သွေးဘိုးဘေးများနှင့် တိုက်ပွဲ (၂)
Vol. 7 Ch. 690
ကမ္ဘာ၌ မသေမျိုး အင်မော်တယ် ဟူ၍ မရှိချေ။
သွေးဘိုးဘေးများ၏ နတ်ဘုရား စိတ်ဝိညာဉ် များသည် သွေးပင်လယ်နှင့် ချိတ်ဆက်နေ၏။ ထို့ကြောင့် သူတို့သည် ခန္ဓာကိုယ် ပျက်စီးသည့်တိုင် သွေးပင်လယ်၏ စွမ်းအားကို သုံး၍ ခန္ဓာအသစ် တစ်ဖန် ပြန်လည် ဖွဲ့စည်းနိုင်ကြသည်။
သို့သော် ...
ထိုနတ်ဘုရား စိတ်ဝိညာဉ်ကိုပါ ဖျက်ဆီး ပစ်လျှင် သူတို့ ဘာတတ်နိုင်ဦးမည်နည်း။
"သင် ..."
ကျန်ရစ်သော သွေးဘိုးဘေး ငါးယောက်က ချန်းဖန်အား ဒေါသတကြီးဖြင့် ကြည့်လိုက်ကြ၏။
သူတို့ကား သွေးပင်လယ်၌ မရေမတွက်နိုင်သော နှစ်များကို အတူ ဖြတ်သန်းခဲ့သည့် ညီအစ်ကိုများ ဖြစ်သည်။
ထို့ကြောင့် သူတို့သည် ချန်းဖန်ကို မဖြစ်ဖြစ်သည့် နည်းဖြင့် လက်စားချေရန် ဆုံးဖြတ် လိုက်ကြ၏။
ခြောက်သွေ့ သရဖူကို ဝတ်ဆင်ထားသည့် သွေးဘိုးဘေးက သူ၏ မျက်လုံးနီကြီးများဖြင့် ချန်းဖန်အား ကြည့်ရင်း အော်ဟစ်လိုက်၏။
"သင်က ရက်ဖန်ကို သတ်ရဲတယ်ပေါ့ ... ငါ သင့်ရဲ့ နှလုံးကို ထုတ်ယူပြီး သင့်ရဲ့ နတ်ဘုရား စိတ်ဝိညာဉ်ကို ချိပ်ပိတ်ပစ်မယ် ... အဲဒီ နှလုံးကို နှစ်တစ်သောင်း ကြာအောင် စီမံပြီး သင့်ကို ထာဝရ နာကျင်မှု ခံစားစေမယ်"
"သတ် ..."
ချန်းဖန်တွင် ထိုလူများနှင့် ဖက်၍ စကားရည် လုရန်ဆန္ဒ မရှိချေ။
ချန်းဖန်၏ အမြင်၌ ထိုမိုက်မဲသော သွေးမျိုးဆက်များသည် အသုံးချခံရသော တိရစ္ဆာန်များသာ ဖြစ်၏။
ယခုကဲ့သို့ ချန်းဖန်နှင့် သွေးမျိုးဆက်များ အကြား၌ တိုက်ပွဲဖြစ်ရန် အဓိက ကြိုးကိုင်သူများမှာ စတားဝါး ကော်ပိုကော်ရေးရှင်းနှင့် အမေရိကန် ပညာရှိ လူကြီးများ အဖွဲ့ဖြစ်သည်။
သွေးမျိုးဆက်များကို သုတ်သင် ပြီးသည်နှင့် ချန်းဖန်သည် အမေရိကန်သို့ သွားကာ ပညာရှိ လူကြီးများနှင့် စာရင်းရှင်းရမည် ဖြစ်သည်။
"ကလန့် ..."
ချန်းဖန်က အနက်ရောင် ဓားကို ကိုင်ရင်း ခုတ်ပိုင်းချလိုက်သည်။
"ဘုန်း ..."
