← Chapters

လက်လျှော့ခြင်း

Vol. 019 Ch. 1855

လက်လျှော့ခြင်း

Vol. 019 Ch. 1855

"ရန်သူတွေက သူတို့ရဲ့ ဗဟိုကို ထိုးဖောက်လာနေတယ်။" တိုက်ပွဲကို စောင့်ကြည့်နေသော အဝေးမှ တစ်စုံတစ်ယောက်က ပြောလိုက်သည်။ ရီဖူရှင်းသည် တန်ခိုးရှင်များ၏ အလယ်၌ ကာကွယ်ထားခြင်း ခံရပေသည်။ သို့သော်လည်း အင်ပါယာနန် တိုက်ပွဲမှ ခေါ်သွားခံရပြီးနောက် ထျန်းရှင်းကျောင်းအုပ် ကျန့်အော့က လှုပ်ရှားလာသည်။ သူတို့၏ ခံစစ်က နောက်ဆုံးတွင် ချိုးဖျက်ခံလိုက်ရပေသည်။ ရန်သူဘက်မှ တန်ခိုးရှင်များသည် သူတို့ ကာကွယ်ထားသော အတွင်းစည်းသို့ တစ်ယောက်ပြီး တစ်ယောက် ထိုးဖောက်ဝင်ရောက်လာလေသည်။

ဤဒေသက အမှန်ပင် ကြီးမားလှပြီး ယနေ့ တိုက်ပွဲတွင် ပါဝင်ကြသောသူများမှာ အစွမ်းထက်တန်ခိုးရှင်များသာ ဖြစ်သည်။သူတို့က ရီဖူရှင်းကို ကာကွယ်ထားပြီး တိုက်ပွဲမှ အပြောင်းအလဲများက ကြောက်မက်ဖွယ် ကောင်းလှသော်လည်း သူတို့၏ တိုက်ခိုက်မှုက မိုင်ပေါင်းထောင်ချီကို လွှမ်းမိုးထားဆဲသည်။ ထို့​ကြောင့် သူတို့က ရီဖူရှင်းဘေး၌ ရှိမနေနိုင်တော့ပေမယ့် အလွန်ကျယ်ပြန့်သော လေဟာနယ်ကို  ဖြန့်ကျက် ကာကွယ်ထားနိုင်သေးသည်။

ရန်သူများက အတွင်းဘက်ထိ လမ်းဖောက်ခဲ့လျှင်ပင် ဤနေရာအဝန်းအဝိုင်းက ပြင်းထန်သော တိုက်ပွဲဖြစ်ရန် လုံလောက်နေဆဲ ဖြစ်၏။

ကောင်းကင်ထက် တိုက်ပွဲအပြင်ဘက်တတွင် သွေးနီရောင်အလင်းတို့ ရုတ်တရက် လင်းလက်လာကာ အမှောင်ထုထဲမှ သွေးနီရောင်မုန်တိုင်းတစ်ခု ဆင်းသက်လာသည်။ လူအများက သူတို့၏ ခေါင်းများကို လှည့်ကာ မုန်တိုင်းလာရာသို့ လှည့်ကြည့်လိုက်ကြ၏။ ထိုနေရာတွင် ပုံသဏ္ဌာန်တစ်ခု ထွက်ပေါ်လာပေသည်။

ထိုသည်မှာ ထျန်းဟယ်မဟာအကြီးအကဲပင် ဖြစ်၏။ လူအများက အနည်းငယ် အံ့အားသင့်နေကြသည်။ ကြောက်မက်ဖွယ် သွေးနီရောင်စွမ်းအင်လှိုင်းများက ကောင်းကင်ကို ဖြတ်ကာ လွှမ်းခြုံလာသည်။ သူက အောက်သို့ တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်က ပျောက်ကွယ်သွားပြီး သွေးနီရောင်အလင်းတန်းတစ်ခု အဖြစ် ပြောင်းလဲသွားခဲ့သည်။

ကောင်းကင်တွင် သွေးနီရောင်အလင်းတန်းက မိုင်ပေါင်းရာချီ ဖြတ်သန်းလာခဲ့၏။ မင်းသမီးဒွန်ဟောင်သည်လည်း ဤမြင်ကွင်းကို မြင်ပေသည်။ သူမ ဘေးတွင် ရပ်နေသော လှံအင်ပါယာတုယူက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ "မင်းသမီး"

ကြည့်ရသည်မှာ တုယူက သူမအား တစ်ခုခုမေးလိုပုံရလေသည်။

သို့သော် မင်းသမီးဒွန်ဟောင်က မည်သည့်စကားမှ ပြန်မပြောခဲ့ပေ။ တုယူက သူမ၏ ရည်ရွယ်ချက်ကို နားလည်လိုက်သည်။ မင်းသမီးက ဤအရေးကို ဝင်စွက်ဖက်ရန် အစီအစဥ် ရှိပုံမရပေ။

