သွေးဘိုးဘေးများနှင့် တိုက်ပွဲ(၁)
Vol. 7 Ch. 689
ထိုအရာကား "နတ်ဘုရားသတ် ဆူးချွန်" ဖြစ်သည်။
နတ်ဘုရား ဆူးချွန်သည် နတ်ဘုရား စိတ်အာရုံဖြင့် ထိန်းချုပ် အသုံးပြုရသော တစ်ဝက်တစ်ပျက် ရတနာဖြစ်ပြီး အသံ၏ အဆနှစ်ဆယ် အထိ လျင်မြန်၏။ ထို ဆူးချွန် တိုက်ခိုက်မှုကို မူလ ထိပ်ဆုံး အဆင့် ကျင့်ကြံသူများပင် အချိန်မီ တုံ့ပြန်နိုင်မည် မဟုတ်ချေ။
"သူတို့ သေသွားပြီလား ..."
ကျန်းချူရန်၏ မျက်လုံးများသည် ဝိုင်းစက်နေ၏။
"အဲဒီလောက် ဘယ်လွယ်မလဲ ..."
ချန်းဖန်က ပြုံးလိုက်သည်။
ကျင့်ကြံခြင်း လောကတွင် သွေးမျိုးဆက်များသည် ပြိုင်ဘက်ကင်း ပြန်လည် ကုသနိုင်စွမ်းကြောင့် ထင်ရှား၏။ သွေးပင်လယ်တွင် မဆိုထားနှင့် သာမန် အခြေအနေတွင်ပင် သူတို့အား သတ်ရန်မှာ မလွယ်ကူချေ။
ခရစ်ယာန် ဘုရားကျောင်း၏ အချက်အလက်များ အရဆိုလျှင် သွေးမျိုးဆက် များသည် သွေးပင်လယ်၌ နေထိုင်သမျှ မသေဆုံးနိုင်ဟုပင် ရေးသားထားသည်။
"ဘုန်း ..."
ချန်းဖန် မျှော်လင့်ထားသည့် အတိုင်းပင် သွေးပင်လယ်မှ သွေးများ ဆူပွက်လာကာ ပုံရိပ် ခြောက်ခုအဖြစ် ပြန်လည် ဖွဲ့စည်းလာ၏။ ထိုပုံရိပ် ခြောက်ခုကား သွေးမျိုးဆက်များပင် ဖြစ်သည်။
"ဘုန်း ..."
သွေးမျိုးဆက်များက တောင်ပံများကို ခတ်ရင်း ကောင်းကင်သို့ ဒုတိယအကြိမ် ပျံတက်၏။ ယခု တစ်ကြိမ်တွင်မူ သူတို့သည် ချန်းဖန် အနားသို့ အဆင်ခြင်မဲ့စွာ မတိုးကပ် ရဲတော့ချေ။
"ဟူး ... ဟူး ..."
အပြာရောင် ခပ်ဖျော့ဖျော့ လင်းလက်နေသော နတ်ဘုရားသတ် ဆူးချွန်သည် အလင်းစက်များကို ချန်ရစ်ရင်း ချန်းဖန်၏ နံဘေး၌ လှည့်ပတ်ကာ ပျံသန်းနေ၏။
"နတ်ဘုရားသတ် ဆူးချွန် ..."
ငါးမီတာ ရှည်သော သွေးဘိုးဘေး တစ်ယောက်က မျက်စိမျက်နှာ ပျက်စွာ ရေရွတ်လိုက်သည်။
"မင်း သိတာလား ..."
ချန်းဖန်က မေးလိုက်သည်။
"အဲဒါက ရှေးဟောင်း မာယာ လူမျိုးတွေရဲ့ နတ်ဘုရားသတ် ဆူးချွန်ပဲ ... သင်က အဲဒါကို ရထားတာပဲ"
အခြား သွေးဘိုးဘေး တစ်ယောက်က ဆိုလိုက်သည်။
"ကျူးကျော်သူ ... သင်က အမှန်ပဲ အစွမ်းထက်တယ် ... သင်သာ ယဇ်ကောင်ကို ထားပြီး ထွက်သွားဖို့ ဆန္ဒရှိမယ် ဆိုရင် ငါတို့ သင့်ကို ခွင့်ပြုပေးမယ်"
ထိုစကားအား ကြားသည်နှင့် ကျန်းချူရန်က မျက်နှာက ရုတ်ခြည်း ဖြူရော်၍ သွား၏။
"ငါက ဆန္ဒ မရှိဘူး ဆိုရင်ရော ..."