အစစ်အမှန်ချီများက ဆယ်ပေခန့် ရှည်သော လျှပ်စီးနဂါး တစ်ကောင်အသွင် ပြောင်းလဲ၏။ နဂါး၏ ပွတ်တိုက်မှုတွင် သွေးပင်လယ်သည် ထက်ပိုင်းပြတ်ကာ ရှည်လျားသော အက်ကြောင်း တစ်ခု ပေါ်လာသည်။
"ဘိုးဘေး ... ငါတို့ကို စွမ်းအားပေးပါ"
သွေးဘိုးဘေးများသည် ချန်းဖန်အား ပြန်လည် တိုက်ခိုက်ခြင်း မရှိချေ။ ထို့အစား သူတို့က ရှေးဟောင်း ဘာသာစကားဖြင့် ရေရွတ် လိုက်ကြသည်။
"ဘုန်း ..."
သွေးဘိုးဘေးများ၏ စကားကို ကြားသည်နှင့် ဆယ်မိုင် ကျယ်ဝန်းသော သွေးပင်လယ်သည် စတင်ကာ လှိုင်းထန်လာ၏။ တစ်ချိန်တည်းတွင်ပင် ကောင်းကင်မှ သွေးမိုးများ စတင်ကာ ရွာသွန်းချလာသည်။
"ဝေါ ..."
ရုတ်တရက် ချန်းဖန်နှင့် သွေးဘိုးဘေးများ အကြား၌ မီတာတစ်ရာမျှ မြင့်သော သွေးလှိုင်းလုံးကြီး တစ်ခု ဖွဲ့စည်းလာသည်။
"ဟီး ... ဟီး ..."
မရေမတွက် နိုင်သော မွန်းစတားများ၊ မကောင်းဆိုးဝါး များသည် သွေးလှိုင်းလုံးကြီး အတွင်း၌ လူးလိမ့် ကူးခပ်ရင်း ချန်ဖန်အား တစ်စစီ ဆွဲဖဲ့ ဖျက်ဆီးရန် ကြိုးစားကြ၏။
"သတ် ..."
ချန်းဖန်က တည်ငြိမ်စွာဖြင့် ခရမ်းရောင် မိုးကြိုးဓားဖြင့် လှိုင်းလုံးကြီးအား ပိုင်းဖြတ် ခုတ်ထစ် လိုက်သည်။
"ဘုန်း ..."
ဓားအလင်း၏ ပိုင်းဖြတ်မှုတွင် များစွာသော အနီရောင် သွေးသားရဲများ အတုံးအရုံး သေဆုံးကြ၏။ အပြန်အလှန်ပင် ချန်းဖန်၏ ဓားအလင်းသည်လည်း အားလျော့၍ လွင့်ပြယ်သည်။
"ရား ..."
လှိုင်းလုံးကြီး၏ နောက်မှ မီတာ ဒါဇင်ပေါင်းများစွာ ရှည်လျားသော နတ်ဆိုးမိစ္ဆာ ငါးကောင် ပေါ်ထွက်လာ၏။ ထိုနတ်ဆိုး မိစ္ဆာကြီး ငါးကောင်ကား သွေးပင်လယ်ရှိ သွေးများဖြင့် ဖွဲ့စည်းထားသည့် သွေးဘိုးဘေးများပင် ဖြစ်သည်။
"ရား ..."
သွေးဘိုးဘေး ငါးကောင်သည် ကျယ်လောင်စွာ ဟိန်းဟောက်ရင်း ချန်းဖန် ရှိရာဆီသို့ အရပ်မျက်နှာ မျိုးစုံမှ ပြေးဝင်လာသည်။ သူတို့၏ လှုပ်ရှားမှု တစ်ခုချင်းစီသည် သွေးပင်လယ် တစ်ခုလုံး၏ စွမ်းအားကို သယ်ဆောင်ထား၏။
"ဖွဲ့စည်းစမ်း ..."
ချန်းဖန်က သာမန် လူတစ်ယောက် တံခါး ဖွင့်သည့်အလား လက်ထဲမှ ဓားကို ညင်သာစွာ လှုပ်ယမ်းလိုက်သည်။
"ဝှစ် ..."
တိုက်ခိုက်မှုသည် တိတ်ဆိတ်နေ၏။ မည်သည့် ဓားအလင်း၊ လျှပ်စီးနဂါးမှ ထွက်ပေါ် မလာခဲ့ချေ။
"ခရက် ..."
ရုတ်တရက် သူ၏ အရှေ့ရှိ လေထုက အေးခဲကာ အက်ကြောင်း တစ်ခု ပေါ်လာ၏။
"ဝှစ် ..."
