← Chapters

သွေးပင်လယ်၏ လျှို့ဝှက်ချက်

Vol. 7 Ch. 687

သွေးပင်လယ်၏ လျှို့ဝှက်ချက်

Vol. 7 Ch. 687

"ရှေးဟောင်း တံခါးပေါက် ..."

ထိုစကားလုံးက ချန်းဖန်၏ အာရုံကို ဖမ်းစားသွား၏။

ထိုအရာသည် အရှေ့အတိုင်း အခေါ်အဝေါ် "ကောင်းကင်လမ်းကြောင်း" နှင့် တူညီသည့် နေရာ ကူးပြောင်းခြင်း အစီအရင် တစ်ခု ဖြစ်နေနိုင်သည်။ အကယ်၍ ထို "ရှေးဟောင်း တံခါးပေါက်" ကို ရှာဖွေ နိုင်ပါက ချန်းဖန် အတွက် ကမ္ဘာမြေမှ ထွက်ခွာရန် အခွင့်အလမ်း တစ်ခု တိုးလာနိုင်သည်။

ချန်းဖန်က စိတ်ဝင်တစားဖြင့် အောက်ရှိ စာများကို ဖတ်လိုက်သည်။

နတ်ဘုရား တိုက်ပွဲ အပြီး၌ သွေးမျိုးဆက်များသည် ကြီးစွာသော ပျက်စီးမှုနှင့် ဘေးဒုက္ခများအား ခံစားရကုန်၏။

ထို့ကြောင့် သူတို့သည် သေမျိုးကမ္ဘာမှ ထွက်ခွာပြီး လာရာ နေရပ်သို့ ပြန်ရန် ဆုံးဖြတ် ခဲ့ကြ၏

သူတို့သည် များစွာသော သွေးနှင့် အသက်များကို စတေးပြီး စကြဝဠာ၏ မူလ အတွင်းပိုင်းနှင့် ဆက်သွယ်သည့် ရှေးဟောင်း တံခါးပေါက် တစ်ခုကို တည်ဆောက် ကြလေ၏။

ရှေးဟောင်း တံခါးပေါက် ပြီးစီးပြီးနောက် ဘိုးဘေးသည် ကမ္ဘာအား စောင့်ရှောက်ရန် အတွက် သွေးမျိုးဆက် ခုနစ်ယောက်ကို ချန်ရစ်ကာ အဆုံးမဲ့ စကြဝဠာ အတွင်း ခရီးနှင်ခဲ့တော့သည်။

"မူလ စကြဝဠာနဲ့ ချိတ်ဆက်ထားတယ် ... ဟုတ်ပြီ ... ဒါက တကယ့်ကို စကြဝဠာ နေရာ ကူးပြောင်းရေး အစီအရင်ပဲ"

ချန်းဖန်၏ မျက်လုံးများက တောက်ပသွား၏။

"ကြည့်ရတာ သွေးမျိုးဆက်တွေရဲ့ ဘိုးဘေးက ရွှေအမြုတေ အဆင့် ဒါမှမဟုတ် ဝိညာဉ် အခြေတည် အဆင့် ဖြစ်ရမယ် ... အဲဒီ အဆင့်ကို ရောက်တဲ့ တန်ခိုးရှင်တွေပဲ နေရာ ကူးပြောင်းရေး အစီအရင်ကို တည်ဆောက်နိုင်တာ ... သူတို့ ပြောတဲ့ ရှေးဟောင်း တံခါးပေါက်က ဘယ်နေရာမှာ ဖြစ်မလဲ ... ဖြစ်နိုင်ချေ အရှိဆုံး နေရာကတော့ သွေးပင်လယ်ပဲ"

ရုတ်တရက် ချန်းဖန်က မျက်မှောင်ကို ပြန်ကြုတ်လိုက်သည်။

"နေဦး ... သွေးပင်လယ်မှာ သွေးမျိုးဆက် ခုနစ်ယောက် စောင့်ရှောက် နေတာပေါ့"

ဤအတိုင်းဆိုလျှင် သွေးဘိုးဘေးသည် ကမ္ဘာပေါ်၌ ကျန်ရစ်ခဲ့သည့် တစ်ဦးတည်းသော သွေးမျိုးဆက် မဖြစ်နိုင်ချေ။ သွေးပင်လယ်၌ အခြား လျှို့ဝှက်ချက်များ ရှိနေနိုင်သည်။

