ကမ္ဘာမှာ ချန်းပေ့ရွှမ်း မရှိတော့ဘူး
Vol. 7 Ch. 693
"ခရက် ...”
အဇူရာ ပိုးအိမ်သည် ကွဲအက်သွားကာ ပုံရိပ် နှစ်ခု ထွက်ပေါ်လာသည်။
သူတို့ကား ရွှေရောင် အလင်းများ ဝန်းရံနေသည့် ချန်းဖန်နှင့် မာကျူရီ ဝတ်စုံကို ဝတ်ဆင်ထားသော ကျန်းချူရန်တို့ပင် ဖြစ်လေသည်။
"ဟူး ...”
ချန်းဖန်က သူ၏ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။
"ခရက် ...”
ရွှေရောင် မီးတောက် အကာအကွယ်သည် တဖြည်းဖြည်း ကွဲအက် ပျောက်ကွယ်ကာ ချန်းဖန်၏ အပြစ် အနာဆာ ကင်းသော ခန္ဓာကိုယ် ပေါ်ထွက်လာ၏။
ထိုအခိုက်အတန့်၌ ချန်းဖန်ကား မိမွေးတိုင်း၊ ဖမွေးတိုင်း ဖြစ်သည်။
သူ ဝတ်ဆင်ခဲ့သော အဝတ်အစားများသည် နျူကလိယ ပေါက်ကွဲမှုတွင် ပျက်စီးသွားခဲ့ပြီ ဖြစ်လေသည်။
"ခရက် ...”
ချန်းဖန်၏ ခရိုင်စတယ် အလား ကြည်လင်သော ခန္ဓာကိုယ်သည် အနည်းငယ် ကွဲအက်လာ၏။ ထိုအက်ကြောင်းများသည် ပင့်ကူမျှင်ကဲ့သို့ သေးငယ်သော်လည်း ချန်းဖန်၏ ခန္ဓာကိုယ် နေရာ အနှံ့တွင် ဖြန့်ကြက်နေခြင်း ဖြစ်သည်။
နျူကလိယကား အလွန်ပင် အစွမ်းထက် လွန်းလှသည်။
ပေါက်ကွဲမှု အတွင်း ချန်းဖန်သည် ဗဟို နေရာ၌ ရှိမနေသည့်တိုင် ဒီဂရီ သန်းရာချီသော အပူချိန်ကို ခံစားခဲ့ရသည်။ ထိုအရာကို ခုခံရန်အတွက် ချန်းဖန်သည် သူ၏ စွမ်းအား တစ်ဝက်ခန့်ကို စွန့်လွှတ်ခဲ့ရသည်။
"ငါသာ တစ်ယောက်တည်း ဆိုရင် ဒဏ်ရာရမှာ မဟုတ်ဘူး ...”
ချန်းဖန်က သက်ပြင်းချလိုက်သည်။ ထို့နောက် သူသည် ငွေရောင် အလင်းများ ခြံရံနေသည့် မိန်းကလေးအား ကြည့်လိုက်၏။
နျူကလိယဗုံး ပေါက်ကွဲသည့် အချိန်၌ ချန်းဖန်သည် ကျန်းချူရန်ကို လက်မောင်းများ အတွင်း ဆွဲသွင်းကာ အကာအကွယ် နတ်ဘုရား စွမ်းအားကို ချက်ချင်း ထုတ်ဖော်ခဲ့သည်။ ထို့အပြင် သူသည် မာကျူရီ ဝတ်စုံဖြင့် ကျန်းချူရန်၏ ခန္ဓာကိုယ်ကို ဖုံးကွယ် ပေးခဲ့သည်။
ထိုမာကျူရီ ဝတ်စုံသည် အမေရိကန်”နတ်ဘုရား သတ်ဖြတ်ရေး အဖွဲ့" နှင့် တိုက်ပွဲတွင် ရရှိထားသော ရတနာ ဖြစ်သည်။
ထိုအရာသည် ချန်းဖန်၏ အကြိမ်ကြိမ် သန့်စင်မှုများ အောက်၌ ပိုမို အစွမ်းထက်နေပြီ ဖြစ်သည်။
