ကမ္ဘာအား ချောက်ချားစေခြင်း
Vol. 7 Ch. 697
"ကလန့်…"
ခရမ်းရောင် မိုးကြိုးဓား ပေါ်ထွက်လာသည်နှင့် အရှေ့တောင် တစ်ခုလုံးရှိ မိုးကြိုးများသည် ဆယ်ပေခန့် ရှိသော ခရမ်းရောင် လျှပ်စီး နဂါး အဖြစ် ပြောင်းလဲ၏။
"သူ ဘာလို့ အသက်ရှင် နေသေးတာလဲ…"
ဟောင်ဂိုဏ်း၏ ဘိုးဘေးသခင်ကား တုန်လှုပ်နေခဲ့ပြီ ဖြစ်လေသည်။
အရှေ့တောင်သို့ ရောက်ရှိလာသော အမှောင် ကမ္ဘာ၏ တန်ခိုးရှင် အယောက် နှစ်ဆယ်ကျော်တွင် ချန်းဖန်သည် နှစ်ဆယ့် တစ်ယောက်ကို သတ်ဖြတ်ပြီး ဖြစ်လေသည်။
ကျန်ရစ်နေသော တန်ခိုးရှင် အနည်းစုတွင် ဟောင်ဂိုဏ်း ဘိုးဘေးသခင်၊ အိုင်းမဟာ ဘုရားကျောင်း၏ ကောင်းကင်သခင်နှင့် ခရစ်ယာန် ဘုရားကျောင်း၏ ဂိုဏ်းအုပ် တစ်ယောက်တို့လည်း ပါဝင်နေ၏။
"ငါတို့ ချန်းပေ့ရွှမ်းကို သတ်မှ ရမယ်… မဟုတ်ရင် သူက ငါတို့ကို ပေးသွားမှာ မဟုတ်ဘူး"
ခရစ်ယာန် တန်ခိုးရှင် ဂိုဏ်းအုပ်က အော်ဟစ် လိုက်၏။
"သုတ်သင်ကြဟေ့…"
သူတော်စင် ဖရန်စစ်သည် ကောင်းကင် အလင်း ရုပ်တုကို မြှောက်ရင်း ချန်းဖန်အား စတင်ကာ တိုက်ခိုက်သည်။ တစ်ချိန်တည်းတွင်ပင် ကောင်းကင် တမန်တော် အလန်ကလည်း သူ၏ အလင်းဓားများကို မြှောက်လိုက်၏။
"သတ်…"
ချန်းဖန်သည် အပိုစကားများ ဆိုမနေတော့ချေ။ ခရမ်းရောင် မိုးကြိုးဓားကို ထိန်းချုပ်ရင်း ရန်သူများထံ တိုးဝင် လိုက်တော့၏။
"ဘုန်း… ဘုန်း… ဘုန်း…"
မျက်စိတစ်မှိတ် အတွင်းမှာပင် ကောင်းကင် လေထု၌ မူလအဆင့် သုံးယောက်၏ ပြင်းထန်သော တိုက်ပွဲ ဖြစ်ပေါ်လာသည်။
"ဘုန်း…"
ချန်းဖန်၏ လျှပ်စီးနဂါးများသည် အရှိန်အဟုန် ပြင်းစွာဖြင့် ဖရန်စစ်နှင့် အလန်တို့အား တိုက်ခိုက်သည်။ ထိုနဂါးများကား တစ်ဝက်တစ်ပျက် ဝိညာဉ် ရတနာမှ လာခြင်း ဖြစ်သည်။ အစွမ်းအထက်ဆုံး သွေးဘိုးဘေး ခေါင်းဆောင်ပင်လျှင် ခုခံနိုင်စွမ်း မရှိခဲ့ချေ။
"ဘုန်း…"
တိုက်ပွဲစ၍ မကြာခင်မှာပင် သူတော်စင် ဖရန်စစ်သည် လျှပ်စီးနဂါးများ၏ တိုက်ခိုက်မှု အောက်၌ မြေပြင်သို့ ပြင်းထန်စွာ ပြုတ်ကျသည်။ သူ၏ ခန္ဓာကိုယ်တွင်မူ ခပ်ဖျော့ဖျော့ အလင်း တစ်ခုက လင်းလက်နေကာ သူ့အား ကာရံထား၏။