"ဒါဆို သွေးပင်လယ်မှာ နောက်ထပ် သန့်စင်တဲ့ သွေးမျိုးဆက် ခြောက်ယောက် ရှိနေနိုင် သေးတယ်ပေါ့ ... ဒါပေမဲ့ သူတို့က ဘာလို့ အပြင် ကမ္ဘာကို ထွက်မလာတာလဲ ... သွေးပင်လယ် ကနေ သူတို့ မထွက်နိုင်တာများလား"

ချန်းဖန်က စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းအားခါရင်း ထိုအကြောင်းကို မတွေးတော့ရန် ဆုံးဖြတ် လိုက်သည်။

သူသည် မူလအဆင့်သို့ ရောက်ရှိနေသည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။ ထို့အပြင် အပြင် ကောင်းကင် ပန်းချီ ဆယ့်နှစ်ခုမှ ပထမ ပန်းချီ ကောင်းကင် ဝါးမျိုခြင်း ကျင့်စဉ်ကိုပါ အောင်မြင်ခဲ့ပြီးပြီ ဖြစ်သည်။ သူ့အနေဖြင့် သွေးမျိုးဆက် ဆယ်ယောက်ကို တစ်ပြိုင်နက်တည်း ရင်ဆိုင်ရလျှင်ပင် စိုးရိမ်စရာ မလိုချေ။

"ဆက်ပြီး ဖတ်ကြည့်ဦးမှ ..."

ချန်းဖန်က မှတ်တမ်းများကို စိတ်ဝင်တစား ဆက်၍ ဖတ်လိုက်၏။

ခရစ်ယာန် ဘုရားကျောင်းမှ သူ့ကို ပေးလိုက်သည့် အချက်အလက် အများစုမှာ ရှေးခေတ်ဟောင်း အချိန်များနှင့် ပတ်သက်နေသော မှတ်တမ်းများ ဖြစ်သည်။

ထိုမှတ်တမ်းများ အရဆိုလျှင် ရှေးခေတ်ဟောင်း အချိန်များ၌ ကမ္ဘာသည် ကျင့်ကြံခြင်း ဂြိုဟ်တစ်ခု ဖြစ်ခဲ့သည်။

ထိုအချိန်ကာလများ၌ အရှေ့တိုင်း၏ ကျင့်ကြံသူများနှင့် အနောက်တိုင်း၏ နတ်ဘုရားများသည် ကမ္ဘာကို မျှခြေ အနေအထားဖြင့် အုပ်စိုးခဲ့သည်။

သို့သော်လည်း နောက်ပိုင်း၌ ကမ္ဘာကြီး၏ ဝိညာဉ်ချီ ရှားပါးလာမှုနှင့် အတူ အရှေ့တိုင်းနှင့် အနောက်တိုင်း၏ ကျင့်ကြံသူများ အကြား၌ နယ်မြေလု စစ်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်။

ထိုစစ်ပွဲတွင် မရေမတွက်နိုင်သော မျိုးနွယ်စုများ ဖျက်ဆီးခံရပြီး လူနေမှု အဖွဲ့အစည်းများ၊ မြို့တော်များလည်း ပျောက်ကွယ်ရသည်။

ထိုစစ်ပွဲကား အရှေ့တိုင်း မှတ်တမ်းများတွင် တွေ့ရသည့် "နတ်ဘုရားတို့၏ စစ်ပွဲ" ပင် ဖြစ်လေသည်။

နတ်ဘုရား စစ်ပွဲသည် ရာစုနှစ်များစွာ ကြာမြင့်ခဲ့၏။

နတ်ဘုရား စစ်ပွဲ မပြီးခင် ကမ္ဘာကို အလွန် ကြောက်မက်ဖွယ်ကောင်းသော ဂြိုဟ်သား မျိုးနွယ်စုများ ကျူးကျော် လာကုန်၏။

"ဂြိုဟ်သား မျိုးနွယ်စု ..."