မြေကမ္ဘာ အဆင့်သို့ တက်လှမ်းပြီးနောက် ချန်းဖန်သည် ထို ဝတ်စုံကို ဝိညာဉ် ရတနာကဲ့သို့ အစွမ်းထက်သည် အထိ သန့်စင် နိုင်ခဲ့သည်။
အကယ်၍ သူသာ ထိုဝတ်စုံကို ဝတ်ထားပါက နျူကလိယဗုံးကိုပင် မှုစရာ လိုမည် မဟုတ်တော့ချေ။ သို့သော်လည်း သူ့တွင် ကာကွယ်စရာ ကျန်းချူရန်နှင့် ရှေးဟောင်း တံခါးတို့ ရှိနေခဲ့သည်။
"ကံမကောင်းတာပဲ ... ငါ ကျန်းချူရန် တစ်ယောက်ကိုပဲ ကာကွယ် နိုင်လိုက်တယ် ... နေရာ ကူးပြောင်းရေး အစီအရင်ကို မကာကွယ် နိုင်လိုက်ဘူး"
ချန်းဖန်က ညည်းညူရင်း ရှေးဟောင်း တံခါးအား ကြည့်လိုက်၏။ ထိုတံခါးကား အဖြူရောင် အရိုးပုံ အဖြစ် ပြောင်းလဲနေပြီ ဖြစ်လေသည်။
"စတားဝါး ကော်ပိုရေးရှင်း ... အမေရိကန်"
ထိုနာမည် နှစ်ခုကို စဉ်းစားမိသည်နှင့် ချန်းဖန်၏ မျက်လုံးများက အေးစက်၍ သွား၏။
သူသည် ပြန်လည် မွေးဖွားလာချိန်မှ စ၍ တစ်ကြိမ် တစ်ခါမျှ မရှုံးနိမ့်ခဲ့ချေ။ ရေခဲဝံပုလွေ တောင်ကြား တိုက်ခိုက်မှုတွင်ပင် သူ အသက်ရှင် လွတ်မြောက်ခဲ့သည်။ သို့သော် ယခု တိုက်ခိုက်ခံရမှုက သူ့အား သတ်လုဆဲဆဲ အထိ ဖြစ်ခဲ့သည်။
"အရင်ဆုံး နေရာတစ်ခု ရှာပြီး ဒဏ်ရာတွေကို ပြန်ကုစားရမယ် ... နောက်ပြီးမှ လက်စားချေမယ်"
ချန်းဖန်သည် ချက်ချင်းပင် ထိုင်ရာမှ ထ၍ ကျန်းချူရန်အား အဝါရောင် အလင်းဖြင့် ဝန်းရံ စေလိုက်သည်။
"ဟူး ... ဟူး ...”
ပျံသန်းလာ၍ မကြာခင်မှာပင် ချန်းဖန်သည် ချိုင့်ဝှမ်း တစ်ခုကို တွေ့လိုက်ရသည်။ ထို ချိုင့်ဝှမ်းသည် ရိုမေးနီးယား အရှေ့ပိုင်းတွင် တည်ရှိပြီး လုံခြုံ၏။
ချန်းဖန်သည် ထိုတောင်ကြားတွင် ဆင်းသက်ကာ အထပ်ထပ်သော အစီအရင်များကို ချလိုက်သည်။ ထို့နောက် သူသည် ချိုင့်ဝှမ်း ဗဟို၌ ထိုင်ရင်း ပြန်လည် ကုစားမှု ဖြစ်စဉ်ကို စတင်လိုက်တော့၏။
ယခု တစ်ကြိမ်၌ ချန်းဖန်သည် အတော်လေး အထိနာသွားခြင်း ဖြစ်လေသည်။
သူ၏ ရွှေရောင်မီးတောက် ဝတ်စုံ အပိုင်းပိုင်း အစစ ပျက်စီး သွားရသလို နတ်ဘုရား ခန္ဓာကိုယ်သည်လည်း အက်ကွဲသွားသည်။ ချန်းဖန် အနေဖြင့် ထိုဒဏ်ရာများကို ကုစားရန် လအနည်းငယ်ခန့် ယူရမည် ဖြစ်လေသည်။
"ဟူး ... ဟူး ...”