တစ်ချိန်တည်းတွင်ပင် သိမ်မွေ့သော ဓားလှိုင်း တစ်ခုက အမှောင် မှော်ပုလင်း ကိုင်ထားသည့် သွေးဘိုးဘေး အနားတွင် ဖြစ်ပေါ်လာကာ ထက်ဝက် ပိုင်းဖြတ်၏။
"ဝှစ် ... ဝှစ် ..."
လှိုင်းက ရပ်တန့်ခြင်း မရှိဘဲ ရေအလျင်ကဲ့သို့ လှုပ်ရှားကာ အခြား သွေးဘိုးဘေး သုံးယောက်၏ ခန္ဓာများကိုပါ ထက်ဝက် ပိုင်းဖြတ်သည်။
"ဝှစ် ..."
ပဉ္စမြောက် သရဖူ ဆောင်းထားသော သွေးဘိုဘေးဆီသို့ အရောက်တွင်မူ လှိုင်းကား အတော်လေး အားပျော့နေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ထိုအားပျော့သော လှိုင်းကပင် ပဉ္စမမြောက် သွေးဘိုးဘေးကို ဒဏ်ရာ အကြီးအကျယ် ရစေ၏။
"ရား ... ရား ..."
သို့သော်လည်း သွေးမျိုးဆက်များ၏ ပြိုင်ဘက်ကင်း ပြန်လည်ကုသ နိုင်စွမ်းကား အမှန်ပင် စိတ်ပျက်စရာ ကောင်းလွန်းသည်။
တစ်ခဏ အတွင်းမှာပင် သူတို့သည် ကျယ်လောင်စွာ ဟိန်းဟောက်၍ သွေးပင်လယ်၏ အကူအညီဖြင့် ပြန်လည် ဖွဲ့စည်းလာ၏။
"သုတ်သင်ကြဟေ့ ..."
သွေးဘိုးဘေးများသည် သူတို့၏ လက်သည်များကို ဆန့်ထုတ်၍ မရေမတွက် နိုင်သော အနီရောင် ကြိုးများအား ဖန်ဆင်း လိုက်ကြသည်။ သူတို့က ထိုကြိုးများကို အသုံးပြု၍ ချန်းဖန်အား ချည်နှောင်ရန် ကြိုးစားကြ၏။
"အသုံးမဝင်ဘူး ... မင်းတို့က ကုန်တင်ကားကို မောင်းဖို့ ကြိုးစားနေတဲ့ ကလေးတွေလိုပဲ ... သွေးပင်လယ်ရဲ့ စွမ်းအားက အရမ်းကို သန်မာပေမဲ့ မင်းတို့ မထိန်းချုပ် နိုင်ဘူး"
ချန်းဖန်က ခေါင်းအားခါရင်း ဓားကို နောက်တစ်ကြိမ် မြှောက် လိုက်ပြန်သည်။
"ဘုန်း ..."
ဓားအလင်းသည် ကောင်းကင်ကို ဖြတ်သန်း၍ ဖြစ်ပေါ်လာ၏။
ချန်းဖန်နှင့် ခရမ်းရောင် မိုးကြိုးဓား တို့သည် တစ်ခုတည်း ပေါင်းစည်း၍ ခရမ်းရောင် အလင်းတန်း အသွင် ပြောင်းလဲသွားသည်။
"ဘုန်း ... ဘုန်း ..."
ခရမ်းရောင် အလင်းတန်းသည် တစ်ခဏ အတွင်းမှာပင် အနီရောင် ကြိုးများကို ဖြတ်သန်း၍ သေဆုံးခြင်း လက်စွပ် ဝတ်ဆင်ထားသော သွေးဘိုးဘေး ဆီသို့ ကျလေ၏။
"ဘုန်း ..."
သုံးဆယ် မီတာမျှ မြင့်မားသော သွေးဘိုးဘေး အလယ်မှ ထက်ဝက် ပိုင်းပြတ်ကာ အပိုင်းပိုင်း အစစအဖြစ် ပေါက်ကွဲသည်။ ထိုပေါက်ကွဲမှု၌ ၎င်း၏ နတ်ဘုရား စိတ်ဝိညာဉ်ပင် လွတ်မြောက်ခြင်း မရှိချေ။
"ဟောင်းဝပ် ..."