ချန်းဖန်က မျက်မှောင်ကြုတ် လိုက်သည်။ ထိုနေရာရှိ အချက်အလက်များက ရှင်းလင်း တိကျမှု မရှိချေ။

အလွန် ကြောက်မက်ဖွယ် ကောင်းသော "ဂြိုဟ်သား မျိုးနွယ်စု" ဟုသာ သုံးနှုန်းထားပြီး အခြား ဖော်ပြချက် တစ်ခုတလေပင် မပါရှိရာ ချန်းဖန် အနေဖြင့် မည်သည့် မျိုးနွယ်စု ဖြစ်မှန်း စဉ်းစား၍ မရချေ။

ထို့နောက် မှတ်တမ်းများက သွေးမျိုးဆက်တို့၏ ဘိုးဘေး "ရှေးဟောင်း တံခါး" ဆောက်လုပ်ပြီး ကမ္ဘာမြေမှ ထွက်ခွာသွားသည့် အကြောင်းကို ရုတ်တရက် ပြောင်းကာ ရေးသားထားသည်။

ရှေးဟောင်း တံခါးကား ဘီလျံချီသော လူများ၏ သွေးများ၊ အရိုးများဖြင့် ဖန်တီးထားပြီး သွေးပင်လယ် အတွင်းပိုင်း၌ တည်ရှိလေ၏။

အစစ်အမှန် နတ်ဘုရား တစ်ပါး၏ သွေးသာလျှင် ရှေးဟောင်းတံခါးကို ဖွင့်လှစ်နိုင်ကာ နတ်ဆိုး တို့၏ မူလနေရာအား ခေါ်ဆောင် သွားနိုင်၏။

သွေးမျိုးဆက်တို့၏ ဘိုးဘေးသည် ကမ္ဘာမှ မထွက်ခွာခင် အစောင့် ခုနစ်ယောက် ချန်ရစ် ထားခဲ့ကာ ထိုသွေးမျိုးဆက် ခုနစ်ယောက်က သွေးပင်လယ်၌ အိပ်မောကျလျက် ရှေးဟောင်း တံခါးကို စောင့်ရှောက်၏။

အကယ်၍ ဤမှတ်တမ်းကို ဖတ်နေသော သင်သည် သွေးပင်လယ်သို့ သွားရန် ကြံစည် နေပါက လက်လျှော့ရန် ကျွန်ုပ် အကြံပြုသည်။

ဘယ်သော အခါမှ သွေးမျိုးဆက်များနှင့် မတိုက်ခိုက် လေနှင့် သူတို့ကား မသေမျိုးများသာ။

မှတ်တမ်းသည် ဤနေရာတွင် ရပ်တန့် သွား၏။

"မသေမျိုး ..."

ချန်းဖန်က မေးစေ့ကို ပွတ်သပ်ရင်း စဉ်းစား လိုက်သည်။

"သွေးမျိုးဆက်တွေမှာ မသေမျိုး ဘဝကို ထိန်းသိမ်းဖို့ လျှို့ဝှက် နည်းလမ်း အချို့ ရှိတယ် ... ဥပမာ လတ်ဆတ်တဲ့ သွေးတွေ အများကြီးရှိတဲ့ နေရာမှာ နေတာတို့၊ သူတို့ရဲ့ မြင့်မြတ် နယ်မြေကနေ ထွက်ခွာ မသွားတာတို့ ... ငါ သွေးဘိုးဘေးကို လွယ်လွယ်ကူကူနဲ့ ဆေးလုံးအဖြစ် ပြောင်းလဲ ပစ်နိုင်ခဲ့တဲ့ အကြောင်းရင်းက သူ သွေးပင်လယ်ကနေ ထွက်ခွာပြီး ချင်ချန်းတောင်ကို လာခဲ့တာ မလို့ပဲ"

သို့သော်လည်း ချန်းဖန်သည် စိုးရိမ်စိတ် အလျှင်း မဖြစ်မိချေ။

အတိဒုက္ခ အဆင့် ကျင့်ကြံသူမှ ပြန်လည် ဝင်စားလာသူ တစ်ယောက် အနေဖြင့် သူ့တွင် မရေမတွက်နိုင်သော လျှို့ဝှက် နည်းစနစ်များ၊ အစီအရင်များ ရှိသည်။ သူသည် ထို မသေမျိုးဟု ခေါင်းစဉ် တပ်ထားသည့် သွေးမျိုးဆက် များကို အလွယ်တကူ အနိုင်ယူနိုင်ရန် ယုံကြည်ချက် ရှိသည်။

"ကောင်းပြီလေ ... သွားတာပေါ့"

