သတ်ဖြတ်ခြင်း
Vol. 7 Ch. 688
ဟူး ... ဟူး ...
ချန်းဖန်သည် သွေးပင်လယ်၏ အလယ်ဗဟို ရှိရာသို့ ဦးတည်ကာ ပျံသန်းနေ၏။
"ဘာလို့ ဒီမှာ သာမန်လူတွေ ရှိနေတာလဲ"
ရုတ်တရက် အားနည်းသော သက်ရှိ အငွေ့အသက် အချို့ကို ချန်းဖန် ခံစားလိုက်ရသည်။ ထိုသို့သော အငွေ့အသက်မှာ သေမျိုးများသာ ပိုင်ဆိုင်နိုင်သော အရာ ဖြစ်သည်။
"သူတို့က သွေးဘိုးဘေး ခြောက်ယောက်ကို စောင့်ရှောက်ရတဲ့ လူတွေလား ... မဖြစ်နိုင်ဘူး အဓိပ္ပာယ် မရှိဘူး ... ဒီလူတွေက အားလုံးက ရိုးရိုး သေမျိုးတွေပဲဟာ"
ချန်းဖန် အနည်းငယ် ဝေခွဲမရ ဖြစ်သွားသည်။ ထို့ကြောင့် သူသည် သွေးပင်လယ် တစ်ခုလုံးကို နတ်ဘုရား စိတ်အာရုံဖြင့် ဖြန့်ကြက်ကာ ကြည့်လိုက်၏။
ပထမ၌ သူ နတ်ဘုရား စိတ်အာရုံ မဖြန့်ကြက် နိုင်ခဲ့ခြင်းမှာ ထူထဲသော ယင်ချီ မြူနှင်းများကြောင့် ဖြစ်သည်။ သို့သော်လည်း သွေးပင်လယ် ဗဟိုတွင်မူ ယင်ချီ မြူနှင်းများ မရှိရာ မည်သည့် အရာကမျှ နတ်ဘုရား စိတ်အာရုံကို မတားဆီး နိုင်တော့ချေ။
အစစ်အမှန် သွေးပင်လယ် ဗဟိုနားတွင် ကြီးမားသော ရဲတိုက်ကြီး တစ်ခုသည် ခံ့ညား ထည်ဝါစွာ တည်ရှိနေ၏။
ရဲတိုက်ကြီး အတွင်းတွင်မူ ဂေါ့သ်လူမျိုး ဝတ်စုံများ ဝတ်ဆင်ထားသည့် လူငယ် တစ်စုသည် ဓာတ်ပုံရိုက်ခြင်း၊ မှတ်စုတို ရေးခြင်းများကို ပြုလုပ်နေသည်။ ကွဲပြားသော ပုံပန်းသွင်ပြင်များ အရ ထိုလူငယ်များသည် ကမ္ဘာ့နေရာ အနှံ့အပြားမှ လာသော လူများဖြစ်ကြောင်း ဖော်ပြနေသည်။
"ဒီလူတွေက ဘယ်သူတွေလဲ ... သူတို့က ဘာလို့ ရဲတိုက်ထဲမှာ ရောက်နေတာလဲ ... နောက်ပြီး သွေးဘိုးဘေး ခြောက်ယောက်ကရော ဘယ်ရောက် နေတာလဲ"
ချန်းဖန်၏ ခေါင်းအတွင်းတွင် မေးခွန်းများက အစီအရီ ပေါ်လာသည်။ ရုတ်တရက် ချန်းဖန်၏ နတ်ဘုရား စိတ်အာရုံ၌ ရင်းနှီးနေသော ပုံရိပ်တစ်ခု ပေါ်လာခဲ့၏။
"ကျန်းချူရန် ..."
