ကမ္ဘာဖျက် နျူကလိယဗုံး
Vol. 7 Ch. 692
"ဆူဆန် ... အိမ်ကို ပြန်ကြမယ်"
ငါးဖမ်းသမား လူအိုကြီး လိုဂန်သည် ငါးဖမ်း ပိုက်ကွန်ကို သိမ်းဆည်းရင်း သူ၏ သမီးအား ပြောလိုက်သည်။
သွေးပင်လယ် အနီးရှိ ရွာများတွင် နေထိုင်သော လူများသည် ငါးဖမ်း လုပ်ငန်းကို ဘိုးဘေး ဘီဘင် အဆက်ဆက် လုပ်ကိုင်ခဲ့ကြသည်။ သွေးပင်လယ်၌ ရေနေ သတ္တဝါများ မရှင်သန် နိုင်သော်လည်း အချို့ နေရာများ၌ အရသာ ရှိသော ငါးဖြူလေးများ တွေ့ရတတ်သည်။
ဆူဆန်က တစ်ခုခုပြောရန် ဟန်ပြင်လိုက်စဉ် မှာပင် သူမ၏ မျက်လုံးများက သွေးပင်လယ် ဗဟိုတွင် ဖြစ်ပေါ်လာသော မှိုပွင့်သဏ္ဌာန် တိမ်စိုင်ကြီးကို သတိပြုမိသွား၏။
"အဖေ ... အဲဒါကြီးက ဘာလဲ"
ဆူဆန်၏ လက်ညှိုးထိုးပြရင်း အဘိုးအိုအား မေးလိုက်သည်။
အဘိုးအို လိုဂန်က နောက်လှည့်ရင်း သမီးဖြစ်သူ ညွှန်ပြရာသို့ ကြည့်လိုက်၏။ ရုတ်တရက် သူ၏ ခန္ဓာကိုယ်က တောင့်တင်းကာ အေးခဲသွားသည်။
"နျူကလိယဗုံး ... အဲဒါက နျူကလိယဗုံးပဲ ... တတိယ ကမ္ဘာစစ်က စနေပြီလား"
သူတို့သာလျှင် မဟုတ်ချေ။
သွေးပင်လယ် ကမ်းရိုးတန်း အနီး၌ နေထိုင်တိုင်းမှာ ထို လှပသော မှိုပွင့်သဏ္ဌာန် တိမ်စိုင်ကြီးကို တွေ့မြင်ကြရ၏။
တစ်ချိန်တည်းတွင် မဟာ အင်အားကြီး နိုင်ငံများ၏ စစ်စခန်းများ အတွင်း အချက်ပေးသံများ ဆူညံသွားသည်။
"ဘာတွေ ဖြစ်နေတာလဲ ...”
ဒါရိုက်တာရှောင်က အချက်ပေး အမှတ်အသားကို ကြည့်ကာ မျက်မှောင်ကြုတ် လိုက်သည်။
"ကမ္ဘာ လေထု အတွင်းမှာ နျူကလိယ ပေါက်ကွဲမှု တစ်ခု ဖြစ်သွားတာပါ ... ခန့်မှန်းချက် အရဆို အရှေ့ ဥရောပမှာ ဖြစ်နိုင်ပါတယ်"
နျူလိယ ပေါက်ကွဲမှုမှ ဖြစ်ပေါ်လာသော တုန်ခါမှု လှိုင်းသည် သာမန် မြေငလျင်များနှင့် ကွာခြားမှု ရှိသည်။ ထို့ကြောင့် အင်အားကြီး နိုင်ငံများသည် ထိုတုန်ခါမှု လှိုင်းမှာ နျူကလိယ ပေါက်ကွဲမှုမှ လာကြောင်း လွယ်ကူစွာ ခွဲခြား နိုင်ကြ၏။
"ဒါရိုက်တာ ... ပေါက်ကွဲမှုက ရိုးမေးနီးယား မြေပြန့်ဒေသမှာ ဖြစ်သွားတာပါ ... ခန့်မှန်းခြေ ပေါက်ကွဲမှု တန်ချိန်က တစ်သန်းပါ"
ပျံလွှားနီလေးက အစည်းအဝေး ခန်းမအတွင်း ပြေးဝင်လာရင်း တင်ပြသည်။ သူမ၏ မျက်လုံးတွင်မူ စိုးရိမ် ပူပန်ခြင်းများက ယှက်သန်းနေ၏။
"အဲဒါက သွေးပင်လယ် တည်ရှိတဲ့ နေရာပါ ... ထောက်လှမ်းရေးတွေရဲ့ စကား အရဆို ချန်းပေ့ရွှမ်းကလည်း သွေးပင်လယ်ကို သွားနေတာတဲ့"
"ဘယ်လို ...”