ချန်းဖန်က မေးလိုက်သည်။
"ဒါဆို ငါတို့ သင့်ရဲ့ အသက်ကို ယူရမှာပေါ့"
သွေးဘိုးဘေး ခေါင်းဆောင်က ကြက်သီးထဖွယ် ပြုံးလိုက်သည်။
"သင်က အစွမ်းထက်ပြီး နတ်ဘုရားသတ် ဆူးချွန်ကို ပိုင်ဆိုင်ထားတယ် ... ဒါပေမဲ့ သွေးပင်လယ်မှာတော့ ငါတို့က ပြိုင်ဘက်ကင်းပဲ"
အခြား သွေးဘိုးဘေး တစ်ယောက်က မျက်နှာကို အနည်းငယ် မော့ရင်း တရှုံ့ရှုံ့ အနံ့ခံ လိုက်သည်။
"ငါတို့ အရှေ့တိုင်း မြေကမ္ဘာ အဆင့်ရဲ့ သွေးကို မသောက်ရတာ ဘယ်လောက် ကြာသွားပြီလဲ ... ဟီးဟီး ... ဒီနေ့တော့ အဲဒီ အရသာကို ပြန်ပြီး ခံစားရတော့မယ် ထင်တယ်"
ချန်းဖန်ကမူ ထိုခြိမ်းခြောက်မှုကို အနည်းငယ်ပင် ကြောက်လန့်ခြင်း မရှိချေ။ သူက သက်ပြင်းတစ်ချက် ချရင်း ပြောလိုက်၏။
"ငါ ဒီကို လာရတဲ့ အကြောင်းရင်းက မင်းတို့ဘိုးဘေး ထားသွားတဲ့ နေရာ ကူးပြောင်းခြင်း အစီအရင်ကို လာရှာတာပဲ ... မင်းတို့ကို သတ်ဖို့က ငါ့ရဲ့ ပထမ အစီအစဉ်ထဲမှာ မပါဘူး ... ဒါပေမဲ့ ဆယ်မိုင်ကျယ်တဲ့ သွေးပင်လယ်ကို မြင်ပြီး နောက်မှာ ငါ စိတ်ပြောင်းသွားပြီ"
ချန်းဖန်၏ မျက်လုံး အစုံက ပို၍ အေးစက်လာ၏။
"မင်းတို့က သွေးပင်လယ်ကို ဖြည့်ဖို့ သန်းချီတဲ့ လူသားတွေကို စတေးခဲ့တယ် ... လူသား မျိုးနွယ်ရဲ့ အဖွဲ့ဝင် တစ်ယောက် အနေနဲ့ သူတို့ရဲ့ အသက်တွေအတွက် လက်စား ချေမပေးရင် ငါက အရှက်မဲ့တဲ့လူ ဖြစ်သွားလိမ့်မယ်"
ချန်းဖန်က ကျယ်လောင်စွာ ဆိုလိုက်သည်။ သူ၏ အသံက မိုးကြိုးကဲ့သို့ သွေးပင်လယ်အား အထပ်ထပ် ဖြန့်ကြက်လေ၏။
ချန်းဖန်သည် တန်ခိုးရှင် ကျင့်ကြံသူ တစ်ယောက် ဖြစ်သော်လည်း အဆုံး၌ သူသည် လူသား တစ်ယောက်သာ ဖြစ်သည်။
အဆုံးမဲ့ စကြဝဠာ၌ ကျင့်ကြံခြင်း ဂိုဏ်းကြီး ကိုးဂိုဏ်းသည် လူသားမျိုးနွယ်များ ဖွဲ့စည်း ထားသည့် အကြီးမားဆုံး အဖွဲ့အစည်းများ ဖြစ်သည်။
အတိတ် ဘဝ၌ ချန်းဖန်သည် လူသားမျိုးနွယ်ကို ကိုယ်စားပြုကာ မျိုးနွယ်ခြားများနှင့် မရေမတွက်နိုင်သော တိုက်ပွဲများ ဆင်နွှဲဖူးသည်။
ထို့ကြောင့် လူသား တစ်ယောက် အနေဖြင့် သူသည် ထိုကဲ့သို့ လူသားမျိုးနွယ် အပေါ် ရက်စက် ယုတ်မာမှုမျိုးကို လျစ်လျူမရှု နိုင်ချေ။
"သတ် ..."