ကျန်ရစ်နေသော သွေးဘိုးဘေး လေးယောက်က အသံနက်ကြီးများဖြင့် အော်ဟစ် လိုက်ကြ၏။
သူတို့သည် သွေးပင်လယ်၏ စွမ်းအားဖြင့် မသေမျိုး ခန္ဓာကို ပိုင်ဆိုင်သော်လည်း ပျက်စီး သွားသော နတ်ဘုရား စိတ်ဝိညာဉ်ကိုမူ ပြန်လည် ဖွဲ့စည်းခြင်း မပြုနိုင်ချေ။
"ကလန့် ..."
ချန်းဖန်က ဓားကို ဝှေ့ယမ်းရင်း ဆက်လက် ခုတ်ထစ်၏။
"ဘုန်း ..."
အဆုံးမဲ့သော ခရမ်းရောင် မိုးကြိုး အလင်းများ ကောင်းကင်တွင် ဖြစ်ပေါ်လာသည်။
"ဘုန်း ... ဘုန်း ..."
ခရမ်းရောင် အလင်းများ၏ ပိုင်းဖြတ်မှုတွင် သွေးဘိုးဘေးများ ဆင့်ခေါ်ထားသည့် သွေး လှိုင်းများ၊ အနီရောင် ကြိုးများအားလုံး ထက်ပိုင်းပြတ်သည်။
သို့သော်လည်း ချန်းဖန်က ရပ်တန့်ခြင်း မရှိဘဲ ဆက်လက် ခုတ်ထစ်၏။ ခရမ်းရောင် ဓားအလင်းများ၏ အဆက်မပြတ် တိုက်ခိုက်မှု အောက်၌ ...
ခုနစ်စက္ကန့်မျှ အကြာတွင် ...
ဖလယ်ရာဟု ခေါ်သော သွေးဘိုးဘေး ထက်ပိုင်းပြတ်၏။
လူများ၏ စိတ် ဝိညာဉ်ကို အမှောင် မှော်ပုလင်းဖြင့် နုတ်ယူသော ဖလယ်ရာကား ထိုဓားချက်တွင်ပင် နတ်ဘုရား စိတ်ဝိညာဉ် ပျက်စီးကာ သေဆုံးလေ၏။
ဆယ့်ငါး စက္ကန့်မျှ အကြာတွင် ...
သေဆုံးခြင်း စွမ်းအားကို ငွေရောင် ဘယ်လက်ဖြင့် ထိန်းချုပ်သည့် သွေးဘိုးဘေး ကာနေးသည် သူ၏ နတ်ဘုရား စိတ်ဝိညာဉ်နှင့် အတူ ကျဆုံးလေသည်။
သုံးဆယ့် နှစ်စက္ကန့်မျှ အကြာတွင် ...
အစွမ်း အထက်ဆုံး သွေးဘိုးဘေး နှစ်ယောက်အနက် တစ်ယောက် ဖြစ်သည့် သေဆုံးရုပ်တုကို ပိုင်ရှင် ဒါကူလာ၏ ခန္ဓာသည် ဆယ့်သုံးပိုင်း ပိုင်းဖြတ် ခံရ၏။
ချန်းဖန်သည် "မိုးကြိုးငါးခု ချိပ်တံဆိပ်" ကို ထုတ်ယူ၍ လွတ်မြောက်ရန် ကြိုးစား နေသော ဒါကူလာ၏ နတ်ဘုရား စိတ်ဝိညာဉ်ကို ဖျက်ဆီးလိုက်သည်။
မိနစ်ပိုင်းမျှ အတောအတွင်းမှာပင် အလွန် ကြောက်မက်ဖွယ် ကောင်းသော ဒဏ္ဍာရီလာ သွေးဘိုးဘေး ငါးယောက်ကား သေဆုံးသွားခဲ့ရပြီ ဖြစ်လေသည်။
ခြောက်သွေ့ သရဖူကို ဆောင်းထားသည့် နီကိုးလပ်ဟုသော သွေးဘိုးဘေး တစ်ယောက်သာ ကျန်ရစ်၏။ သူသည် ဖြူရော်သော မျက်နှာဖြင့် သွေးပင်လယ် အထက်၌ ရပ်နေခဲ့သည်။
***