ထျန်းဟယ်မဟာအကြီးအကဲက တိုက်ပွဲတွင် ပါဝင်လာသည့်အတွက် သူ့ကို ကောင်းကင်အာဏာစက်ကျောင်းတော်မှ တန်ခိုးရှင်များထဲမှ တစ်ယောက်အဖြစ် မှတ်ယူနိုင်သည်။

တိုက်ပွဲတွင် ရှန်ကျဲ့သည် ရီဖူရှင်းထံသို့ စတင်တိုက်ခိုက်လိုက်၏။ ရှန်ကလန်မှ အခြားသူ နှစ်ဦးက အင်ပါယာနန်ကို အဝေးသို့ ခေါ်သွားပြီး ရှန်ကျဲ့ကို နောက်တွင် ချန်ရစ်ခဲ့သည်။ သို့သော်လည်း ရီဖူရှင်း၏ အထက်တွင် အရှင်ထိုက်ရွှမ်က လေဟာနယ် မဟာလမ်းစဥ်ကု့ချင်းကို တီးခတ်နေသည်။ မရေတွက်နိုင်သော ကု့ချင်းကြိုးများက ရှန်ကျဲ့ထံ ပျံသန်းသွား၏။ ကု့ချင်းကြိုးတစ်ချောင်းချင်းစီတွင် ပြင်းထန်လှသော ဓားစွမ်းအင်များ ပါဝင်နေပေသည်။

ထို့ပြင် ဓားစွမ်းအင်များက စုစည်းနေပြီး မဟာလမ်းစဥ်ကို ဆန့်ကျင်နိုင်သော နတ်ဓားတစ်လက်အဖြစ် ဖွဲ့စည်းသွားသည်။

ဘုန်း! နှစ်ဖက်လုံးမှ တိုက်ခိုက်မှုများက ထိပ်တိုက်တွေ့မိကြ၏။ ဖျက်ဆီးခြင်းဓားစွမ်းအင်များက ရှန်ကျဲ့၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။ သူက အန္တရာယ်အငွေ့အသက်ကို ခံစားမိသဖြင့် မျက်မှောင်ကြုတ်လိုက်ကာ သူက လေဟာနယ်မဟာလမ်းစဥ် အရှိန်အဝါတို့အား ထုတ်လွှတ်လိုက်ပေသည်။ သူ၏ ပုံရိပ်က ဝေဝါးသွားပြီး ဤနေရာမှ ပျောက်ကွယ်သွားရန် ပြင်ဆင်နေသည်။

သူ၏ ခန္ဓာကိုယ်က လေဟာနယ်အတွင်း ပေါင်းစပ်သွားသည်နှင့် သွေးနီရောင်နတ်အလင်းတန်းက ဆင်းသက်လာပေသည်။ ထိုအလင်းတန်းများက သူ့ကိုယ်ပေါ်သို့ ဆင်းသက်လာခြင်း မဟုတ်ဘဲ သူ့အနီးကို ကျရောက်လာခြင်းဖြစ်သည်။ သွေးနီရောင်အလင်းတန်းက ​ကြောက်မက်ဖွယ် သွေးနီရောင်မဟာဝင်္ကပါတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ထိုနေရာကို ချိပ်ပိတ်လိုက်ကာ ရှန်ကျဲ့၏ ပုံရိပ်အား ပြန်လည် ထွက်ပေါ်လာစေသည်။ သူသည် ဤနေရာမှ ထွက်ပြေးလွတ်မြောက်ရန် ကျရှုံးခဲ့၏။ သူ၏ လေဟာနယ်မဟာလမ်းစဥ်က ပျက်ပြယ်သွားစေရန် အတင်းအကျပ် ဖိအားပေးခံခဲ့ရသည်။

ရွှစ်! ရွှစ်! စူးရှသည့် အသံများနှင့်အတူ လေဟာနယ်က သွေးနီရောင်မဟာဝင်္ကပါတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ရှန်ကျဲ့က မဟာဝင်္ကပါအလယ်၌ ရှိနေခဲ့၏။ သွေးနီရောင်မဟာဝင်္ကပါ စွမ်းအားက သူ၏ လမ်းစဥ်ကို တိုက်စားကာ သူ့ခန္ဓာကိုယ်အတွင်းသို့ပင် ဝင်ရောက်လာသည်။

ရှန်ကျဲ့၏ အကြည့်များက အေးစက်လာသည်။ သူ့ထံမှ လေဟာနယ်နတ်ရောင်ဝါများ ဖြာထွက်လာပြီး ထျန်းရှင်းခုတ်ချက်ကို ထုတ်လွှတ်လိုက်သည်။ သူက အံ့အားသင့်ဖွယ် ခုတ်ချက်အင်အားနှင့် သွေးနီရောင်မဟာဝင်္ကပါအား အပိုင်းပိုင်းဖျက်ဆီးပစ်ရန် ကြိုးပမ်းလိုက်သည်။ သို့သော်လည်း တစ်ချိန်တည်းမှာပင် ဖျက်ဆီးခြင်းအလင်းတန်းများက သူ၏ အထက်နှင့် အောက်တွင် တပြိုင်တည်း ပေါ်ထွက်လာ၏။