ချန်းဖန်၏ ခန္ဓာကိုယ်မှ အဇူရာ အလင်းများ ဖြာထွက်လာကာ သူ၏ ဆံပင်များကလည်း လေနှင့် အတူ လွင့်မျောကြ၏။
အလင်း၏ အလျင်ဖြင့် ချန်းဖန်သည် ကောင်းကင်သို့ ပျံတက်ကာ သွေးဘိုးဘေး ခြောက်ယောက်ထံ တိုးဝင်လေသည်။
"ဘုန်း ..."
တစ်ချိန်တည်းတွင် နတ်ဘုရားသတ် ဆူးချွန်ကလည်း အသံ၏ အမြန်နှုန်းကို ချိုးဖျက်၏။ ၎င်းက အပြာရောင် အလင်းစ တချို့ကို ချန်ရစ်၍ သခင်၏ စေစားရာအတိုင်း လိုက်လံ လှုပ်ရှားသည်။
"သတ် ..."
ယခုတစ်ကြိမ်တွင်မူ သွေးဘိုးဘေးများကား အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
သူတို့သည် အကာအကွယ် အစီအရင်များကို ခင်းကျင်းကာ နတ်ဘုရားသတ် ဆူးချွန်၏ တိုက်ခိုက်မှုအား တားဆီးသည်။
သို့သော် ဆူးချွန်၏ တိုးဝင်မှုတွင် အတားအဆီးတချို့ ပျက်စီးကာ သွေးဘိုးဘေး နှစ်ယောက် ပေါက်ကွဲရ၏။
"ဘုန်း ..."
တစ်ဆက်တည်းပင် ချန်းဖန်၏ လက်သီးက စတီးသင်္ဘောကြီး တစ်ခုအလား တိုးဝင်လာ၏။ ထိုလက်သီး၏ ထိုးနှက်မှုတွင် သုံးမီတာ ရှည်သော သွေးဘိုးဘေး တစ်ယောက်၏ ရင်ဘတ် ပေါက်ကွဲကာ ပျက်စီး၏။
"ဘုန်း ..."
ချန်းဖန်၏ လက်သီးကား ရပ်တန့်ခြင်း အလျှင်း မရှိချေ။ ရှေ့သို့ ဆက်တိုးကာ အခြား သွေးဘိုးဘေး တစ်ယောက်ကို ထိုး၏။
"ကျိန်စာ ..."
ထိုသွေးဘိုဘေးက ချန်းဖန်၏ လက်သီးအား အနက်ရောင် အလင်းတန်းဖြင့် ဆီးကြိုသည်။
ခြောက်သွေ့ကျိန်စာ ...
ထိုအရာကား သွေးမျိုးဆက်တို့၏ အစွမ်း အထက်ဆုံး ကျိန်စာတစ်ခု ဖြစ်သည်။ ထိုကျိန်စာဖြင့် တိုက်ခိုက်ခံရပါက မြေကမ္ဘာ အဆင့်၏ ခန္ဓာကိုယ်ပင် ခြောက်သွေ့ သွားလိမ့်မည် ဖြစ်သည်။
"ဘုန်း ..."
သို့သော်လည်း ချန်းဖန်ကမူ ထိုကျိန်စာကို ရှောင်တိမ်းခြင်း မပြုချေ။ လက်သီးဖြင့်သာ တိုက်ရိုက် ထိုးခွဲလိုက်၏။
"ဘယ်လို ဖြစ်နိုင်မှာလဲ ..."