"အဆင့်မြင့် ဝိညာဉ် ဝတ်စုံ…"
ချန်းဖန်က မျက်မှောင်ကြုတ်ရင်း မြေပြင်ရှိ ဖရန်စစ်ကို ကြည့်လိုက်သည်။ သို့သော်လည်း သူသည် ထိုအရာကို ဂရုစိုက်ခြင်း မရှိချေ။
"သေစမ်း…"
ချန်းဖန်က ဓားကို မြှောက်ကာ သူတော်စင် ဖရန်စစ်ရှိရာ မြေပြင်သို့ ခုတ်ချလိုက်သည်။
"ကယ်ကြပါဦး…"
သူတော်စင် ဖရန်စစ်သည် သွေးပျက်မတတ် ကြောက်လန့် သွား၏။
သူသည် ရှေးဟောင်း ခရစ်ယာန် သူတော်စင် မျိုးဆက်များ လက်ဆင့်ကမ်းခဲ့သည့် "သူတော်စင် ဝတ်စုံ" ကို ဝတ်ဆင် ထားသော်လည်း ချန်းဖန်၏ ပြင်းထန်သော တိုက်ခိုက်မှုများအား ခုခံနိုင်မည်ဟု ယုံကြည်မှု မရှိချေ။
"ကလန့်…"
အလန်သည် အတောင်ကို ဖြန့်ကြက်ကာ ပျံသန်းရင်း သူ၏ တော်ဝင် အလင်းဓားဖြင့် ချန်းဖန်၏ တိုက်ခိုက်မှုများကို ပိတ်ဆို့လိုက်၏။
"ဘုန်း…"
ခရမ်းရောင် မိုးကြိုးဓားနှင့် တော်ဝင် အလင်းဓား၏ ဆုံချက်၌ ပြင်းထန်သော ပေါက်ကွဲမှု တစ်ခု ဖြစ်ပေါ်လာသည်။
"ဘုန်း…"
ထိုပေါက်ကွဲမှုသည် ပြင်းထန်သော လှိုင်းများကို ဖြစ်ပေါ်စေရာ ဟွာရန်ဖန်းနှင့် အခြားလူများသည် အစိမ်းရောင် နဂါး အစီအရင် အတွင်းသို့ဝင် ဝင်ရောက်ကာ ပုန်းကွယ် လိုက်ရ၏။
သို့သော်လည်း တောင်ခြေ၌ ရှိသော အခြား လူများမှာမူ ကံကောင်းခြင်း မရှိချေ။ သူတို့သည် စွမ်းအင် လှိုင်း၏ ဖြတ်သန်းမှု၌ ဒဏ်ရာ အကြီးအကျယ် ရကာ သွေးများပင် အန်ထုတ် လိုက်ရ၏။
"ကလန့်…"
အလန်၏ အလင်းဓားသည် ကျိုးပဲ့ ပျက်စီး သွားလေ၏။
ထိုအရာသည် နတ်ဘုရား နည်းစနစ်ဖြင့် ဖန်တီးထားသော ဓားသာ ဖြစ်ရာ တစ်ပျက်တစ်ပျက် ရတနာ၏ စွမ်းအားကို မည်ကဲ့သို့ ယှဉ်နိုင်မည်နည်း။
သို့သော်လည်း ထိုအချိန် အတွင်းမှာပင် သူတော်စင် ဖရန်စစ်ကား ပြန်ထလာနိုင်ပြီ ဖြစ်လေသည်။ သူက ကောင်းကင်အလင်း ရုပ်တုကို မြှောက်လျက် နတ်ဘုရား နည်းစနစ် အချို့ကို ဖော်ထုတ်လိုက်၏။
"မဟာ ပျက်စီးခြင်း…"
"ကောင်းကင် အလင်းဓား…"
"မဟာ အပြစ်သားကို စီရင်ခြင်း…"
ထိုနတ်ဘုရား နည်းစနစ်များသည် ခရစ်ယာန် ဘုရားကျောင်း၏ ထိပ်တန်း ကျင့်စဉ် နည်းစနစ်များ ဖြစ်၏။
