← Chapters

ထူးခြားသော ပြောင်းလဲမှု

Vol. 7 Ch. 694

ထူးခြားသော ပြောင်းလဲမှု

Vol. 7 Ch. 694

၂၀၁၂၊ ဇူလိုင် ၁၅ ရက် ...

သွေးပင်လယ်၌ ပေါက်ကွဲမှု တန်ချိန် သန်းချီသော နျူကလိယ ပေါက်ကွဲ၍ ချန်းဖန် ပျောက်ဆုံးသွား၏။

၂၀၁၂၊ ဇူလိုင် ၁၆ ရက် ...

အမေရိကန်သည် မြောက်ပိုင်းချုံး စီအီးအို ဖန့်ချုံးကို ထိန်းသိမ်းကာ ပြစ်ချက် ငါးဆယ်ဖြင့် တရားစွဲသည်။

၂၀၁၂၊ ဇူလိုင် ၁၈ ရက် ...

ကမ္ဘာ အနှံ့အပြားရှိ မြောက်ပိုင်းချုံး၏ အကိုင်းအခက်များ ပိတ်သိမ်းခံရ၏။

၂၀၁၂၊ ဇူလိုင် ၂၀ ရက် ...

အမေရိကန် ကိုးခုမြောက် ရေတပ်သည် စင်္ကာပူကို ဝင်ရောက်ရာ စင်္ကာပူသည် ချက်ချင်းပင် လက်နက်ချ၏။ နဂါးခန်းမ ခေါင်းဆောင် ရှဲ့ရန်ကမူ သူ၏ တပည့်များကို ခေါ်ယူ၍ မလေးရှား သစ်တောများ အတွင်း တောခိုသွားသည်။

၂၀၁၂၊ ဇူလိုင် ၂၂ ရက် ...

အမေရိကန်၊ ဂျပန်တို့၏ ပံ့ပိုးမှုဖြင့် ထိုင်းသည် မဟာမိတ် ဖွဲ့စည်းကာ မြန်မာရှိ အမှောင် ကဝေဂိုဏ်းကို ဖျက်ဆီးရန် ပြင်ဆင်၏။

"အဖွဲ့အစည်း တစ်ခု ဘယ်လောက်ပဲ အင်အား ကြီးကြီး ... မဟာ အင်အားကြီး နိုင်ငံ တစ်ခုနဲ့ မယှဉ်နိုင်ဘူး ... အတိတ်မှာတုန်းက ငါတို့ အမေရိကန်နဲ့ တိုက်ခိုက်ဖို့ ရှောင်လွှဲခဲ့တာဟာ မတိုက်ခိုက်ချင်လို့ မဟုတ်ဘူး ... မတိုက်ခိုက် နိုင်လို့ပဲ"

သူတော်စင် ဖရန်စစ်က သက်ပြင်းချကာ ပြောသည်။ များစွာသော စီရင်သူများက ခေါင်းကို ငုံ့ရင်း ကြောက်ရွံ့စွာ နားထောင်ကြ၏။

အမေရိကန်ကား အလွန်ပင် အင်အားကြီးကာ ကမ္ဘာ၏ စိုးမိုးသူ ပီသလှသည်။

သမိုင်းတစ်လျှောက်တွင် သူတို့ စတင် လှုပ်ရှားသည်နှင့် ရန်သူအားလုံး ပြားပြားဝပ် သွားသည်ချည်း ဖြစ်၏။ ထိုအထဲ၌ ဂန္ထဝင် စိတ်တိုကြီးချန်း၏ မြောက်ပိုင်းချုံးသည်လည်း ခြွင်းချက် မဟုတ်ခဲ့ချေ။

"ချန်းပေ့ရွှမ်းက သူ့ရဲ့ စူပါလက်နက်နဲ့ ပြန်ပေါ်လာပြီး ကျွန်းတစ်ကျွန်းကို ဖျက်ဆီး ပြရင်တောင် အမေရိကန်က နောက်ဆုတ်တော့မှာ မဟုတ်ဘူး ... သူတို့က ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် ချန်းပေ့ရွှမ်းကို ဖျက်ဆီးပစ်ဖို့ ဆုံးဖြတ်ထားပြီးပြီ"

လူများစွာက ခန့်မှန်းကြ၏။

နယူးယော့ခ်မြို့ နိုင်ငံတကာ လုံခြုံရေး ကောင်စီတွင် ...