ငါးမီတာ အရှည် ရှိသည့် သွေးဘိုးဘေး ခေါင်းဆောင်သည် အနည်းငယ် ထိတ်လန့်၍ သွား၏။
သွေးမျိုးဆက်၏ "ခြောက်သွေ့ ကျိန်စာ" မည်မျှ အစွမ်းထက်ကြောင်း သူ ကောင်းစွာ သိသည်။
မြေကမ္ဘာ ထိပ်ဆုံး အဆင့်များပင် ထိုကျိန်စာ တိုက်ခိုက်မှုကို ခန္ဓာကိုယ် သက်သက်ဖြင့် မခုခံ ရဲကြချေ။ ဓမ္မရတနာ သို့မဟုတ် လျှို့ဝှက် နည်းစနစ်များကို သုံး၍သာ ခုခံ ကြသည်။
"မဟုတ်မှ လွဲရော ... သူက နတ်ဘုရား ခန္ဓာကို ပိုင်ဆိုင်ထားတာလား"
သွေးဘိုးဘေး ခေါင်းဆောင်က ထိုအတွေးကို ခေါင်းခါယမ်း၍ ထုတ်ပယ်လိုက်သည်။
အစစ်အမှန် နတ်ဘုရား အဆင့်ကို ရောက်ရှိရန် အတွက် ရာစုနှစ်များစွာ ကြာအောင် လေ့ကျင့်ရသည်။ သို့သော်လည်း သူ၏ အရှေ့ရှိ ကောင်လေးမှာ အသက် နှစ်ဆယ်သာ ရှိသေးသည်။
မည်သို့သော ပါရမီရှင်က အသက် နှစ်ဆယ်ဖြင့် နတ်ဘုရား ခန္ဓာကိုယ် ရရှိအောင် လေ့ကျင့် နိုင်မည်နည်း။
သို့သော်လည်း သူ့တွင် ထပ်မံ စဉ်းစားရန် အချိန် မရှိတော့ချေ။ ချန်းဖန်သည် ကောင်းကင်သို့ ဖြတ်သန်း၍ သူတို့ထံသို့ တိုက်လေယာဉ် တစ်စင်းအလား တိုးဝင်လာခဲ့ပြီ ဖြစ်လေသည်။
"ဘုန်း ... ဘုန်း ... ဘုန်း ..."
ချန်းဖန်၏ လက်သီးချက်များသည် အလွန် ကြောက်မက်ဖွယ် ကောင်းရကား သွေးဘိုးဘေးများ ခုခံနိုင်စွမ်း မရှိကြချေ။
မူလ အလယ်ဆင့် သွေးဘိုးဘေး နှစ်ယောက်ပင် မျက်တောင် တစ်ခတ်စာ အတွင်း ပေါက်ကွဲ ပျက်စီးရ၏။
"ဝှစ် ... ဝှစ် ... ဝှစ် ..."
သို့သော်လည်း မကြာခင်မှာပင် သွေးပင်လယ်မှ တစ်ဆင့် သွေးဘိုးဘေး ခြောက်ယောက် ပြန်လည် ပေါ်ထွက်လာသည်။
သူတို့၏ မျက်နှာများကမူ စိုးရိမ်စိတ်ဖြင့် အနည်းငယ် ရှုံ့တွနေ၏။
မည်သို့ပင် ဆိုစေ သူတို့သည် အစစ်အမှန် မသေမျိုးများ မဟုတ်ကြချေ။ ချန်းဖန်သာ အဆက်မပြတ် တိုက်ခိုက်နေပါက တစ်နေ့နေ့၌ သူတို့၏ နတ်ဘုရား စိတ်ဝိညာဉ်များ ပျက်စီး သွားရပေလိမ့်မည်။
"အမှောင်နတ်ဆိုး သန့်စင်ခြင်း အစီအရင် ..."
သွေးဘိုးဘေး တစ်ယောက်က အော်ဟစ်ရင်း လက်များအား ဝှေ့ယမ်းလိုက်သည်။
"ဘုန်း ..."
သွေးပင်လယ်မှ ရုပ်တု တစ်ခု ပျံသန်းလာကာ သူ၏ လက်အတွင်း ဆင်းသက်၏။
"သေဆုံးခြင်း ရုပ်တု ..."