အဖြူရောင် ရှပ်အင်္ကျီ၊ ဂျင်းဘောင်းဘီနှင့် နေကာမျက်မှန်ကို တပ်ထားသော ထိုမိန်းကလေးကား အမှန်ပင် ကျန်းချူရန် ဖြစ်သည်။ သူမသည် ရဲတိုက် အတွင်း၌ စိတ်လှုပ်ရှားစွာဖြင့် ဓာတ်ပုံများ ရိုက်နေခဲ့သည်။
"ဝှစ် ..."
ရုတ်တရက် ချန်းဖန်၏ ခန္ဓာကိုယ်က မူလ နေရာမှ ပျောက်ကွယ်သွား၏။ ထို့နောက် မျက်တောင်တစ်ခတ်စာ အတွင်းမှာပင် ကျန်းချူရန်၏ နံဘေး၌ ပြန်ပေါ်လာ၏။
"နင် ဒီကို ဘယ်လို ရောက်နေတာလဲ"
"ချန်းဖန် ... နင်လည်း ဒီကို ရောက်နေတာလား"
ကျန်းချူရန်၏ မျက်နှာ၌ အံ့အားသင့်ခြင်းနှင့် ပျော်ရွှင်ခြင်းများ ရောနှောသွားသည်။ သူမက ချန်းဖန်၏ လက်ကို ဆွဲ၍ စိတ်လှုပ်ရှားစွာ ဆိုလိုက်သည်။
"ချန်းဖန် ... ဒီရဲတိုက်ကြီးက အရမ်းကို အံ့ဩဖို့ ကောင်းတယ် သိလား ... နံရံတွေက ဆေးရေး ပန်းချီတွေကို ကြည့်လိုက် ... ဒီ အထောက် အထားတွေနဲ့ဆို သွေးစုပ် ဖုတ်ကောင်တွေ ကမ္ဘာမှာ တကယ် ရှိခဲ့ကြောင်း ငါတို့ သက်သေပြလို့ ရပြီ"
"ဒီနေရာက အရမ်းကို အန္တရာယ်များတာ မသိဘူးလား ... နင် ဘာလာလုပ်တာလဲ"
ချန်းဖန်က မျက်မှောင်ကြုတ်ရင်း ကျန်းချူရန်ကို မေးလိုက်သည်။
"လေယာဉ်ပေါ်မှာတုန်းက ငါ နင့်ကို ပြောတယ်လေ ... ဥရောပ သဘာဝလွန် အဖွဲ့အစည်း ညီလာခံကို တက်ဖို့ ငါ လာတာလို့ ... အဲဒီ ညီလာခံက သွေးစုပ် ဖုတ်ကောင်တွေ တကယ် ရှိခဲ့တယ် ဆိုတာ သက်သေပြဖို့ ငါတို့အတွက် ဒီရိုမေးနီးယား ခရီးစဉ်ကို စီစဉ်ပေးတာ ... အမေရိကန် စတားဝါး ကော်ပိုရေးရှင်းက ငါတို့ကို စပွန်ဆာ ပေးတာလေ"
ကျန်းချူရန်က ရှင်းပြလိုက်သည်။
"ဟိုင်း ဘရို ... မင်းက ကျန်းရဲ့ သူငယ်ချင်းလား ... ငါ့နာမည်က ဂျော်ဂျီပါ ... ငါတို့ အဖွဲ့ထဲမှာ မင်းကို မတွေ့မိပါဘူး ... ဒီနေရာကို ဘယ်လို ရောက်လာတာလဲ"
လူဖြူ လူငယ် တစ်ယောက်က ချန်းဖန်တို့ အနားသို့ ချဉ်းကပ်လာသည်။
ဂျော်ဂျီသည် အရပ်ရှည် ခန့်ညားပြီး ချောမော၏။ သူ၏ ခန္ဓာကိုယ်တွင်မူ ဂေါ့သ် ဝတ်စုံကို ဆင်မြန်းထားသည်။
"စတားဝါး ကော်ပိုရေးရှင်းနဲ့ လာတာဆို သူတို့က ဘယ်မှာလဲ ..."