ကု့ချင်းတေးသံကို ကြားလိုက်ရပြီး မဟာလမ်းစဥ်စွမ်းအားများက ပြောင်းပြန်စီးဆင်းသွားကာ အရှင်ထိုက်ရွှမ်က လျှပ်တပြက်နတ်ဓားနှင့် တိုက်ခိုက်လိုက်သည်။ ဓားက ရှေ့သို့ တစ်ဟုန်ထိုး ပြေးဝင်လာပြီး ပြောင်းပြန်စီးဆင်းနေသည့် အချိန်ကို ဖြတ်သန်းကာ အရာအားလုံးက ရှင်းလင်းပစ်ခံရတော့မလိုပင် ​ဖြစ်သည်။

အခြားတစ်ဖက်တွင် ထျန်းဟယ်မဟာအကြီးအကဲ၏ နတ်ဓားဖြစ်သည်။ သွေးနီရောင်နတ်ဓားကြောင့် ကောင်းကင်နှင့် မြေကြီးကိုပင် ဖျက်ဆီးနိုင်သော ကြောက်မက်ဖွယ် မုန်တိုင်းက ဖြစ်ပေါ်လာသည်။ ၎င်းမှာ လေပွေကဲ့သို့ပင် သူ၏ လမ်းကြောင်းအတွင်းမှ အရာအားလုံးကို ဖျက်ဆီးပစ်တော့မလို ထင်မှတ်ရသည်။

ရှန်ကျဲ့သည် ယခင်က ဤဓားနည်းစနစ်ကို မြင်ဖူးလေသည်။ ထျန်းဟယ်မဟာအကြီးအကဲ၏ အကြီးဆုံးတပည့်သည် တစ်ချိန်တုန်းက နံပါတ်တစ်ဓားသမားအဖြစ် ကျော်ကြားပေသည်။ ထိုတပည့်က ရှန်ကျဲ့၏ သတ်ဖြတ်ခြင်းကို ခံလိုကိရ၏။ ဤဓားနည်းစနစ်မှာ ထိုတပည့် အသုံးပြုခဲ့သော နည်းစနစ် ဖြစ်လေသည်။ ထိုစဥ်က သူတို့ကြားမှ အဆင့်ကွာခြားမှုကြောင့် ရှန်ကျဲ့ကို သူ မယှဥ်နိုင်ခဲ့ပေ။ သို့သော်လည်း ထျန်းဟယ်မဟာအကြီးအကဲက ဤဓားနည်းစနစ်ကို ထုတ်လွှတ်လိုက်သည်။ ၎င်းမှာ ရှန်ကျဲ့ ယခင်က မြင်ဖူးခဲ့သော တစ်ခုနှင့် အဆင့်တစ်ခုတည်းတွင် ရှိမနေပေ။

ရှန်ကျဲ့၏ အမူအရာက အလွန် ရုပ်ဆိုးလာသည်။ ထိတ်လန့်ဖွယ် ဓားနှစ်လက်က တစ်ချိန်တည်းတွင် သူ့ဆီသို့ တိုးဝင်လာသည်။ သူက ခန္ဓာကိုယ်မှ အကန့်အသတ်ရောက်သည်အထိ ထျန်းရှင်းနတ်ရောင်ဝါကို ထုတ်လွှတ်လိုက်သည်။ လေဟာနယ်ကို စုတ်ဖြဲပစ်နိုင်သော ပြင်းထန်သည့် မုန်တိုင်းက သူ့ထံမှ ထွက်ပေါ်လာသည်။ သူသည် လက်နှစ်ဖက်လုံးကို အပေါ် မြှောက်တင်ပြီး အောက်သို့ ပြန်ချလိုက်သောအခါ လေဟာနယ်ဓားသွားများက လေဟာနယ်ကို ထိုးခွဲသွားပေသည်။

သို့သော်လည်း သူသည် အထက်နှင့် အောက်မှ ညှပ်ပူးညှပ်ပိတ် တိုက်ခိုက်လာသော အခြေအနေအား တားဆီးနိုင်ခြင်း မရှိသေးပေ။ နတ်ဓားများက သူ့ထံသို့ တည့်မတ်စွာ တိုးဝင်လာသော်လည်း သူက တိုက်ခိုက်မှုများထဲမှ တစ်ခုကိုသာ တားဆီးနိုင်ခဲ့ပေသည်။