ထိုအရာသည် အဆင့်မြင့် ဝိညာဉ် လက်နက် တစ်ခု ဖြစ်သည်။ ထို့အပြင် သေဆုံးခြင်းကို ကိုယ်စားပြုသည့် သွေးမျိုးဆက်တို့၏ အထွတ်အမြတ် ရတနာလည်း မည်၏။
တစ်ချိန်တည်းတွင် အခြားသော သွေးဘိုးဘေး များကလည်း သူတို့၏ လက်နက်များကို ဆင့်ခေါ် လိုက်ကြသည်။
"ပျက်စီးခြင်း လက်ကောက် ..."
"အမှောင် မှော်ပုလင်း ..."
"သေဆုံးခြင်း လက်စွပ် ..."
"ငွေရောင် ဘယ်လက် ..."
"ခြောက်သွေ့ သရဖူ ..."
သွေးဘိုးဘေး ခြောက်ယောက်သည် သူတို့၏ အဆင့်မြင့် ဝိညာဉ် လက်နက်များကို ဆွဲကိုင်၍ ထောင့်ခြောက်ထောင့်၌ နေရာယူသည်။
"ဟူး ... ဟူး ..."
အမှောင် စွမ်းအားများသည် သွေးဘိုးဘေးတို့၏ ခန္ဓာကိုယ်မှ စီးထွက်လာ၍ တစ်ချိန်တည်း၌ ကောင်းကင်သည်လည်း စတင်ကာ မည်းမှောင် လာ၏။
"အမှောင်နတ်ဆိုး သန့်စင်ခြင်း အစီအရင် ..."
ထိုအရာကား သွေးဘိုးဘေး ခြောက်ယောက်၊ အဆင့်မြင့် ဝိညာဉ် လက်နက်ခြောက်ခု ပေါင်းစပ် ဖွဲ့စည်းထားသော အစီအရင် ဖြစ်သည်။
ဆိုရိုး စကားများ အရဆိုလျှင် အမှောင်နတ်ဆိုး သန့်စင်ခြင်း အစီအရင်သည် နတ်ဘုရားများကိုပင် သန့်စင်နိုင်သည် ဟူ၏။
"ဟူး ... ဟူး ..."
အစီအရင်၏ ဗဟို၌ ကျရောက်နေသော ချန်းဖန်သည် ကြောက်မက်ဖွယ် အမှောင် စွမ်းအားကို ခံစားနေရသည်။ ထိုစွမ်းအားသည် အလွန် ကြောက်မက်ဖွယ် ကောင်းရကား ငရဲပြည်၏ အစစ်အမှန်ချီကို သယ်ဆောင်ထားသည် ဟုပင် ထင်ရသည်။
မြေကမ္ဘာ အဆင့်များ၏ ခန္ဓာနှင့် နတ်ဘုရား စိတ်ဝိညာဉ်ပင်လျှင် ထိုအမှောင် စွမ်းအား၏ တိုက်စားမှု အောက်၌ ဖျက်ဆီးခံရမည်မှာ သေချာသည်။
သို့သော်လည်း ချန်းဖန်ကဲ့သို့ အဇူရာ သက်ရှည် ခန္ဓာကိုယ် ပိုင်ဆိုင်ထားသူ အတွက် ထိုစွမ်းအားက မှုလောက်စရာ မရှိချေ။ သူက အကာအကွယ် အဇူရာ အလင်းကို ထုတ်လွှတ်ရင်း အစီအရင်ကို အကဲခတ် လိုက်သည်။
"မင်းတို့ အနေနဲ့ ဒီအစီအရင်ကို အပြည့်အဝ အသက်သွင်းချင်တယ် ဆိုရင် အနည်းဆုံး ခုနစ်ယောက် လိုတယ် ... ရိန်းဟာ့ သေသွားတာ နှမြောစရာပဲ"
ချန်းဖန်က သက်ပြင်းတစ်ချက် ချရင်း ခေါင်းခါလိုက်သည်။ ထို့နောက် သူက ရှေ့သို့ တစ်လှမ်းတိုးကာ စွမ်းအားကို ဖြန့်ကြက်၏။
"လာစမ်း ..."
ရုတ်တရက် ချန်းဖန်၏ အနောက်၌ အတောင်များကို ဖြန့်ကြက်ထားသည့် ခွန်ပန်ပုံရိပ် ပေါ်လာသည်။ အံ့မခန်း များပြားသည့် စွမ်းအားထုထည် ပမာဏက ချန်းဖန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်၍ ခွန်ပန်အား ဖြည့်တင်းသည်။
"ဘုန်း ..."