ထိုအရာများကို ခရစ်ယာန် ဘုရားကျောင်း တည်ထောင်သူက တီထွင်ခဲ့ပြီး ခေတ်အဆက်ဆက် သူတော်စင်များက ပြည့်စုံအောင် ပြင်ဆင်ခဲ့သည်။ ထိုတိုက်ခိုက်မှု တစ်ခုချင်းစီသည် သာမန် မြေကမ္ဘာ အဆင့်ကိုပင် ဒဏ်ရာရအောင် စွမ်းဆောင်နိုင်သည်။
"ဘုန်း…"
သို့သော်လည်း ချန်းဖန်သည် ဖရန်စစ်၏ အကြမ်းတမ်းဆုံး တိုက်ခိုက်မှုများကို ခန္ဓာကိုယ် ကြံ့ခိုင်မှု သက်သက်ဖြင့်သာ ဆီးခံလိုက်၏။ သွေးဘိုးဘေး ခြောက်ယောက်၏ အမတေများကို စားသုံးပြီး နောက်၌ ချန်းဖန်၏ ခန္ဓာကိုယ်သည် မူလကထက်ပင် ပိုမို၍ သန်မာလာသည်။
"သေလိုက်တော့…"
ချန်းဖန်သည် လေထဲ၌ တစ်ဝက်တစ်ပျက် စက်ဝိုင်းတစ်ခု ဆွဲလိုက်ရင်း ဓားဖြင့် ခုနစ်ချက် တိတိ ခုတ်ပိုင်းလိုက်၏။ ခုတ်ပိုင်းမှု တစ်ခုချင်းစီသည် သေးငယ် ပါးလွှာသော ခရမ်းရောင် လျှပ်စီး ဓားလှိုင်းများကို ဖြစ်ပေါ်စေကာ သူတော်စင် ဖရန်စစ်ထံသို့ ဦးတည်လေ၏။
ချန်းဖန်၏ ကြောက်မက်ဖွယ် တိုက်ခိုက်မှုကို ခံစားမိသည်နှင့် သူတော်စင် ဖရန်စစ်သည် သူ၏ ကောင်းကင်အလင်း ရုပ်တုကို မြှောက်ကာ ရေရွတ်လိုက်သည်။
"တမန်တော်ရဲ့ စွမ်းအား…"
"ကလန့်…"
ရုတ်တရက် အဖြူရောင် အလင်းများ တောက်ပလာကာ ဖရန်စစ်၏ နောက်ကျော၌ အဖြူရောင် တောင်ပံတစ်စုံ ပေါ်ထွက်လာသည်။ ဖရန်စစ်သည် ထိုတောင်ပံကို ခက်ရင်း အလင်းလုံး တစ်ခု ဖန်တီးကာ သူ၏ ခန္ဓာကိုယ်ကို ကာကွယ် လိုက်၏။
ထိုအချိန်မှာပင် ချန်းဖန်၏ ဓားလှိုင်း ခုနစ်ခုက သူ့ထံသို့ ရောက်ရှိလာသည်။
"ဘုန်း…"
ပထမ ဓားလှိုင်းတွင် ဖရန်စစ်၏ အတောင်ပံများသည် ပျက်စီး၏။
"ဘုန်း…"
ဒုတိယနှင့် တတိယ ဓားလှိုင်းတွင် ဖရန်စစ်၏ ခန္ဓာကိုယ်ကို ကာကွယ်ထားသော အလင်းလုံး ပေါက်ကွဲသည်။
"ဘုန်း…"
ပဉ္စမမြောက် ဓားလှိုင်းတွင် ဖရန်စစ် ဝတ်ဆင်ထားသော သူတော်စင် ဝတ်စုံ ပျက်စီးလေသည်။
"ဘုန်း…"
သတ္တမမြောက် ဓားချက်တွင် ဖရန်စစ် နောက်သို့ လွင့်စဉ် သွား၏။ သူ၏ နဖူးတွင်မူ ရှည်လျားသော ဓားဒဏ်ရာကြီး တစ်ခု ဖြစ်ပေါ်နေကာ ထိုဒဏ်ရာက ဘယ်ဘက် ပခုံးအထိ ရှည်လျား ကျ၏။