သူက အလယ်တွင် ရပ်နေပြီး ညှပ်ပူးညှပ်ပိတ် တိုက်ခိုက်မှုအား ရင်ဆိုင်နေရသည်။ သူ၏ မျက်လုံးများထဲမှ လေဟာနယ်ကို ဖျက်ဆီးပစ်နိုင်သော အလင်းတို့ ထွက်ပေါ်လာသည်။ ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ သူ၏ လက်နှစ်လုံးကို ဆန့်ထုတ်လိုက်၏။ လေဟာနယ်က ပြင်းထန်စွာ တုန်ခါလာပြီး နတ်ဓားတစ်လက်က သူ့ထံမှ ပျံသန်းထွက်လာကာ လျှပ်တပြက်နတ်ဓားကို ခုတ်ပိုင်းလိုက်သည်။ ထို့နောက် သူက ကျယ်လောင်စွာ အော်ဟစ်လိုက်ရင်း လက်များနှင့် ရုတ်တရက် လေကို ဖမ်းဆွဲလိုက်သည်မှာ လေဟာနယ်ပင်လျှင် ပျက်ယွင်းသွားသကဲ့သို့ ဖြစ်သည်။ ထို့နောက်တွင် သူ၏ မျက်လုံးများထဲ၌ ကြောက်လန့်သည့် အကြည့်တို့ ခပ်ရေးရေး ဖြစ်ပေါ်လာသည်။

သူက ထိုတိုက်ခိုက်မှုနှစ်ခုကို ချေဖျက်လိုက်နိုင်သည်ဟု ခံစားမိခြင်း မရှိပေ။

သို့ပေမယ့် ယခုတွင် မည်သူကမှ သူ့အား ကယ်တင်နိုင်ခြင်း မရှိပေ။ ရှန်ကလန်မှ တန်ခိုးရှင်များက ဤနေရာ၌ ရှိမနေပေ။ အခြားသော တန်ခိုးရှင်များသည်လည်း သူအဝိုင်းခံနေရသည်ကိုပင် ဂရုမစိုက်ဟန် ရှိသည်။ သူတို့၏ ရည်မှန်းချက်မှာ ရီဖူရှင်းအား သတ်ဖြတ်ရန်သာ ဖြစ်၏။

ရှန်ကျဲ့အနေနှင့် ယနေ့ သတ်​ဖြတ်ခံရလျှင်ပင် အခြားသူများကို မည်သည့် သက်ရောက်မှုမှ ရှိလိမ့်မည် မဟုတ်ပေ။

မည်သည့်သက်ရောက်မှုမှ မရှိနိုင်ပေ။

ရှန်ကျဲ့သေလျှင် ရှန်ကလန်၏ အင်အားက အားနည်းသွားမည်ဖြစ်သည်။ ဗဟိုအင်ပါယာဘုံမှ အင်အားစုများနှင့် အခြားအင်အားစုများအတွက် အကျိုးပင် ရှိသွားလိမ့်ဦးမည် ဖြစ်လေသည်။ ထိုနည်းလမ်းဖြင့် ရှန်ကလန်မှ ထိပ်သီးပုဂ္ဂိုလ်သုံးယောက်တွင် နှစ်ယောက်သာ ကျန်ရစ်ခဲ့မည် ဖြစ်၏။

လက်ရှိ ရှန်ကလန်က အစွမ်းထက်နေသေးသော်လည်း ရှန်ကျဲ့သေဆုံးပါက အင်အားမျှခြေ ဆုံးရှုံးသွားပေလိမ့်မည်။

ထို့ကြောင့် လူအများက ရှန်ကျဲ့အား မကူညီရန် တက်ညီလက်ညီပင် ဆုံးဖြတ်ခဲ့ကြသည်။ ဆန့်ကျင်ဘက်အနေနှင့် သူတို့သည် ရှန်ကျဲ့အား တန်ခိုးရှင်နှစ်ဦးက တိုက်ခိုက်နေသော အခွင့်အရေးကို အသုံးချကာ ရီဖူရှင်းဆီ ချီတက်ရန် ပြင်လိုက်ကြသည်။ သူတို့က အရှုပ်အထွေးများ ဖြစ်မလာခင် ရီဖူရှင်းကို တတ်နိုင်သမျှ မြန်မြန် ရှင်းထုတ်ပစ်ချင်နေသည်။

တိုက်ပွဲထဲတွင် နတ်ဓားများက လမ်းတလျှောက် ဓားအလင်းများကို ချန်ရစ်ခဲ့ရင်း အထက်အောက် ဘယ်ညာမှ တိုးဝင်လာနေသည်။ ကြောက်ရွံ့ထိတ်လန့်မှုနှင့်အတူ ဒေါသတကြီး အော်ဟစ်သံတစ်ခုကို ကြားလိုက်ကြရသည်။ ထို့နောက် လေဟာနယ်အတွင်းရှိ အရာအားလုံးက အမှုန်များအဖြစ် ကြွေလွင့်ပျောက်ကွယ်သွားတော့သည်။ အစွမ်းထက်လှသော ရှန်ကျဲ့လို ပုဂ္ဂိုလ်ပင် မည်သည်မှ မကျန်ရစ်ခဲ့အောင် ဖျက်ဆီးခံလိုက်ရသည်။