ဒါရိုက်တာရှောင်ကား လုံးဝ ရှော့ရသွား၏။ သူ၏ ပါးစပ်၌ ခဲထားသော စီးကရက်ပင် အောက်သို့ ပြုတ်ကျသွားသည်။
ထိုကဲ့သို့ ရုတ်ရုတ်သဲသဲ ဖြစ်မှုက တရုတ်နိုင်ငံ တစ်ခုတည်းတွင် မဟုတ်ချေ။ အင်္ဂလန်၊ ပြင်သစ် စသည်ဖြင့် တစ်ကမ္ဘာလုံးရှိ နိုင်ငံများ၌ ဖြစ်ပျက် သွားခဲ့ခြင်း ဖြစ်သည်။
တစ်ချိန်တည်း၌ အင်တာနက် ပေါ်တွင်လည်း ဆွေးနွေးမှုများ မြင့်တက်နေ၏။ တစ်စုံ တစ်ယောက် တင်ထားသော ပေါက်ကွဲမှု ဗီဒီယို ဖိုင်က အလွန် မြင့်မားသော အရှိန်ဖြင့် ပျံ့နှံ့နေသည်။
"ဘုရားသခင် ... ဒါက တကယ့်ကို နျူကလိယ ပေါက်ကွဲမှုပဲ"
"မှို တိမ်တောင်ရဲ့ အမြင့် အရဆို အဲဒါက ပေါက်ကွဲမှု တန်ချိန် မီလျံချီတဲ့ ဟိုက်ဒရိုဂျင်ဗုံး ဖြစ်လောက်တယ် ... သူတို့က ဘာလို့ နျူကလိယ ချရတာလဲ ... ရုရှားက ဥရောပကို တိုက်ခိုက်နေတာလား"
"အမေရိကန်က ဂြိုဟ်သားတွေ ဒါမှမဟုတ် မွန်းစတားတွေကို သတ်ဖို့ နျူကလိယဗုံး ချတာရော မဖြစ်နိုင်ဘူးလား ...”
မရေမတွက်နိုင်သော လူများက မှတ်ချက် အမျိုးမျိုးကို အင်တာနက် ပေါ်တွင် ဝေဖန် ရေးသားကြ၏။
***
ရန်ကျင်းတွင် ...
ရှု့ယုံဖေးသည် မှန်ရှေ့တွင် ထိုင်ကာ အလှပြင် နေ၏။ ရုတ်တရက် သူမ၏ BFF နင်ရှင်းက ထအော်လိုက်သည်။
"ဖေးဖေး ... ဒီကို ကြည့်စမ်း ... ရိုမေးနီးယားမှာ နျူကလိယဗုံး တစ်လုံး ပေါက်ကွဲ သွားတယ် တဲ့"
"ဟမ် ...”
ရှု့ယုံဖေးက ကပျာကယာ ထ၍ နင်ရှင်း၏ ဖုန်းကို လုယူကာ ကြည့်လိုက်သည်။
***
ကျင်းမြို့တော် ...
ချန်းဟွိုက်အန်းသည် သစ်ပင်အောက်တွင် တိတ်ဆိတ်စွာ ထိုင်၍ လေ့ကျင့်နေသည်။ ရုတ်တရက် ချန်းကောကောက သူမ၏ တက်ပလက်နှင့် အတူ ပြေးလာ၏။
"အဘိုး ... ဥရောပမှာ နျူကလိယ ပေါက်ကွဲမှု ဖြစ်သွားတယ်တဲ့"
"ဟမ် ...”