"မြောက်ပိုင်းချုံးက ထုတ်လုပ်တဲ့ ရှင်သန်ခြင်း ရေစင်က ဓာတုပစ္စည်း အလွန်အကျွံ သုံးထားတဲ့ ထုတ်ကုန် တစ်ခုပဲ ... အဲဒီ ထုတ်ကုန်ကြောင့် ကမ္ဘာမှာ ထောင်နဲ့ချီတဲ့ လူသေဆုံးမှုတွေ ဖြစ်ခဲ့တယ်"

အမေရိကန် ကိုယ်စားလှယ်က ပြောသည်။

"ရှင်သန်ခြင်း ရေစင်ကြောင့် လူသေတယ်လို့ တစ်ခါမှ မကြားမိပါဘူး ... အဲဒါက လုံခြုံပြီး အန္တရာယ် ကင်းပါတယ်"

တရုတ် ကိုယ်စားလှယ်က သူတို့၏ ပြည်တွင်း ထုတ်ကုန်အတွက် ကာကွယ် ပြောဆိုသည်။

"တစ်ခါမှ လူမသေဘူးလို့ ဘယ်သူက ပြောလဲ ... ငါတို့ နိုင်ငံမှာ ရှင်သန်ခြင်း ရေစင်ကို သောက်မိတဲ့ ပြည်သူ တစ်ရာ သုံးဆယ့် ခုနစ်ယောက် သေသွားတယ် ... အဲဒါထက် ခိုင်မာတဲ့ အထောက်အထား ရှိဦးမှာလား"

ဂျပန် ကိုယ်စားလှယ်က ထရပ်ကာ ပြောဆိုသည်။

"ငါတို့ နိုင်ငံမှာလည်း ငါးဆယ့် ကိုးယောက် သေတယ် ...”

"ငါတို့ နိုင်ငံမှာ သုံးဆယ့် ခြောက်ယောက် ...”

"ငါတို့ နိုင်ငံမှာလား ...”

အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီနှင့် အခြား နိုင်ငံများကလည်း ရှင်သန်ခြင်း ရေစင်သည် လူသတ် ထုတ်ကုန် တစ်ခု ဖြစ်ကြောင်း ထောက်ခံကြ၏။

အိန္ဒိယ ကိုယ်စားလှယ်ကပင် ရှင်သန်ခြင်း ရေစင်ကို သောက်မိသော သူတို့ ရွာသား ထောင်ပေါင်းများစွာ သေဆုံးကြောင်း ဝင်ရောက် ထောက်ခံသည်။

သို့သော်လည်း သူ၏ စကားက များစွာသော ကိုယ်စားလှယ်များကို မျက်ခုံးပင့် သွားစေသည်။ ရှင်သန်ခြင်း ရေစင်သည် အလွန် ဈေးကြီးသည့် အပြင် အိန္ဒိယတွင်လည်း ရောင်းချခြင်း မရှိချေ။

"တရုတ် အနေနဲ့ မြောက်ပိုင်းချုံး လုပ်ငန်းစု ခေါင်းဆောင်တွေကို နှစ်ပတ်အတွင်း လက်လွှဲပေးပြီး ကမ္ဘာရဲ့ ငြိမ်းချမ်းမှု အတွက် ကူညီပေးပါ"

အမေရိကန် ကိုယ်စားလှယ်က တောင်းဆိုသည်။

တစ်နည်းအားဖြင့် ထိုတောင်းဆိုမှုသည် ရာဇသံ ပေးခြင်းလည်း မည်၏။

"ထောက်ခံပါတယ် ...”

ဂျပန်က ဦးစွာ သဘောတူသည်။

"ထောက်ခံပါတယ် ...”

"ထောက်ခံပါတယ် ...”

"ထောက်ခံပါတယ် ...”

" ...“

များစွာသော နိုင်ငံများက သဘော တူညီကြသည်။ ရုရှား ကိုယ်စားလှယ် တစ်ယောက် သာလျှင် ခေါင်းကို ခါယမ်းရင်း ဝေခွဲမရ ဖြစ်နေခဲ့၏။

***

တစ်ချိန်တည်းတွင် အိုင်းမဟာ ဘုရားကျောင်း၏ ကောင်းကင်သခင်က ထုတ်ပြန်ချက် တစ်ခု ကြေညာ၏။

"မြောက်ပိုင်းချုံး လုပ်ငန်းစုတင် မကဘူး ... ချန်းပေ့ရွှမ်းကို ကူညီခဲ့တဲ့ လူတွေထဲမှာ မြောက်ပိုင်းချုံး ဂိုဏ်းရဲ့ ယူကီရှီရိုဆာ အားရှို့ ယုဝမ်ကျင်း ရှဲ့ရန် ဟွာရန်ဖန်းတို့ပါ ပါတယ် ... သူတို့ကိုပါ ကျုပ်တို့ အမှောင်ကမ္ဘာက ကိုယ်စား အပြစ်ပေးရမယ်"