ဓားအလင်းများ အောက်တွင် သူ၏ ဝိညာဥ်က ပြိုကွဲပျက်စီး၍ တိုက်စားခြင်း ခံလိုက်ရတော့သည်။

ခြိမ်းခြောက်နိုင်စွမ်း ရှိပြီး နက်ရှိုင်းသော အက်ကြောင်းများ ပေါ်ပေါက်လာကာ သူတို့အား ထိတ်လန့်ကြောက်ရွံ့သွားစေသည်။ လူအများသည် ထိုမြင်ကွင်းကို မြင်သည့်အခါ အလွန်ပင် တုန်လှုပ်သွားကြသည်။

ယနေ့ တိုက်ပွဲတွင် အထွတ်အထိပ်၌ ရှိနေသော ထိပ်သီးပုဂ္ဂိုလ်တစ်ဦးက သုတ်သင်ခံလိုက်ရပြီ ဖြစ်၏။

ရှန်ကလန်မှ ရှန်ကျဲ့က သေဆုံးသွားလေသည်။

ယနေ့မှ စတင်ကာ ရှန်ကလန်၌ ထိပ်သီးပုဂ္ဂိုလ်နှစ်ဦးသာ ကျန်ရစ်တော့မည် ဖြစ်သည်။ ထို့ပြင် ရှန်ကောင်းသည် ကောင်းကင်ဒေသ၌ အမြဲ ကျင့်ကြံနေခဲ့သည်။

ရှန်ကလန်ခေါင်းဆောင်နှင့် ရှန်ကောင်းတို့က ဤအဖြစ်အပျက်ကို သိသည့်အခါ မည်သို့ ခံစားရမည်နည်း။ ဖြစ်နိုင်သည်က သူတို့သည် အင်ပါယာနန်အား အဝေးသို့ မျှားထုတ်ပေးခဲ့မိသည့်အတွက် နောင်တရနေပေလိမ့်မည်။

သူတို့သာ အနားတွင် ရှိနေခဲ့လျှင် ရှန်ကျဲ့က အသတ်ခံရလိမ့်မည် မဟုတ်ပေ။ သို့သော် ရီဖူရှင်းသတ်ရန် သူတို့က အင်ပါယာနန်ကို အဝေးသို့ ခေါ်ထုတ်သွားခဲ့သည်။ ဤတိုက်ပွဲတွင် ရှန်ကျဲ့၏ ကံကြမ္မာက သေခြင်းတရား ​ဖြစ်နေလိမ့်မည်ဟု မည်သူမှ ထင်ထားခဲ့မည် မဟုတ်ပေ။

သူတို့ ပြန်ရောက်လာသည့်အခါ မည်သို့ ခံစားရမည်ကိုလည်း မည်သူမှ မသိပါချေ။

ထျန်းဟယ်မဟာအကြီးအကဲက ရှန်ကျဲ့ကို သတ်ဖြတ်ပြီးနောက် သူ့မျက်လုံးများထဲတွင် ဝမ်းနည်းရိပ်တို့ စွန်းထင်းနေခဲ့သည်။ အတိတ်က ရှန်ကျဲ့သည် ထျန်းဟယ်ဘုံကို ကျူးကျော်ဝင်ရောက်လာမှုအား ခေါင်းဆောင်ခဲ့သည့် အပြစ်သားတစ်ယောက် ​ဖြစ်သည်။ သူ၏ အပြုအမူကြောင့် မရေတွက်နိုင်သော လူများစွာ သေဆုံးခဲ့ရသည်။

နောက်ဆုံးတွင် ရှန်ကျဲ့က ထျန်းဟယ်မဟာအကြီးအကဲ၏ လက်ထဲ၌ သုတ်သင်ခံလိုက်ရပြီ ဖြစ်၏။ သို့သော်လည်း ထိုသည်က မလုံလောက်သေးပေ။ ရှန်ကလန် တစ်ခုလုံးကို အမြစ်ဖြတ်သုတ်သင်ရန်လည်း လိုအပ်ပေသည်။

သူ၏ သမီး၊ သူ၏ တပည့်များနှင့် အခြားသော အပြစ်မဲ့အသက်ပေါင်းများစွာ ထိုအချိန်က သေဆုံးခဲ့သည်။ ရှန်ကျဲ့၏ အသက်က ထိုအပြစ်ကြွေးကို ချေဖျက်ပေးရန် မလုံလောက်ပေ။