ချန်းဟွိုက်အန်းက မျက်မှောင်ကြုတ်ကာ တက်ပလက်အား ကြည့်လိုက်သည်။ ပေါက်ကွဲမှု တည်နေရာကို မြင်သည်နှင့် သူသည် စိုးရိမ်သွား၏။
"အဲဒါက သွေးပင်လယ် တည်ရှိတဲ့ နေရာမလား"
***
ကျောင်းဟိုင်တွင် ...
ဝမ်ရှောက်ယွင် စီးပွားရေး လုပ်ငန်းများဖြင့် အလုပ်များနေစဉ် အန်ရာ ရောက်ရှိလာ၏။
"ဘာဖြစ်လို့လဲ ...”
ဝမ်ရှောက်ယွင်က အန်ရာ၏ စိုးရိမ် ပူပန် နေဟန်ရသော ပုံစံကို ကြည့်ကာ မေးလိုက်သည်။
"အမေ ... ရှောင်ဖန်က ရိုမေးနီးယားကို သွားပြီး သွေးပင်လယ်ကို သွားရှာတာ မလား"
"ဟုတ်တယ်လေ ... ဘာဖြစ်လို့လဲ"
ဝမ်ရှောက်ယွင်၏ အဖြေကို ကြားသည်နှင့် အန်ရာ၏ မျက်နှာက ရုတ်ခြည်း ဖြူရော် သွားတော့သည်။
***
ထိုအချိန် ရိုမေးနီးယား သွေးပင်လယ် ကမ်းရိုးတန်း တစ်နေရာတွင် ...
မျက်လုံးပြာပြာ၊ ခေါင်းတုံး တစ်စုသည် မှို သဏ္ဌာန် တိမ်တိုက်ကြီးကို အဝေးမှ နေ၍ ငေးမော ကြည့်နေကြ၏။ သူတို့၏ ရင်ဘတ်များတွင် စတားဝါး ကော်ပိုရေးရှင်း၏ အမှတ် တံဆိပ် ကြယ်ပွင့် သဏ္ဌာန် ရှိနေသည်။
"ဒီတစ်ကြိမ်တော့ ချန်းပေ့ရွှမ်း လွတ်မှာ မဟုတ်တော့ဘူး ...”
ခေါင်းတုံး တစ်ယောက်က ဆိုလိုက်သည်။
"ဥရောပကို အရူးလုပ် နေရတာနဲ့ နျူကလိယ လက်နက် များများစားစား ငါတို့ ယူမလာနိုင်ခဲ့ဘူး ... နောက်ပြီး ချန်းပေ့ရွှမ်းရဲ့ နတ်ဘုရား စိတ်အာရုံက အရမ်းကို အစွမ်းထက်တယ် ... ဒါကြောင့် သူ သွေးပင်လယ် အနက်ပိုင်းကို ဆင်းသွားမှပဲ ငါတို့ဗုံးကို သုံးနိုင်ခဲ့တာ ... ဘာပဲ ဖြစ်ဖြစ်လေ ပေါက်ကွဲမှု ဗဟိုနားမှာ မရှိဘူး ဆိုပေမဲ့ အပူချိန်ကြောင့် သူ သေမှာ သေချာတယ်"
အခြား ခေါင်းတုံး တစ်ယောက်က ဆိုလိုက်သည်။
"ဘယ်သူမှ နျူကလိယ ပေါက်ကွဲမှုကနေ မလွတ်နိုင်ဘူး ... အခု ငါတို့ ခေါင်းဆောင်တွေကို ဆက်သွယ်ပြီး မြောက်ပိုင်းချုံးနဲ့ စာရင်းရှင်းကြတာပေါ့"
ခေါင်းတုံး အုပ်စု၏ ခေါင်းဆောင်က သေချာသော လေသံဖြင့် ဆိုလိုက်သည်။
ထို့နောက် သူတို့ အုပ်စုသည် နောက်သို့လှည့်ကာ ထွက်ခွာ သွားကြတော့၏။
ပညာရှိ လူကြီးများအဖွဲ့ ပြန်သွားသည်နှင့် ကမ္ဘာပျက်လောက်သော သတင်း တစ်ခုက အမှောင် ကမ္ဘာတွင် ပျံ့နှံ့၍ လာသည်။
ထို သတင်းကား ... “စတားဝါး ကော်ပိုရေးရှင်းသည် ချန်းပေ့ရွှမ်းကို သုတ်သင်ရန် အတွက် ပေါက်ကွဲမှု တန်ချိန် တစ်သန်း ရှိသော နျူကလိယဗုံးကို သွေးပင်လယ်သို့ ကြဲချခဲ့သည်" ဟူ၍ပင်။
"ဘာကြီး ...”