"မှန်တယ် ... ငါတို့ရဲ့ ဂွန်းတူ ဘုရင်ဟာ သန့်ရှင်း ဖြူစင်တဲ့ လူတစ်ယောက်ပဲ ... ဒါပေမဲ့ ချန်းပေ့ရွှမ်းနဲ့ ရှဲ့ရန်က သူ့ကို မတရား တိုက်ခိုက်ပြီး သတ်ဖြတ်ခဲ့တယ် ... ဒီကိစ္စ အတွက် ငါတို့ အလွတ်မပြေးနိုင်ဘူး"

ထိုင်းမင်းသားကလည်း လူသိရှင်ကြား ကြေညာသည်။ အခြားသော မြေအောက် အဖွဲ့အစည်း များကလည်း ထောက်ခံကြ၏။ ချန်းဖန်သည် လွန်ခဲ့သည့် နှစ်များအတွင်း ကမ္ဘာ တစ်ဝန်း၌ များစွာသော ရန်သူများကို ပြုလုပ်ခဲ့သည်။ သူမရှိသည့် အချိန်၌ ထိုလူများသည် မြောက်ပိုင်းချုံးကို ဦးတည် လာကြခြင်း ဖြစ်လေသည်။

ခရစ်ယာန် ဘုရားကျောင်းကပင် ဤကဲ့သို့ ကြေညာ၏။

"ချန်းပေ့ရွှမ်းဟာ ခရစ်ယာန် ဘုရားကျောင်းကို ကျူးကျော်ပြီး လျှို့ဝှက် ရတနာတွေ စာအုပ်တွေကို ယူဆောင် သွားခဲ့တယ် ... အခု သူ မရှိတော့ဘူး ဆိုတော့ မြောက်ပိုင်းချုံး ဆီကနေပဲ ငါတို့ အကြွေးတောင်း ရတော့မှာပဲ"

ထိုသတင်း ထွက်ပေါ်လာသည်နှင့် အမှောင် ကမ္ဘာသားများသည် ပို၍ စိတ်အား ထက်သန် လာကြ၏။

မကြာခင်မှာပင် ... တန်ခိုးရှင် အဆင့်များ အပါအဝင် ကမ္ဘာ အရပ်ရပ်ရှိ အမှောင် ကမ္ဘာသားများသည် မြောက်ပိုင်းချုံး ဂိုဏ်းကို အမဲဖျက်ရန် ဝိုင်းအုံ လာကြတော့သည်။

***

ထိုအချိန်၌ ချန်းဖန်သည် ရိုမေးနီးယား ချိုင့်ဝှမ်း တစ်ခု၌ ပုန်းကွယ်ကာ ဒဏ်ရာများကို ပြန်လည် ကုစားနေ၏။

ယခု အချိန်၌ သူ့အတွက် အရေးအကြီးဆုံးမှာ ဒဏ်ရာ ကုသရန် ဖြစ်သည်။ နျူကလိယ လက်နက်သည် အလွန် အစွမ်းထက်ရကား သူ၏ နတ်ဘုရား ခန္ဓာပင် ပျက်စီးလုအထိ ဖြစ်ခဲ့ရသည်။

"ဟူး ... ဟူး ...”

သစ်သား ဝိညာဉ်ချီများသည် အရပ် မျက်နှာ ပေါင်းစုံမှ နေ၍ ချန်းဖန်၏ ခန္ဓာကိုယ် အတွင်း စီးဝင်နေ၏။ တစ်ချိန်တည်းတွင် ချန်းဖန်၏ ခန္ဓာကိုယ်ပေါ်ရှိ အက်ကွဲကြောင်း များသည် တဖြည်းဖြည်း မှေးမှိန်၍ လာနေခဲ့သည်။

"နှေးလိုက်တာ ... မဖြစ်သေးဘူး ဒီအတိုင်းဆို ဒဏ်ရာ အားလုံးပျောက်ဖို့ သုံးလလောက် လိုလိမ့်မယ် ... ငါ အဲဒီလောက် ကြာအောင် မစောင့်နိုင်ဘူး ... အမေရိကန်က သူတို့ရဲ့ အစီအစဉ်ကို စလိုက်ပြီ ဆိုတော့ ရပ်တော့မှာ မဟုတ်ဘူး ... ဖန့်ချုံးနဲ့ ငါ့မိဘတွေ အဆင်မှ ပြေကြရဲ့လား"

ချန်းဖန်သည် စိတ်ပူ နေခဲ့၏။

ထို့နောက် သူသည် အနည်းငယ် ချီတုံချတုံ ဖြစ်ပြီး အဆုံး၌ ဓားသန့်စင်ခြင်း ကျောက်မျက်ထဲမှ အနီရောင် ပုလဲလုံး ခြောက်ခုကို ထုတ်ယူလိုက်သည်။

ထိုပုလဲလုံးများ အတွင်း၌ အနီရောင် သွေးမီးတောက်များသည် တောက်လောင်နေ၏။

"အဲဒါက ဘာတွေလဲ ...”