သန်မာသော သစ်သားချီများက အရပ်မျက်နှာ ပေါင်းစုံမှ နေ၍ ချန်းဖန်ထံသို့ စုစည်း လာနေ၏။
အချိန်များ တဖြည်းဖြည်း ကြာလာသည်နှင့် အမျှ ချန်းဖန်၏ ခန္ဓာကိုယ် အပေါ်မှ အက်ကွဲကြောင်းများသည် တဖြည်းဖြည်း ပျောက်ကွယ်လာ၏။ သူ၏ သလင်းကျောက် အလား ကြည်လင်သော ခန္ဓာကိုယ်သည်လည်း ပြန်လည်၍ ကြည်လင်လာလေသည်။
ချန်းဖန် ဒဏ်ရာကုသနေသည့် အတောအတွင်း အပြင်ကမ္ဘာတွင်မူ ကြီးမားသော လှုပ်ရှားမှုများ ဖြစ်ပေါ်နေသည်။
နောက်တစ်နေ့၌ ...
အမေရိကန် စစ်တပ်၏ ပြောရေးဆိုခွင့် ရှိသူသည် ရိုမေးနီးယား၌ စစ်ရေး လေ့ကျင့်မှု တစ်ခု ပြုလုပ်ခဲ့သည်ဟု ကြေညာသည်။
ဥရောပ နိုင်ငံများသည် နယ်ကျော်သော အမေရိကန်၏ လုပ်ရပ်ကို စိတ်ခု မိသည့်တိုင် ဘာမျှ ဝင်မပြောကြချေ။
မည်သို့ပင် ဆိုစေ အမေရိကန်၏ လုပ်ရပ်သည် သူတို့၏ အကြီးမားဆုံး ရန်သူကို သုတ်သင်ရန် ကြိုးစားခြင်းသာ ဖြစ်သည် မဟုတ်ပါလား။
တစ်ချိန်တည်းတွင် မြေအောက်ကမ္ဘာ တစ်ခုလုံးမှာမူ တုန်လှုပ်နေကြ၏။ အမေရိကန် ရည်ညွှန်းသော”စစ်ရေး လေ့ကျင့်မှု" သည် ချန်းဖန်ကို တိုက်ခိုက်ခြင်း ဖြစ်ကြောင်း သူတို့ ကောင်းစွာ သိကြ၏။
နောက်ရက်များ အတွင်း၌ စတားဝါး ကော်ပိုရေးရှင်းသည် သွေးပင်လယ်သို့ လူများ စေလွှတ်၍ ချန်းဖန် အသက်ရှင်၊ မရှင်ကို စစ်ဆေး စေသည်။ သို့သော်လည်း မည်သည့် ထူးခြားမှုမျှ မရှိဘဲ တိတ်ဆိတ် ခြောက်ကပ်နေသော သွေးပင်လယ်ကသာ သူတို့ကို ဆီးကြိုနေခဲ့၏။
ဤသို့ဖြင့် တဖြည်းဖြည်း အချိန်များ ကုန်ဆုံး လာနေခဲ့သည်။
တစ်ရက် ...
နှစ်ရက် ...
သုံးရက် ...
ချန်းဖန်က ပြန်ပေါ်လာခြင်း အလျှင်း မရှိခဲ့ချေ။
"ချန်းပေ့ရွှမ်းတော့ သေသွားပြီ ထင်တယ်"
လူအများက စတင်၍ အခိုင်အမာ ပြောဆို လာကြသည်။
"ရေခဲဝံပုလွေ ချိုင့်ဝှမ်းတုန်းက ကိစ္စကို မမေ့နဲ့ဦး ...”