ချန်းဖန်က ဂျော်ဂျီ၏ အမေးကို လျစ်လျူရင်း ကျန်းချူရန်ကိုသာ ကြည့်လိုက်သည်။
ကျန်းချူရန်က ရည်မွန်ဟန် ရသော လူဖြူ တစ်ယောက်ကို လက်ညှိုး ထိုးပြသည်။
"သူက မစ္စတာ ဟေဆန်တဲ့ ... ငါတို့ကို စပွန်ဆာပေးတဲ့ တစ်ယောက်လေ ... ဒီရဲတိုက်ကို လာဖို့ သင်္ဘောကိုလည်း သူပဲ ငှားပေးတာ"
"ကျွန်တော် ဘာကူညီ ပေးနိုင်မလဲ ဆရာ ..."
မစ္စတာ ဟေဆန်ကလည်း ချန်းဖန်တို့ ရှိရာသို့ ချဉ်းကပ်လာသည်။
ချန်းဖန်က ဘာမှ ပြန်မပြောဘဲ အဇူရာ အလင်းဓားကို ဖော်ထုတ်ကာ ထိုဟေဆန်ကို ထက်ဝက် ပိုင်းပစ်လိုက်သည်။
"မင်း သူ့ကို သတ်လိုက်တယ် ... မင်း မစ္စတာ ဟေဆန်ကို သတ်လိုက်တယ်"
ဂျော်ဂျီက နောက်သို့ဆုတ်ရင်း အလန့်တကြား အော်ဟစ်လိုက်သည်။ အခြား လူငယ်များကလည်း ထိတ်လန့်တကြားဖြင့် ဝိုင်းအုံလာကြသည်။
ချန်းဖန်က ဘာမှ ပြန်မပြောဘဲ ဟေဆန်ကိုသာ ထူးမခြားစွာ ကြည့်နေ၏။
အခြား လူငယ်များကလည်း လိုက်၍ ကြည့်ကြရာ ထက်ပိုင်းပြတ်နေသော ဟေဆန်ကို တွေ့ကြရသည်။ သို့သော်လည်း ထူးခြားသည့် အချက်ကား ဟေဆန်၏ နှစ်ပိုင်းပြတ် ခန္ဓာမှာ သွေးသားများဖြင့် ဖွဲ့စည်းထားခြင်း မဟုတ်ဘဲ စက်များဖြင့် ဖွဲ့စည်းထားခြင်းပင်။
"စက်ရုပ် ..."
ကျန်းချူရန် အပါအဝင် လူတိုင်းက ထိတ်လန့်တကြားဖြင့် နောက်သို့ ဆုတ်လိုက်ကြသည်။
"မင်း ဘာရည်ရွယ်ချက်နဲ့ သူတို့ကို ဒီနေရာ အထိ ခေါ်လာရတာလဲ ..."
ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ရင်း မေးလိုက်သည်။
"ဟီး ... ဟီး ..."
တစ်ပိုင်းပြတ်နေသည့် ဟေဆန် စက်ရုပ်က ရယ်မောရင်း လူသားအသံဖြင့် ပြောလိုက်သည်။
"ယဇ်ကောင်တွေ မရှိဘဲ သွေးဘိုးဘေးတွေကို ဘယ်လို နှိုးနိုင်မှာလဲ ... ချန်းပေ့ရွှန်း မင်းရောက်တာ နည်းနည်းစော သွားတယ် ... ဒီပွဲက မင်းအတွက် ငါတို့ ပြင်ဆင်ထားတာ"
"ဘုန်း ..."
စကားဆုံးသည်နှင့် စက်ရုပ်က ပေါက်ကွဲသွားတော့၏။ ချန်းဖန်က ထိုအရာကို ကြိုတင် ကာကွယ်ထားပြီး ဖြစ်ရာ မည်သူမျှ ဒဏ်ရာ မရလိုက်ချေ။
"အမေရိကန်ရဲ့ စတားဝါး ကော်ပိုရေးရှင်း ..."