သို့သော်လည်း ယခုအချိန်မှာ တွေးတောနေရမည့် အချိန်မဟုတ်သေးပေ။ သွေးနီရောင် စွမ်းအားများက လှုပ်ရှားလာပြီး သူသည် ရှေ့သို့ လှမ်းလိုက်ကာ တိုက်ပွဲနေရာ နောက်တစ်ခုသို့ ကူးပြောင်းရန် ပြင်လိုက်သည်။ ပုံရိပ်တစ်ခုက သူ့ရှေ့တွင် လာပိတ်လိုက်၏။ သူသည် ကောင်းကင်ဒေသ မိုကလန်မှ ထိပ်သီးတန်ခိုးရှင်တစ်ဦး ဖြစ်သည်။

ထျန်းဟယ်မဟာအကြီးအကဲသည် မိုကလန်မှ တန်ခိုးရှင်ကို တစ်ချက် ကြည့်လိုက်လျှင် နတ်ဆိုးလက်နက်ကို အသုံးပြုသည့် တန်ခိုးရှင်တစ်ဦး ဖြစ်သည်အား သိလိုက်ပေသည်။

ရီဖူရှင်းရှိနေရာ နောက်ထပ်တိုက်ပွဲနေရာတွင် သူ၏ အထက် လေဟာနယ်တွင် ကောင်းကင်မျှော်စင်တစ်ခု ပေါ်ပေါက်လာသည်။ ၈၁ ထပ်ရှိ မျှော်စင်က လှည့်ပတ်နေပြီး နတ်ရောင်ဝါများကို မိုးရွာချသလို ကျဆင်းလာစေသည်။ ထိုမျှော်စင်က နဂါးဘုရင်နှင့် အခြားတန်ခိုးရှင်များကို ပြန်ဆုတ်ခွာသွားစေသည်။ အမျိုးမျိုးသော အင်အားစုများမှ ရန်ဟောင်များက ထိုနေရာသို့ တဟုန်ထိုး တိုးဝင်လာနေကြပြီး နဂါးဘုရင်နှင့် အခြားတန်ခိုးရှင်များကို ထိပ်တိုက်တိုက်ခိုက်လာသည်။

ဘုန်း

နတ်ရောင်ဝါများက အောက်ဘက်သို့ အဆက်မပြတ် ကျဆင်းလာကာ မဟာလမ်းစဥ်စွမ်းအားများက လေဟာနယ်အလွှာများကို ထိုးဖောက်ကာ ရီဖူရှင်းကို တိုက်ခိုက်လာသည်။ တောက်ပသည့် နတ်အလင်းများက ဧကရာဇ်အသိစွမ်းအားများ ထုတ်လွှတ်ထားသော ရီဖူရှင်း၏ ခန္ဓာကိုယ်ပေါ် လွှမ်းခြုံလာသည်။ သူသည် နတ်ချပ်ဝတ်နှင့် ဖုံးကွယ်ထားသေးသော်လည်း ကောင်းကင်မျှော်စင်မှ နတ်ရောင်ဝါတို့၏ တိုက်ခိုက်မှုအား ခံနိုင်စွမ်းမရှိပေ။ ထို တိုက်ခိုက်မှုမှာ သူ၏ ခန္ဓာကိုယ်ကို ထိခိုက်သွားခဲ့သည်။ သူ့ အတွင်းကလီစာများမှာ ထိုထိခိုက်မှုကြောင့် ကြေမွပျက်စီးသွားတော့မလိုပင် ခံစားရပေသည်။

သောမျိုးနွယ်စုခေါင်းဆောင်က လက်ကို မြှောက်လိုက်ကာ တိုက်ခိုက်မှုတစ်ခု ထုတ်ဖော်လိုက်သည်။ သူ၏ တိုက်ခိုက်မှုက ကောင်းကင်မျှော်စင်ကို တစ်ဖန်ထိမှန်သွားပြန်သည်။ ကောင်းကင်မျှော်စင်သခင်က အေးစက်စွာ နှာမှုတ်လိုက်သည်။ သူက ရှေ့သို့ ခြေလှမ်းလာပြီး မျှော်စင်ထက်၌ ရပ်လိုက်သည်။ မျှော်စင်ကို သူ၏ အလေးချိန်ဖြင့် တက်ဖိလိုက်သည့်အခါ ကောင်းကင်မှ မျှော်စင်က အောက်သို့ ထိုးဆင်းလာသည်။ သူက အောက်ဘက်ရှိ လူများကို မျှော်စင်နှင့် ဖိသတ်ရန် ရည်ရွယ်နေသည်။

နတ်နန်းတော်သခင်သည် တစ်ဖက် တိုက်ပွဲကို သွားကူညီလိုသော်လည်း ထျန်းရှင်းကျောင်းအုပ် ကျန့်အော့က သူ့အား တားဆီးလိုက်သည်။ သူ့ထံမှ စာလိပ်များ ပျံသန်းထွက်လာပြီး လေဟာနယ်တွင် လှည့်ပတ်နေသည်။ ထိုစာလိပ်များမှ အဆုံးမဲ့တိုက်ခိုက်မှုများ ထွက်ပေါ်လာပြီး နတ်နန်းတော်သခင်ကို ဖိနှိပ်ထားသည်။

