ်သွားကော။

"မြန်မြန်စား၊ စားပြီးရင် မြန်မြန်သွား။ ငါဒီတောထဲမှာ မနေချင်တော့ဘူး"

ယွီဟွေးဖေးက လောဆော်လိုက်တော့ လူတိုင်းက ခေါင်းညိတ်ပြီး မြန်မြန် ထမင်းစားကြတယ်။

ထမင်းစားပြီးတော့ ယွီဟွေးဖေးက စုန့်လောင်အာတို့ရဲ့ ဒဏ်ရာကို စစ်ဆေးလိုက်တယ်။ တောင်ပေါ်တက်မတိုင်ခင် ဖိန်ကောက ပြင်ဆင်မှု အပြည့်အစုံ လုပ်ထားလို့ ပတ်တီး၊ ပိုးသတ်ဆေး စတဲ့ ဆေးဝါးတွေ အကုန်ရှိတယ်။ ဒါကြောင့် လူတိုင်းရဲ့ ဒဏ်ရာက မဆိုးရွားသွားဘဲ နည်းနည်း သက်သာနေပြီ။

ပြဿနာမရှိတာ သေချာတော့မှ ယွီဟွေးဖေးက အားလုံးကို တောင်အောက်ဆင်းဖို့ အမြန်လူစုလိုက်တော့တာပဲ။ သရဲဖြူ ရှိနေတော့ ယွီဟွေးဖေးက စိတ်အေးနေပြီ။ ဘာလို့လဲဆိုတော့ သရဲဖြူက ပြောထားတယ်လေ။ ရှောင်ထျန်းချန်က ကြောက်စရာကောင်းအောင် ပြောထားလို့ သူတစ်ယောက်တည်း လာတာ မဟုတ်ဘူး။ သရဲနက်နဲ့ နွားခေါင်း၊ မြင်းမျက်နှာလည်း လာကြတာကိုး။ အခုတော့ တောအုပ်ထဲမှာ ပုန်းနေကြတယ်လေ။

နွားခေါင်း၊ မြင်းမျက်နှာလည်း လာတယ်ဆိုတာ ကြားတော့ ယွီဟွေးဖေးက လုံးဝ စိတ်အေးနေတာပေါ့။

All Chapters