တစ်ကမ္ဘာလုံး ဆွံ့အ မှင်တက် သွားလေ၏။
"ချန်းပေ့ရွှမ်းလား ...”
မြေအောက် ကမ္ဘာ အင်တာနက် ဖိုရမ် တစ်ခုလုံး ဆွေးနွေးမှုများဖြင့် ပြည့်နှက်၍ သွားလေ၏။
ချန်းပေ့ရွှမ်း ...
သူကား ခွန်ရှု့ နယ်မြေ၏ မြေကမ္ဘာ အဆင့်များကို အနိုင်ယူခဲ့သည့် ကမ္ဘာ့အစွမ်း အထက်ဆုံး လူသား ဖြစ်သည်။ မဟာ အင်အားကြီး နိုင်ငံများပင် သူ့အား ကြောက်လန့်ရ၏။
သို့သော်လည်း ယခုတွင်မူ အမေရိကန် စတားဝါး ကော်ပိုရေးရှင်းက ချန်းပေ့ရွှမ်းအား နျူကလိယဗုံးဖြင့် သတ်ဖြတ်ခဲ့သည်။ ထိုအရာက မည်သို့သော အဓိပ္ပာယ်နည်း။
"နေဦး ... စတားဝါး ကော်ပိုရေးရှင်းက နျူကလိယ ဗုံးကို ဘယ်ကနေ ရတာလဲ"
တစ်ယောက်က မေးသည်။
"စတားဝါး ကော်ပိုရေးရှင်းက အမေရိကန် စစ်တပ်နဲ့ ပတ်သက်နေတာ မင်း မသိဘူးလား ... ဒီကိစ္စ လုပ်တဲ့လူက အမေရိကန် ပဲပေါ့"
အခြား တစ်ယောက်က ဆိုသည်။
"ချန်းပေ့ရွှမ်း တစ်ခါတည်း သေသွားရင် တော်တာပေါ့ ... သူသာ ဆက်ပြီး အသက်ရှင် နေသေးရင် တတိယ ကမ္ဘာစစ် ဖြစ်မှာ သေချာတယ်"
အချို့က စိတ်ပူစွာ ရေရွတ်ကြသည်။
သို့သော်လည်း အများစုကမူ နျူကလိယ ပေါက်ကွဲမှုတွင် ချန်းဖန် ကျိန်းသေ သေပြီဟု ယုံကြည်ကြသည်။
"နောက်ဆုံးတော့ ချန်းပေ့ရွှမ်း သေပြီပဲ"
များစွာသော ဥရောပ နိုင်ငံများသည် ထို သတင်းကို ကြားသည်နှင့် ကျေနပ် နေကြ၏။ ဂျပန် ဝန်ကြီးချုပ် ဆိုလျှင် နတ်ဆိုး သေပြီဟုပင် ပေါ်တင် ကြေညာခဲ့လေသည်။
တစ်ချိန်တည်း၌ မြောက်ပိုင်းချုံးမှာမူ တိတ်ဆိတ် နေခဲ့သည်။
"တကယ်ကြီးလား ... ငါ အိပ်မက် မက်နေတာလား"
ယုဝမ်ကျင်းသည် ကြားရသော သတင်းကို မယုံကြည်နိုင်ချေ။
"ရှောင်ဖန်က သွေးပင်လယ်ကို ရှာဖွေဖို့ ရိုမေးနီးယားကို တကယ်ပဲ သွားခဲ့တာ"
ဝမ်ရှောက်ယွင်က ဝမ်းနည်းစွာ ဆိုသည်။