"ခင်ဗျား ဘာလို့ ခုခံရုန်းကန်နေသေးတာလဲ။" ကျန့်အော့က ပြောလိုက်သည်။ သူ၏ အကြည့်များက ကောင်းကင်ကို ဖြတ်သန်းသွားသည်။ စာလိပ်များမှ မရေတွက်နိုင်သော ချိပ်စည်းများ ပျံထွက်လာကာ တန်ခိုးရှင်များကို တိုက်ခိုက်လိုက်သည်။ ကြောက်မက်ဖွယ် ချိပ်စည်းတံဆိပ်တစ်ခုက ရီဖူရှင်းဘေးသို့ ကျရောက်လာသည်။ တစ်စုံတစ်ယောက်က ထို ချိပ်စည်းတံဆိပ်အား တားဆီးလိုက်သဖြင့် ၎င်း၏ စွမ်းအားတို့က အားနည်းသွားလျှင်ပင် ရီဖူရှင်းကို နောက်သို့ လွင့်စင်သွားစေကာ သွေးများ အန်ထွက်လာစေသည်။

သူတို့သည် ရန်သူကို တားဆီးနိုင်ခြင်းမရှိပေ။ အလွန်များပြားသော ထိပ်သီးပုဂ္ဂိုလ်များ၏ တိုက်ခိုက်မှုမှ တစ်စုံတစ်ယောက်ကို ကာကွယ်ရန်မှာ မည်မျှ ခက်ခဲမည်ကို လူတိုင်း သိနိုင်ပေသည်။ ထိုသည်က မဖြစ်နိုင်လုနီးပါးပင် ဖြစ်သည်။

ရီဖူရှင်းကလည်း ဤသည်ကို နားလည်ပါသည်။

ထျန်းရှင်းကျောင်းအုပ် ကျန့်အော့၏ စွမ်းရည်ကို မည်သူမှ ယှဥ်ပြိုင်နိုင်စွမ်းရှိမည် မဟုတ်ပေ။ သူက မဟာလမ်းစဥ်ဘုံသုံးထောင်၏ အထွတ်အထိပ်တွင် ရပ်တည်နေသူတစ်ဦး ဖြစ်သည်။

ရီဖူရှင်းက သူ့ဘေးမှ လူများကို ကြည့်လိုက်ကာ တစ်ယောက်ပြီးတစ်ယောက် ဒဏ်ရာရကုန်သည်အား မြင်လျှင် သူက သူ့ဆီသို့ ပြေးဝင်လာနေသည့် တန်ခိုးရှင်များအား မော့ကြည့်လိုက်သည်။ ထို့နောက် သူက ပြောလိုက်၏။ "စီနီယာတို့ လက်လျှော့လိုက်ပါတော့။"

နတ်နန်းတော်သခင်နှင့် အခြားသူများက ရီဖူရှင်းထံမှ ထိုစကားများကို ကြားသည့်အခါ သူတို့က တိတ်ဆိတ်သွားသည်။ ယနေ့တိုက်ပွဲမစတင်ခင်မှာပင် သူတို့သည် ရလဒ်က သတ်မှတ်ပြီးသားဖြစ်သည်ကို နားလည်သဘောပေါက်ခဲ့ကြသည်။

ကြောက်မက်ဖွယ် မဟာလမ်းစဥ်မုန်တိုင်းက ကောင်းကင်တွင် ဖုံးလွှမ်းထား၏။ တစ်ဖန်ထပ်ကာ ထိပ်တိုက်ထိတွေ့သည့် အသံကို ကြားလိုက်ရပြီး တန်ခိုးရှင်အများအပြား ဒဏ်ရာရသွားကြသည်။

အလယ်တွင် ရှိနေသည့် ရီဖူရှင်းအနားသို့ လူတိုင်းသည် လျင်​မြန်စွာ ချဥ်းကပ်လာပြီး သူ့ကို ဝိုင်းရံထားလိုက်သည်။

ရီဖူရှင်းအပြင် အရှင်ထိုက်ရွှမ်၊ နတ်နန်းတော်သခင်နှင့် အခြားတန်ခိုးရှင်များက လေထဲရှိ လူများကို အေးစက်စွာ ကြည့်လိုက်ကြသည်။

သို့သော်လည်း တစ်ဖက်လူများက အရေးမစိုက်ကြပေ။ သူတို့သည် ရီဖူရှင်းကိုသာ ပြင်းပြသည့် သတ်ဖြတ်လိုစိတ်များနှင့် ကြည့်လိုက်ကြ၏။

အစကတည်းက သူတို့ သဘောပေါက်ထားသည်မှာ ရီဖူရှင်းအား အသက်ရှင်လျက် ထွက်ခွာခွင့်ပြုလိုက်၍ မရဟု ဖြစ်လေသည်။ ထို့ကြောင့်ပင် အချို့သော အင်အားစုများကလည်း ဤတိုက်ပွဲ၌ ပါဝင်လာခြင်း ဖြစ်ပေသည်။