အချို့က စိုးရိမ်စွာဖြင့် အတိတ်က ဖြစ်ရပ်ကို ပြန်လှန်ကာ သတိပေး ကြသည်။
သို့သော်လည်း လူ အများစုက ထိုအရာကို ဂရုမစိုက်ကြချေ။ သာမန် နျူကလိယ ဗုံးက ပေါက်ကွဲမှု တန်ချိန် သန်းချီသော နျူကလိယ ပေါက်ကွဲမှုကို မည်ကဲ့သို့ ယှဉ်နိုင်ပါမည်နည်း။
"ချန်းပေ့ရွှမ်းက တကယ့်ကို သွေးပင်လယ်ကို သွားခဲ့တယ် ... နောက်ပြီး သူက အစစ်အမှန် နတ်ဘုရား မဖြစ်သေးဘူး ... ဒီတော့ သူ ဘယ်လိုမှ အသက်ရှင် လွတ်မြောက်ဖို့ မဖြစ်နိုင်ဘူး"
ခရစ်ယာန် ဘုရားကျောင်း၏ သူတော်စင် ဖရန်စစ်က ပြောသည်။ ထိုစကား ပျံ့နှံ့သွားသည်နှင့် လူတိုင်းက ချန်းဖန် သေပြီဟု စတင်ကာ လက်ခံ လာကြ၏။
သူတော်စင် ဖရန်စစ်ကား ခရစ်ယာန် ဘုရားကျောင်း၏ ဒဏ္ဍာရီလာ ပုဂ္ဂိုလ် တစ်ယောက် ဖြစ်သည်။ သူ၏ စကားက မမှားနိုင်ချေ။
"ဒီနေ့က စလို့ ကမ္ဘာမှာ ချန်းပေ့ရွှမ်း မရှိတော့ဘူး"
မြေအောက် ကမ္ဘာ အင်တာနက် ဖိုရမ်ရှိ လူတိုင်းသည် ကြေကွဲ ဝမ်းနည်းမှုကို ခံစား ကြရလေ၏။
သူတို့သည် ကမ္ဘာ့ အစွမ်း အထက်ဆုံး ဖြစ်လာသည် အထိ ချန်းဖန်၏ ကြီးပြင်းမှုကို မြင်ခဲ့ရသော လူများ ဖြစ်သည်။ သို့သော်လည်း ယခုတွင်မူ ထိုသို့သော ဂန္ထဝင် တစ်ယောက်ကား ကြေလွင့် သွားရှာခဲ့ပြီ ဖြစ်လေသည်။
"နောက်ဆုံးတော့လည်း အမေရိကန်က ကမ္ဘာ့ အင်အား အကြီးဆုံး အဖွဲ့ပါပဲလေ ... သူတို့ရဲ့ လက်နက်တွေက အရမ်းကို ကြောက်ဖို့ ကောင်းလွန်းတယ်"
များစွာသော နိုင်ငံ ခေါင်းဆောင်များသည် အမေရိကန်သို့ ကိုယ်စားလှယ်များ စေလွှတ်၍ ဂုဏ်ယူကြောင်း သဝဏ်လွှာများ ပို့ကြ၏။
ဂျပန် ဝန်ကြီးချုပ်က အမေရိကန်သည် နတ်ဆိုးကို သတ်ပြီး လူသား မျိုးနွယ်ကို ကာကွယ်ခဲ့သူ ဖြစ်ကြောင်း ချီးမွမ်း၏။
ပြင်သစ် သမ္မတက အမေရိကန်သည် မှန်ကန်သော လုပ်ရပ်ကို လုပ်ခဲ့ခြင်း ဖြစ်ကြောင်း ထောက်ခံသည်။
ဗြိတိသျှ ဝန်ကြီးချုပ်ကလည်း အမေရိကန်သည်သာ ကမ္ဘာ၏ စစ်မှန်သော ခေါင်းဆောင် ဖြစ်သည်ဟု ထုတ်ပြန်၏။
မကြာခင် အမေရိကန်သည်”မြောက်ပိုင်းချုံး" မှာ ထောင်ပေါင်း များစွာသော လူ သေဆုံးများကို ဖြစ်ပေါ် စေခဲ့သည့် တရားမဝင် ကုမ္ပဏီ တစ်ခုဟု ကြေညာသည်။
စီအိုင်အေသည် လုပ်ငန်း ကိစ္စဖြင့် အမေရိကန်သို့ ရောက်နေသည့် မြောက်ပိုင်းချုံး စီအီးအို ဖန့်ချုံးကို ထိန်းသိမ်းကာ ပြစ်မှုပေါင်း ငါးဆယ်ဖြင့် တရားစွဲ၏။
မြောက်အမေရိက၊ တောင်အမေရိကနှင့် ဥရောပရှိ မြောက်ပိုင်းချုံး၏ အကိုင်းအခက် များကိုလည်း ဒေသခံ အစိုးရက ပိတ်သိမ်းပစ်သည်။
ကျင်းမြို့တော် ...