"သောက် စတားဝါး ကော်ပိုရေးရှင်း ... ချီး အမေရိကန်"
အားရှို့ကား အလွန်အမင်း ဒေါသထွက် နေခဲ့သည်။ သူမသည် အမေရိကန်သို့ သွား၍ စတားဝါး ကော်ပိုရေးရှင်းကို တိုက်ခိုက်ရန် စိုင်းပြင်းနေ၏။
"စိတ်မပူပါနဲ့ ... ဆရာက နတ်ဘုရားပဲ ... သူ အဆင်ပြေမှာပါ"
ဟွာရန်ဖန်းက ထုံးစံအတိုင်း အခြား လူများကို နှစ်သိမ့်ရန် ကြိုးစားသည်။ သို့သော် ယခု တစ်ကြိမ်တွင်မူ သူသည် ချန်းဖန် အဆင်ပြေ လိမ့်မည်ဟု အလုံးစုံ ယုံကြည်မှု မရှိချေ။
"ရှောင်ဖန် လုပ်နိုင်တယ်လို့ ယုံကြည် လိုက်ကြစို့ ... ငါတို့ အခု လုပ်နိုင်တာက ငါတို့ကိုယ် ငါတို့ လုံခြုံအောင် နေပြီး ရှောင်ဖန် ပြန်လာတာကို စောင့်ဖိုပဲ"
ချန်းဟွိုက်အန်းက တည်ငြိမ်စွာ ဆိုလိုက်သည်။ သူ၏ စကားက သွေးဆူနေသော လူများအား အနည်းငယ် သက်သာရာ ရစေသည်။
ထို့နောက် ဝမ်ရှောက်ယွင်က တစ်စုံ တစ်ခုကို သတိရကာ ရုတ်တရက် ထအော်လိုက်၏။
"မကောင်းတော့ဘူး ... ဖန့်ချုံးက အခုက အမေရိကန်ကို အလုပ်ကိစ္စ တစ်ခုနဲ့ သွားနေတာ ... လေယာဉ်တောင် ထွက်သွားပြီ ... သူနဲ့တွဲပြီး အလုပ်လုပ်တဲ့ ကုမ္ပဏီက စတားဝါး ကော်ပိုရေးရှင်း ဖြစ်ဖို့ များတယ်"
"ဘယ်လို ...”
လူတိုင်း ဆွံ့အ သွားကြသည်။
***
ထိုအချိန် ရိုမေးနီးယား သွေးပင်လယ် အနက်ပိုင်း ရှေးဟောင်းတံခါးတွင် ...
မီတာ ဒါဇင်ဂဏန်းခန့် ရှိသော အဇူရာ ပိုးအိမ်ကြီး တစ်ခုသည် ကမ္ဘာဦး ဧရာမ ငှက်ကြီးများ၏ ဥတစ်ခုအလား ကြမ်းပြင်၌ လဲလျောင်းနေ၏။
အငွေ့ပြန်သွားသော သွေးပင်လယ်သည် ကြီးမားသော ချောက်ကြီး တစ်ခု အနေဖြင့် နျူကလိယဗုံး မည်မျှ အင်အားကြီးကြောင်း ဖော်ပြနေသည်။
"ခရက် ...”
ရုတ်တရက် အဇူရာ ပိုးအိမ်က လှုပ်ရှားသွား၏။ ထို့နောက် ပိုးအိမ်၏ အခွံက အနည်းငယ် ကွဲအက်ကာ လက်တစ်ဖက် ထွက်ပေါ်လာသည်။
***