"ရန်ဟောင်ရီက ကိုယ့်ကိုယ်ကိုယ် နားလည်တယ်ဆိုကတည်းက ကျုပ်တို့ ထပ်တိုက်ခိုက်နေဖို့ မလိုတော့ဘူးပေါ့။ ကျုပ်တို့တွေလည်း ဘုံကိုးဘုံရဲ့ စွမ်းအားကို သက်ရောက်စေမယ့် ကျဆုံးသူတွေ ရှိလာတော့မှာ မဟုတ်ဘူးလေ။" ကျန့်အော့က ကျယ်လောင်သော အသံနှင့် ပြောလိုက်သည်။ ကောင်းကင်အာဏာစက်ကျောင်းတော်မှ တန်ခိုးရှင်များက ကျန့်အော့ကို ကြည့်လိုက်ကြသည်။ သူက ရီဖူရှင်းအား အမှန်တကယ် သေစေချင်နေပေသည်။

သူက အမှန်တကယ်ပဲ ဘုံကိုးဘုံ ငြိမ်းချမ်းရေးအတွက် လုပ်​နေသည်လား။

မည်သူကမှ ထိုအကြောင်းပြချက်အား ယုံကြည်ကြမည် မဟုတ်ပေ။

"ဖူရှင်း ကျုပ်တို့ တိုက်ခိုက်နိုင်ပါသေးတယ်။" အရှင်ထိုက်ရွှမ်က ပြောလိုက်သည်။

ရီဖူရှင်းက ခေါင်းကို ယမ်းကာ ပြောလိုက်၏။ "စီနီယာ အရှင်ထိုက်ရွှမ်၊ ကျွန်တော့်အတွက် ဒီတစ်ကြိမ်မှာ လုပ်ပေးခဲ့တာတွေက လုံလောက်နေပါပြီ။ တရားမျှတမှုဆိုတာ အနိုင်ရသူတွေ အတွက်ပဲ။ ဘုံကိုးဘုံက လူတွေအများကြီး ကျွန်တော့်ကို သေစေချင်နေမှတော့ သူတို့ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ကြတာပေါ့။"

အရှင်ထိုက်ရွှမ်နှင့် အခြားသူများက ရှေ့သို့ ​ခြေလှမ်းလိုက်ကြသည်။ သူတို့၏ စွမ်းအားအရှိန်အဝါများက ရီဖူရှင်းကို လွှမ်းမိုးထားပြီး တောက်ပသော အလင်းလွှာလေးများ ဖြစ်တည်လာစေသည်။ ကြည့်ရသည်မှာ သူတို့က အခုထိ စိတ်ကျေနပ်သေးပုံမရပေ။

ရီဖူရှင်းက အရှင်ထိုက်ရွှမ်ကို ကြည့်ကာ သူ၏ ခေါင်းအား ခါယမ်းလိုက်၏။ ရီဖူရှင်းက ရုတ်တရက် လူအုပ်ကို ကြည့်ကာ ပြုံးလိုက်သည်။ ထို့နောက် သူက ပြောလိုက်သည်။ "ကျောင်းအုပ်ကျန့် ကျုပ် ခင်ဗျားကို မှတ်ထားပါ့မယ်။"

ယနေ့တွင် ကျန့်အော့ ပါဝင်လာသည့်အတွက် မည်သူမှ အခြေအနေကို ခြယ်လှယ်နိုင်စွမ်းမရှိဘဲ တစ်ဖက်လူများကသာ ခိုင်ခိုင်မာမာ ထိန်းချုပ်သွားလေသည်။

"မင်း ငါ့ကို ကြိုက်သလောက် အပြစ်တင်နိုင်တယ်။ ကျန့်အော့က ပြန်ပြောလိုက်၏။ "ဘုံကိုးဘုံမှာ မင်းက အကြီးကျယ်အခမ်းနားဆုံး အရည်အချင်းတွေကို ပြသနိုင်ခဲ့တယ်။ ငါလည်း ဒီလိုမြင်ကွင်းကို မမြင်ချင်ပေမယ့်လည်း လူတွေရဲ့ ဆန္ဒကို လွန်ဆန်လို့ မရဘူး။ မင်းသာ သေသွားခဲ့ရင် ဒီအရှုပ်အထွေးတွေ အကုန် အဆုံးသတ်သွားပြီး ဘုံကိုးဘုံက အေးချမ်းသာယာသွားလိမ့်မယ်။"

"ခင်ဗျားက တကယ့်ကို ကြောင်သူတော်ပဲ" ရီဖူရှင်းက သရော်လိုက်သည်။ "ကျုပ်ကို သတ်နိုင်တဲ့သူက ဘယ်သူများ ဖြစ်လိမ့်မလဲ။"

***

All Chapters