"AI စက်ရုပ် ..."
ချန်းဖန်က မျက်မှောင်ကြုတ်လိုက်၏။ သူကား တစ်ခုခုကို ဆက်စပ် စဉ်းစားမိနေပြီ ဖြစ်သည်။
ထိုအချိန်၌ ရဲတိုက် အတွင်းရှိ လူငယ်များမှာမူ ဟေဆန်၏ ပေါက်ကွဲမှုနှင့် အသံမက်ဆေ့ တို့ကြောင့် အလွန်ပင် ကြောက်လန့် နေခဲ့ပြီ ဖြစ်သည်။
"ယဇ်ကောင် ... အဲဒါက ဘာ အဓိပ္ပာယ်လဲ"
ဂျော်ဂျီက တုန်တုန်ရီရီဖြင့် မေး၏။
"သွေးဘိုးဘေးတွေကို နှိုးဖို့ ယဇ်ကောင်တွေ လိုအပ်တယ်"
ချန်းဖန်က မျက်မှောင်ကြုတ်ရင်း ပြန်ဖြေ လိုက်သည်။
အမှောင်မြို့စားသည် သွေးဘိုးဘေး တစ်ယောက်ကို နှိုးရန်အတွက် ပတ်ဝန်းကျင် ရွာများစွာမှ အသက်များအား ယဇ်ကောင်အဖြစ် စတေးခဲ့ရသည်။ သွေးဘိုးဘေး ခြောက်ယောက်ကို နှိုးရန်အတွက် မည်မျှသော ယဇ်ကောင်များ လိုအပ်မည်နည်း။
"ဂျိမ်း ... ဒလိန်း ..."
ချန်းဖန် တွေးနေစဉ်မှာပင် ရဲတိုက်အပြင် သွေးပင်လယ်၌ သံကျောက်တိုင်ကြီး ခြောက်ခု ဖြည်းညင်းစွာ ပေါ်ထွက်လာသည်။
ထို ကျောက်တိုင်ကြီး တစ်ခုချင်းစီ၌ ဧရာမ သံကြိုးကြီး တစ်ချောင်းစီ တွဲလျက် ပါရှိကာ အနက်ရောင် မွန်းစတားကြီး ခြောက်ကောင်အား ချည်နှောင်ထား၏။
မွန်းစတားကြီးများသည် မီတာ အနည်းငယ်ခန့် ရှည်လျားပြီး အနက်ရောင် အကြေးခွံများက သူတို့၏ တစ်ကိုယ်လုံးတွင် ဖုံးလွှမ်းနေသည်။
သူတို့၏ ပါးစပ်၌ ရှည်လျားသော အစွယ်ကြီး နှစ်ခုက ပြူ၍ ထွက်ပေါ်နေကာ သူတို့၏ ကျောတွင်လည်း ကြီးမားသော လင်းနို့တောင်ပံ တစ်စုံ ပေါက်ရောက်နေ၏။
"အဲ ... အဲဒါကြီးတွေက ..."