အကယ်၍ အလင်း ရုပ်တုသာ နောက်ဆုံး ဓားလှိုင်းကို သူ့အစား မတားဆီးခဲ့ပါက ယခု အချိန်၌ သူ သေနေလောက်ပြီ ဖြစ်လေသည်။
"ဟူး…"
လူတိုင်းသည် ထိုမြင်ကွင်းကို ကြည့်ကာ သက်ပြင်း ချမိကြ၏။
ချန်းပေ့ရွှမ်းကား အလွန်ပင် အစွမ်း ထက်လွန်းသည်။ ဒဏ္ဍာရီလာ ခရစ်ယာန် ဘုရားကျောင်း၏ သူတော်စင် ဖရန်စစ်ပင် သူ၏ တိုက်ခိုက်မှု တစ်ခု၌ သေဆုံးလုလု ဖြစ်ခဲ့ရ၏။
"ဒီတစ်ကြိမ်မှာလည်း ချန်းပေ့ရွှမ်းက ကမ္ဘာကို တုန်လှုပ်စေဦးမယ်နဲ့ တူတယ်"
အဇူရာ နဂါးက ခပ်တိုးတိုး ရေရွတ် လိုက်သည်။
ထိုအချိန်မှာပင် ကောင်းကင် တမန်တော် အလန်သည် ချန်းဖန်ထံသို့ ပြန်လည်ကာ တိုးဝင် လာနေခဲ့ပြီ ဖြစ်လေသည်။
"ဘုန်း… ဘုန်း… ဘုန်း…"
ကောင်းကင်၌ သူတို့ နှစ်ယောက်သည် ပြင်းထန်စွာ တိုက်ခိုက် ကြပြန်လေ၏။
"ဘုန်း… ဘုန်း… ဘုန်း…"
ချန်းဖန်နှင့် အလန် နှစ်ယောက် စလုံးသည် အသံ၏ သုံးဆသော အမြန်နှုန်းကို ချိုးဖျက် ထားကြရာ သာမန် သိုင်းပညာရှင်များမှာ သူတို့၏ လှုပ်ရှားမှုအား မတွေ့မမြင်ကြရ တော့ချေ။
အလန်သည် "တော်ဝင် ခုတ်ပိုင်းခြင်း အထွတ်အမြတ် ဓား" ကို ဆွဲကိုင်ထား၏။
ထိုဓားသည် ရှေးဟောင်း ရောမ သူရဲကောင်းများ ကိုင်ဆောင်ခဲ့သော ဓားနှင့်တူပြီး သာမန် လူတစ်ယောက်၏ အရပ် နှစ်ဆခန့် မြင့်သည်။ ဓား၏ ခန္ဓာကိုယ်တွင်မူ မီးက တရှိန်းရှိန်း တောက်လောင်နေ၏။
"တစ်ဝက်တစ်ပျက် ဝိညာဉ် ရတနာ…"
ချန်းဖန်သည် အလန်၏ ဓားအား ရင်ဆိုင်မိသည်နှင့် မျက်မှောင်ကြုတ် လိုက်၏။
တစ်ဝက်တစ်ပျက် ဝိညာဉ် ရတနာသာလျှင် ခရမ်းရောင် မိုးကြိုးဓား၏ တိုက်ခိုက်မှုကို ပိတ်ဆို့ နိုင်သည်။
"ဒီဓားကို ကောင်းကင်အမျက်ဓားလို့ ခေါ်တယ်… ငါ့အဖေ ကိုယ်တိုင် ငရဲပြည်က ရေခဲသံနဲ့ ကောင်းကင်ရဲ့ မီးကို ပေါင်းစပ်ပြီး ပြုလုပ်ခဲ့တဲ့ဓားပေါ့… ဒီဓားက ပြည့်စုံတဲ့ အဆင့်ကို ရောက်သွားရင် တောင်တစ်ခုလုံးကိုတောင် မီးနဲ့ သင်္ဂြိုဟ်ပစ်လို့ ရတယ်"
အလန်က ဓားကို ဆွဲကိုင်ရင်း မောက်မာစွာ ဆိုလိုက်သည်။
"သေမျိုး… သင် ကောင်းကင်အမျက်ဓားနဲ့ သေခွင့်ရတာ ဂုဏ်ယူလိုက်စမ်း…"
"ဟမ့်… မင်းတို့ အလင်းမျိုးနွယ်ရဲ့ နတ်ဘုရားတွေကိုတောင် ငါက သောက်ဂရု မစိုက်ဘူးကွ…"