ချန်းဖန်က စာအုပ်များကို သိမ်းဆည်းကာ ထိုင်ရာမှ ထလိုက်၏။

ခရစ်ယာန် ဘုရားကျောင်းမှ ပေးလိုက်သည့် မှတ်တမ်းများတွင် ဘေဘီလုံ နတ်ဆိုး လိုဏ်ဂူ၊ မာယာ ဘုရားကျောင်းများ၊ နဂါးရေကန် စသည်တို့နှင့် ပတ်သက်သည့် အချက်အလက်များ ပါဝင် နေသော်လည်း ချန်းဖန်ကမူ စိတ်ဝင်စားခြင်း မရှိချေ။

သူ့ အနေဖြင့် "ရှေးဟောင်း တံခါးပေါက်" ဟု ခေါ်သည့် "နေရာ ကူးပြောင်းခြင်း" အစီအရင် ရှိသည့် သွေးပင်လယ်သို့သာ သွားရန် စိတ်အား ထက်သန်နေ၏။

***

သွေးပင်လယ် ...

သွေးပင်လယ်သည် အရှေ့ ဥရောပ၊ ရိုမေးနီးယား နိုင်ငံ၏ စွန့်ပစ်ခံမြေ အတွင်းပိုင်းတွင် တည်ရှိ၏။

ထိုမြေပြန့် ဒေသသည် မိုင်ထောင်ချီကာ ကျယ်ဝန်းသော်လည်း မည်သည့် အသက် ရှင်သန်မှု လက္ခဏာမျှ ရှိမနေချေ။

ရာစုနှစ်များစွာ အတွင်း၌ မရေမတွက် နိုင်သော စွန့်စားသူများသည် ဒဏ္ဍာရီလာ သွေးပင်လယ်သို့ သွားရောက်၍ "သွေးစုပ် ဖုတ်ကောင်" တို့၏ မူလ ဇာစ်မြစ်ကို ရှာဖွေခဲ့ကြသည်။ သို့သော်လည်း တူညီသော အချက်ကား အားလုံး လက်ဗလာဖြင့် ပြန်လာခဲ့ရခြင်း ဖြစ်သည်။

မာကာဗာ ...

မာကာဗာသည် သွေးပင်လယ် အနီးရှိ အိုမင်းသော မြို့တစ်မြို့ ဖြစ်သည်။

၎င်းသည် လွန်ခဲ့သည့် နှစ်ထောင်ပေါင်း များစွာကပင် တည်ဆောက်ထားသော မြို့တစ်မြို့ ဖြစ်ကာ သွေးပင်လယ်သို့ စွန့်စား သွားလာသူများသည် ထိုမြို့၌ တစ်ခေါက် ရပ်နားလေ့ ရှိသည်။

"ခုနစ်တွေ အတွင်းမှာ သွေးပင်လယ်ကို စွန့်စားရှာဖွေတဲ့ လူတွေ တဖြည်းဖြည်း များလာတယ် ... အဲဒီ နေရာမှာ သွေးစုပ် ဖုတ်ကောင်တွေ ရှိနေမယ်လို့ သူတို့ တကယ်ကြီး ထင်နေကြတာလားကွာ"

ခေါင်းတုံး တစ်စုသည် ဘီယာ သောက်ရင်း ဝိုင်းဖွဲ့ကာ စကား ပြောနေ၏။

"သူတို့က သွေးစုပ်ဖုတ်ကောင် အင်တာနက် ဖိုရမ်တွေရဲ့ ဦးနှောက်ဆေးတာကို ခံထားရတဲ့ ခပ်ညံ့ညံ့ လူငယ်လေးတွေပါကွာ"

"အေးလေ ... တကယ်တော့ သွေးပင်လယ် နီရတဲ့ အကြောင်းရင်းက သံဓာတ် ပါဝင်မှု များလို့ပဲဟာ ... အဲဒါကို သူတို့က သွေးပင်လယ် တစ်ခုလုံး သွေးတွေနဲ့ ပြည့်နေတာလို့ ထင်နေတာ ... အရူးလေးတွေ"