လူငယ်များကား အသားများ တဆတ်ဆတ် တုန်သည်အထိ ကြောက်လန့်၍ နေခဲ့ပြီ ဖြစ်လေသည်။ သူတို့သည် သဘာဝလွန် ဖြစ်ရပ်များကို စိတ်ဝင်စားသူများ ဖြစ်ကြသော်လည်း ယခုကဲ့သို့ နဖူးတွေ၊ ဒူးတွေ့ တွေ့သော အခါတွင်မူ သေးငယ်သာ သတ္တိပင် မရှိကြတော့ချေ။
"ချန်း ... ချန်းဖန် အဲဒါက ဘာ ... ဘာလဲ"
ကျန်းချူရန်က ဖြူရော်သော မျက်နှာဖြင့် ချန်းဖန်အား ကြည့်လိုက်သည်။
"အဲဒါက ငါ့ကို ထောင်ထားတဲ့ ထောင်ချောက်လေ ... နင့်ကိုပါ ဒီအထဲ ဆွဲသွင်းမိမယ်လို့ ငါ မထင်မိဘူး"
ချန်းဖန်က မျက်မှောင်ကြုတ် လိုက်သည်။ စတားဝါး ကော်ပိုရေးရှင်းသည် ကျန်းချူရန် အပါအဝင် လူငယ်များကို ဖိတ်ခေါ်၍ ယဇ်ကောင်အဖြစ် အသုံးပြုရန် စီစဉ်ထားခြင်း ဖြစ်ရမည်။
"စိတ်မပူနဲ့ ... ငါ နင့်ကို ကာကွယ်ပေးမယ်"
"ရား ..."
ချန်းဖန်၏ စကား မဆုံးခင်မှာပင် မွန်းစတား ခြောက်ကောင်က သူတို့၏ မျက်လုံးများကို ဖွင့်ကာ ဟိန်းဟောက် လိုက်ကြ၏။
"ဘုန်း ..."
ရုတ်တရက် ကြီးမားသော ဆွဲမျိုအား တစ်ခုက ပျံ့နှံ့၍ လာသည်။ ထိုဆွဲမျိုအားကား အလွန်ပင် ရုန့်ရင်း ကြမ်းတမ်းလှရာ ရဲတိုက်ကြီး တစ်ခုလုံးပင် တုန်ရီ၍ သွား၏။
"ဒီကိုလာ ..."
ချန်းဖန်က ကျန်းချူရန်ကို ကပျာကယာ ဆွဲခေါ်ရင်း အကာအကွယ် အစီအရင် တစ်ခုကို ဖန်တီးလိုက်၏။
"ဘုန်း ... ဘုန်း ... ဘုန်း ..."
မျက်တောင် တစ်ခတ်စာ အတွင်းမှာပင် ကြီးမားသော ဆွဲမျိုအား အောက်၌ ဂျော်ဂျီနှင့် လူငယ်များစွာ၏ ဒွါရပေါက်များမှ သွေးများ စီးထွက်လာ၏။
"ဟူး ... ဟူး ..."
ရာပေါင်းများစွာသော သွေးစီးကြောင်းများက သွေးမြစ်ကြီး တစ်ခုအသွင် ပေါင်းစည်းကာ သွေးဘိုးဘေး ခြောက်ယောက်ထံ စီးဆင်းသည်။
မျက်တောင် တစ်ခတ်စာ အတွင်းမှာပင် သွေးဘိုးဘေး ခြောက်ယောက်က လူငယ် ရာပေါင်းများစွာ၏ သွေးများကို စုပ်ယူကာ ဧရာမ သံကြိုးကြီးများမှ လွတ်မြောက်ရန် ရုန်းကန်ကြ၏။
"ဘုန်း ..."
ခြောက်ခုသော ဧရာမ မွန်းစတားကြီးများက အတောင်များကို ခတ်ရင်း ကောင်းကင်သို့ ပျံတက်သည်။
"ကျူးကျော်သူတွေ ... မင်းတို့ သေရမယ်"
ဖြူရော်သော မျက်နှာ ...
လင်းနို့ တောင်ပံ ...
အနက်ရောင် အကြေးခွံ ...
အနီရောင် မျက်လုံး ...