ကျန်းချုရန်က မေးလာသည်။

"သွေးမျိုးဆက် အမတေတွေ ... သွေးမျိုးဆက် ခြောက်ယောက် သေတော့ သူတို့ရဲ့ ခန္ဓာကိုယ်ထဲကနေ ငါ ထုတ်ယူတားတာ ... အစက အဲဒါတွေနဲ့ ဆေးလုပ် မလို့ပဲ ... ခုတော့ အချိန် မရှိတော့ဘူး"

ရှင်းပြပြီးနောက် ချန်းဖန်က”ကောင်းကင် ဝါးမျိုခြင်း" နည်းစနစ်ကို သုံးကာ ထို သွေးပုလဲလုံးများကို ဝါးမျိုလိုက်သည်။

သွေးဘိုးဘေးများသည် ကောင်းကင်သားရဲ မျိုးဆက်များ ဖြစ်သည်။ ထို့ကြောင့် သူတို့၏ သွေးထဲ၌ နတ်ဆိုး စွမ်းအားများ စီးဆင်းနေ၏။

သူတို့၏ အမတေကို တိုက်ရိုက် ဝါးမျိုခြင်းက အနည်းငယ် ဆိုးကျိုးများ ရှိနိုင်သော်လည်း ချန်းဖန်တွင် စဉ်းစားရန် အချိန် မရှိတော့ချေ။

"ဝှစ် ...”

သွေးပုလဲလုံးများကို ဝါးမျိုပြီးသည်နှင့် ချန်းဖန်၏ ခန္ဓာကိုယ်တွင် အနီရောင် မီးတောက် တစ်ခု တောက်လောင်လာ၏။

ထိုမီးတောက်သည် အသန့်စက်ဆုံး သွေးစွမ်းအားကို သယ်ဆောင်ကာ အမှောင် စွမ်းအင်များနှင့် ပြည့်နှက်နေသည်။

"ဟီး ... ဟီး ... ဟီး ...”

တစ်ချိန်တည်းတွင် ချန်းဖန်၏ အရှေ့၌ များစွာသော မကောင်းဆိုးဝါး ပုံရိပ်ယောင်များ ပေါ်လာကာ ချန်းဖန်အား ငရဲပြည်သို့ ဆွဲချရန် ကြိုးစားကြ၏။

ချန်းဖန်ကမူ ထိုအရာများကို မကြား မမြင်သည့် အလား မီးတောက်၏ အလယ်၌ ခြေထောက်ကို ချိတ်ကာ ထိုင်နေခဲ့သည်။

"ခန္ဓာကိုယ်အား နတ်ဆိုး မီးတောက်ဖြင့် သန့်စင်ခြင်း ...”

ချန်းဖန်၏ ခန္ဓာကိုယ်သည် ငရဲမီးတောက်များ အကြား၌ ဆက်လက်၍ ကုစားနေသည်။

"ဟူး ... ဟူး ... ဟူး ...”

အချိန် ကြာလာသည်နှင့် အမျှ မီးတောက်များသည် ပိုမို၍ တောက်လောင်လာသည်။ အဆုံး၌ ချန်းဖန်သည် သွေးနီရောင် မီးတောက်၏ သန့်စင်မှုကို ခံရသော အဇူရာရောင် ကျောက်မျက် တစ်ခုအလား ပြောင်းလဲသွားသည်။

တစ်ရက် ...

နှစ်ရက် ...

သုံးရက် ...

မကြာခင်မှာပင် အချိန် ကာလသည် တစ်ပတ် ပြည့်သွား၏။ သို့သော်လည်း ချန်းဖန်ကား နိုးထလာခြင်း မရှိသေးချေ။

တစ်ပတ် ...

နှစ်ပတ် ...

သုံးပတ် ...

တစ်လ အကြာ၌ ချန်းဖန်၏ မျက်လုံးများသည် ဖြည်းညင်းစွာ ပွင့်ဟ၍ လာသည်။

ထိုမျက်လုံးများ အတွင်းတွင်မူ အစစ်အမှန် ငရဲမီးနှင့် တူသော အနီရောင် မီးတောက်က ဖြည်းညင်းစွာ လောင်ကျွမ်း၍ နေ၏။ သူ၏ ခန္ဓာကိုယ်ရှိ အက်ကြောင်းများသည် ပျောက်ကွယ် သွားပြီ ဖြစ်သည့် အပြင် ပို၍ပင် တောက်ပလာသည်။

"လက်စားချေဖို့ အချိန် ရောက်ပြီ ...”

ချန်းဖန်က ထိုင်ရာမှ ထရင်း အေးစက်စွာ ဆိုလိုက်၏။

***

All Chapters