ချန်းဖန်က နှာခေါင်းရှုံ့လိုက်သည်။
အလင်းမျိုးနွယ်သည် စကြဝဠာတွင် ကြီးမားသော မျိုးနွယ်ကြီး တစ်ခုဖြစ်ကာ မရေမတွက်နိုင်သော ဂြိုဟ်များကို သိမ်းပိုက်ထားသည်။ သူတို့သည် ယုံကြည် ကိုးကွယ်မှုကို တည်ဆောက်ကာ လူသား မျိုးနွယ်များကို ထိန်းချုပ်၏။
အတိတ်ဘဝ၌ စကြဝဠာ စစ်ပွဲများ ဖြစ်ပွားချိန်တွင် ချန်းဖန်သည် အလင်းနတ်ဘုရား ဆယ့်နှစ်ယောက်နှင့် ရင်ဆိုင် တိုက်ခိုက်ခဲ့ဖူးသည်။ ထိုတိုက်ပွဲ၌ သူသည် အလင်းနတ်ဘုရား ခုနစ်ယောက်ကို သတ်ဖြတ်ကာ စကြဝဠာအား တုန်လှုပ် စေခဲ့ဖူး၏။
"သင် လူသားက မြင့်မြတ်တဲ့ ဘုရားသခင်တွေကို စော်ကားရဲတယ်ပေါ့…"
အလန်၏ အပြာရောင် မျက်လုံးများ၌ အမျက် ဒေါသတို့ ပေါက်ဖွားလာသည်။
အလင်းမျိုးနွယ်၏ နတ်ဘုရားများသည် အာကာသ အဆင့် သက်ရှိများ ဖြစ်ပြီး စကြဝဠာတွင်ပင် အလွန် မြင့်မားသော ဖြစ်တည်မှု ပိုင်ရှင်များ ဖြစ်လေသည်။ အလင်း မျိုးနွယ်ဝင်များ အတွက် အလင်း နတ်ဘုရားများမှာ "ဘုရားသခင်များ" ဖြစ်လေသည်။
"ကောင်းကင်အမျက်ဓား…"
အလန်က ဓားအား ကိုင်၍ ပြင်းထန်သော အဟုန်ဖြင့် ခုတ်ပိုင်းလိုက်သည်။
"ဘုန်း…"
ရုတ်တရက် ကောင်းကင် တစ်ခုလုံး၌ မီးအလင်းများ ဖြစ်ပေါ်လာကာ လေထုအား လောင်ကျွမ်းလေ၏။ ထိုမီးအလင်းများကား အလွန် သန့်စင်လေရာ ကိုင်လင်၏ မီးတောက်နှင့်ပင် ယှဉ်နိုင်သည်။ မြေကမ္ဘာ နတ်ဘုရား လဲ့ရှင်းပင် ထိုဓားအား တိုက်ရိုက် ရင်ဆိုင် တိုက်ခိုက်ရဲမည် မဟုတ်ချေ။
"ဓား…"
ချန်းဖန်ကလည်း သူ၏ ဓားကို လှုပ်ခါ လိုက်သည်။
"ဘုန်း…"
လေထုရှိ မိုးကြိုးများသည် စုစည်းလာကာ နဂါးတစ်ကောင် အသွင်သို့ ပြောင်းလဲသည်။ ထိုနဂါးသည် ကျယ်လောင်စွာ ဟိန်းဟောက်ရင်း မီးအလင်းများကို တားဆီးလေ၏။
"ဘုန်း…"
ရုတ်တရက် ကောင်းကင် တစ်ခုလုံးတွင် မီးအလင်းများနှင့် ခရမ်းရောင် အလင်းများ ပြည့်နှက်သွား၏။ ထိုပတ်ဝန်းကျင် တစ်ဝိုက်ကား နျူကလိယဗုံး ကြဲချသလို အပျက်အစီးများ ဖုံးလွှမ်းသွား၏။
"ကြောက်ဖို့ ကောင်းလိုက်တာ…"