ထိုစကားကြောင့် လူတိုင်းက အော်ကြီးဟစ်ကျယ် ရယ်မော လိုက်ကြ၏။

သွေးပင်လယ်သည် ၎င်း၏ ထူးခြားသော ဝိသေသကြောင့် သိပ္ပံ ပညာရှင်များ၏ စိတ်ဝင်စားမှုကို ရရှိခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း မည်သည့် သိပ္ပံ ပညာရှင်ကမျှ တိကျသော ရှင်းလင်းချက်ကို မထုတ်ဖော် နိုင်ခဲ့ချေ။ သူတို့ပြောသည့် သေချာသော အရာကား သွေးပင်လယ်သည် သွေးများဖြင့် ဖွဲ့စည်းထားခြင်း မဟုတ်ကြောင်းပင်။

"ဒါပေမဲ့ ဒဏ္ဍာရီတွေ အရဆို အဲဒီ သွေးပင်လယ်မှာ အိပ်ပျော်နေတဲ့ သွေးစုပ် မိစ္ဆာကြီးတွေ ရှိတယ်တဲ့ ... လွန်ခဲ့တဲ့ လပိုင်းလောက်က ဘူရာ၊ အွန်တာရီရိုနဲ့ ဂရင်းမြို့က လူတွေနဲ့ တိရစ္ဆာန်တွေ ခြေရာ လက်ရာမပျက် ရွာလုံးကျွတ် ပျောက်သွားကြတယ်တဲ့ ... သတင်းသဲ့သဲ့ ကြားရတာကတော့ တစ်စုံတစ်ယောက်က အဲဒီ လူတွေကို သတ်ပြီး သွေးပင်လယ်က မကောင်းဆိုးရွားတွေကို နှိုးဖို့ ကြိုးစား နေတာတဲ့"

ရုတ်တရက် ခေါင်းတုံး တစ်ယောက်က ပြောလိုက်၏။

"အဲဒီ တစ်စုံတစ်ယောက်က အမှောင်မြို့စားပဲ ဖြစ်မယ်"

ချန်းဖန်က ဘီယာကို တစ်ငုံသောက်ရင်း တီးတိုး ရေရွတ်လိုက်၏။

ချန်းဖန်သည် အီတလီမှ ရိုမေးနီးယားကို ရောက်ရန် အချိန် သိပ်မယူ လိုက်ရချေ။ သူသည် ထိုခရီးစဉ် အတွင်း ဥရောပ အတွင်းရှိ အထင်ကရ နေရာများကိုပင် ဝင်ရောက် လည်ပတ်ခဲ့သေး၏။

"မတော်တဆ တိုက်ဆိုင်တာ နေမှာပါကွာ"

အခြား ခေါင်းတုံးတစ်ယောက်က ဂရုမစိုက်ဟန် ရယ်မောရင်း ပြောလိုက်သည်။

"အဲဒါတော့ ငါလည်း သေချာ မသိဘူးကွ ... ဒါပေမဲ့ မနေ့ညက တင်းဟုရွာက လူတွေ ထပ်ပြီး ပျောက်ပြန်ပြီတဲ့"

ကြောက်လန့်နေဟန် ရသော ခေါင်းတုံးက ထပ်မံ၍ ဆိုလိုက်၏။

"မနေ့ညက လူတွေ ထပ်ပျောက်တယ်"

ချန်းဖန်၏ မျက်လုံးများက အနည်းငယ် မှေးစင်းသွား၏။

သူသည် ချင်ချန်းတောင်၌ သွေးဘိုးဘေးနှင့် အမှောင်မြို့စား တို့ကို သတ်ဖြတ်ခဲ့ပြီးပြီ ဖြစ်သည်။ မည်သူက ထိုအမှုကို ထပ်မံ ကျူးလွန်သနည်း။

"တစ်ယောက်ယောက်က ကျန်နေသေးတဲ့ သွေးမျိုးဆက် ခြောက်ယောက်ကို နှိုးဖို့ ကြိုးစား နေတာလား"

ချန်းဖန်က ချက်ချင်းပင် စားပွဲထိုးကို ခေါ်၍ ငွေရှင်းလိုက်သည်။ ထို့နောက် သူသည် အနားပင် မယူတော့ပဲ သွေးပင်လယ် ရှိရာသို့ ထွက်လာခဲ့တော့သည်။

သွေးပင်လယ်သည် မိုင်ရာချီ ကျယ်ဝန်းကာ ရေပြင်က သွေးကဲ့သို့ ရဲရဲနီ နေ၏။ ထိုနေရာ၌ ငါးများ မရှင်သန် နိုင်ချေ။

"ဟူး ... ဟူး ..."