ခွန်ပန်က အတောင်များကို ဝှေ့ယမ်းရင်း အမှောင် နတ်ဆိုး သန့်စင်ခြင်း အစီအရင်ကို ခုတ်ပိုင်းလိုက်သည်။ ထိုတိုက်ခိုက်မှုကား မူလ ထိပ်ဆုံး အဆင့် တစ်ယောက်၏ တိုက်ခိုက်မှုနှင့်ပင် ယှဉ်နိုင်၏။
"ဘုန်း ..."
ခွန်ပန် တောင်ပံ၏ ရိုက်ခတ်မှုတွင် "အမှောင်နတ်ဆိုး သန့်စင်ခြင်း အစီအရင်" ပျက်စီးရသည့် အပြင် သွေးဘိုးဘေး များမှာလည်း နောက်သို့ လွင့်စဉ်ကာ ထွက်သွားရတော့၏။
"သောက်ဒုက္ခပဲ ..."
သွေးဘိုးဘေးများသည် သူတို့၏ အရှေ့ရှိ လူငယ်လေးမှာ ထိုမျှအထိ ကြောက်မယ်ဖွယ် ကောင်းမည်ဟု မတွေးမိကြချေ။
သို့သော်လည်း ယခုတွင်မူ နောင်တရရန် အချိန်ကား နောက်ကျ သွားခဲ့ပြီ ဖြစ်သည်။
ချန်းဖန်သည် ပျက်စီးခြင်း လက်ကောက်ကို ကိုင်ထားသည့် သွေးဘိုး၏ အနားသို့ အရိပ်တစ်ခု အလား ရွေ့လျားသွား၏။
"ကလန့် ..."
တစ်ချိန်တည်းတွင် သူက လက်ကို ဆန့်ထုတ်လိုက်ရာ အနက်ရောင် ဓားတစ်ချောင်း ပေါ်လာသည်။ ထိုဓားကား တစ်ဝက်တစ်ပျက် ဝိညာဉ် ရတနာ "ခရမ်းရောင် မိုးကြိုးဓား" ပင် ဖြစ်၏။
ချန်းဖန်က ခရမ်းရောင် မိုးကြိုးဓားကို ဆွဲကိုင်၍ ပျက်စီးခြင်း လက်ကောက် ပိုင်ရှင် သွေးဘိုးဘေးကို ခုတ်ချလိုက်သည်။
"မလုပ်နဲ့ ..."
ပျက်စီးခြင်း လက်ကောက်ပိုင်ရှင် သွေးဘိုးဘေးက အစိမ်းရောင် ပျက်စီးခြင်း စွမ်းအားများကို ထုတ်လွှတ်၍ ချန်းဖန်၏ တိုက်ခိုက်မှုကို ခုခံရန် ကြိုးစားသည်။
သို့သော်လည်း တစ်ဝက်တစ်ပျက် ဝိညာဉ် ရတနာ၏ တိုက်ခိုက်မှုကို မည်သူက ခုခံ နိုင်မည်နည်း။
"ကလန့် ..."
ဓား၏ ခုတ်ပိုင်းမှုတွင် အဆင့်မြင့် ဝိညာဉ်လက်နက် ဖြစ်သော ပျက်စီးခြင်း လက်ကောက် ထက်ပိုင်းပြတ်၏။ သို့သော် ဓားက ရပ်တန့်ခြင်း အလျှင်းမရှိ ရှေ့သို့ ဆက်လက်တိုး၍ သွေးဘိုးဘေးကိုပါ ထက်ပိုင်းပိုင်းသည်။
"ဘုန်း ..."
ဓား၏ တိုက်ခိုက်မှုတွင် သွေးဘိုးဘေး၏ ခန္ဓာကိုယ်ကား ပေါက်ကွဲကာ သွေးမြူများ အဖြစ် လေနှင့်အတူ ခြောက်ကပ်သွား၏။
၎င်း၏ နတ်ဘုရား စိတ်ဝိညာဉ်ပင်လျှင် လွတ်မြောက်ခြင်း မရှိခဲ့ချေ။
***