ထိုကြောက်မက်ဖွယ် မွန်းစတားကြီးများကား သွေးပင်လယ်ကို စောင့်ရှောက်နေသည့် သန့်စင်သော သွေးမျိုးဆက်များပင် ဖြစ်လေသည်။
"မူလ အစောပိုင်း အဆင့်လေးယောက် ... မူလ အလယ်ပိုင်း အဆင့်နှစ်ယောက်"
ချန်းဖန်က ခေါင်းတစ်ချက် ညိတ်လိုက်၏။ သွေးပင်လယ်ကား အမှန်ပင် စွန့်ပစ်ခံ နယ်မြေ ခုနစ်ခု အနက်တစ်ခု ပီသပါပေသည်။
"ငါ ဒီကို လာရတဲ့ အကြောင်းရင်းက နှစ်ခု ရှိတယ် ... စကြဝဠာနေရာ ကူးပြောင်းခြင်း အစီအရင်ကို ရှာဖို့နဲ့ သန်းချီတဲ့ အသက်တွေ အတွက် လက်စားချေဖို့ပဲ"
ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ရင်း ပြုံးလိုက်သည်။ သူကား ကြောက်လန့်ခြင်း အလျှင်း မရှိချေ။
"သင်လုပ်ရဲလား ... ရှေးဟောင်း သွေးတံခါးက ငါတို့ ဘိုးဘေးကမ္ဘာက ထွက်ခွာတုန်းက သုံးခဲ့တဲ့ တားမြစ်နေရာပဲ ... သင် ဝင်နိုင်တဲ့ နေရာ မဟုတ်ဘူး"
သွေးဘိုးဘေးများ ဟိန်းဟောက်ရင်း ဆိုလိုက်ကြ၏။
"အမေရိကန်ရဲ့ ပညာရှိ လူကြီးတွေက ငါ့ကို မင်းတို့လို အရှုံးသမား လက်သီးနဲ့ ငှားပြီး တိုက်ခိုက်ချင်တာပဲ ... ဘယ်လောက်တောင် ရယ်စရာ ကောင်းလိုက်သလဲ"
ချန်းဖန်က စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းအား ခါယမ်းလိုက်သည်။
"ငါ မင်းတို့ရဲ့ မိတ်ဆွေ ရိန်းဟာ့ကို ဆေးအဖြစ် ဖော်စပ်ပြီး စားပြီးပြီ ... မင်းတို့ သွေးမျိုးဆက်တွေက တော်တော်လေး သန့်စင်တာပဲ ... အခြား ဝိညာဉ်သားရဲတွေထက် ပိုပြီး အစွမ်း ထက်တယ်"
"ရား ..."
ချန်းဖန်၏ စကားကို ကြားသည်နှင့် သွေးမျိုးဆက် ခြောက်ယောက်က ဒေါသတကြီး အော်ဟစ် လိုက်ကြသည်။
"ဘုန်း ..."
ထို့နောက် သူတို့က အတောင်များကို ခတ်ရင်း အသံ၏ ခုနစ်ဆ အမြန်နှုန်းကို ချိုးဖျက်ကာ ချန်းဖန် ရှိရာသို့ တိုးဝင်၍ သုံးပေခန့် ရှည်သော သွေးရောင် လက်သည်းကြီးများဖြင့် ခုတ်ပိုင်းလိုက်ကြ၏။
"သတ် ..."
ချန်းဖန်က အင်္ကျီလက်ကို ခါယမ်းလိုက်ရာ အနက်ရောင် အလင်းတန်း တစ်ခု ရုတ်ခြည်း ထွက်ပေါ်လာသည်။ ထိုအနက်ရောင် အလင်းတန်းကား ချန်းဖန် ပိုင်ဆိုင်ထားသည့် "နတ်ဘုရားသတ် ဆူးချွန်" ပင် ဖြစ်သည်။
"ဘုန်း ... ဘုန်း ... ဘုန်း ..."
အနက်ရောင် အလင်းတန်း၏ ဖြတ်သန်းမှုတွင် သွေးဘိုးဘေး ခြောက်ယောက်၏ ခန္ဓာကိုယ်များကား သွေးမြူများအသွင် ပြောင်းလဲ၍ ပေါက်ကွဲ သွားရတော့၏။
***