မြောက်ပိုင်းချုံး၏ စီနီယာများနှင့် ချန်းမိသားစုဝင်များသည် အရှေ့တောင် ခြံဝင်းတွင် စုစည်းနေကြသည်။
"ရှောင်ချုံး အကြောင်း ဘာကြားသေးလဲ"
ဝမ်ရှောက်ယွင်က စိတ်ပူစွာဖြင့် မေးလိုက်သည်။
"ရှောင်ချုံးက လေယာဉ်ကနေ ဆင်းတာနဲ့ ထိန်းသိမ်းခံ လိုက်ရတယ်တဲ့ ... စီအိုင်အေက သူတို့လူ ဆယ်ယောက်နဲ့ ဝိညာဉ်စွမ်းအင် ဆရာ တစ်ယောက်ကို ကြိုတင်ပြီး စောင့်ခိုင်းထားတာလို့ သတင်းရတယ်"
ဟွာရန်ဖန်းက ဆိုသည်။
"ခွေး စီအိုင်အေ ...”
အားရှို့က သူမ အရှေ့ရှိ စားပွဲကို ရိုက်ချိုးရင်း ဒေါသတကြီး ပြောလိုက်သည်။
"ကျွန်မတို့ သူ့ကို သွားကယ်ကြရအောင်"
"မဖြစ်နိုင်ဘူး ...”
ချန်းဟွိုက်အန်းက ခေါင်းအား ခါယမ်းလိုက်၏။
"အမေရိကန်က ဖန့်ချုံးကို သူတို့ရဲ့ အလုံခြုံဆုံး နေရာမှာ ထားမှာ သေချာတယ် ... ပြီးတော့ ဖန့်ချုံးက သူတို့ရဲ့ ဝှက်ဖဲပဲ ... ချန်းဖန်သာ အသက်ရှင် နေသေးရင် သူတို့က ဖန့်ချုံးကို သုံးပြီး ဓားစာခံ လုပ်ကြမှာ"
ထိုစကားအား ကြားသည်နှင့် လူတိုင်း တိတ်ဆိတ် သွားကြ၏။
"နဂါးခန်းမ အခြေအနေရော ဘယ်လိုလဲ"
တစ်ခဏမျှ အကြာ၌ ဝမ်ရှောက်ယွင်က မေးလိုက်သည်။
"မကောင်းဘူး ... အမေရိကန် စစ်တပ်တွေ စင်္ကာပူကို ရောက်နေကြပြီ ... ရှဲ့ရန်ကတော့ သူ့ တပည့်တွေကို ခေါ်ပြီး စင်္ကာပူကနေ ထွက်သွားပြီတဲ့"
မကြာခင်မှာပင် အခြား သတင်းဆိုး တစ်ခု ရောက်လာပြန်၏။
ထိုင်းသည် မဟာမိတ်အဖွဲ့ ဖွဲ့စည်း၍ မြန်မာအား ကျူးကျော်သည်။ သူတို့၏ ရည်ရွယ်ချက်ကား အမှောင်ကဝေ ဂိုဏ်းကို ဖျက်ဆီးရန် ဟူ၏။
"တရုတ် အစိုးရကရော ဘာပြောလဲ"
ဝမ်ရှောက်ယွင်က ဖြူရော်စွာ မေးလိုက်သည်။
"ငါတို့က အခု ကမ္ဘာပေါ်မှာ ရှိတဲ့ နိုင်ငံ အားလုံး နီးပါးနဲ့ ရင်ဆိုင်နေရတာလေ ... သူတို့က ဘာလုပ် ပေးနိုင်မှာလဲ ... အလွန်ဆုံး လုပ်နိုင်တာ ဆိုလို့ ငါတို့ကို အမေရိကန်ဆီ လက်လွှဲ မပေးတာပဲ တတ်နိုင်လိမ့်မယ်"
ချန်းဟွိုက်အန်းက ခေါင်းအား ခါယမ်းရင်း ဆိုလိုက်သည်။
"အခု ငါတို့က ကိုယ့်အားကိုယ်ပဲ ကိုးရတော့မှာ"
လူတိုင်းက သက်ပြင်းချရင်း တစ်ယောက်ကို တစ်ယောက် ဖြူရော်စွာ ကြည့်လိုက် မိကြသည်။ မြောက်ပိုင်းချုံး၏ ကျဆုံးမှုက ရောက်လာတော့မည်လား။
***