ချန်းဖန်သည် ပင်လယ်ထက်၌ မော်တာဘုတ် တစ်စင်းအလား ပြေးလွှားနေ၏။

ပင်လယ် အနက်ပိုင်းသို့ ပို၍ ရောက်လာလေလေ မြူနှင်းများက ပို၍ ထူလာလေလေ ဖြစ်သည်။ ထို့ကြောင့် ချန်းဖန် အနေဖြင့် တစ်ကိုက်အကွာ အရှေ့ကိုပင် ရှင်းလင်းစွာ မမြင်ရတော့ချေ။

"ယင်ချီတွေက အရမ်းကို ထူထပ်နေတယ် ... ကြည့်ရတာ သွေးပင်လယ်က ယင်နယ်မြေမှာ ရှိနေတာပဲ"

သို့သော်လည်း ထိုယင်ချီလောက်က ချန်းဖန်အား တားဆီးနိုင်မည် မဟုတ်ချေ။

"ဝှစ် ..."

ရုတ်တရက် ချန်းဖန်၏ မျက်လုံးမှ လီရွှေရောင် မီးတောက်နှစ်ခု ပေါ်ထွက်လာ၏။ မီးတောက် နှစ်ခု၏ လောင်ကျွမ်းမှုတွင် မြူများသည် ချက်ချင်းပင် ဘေးသို့ဖယ်ကာ ကျဲပါးသွားသည်။

"အစွမ်းထက်လိုက်တဲ့ အမှောင်စွမ်းအား တစ်ခုပါလား ... ကြည့်ရတာ ငါ့ရဲ့ ပစ်မှတ်က နီးလာပြီ ထင်တယ်"

ချန်းဖန်က ရေရွတ်ရင်း သူ၏ အရှိန်ကို မြှင့်တင်လိုက်သည်။

တစ်ချိန်တည်းတွင် သူ၏ ခြေထောက်အောက်၌ အနီရောင် ပင်လယ်ရေ မှာလည်း ပို၍ သိပ်သည်းလာ၏။ အလယ် ဗဟိုနားသို့ အရောက်၌ ထိုရေမှာ အစစ်အမှန် သွေးများနှင့် မခြားနားတော့ချေ။

"ဘုန်း ..."

မြူနှင်းထူထူ ဧရိယာကို ဖြတ်ကျော်ပြီးနောက် ရဲရဲနီနေသာ သွေးရေအိုင်ကြီး တစ်ခုအား ချန်းဖန် တွေ့လိုက်ရ၏။

သာမန် ကြည့်လျှင် ထိုသွေးရေအိုင်သည် သွေးပင်လယ်နှင့် ခြားနားခြင်း မရှိဟု ထင်ရသည်။ သို့သော်လည်း ပျံ့လွင့်နေသော သွေးချီများအရ ထိုရေကန်မှာ အစစ်အမှန် သွေးများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း ချန်းဖန် ချက်ချင်းပင် သတိပြုမိလိုက်သည်။

"ဒါက တကယ့်ကို ဝိညာဉ်သွေးတွေနဲ့ ဖွဲ့စည်းထားတဲ့ အစစ်အမှန် သွေးပင်လယ်ပဲ"

ချန်းဖန်၏ မျက်လုံးများက အေးစက်၍ သွားသည်။

ထိုသွေးရေအိုင်ကို ဖြည့်ရန် မည်မျှသော သက်ရှိတို့၏ အသက်များကို စတေးခဲ့ရ သနည်း။

တစ်ဆယ် မီလျံ

သို့မဟုတ် တစ်ရာ မီလျံ ...

ထိုသွေးမျိုးဆက်များကား အမှန်ပင် ရက်စက်ကာ စက်ဆုပ်ဖွယ် ကောင်းလှသည်။ သူတို့နှင့် ယှဉ်ပါက သွေးမိစ္ဆာ ဒမွန်ပင် ဖြူစင်သော သိုးငယ်လေးနှင့် မခြားနားတော့ချေ။

"ငါ ဒီသွေးတွေ အတွက် တရားမျှတမှုကို ပြန်ယူပေးဖို့ ကျိန်ဆိုတယ် ..."

ချန်းဖန်က ကျိန်ဆိုရင်း သွေးပင်လယ်သို့ ခြေချ လိုက်တော့၏။

***

All Chapters