ကျန်ရစ်နေသော တန်ခိုးရှင် အဆင့်များ အပါအဝင် အမှောင်ကမ္ဘာမှ လူများသည် ကြောက်လန့်တကြားဖြင့် တိုက်ပွဲနှင့် တစ်မိုင်ခန့် အကာအဝေး အထိ ထွက်ပြေးကြသည်။
ချန်းဖန်နှင့် အလန်တို့ ကြားမှ တိုက်ပွဲသည် မြေကမ္ဘာအဆင့် အထွတ်အထိပ်များ၏ တိုက်ပွဲနှင့်ပင် နှိုင်းယှဉ်နိုင်သည်။ ရဲ့ချင်စန်းနှင့် ဖရန်စစ်တို့သည် သူတို့ နှစ်ယောက်၏ ရှေ့၌ ကြက်ပေါက်လေးများနှင့် ခြားနားခြင်း မရှိချေ။
"ဘယ်သူ နိုင်မှာလဲ…"
ဟောင်ဂိုဏ်း ဘိုးဘေးသခင်က တီးတိုး ရေရွတ်သည်။ အခြားလူများကလည်း တိုက်ပွဲအား စိတ်တင်တစား စောင့်ကြည့်ကြ၏။
အားလုံး၏ အကြည့်များ အောက်တွင်ပင်…
"ဘုန်း…"
ကောင်းကင်ရှိ လူရိပ် တစ်ခုသည် ပြင်းထန်သော အရှိန်ဖြင့် လွင့်စဉ်၍ မီတာ ရာပေါင်းများစွာ အကာအဝေးမှ တောင်ပေါ်သို့ ကျလေသည်။ အတောင်ပံ တစ်စုံနှင့် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသော ထိုလူရိပ်ကား အလန်ပင် ဖြစ်လေသည်။
"ဘုရားသားတော် ရှုံးသွားတာလား…"
အမှောင် အရှင်သခင်များ၏ နှလုံးများကား တဆတ်ဆတ် တုန်ရီသွား၏။
ဘုရားသခင်၏ ဓားကို ကိုင်ဆောင်ထားသော ကောင်းကင် တမန်တော်ပင် ရှုံးနိမ့်ခဲ့ရရာ မည်သူက ချန်းပေ့ရွှမ်းကို ယှဉ်နိုင်တော့ မည်နည်း။
"ဟူး…"
အိုင်းမဟာ ဘုရားကျောင်း၏ ကောင်းကင်သခင်သည် အနက်ရောင် မြူထု တစ်ခုကို ဖန်ဆင်းကာ ထွက်ပြေးရန် ပြင်လိုက်၏။ သို့သော်လည်း အေးစက်သော အသံ တစ်ခုက သူ၏ နားစည်သို့ ပျံ့လွင့်၍ လာသည်။
"မင်း ဒီကို ရောက်လာ ကတည်းက မင်း အသက်ကို ငါ ပိုင်သွားပြီ…"
"ဘုန်း…"
အသံနှင့်အတူ မိုးကြိုးက တွဲလျက် လိုက်ပါလာသည်။ အိုင်းမဟာ ဘုရားကျောင်း၏ မြင့်မြတ်သော ကောင်းကင်သခင်ကား ထိုမိုးကြိုး၏ ရိုက်ခတ်မှုတွင်ပင် နတ်ဘုရား စိတ်ဝိညာဉ် ကွဲပျက်ကာ သေဆုံးရ၏။
"ဘုန်း…"
မိုးကြိုးသည် ရပ်တန့်ခြင်း မရှိပဲ ဟောင်ဂိုဏ်း ဘိုးဘေးသခင်နှင့် ခရစ်ယာန် ဂိုဏ်းအုပ် ထံသို့ပါ ဆက်လက် တိုးဝင် သတ်ဖြတ်၏။
"မကောင်းတော့ဘူး…"
အခြေအနေ မကောင်းကြောင်း မြင်သည်နှင့် သူတော်စင် ဖရန်စစ်သည် အဖြူရောင် အလင်းတန်း တစ်ခု အသွင် ပြောင်းလဲကာ ထွက်ပြေးသည်။
သူသည် ဒဏ်ရာ ရနေသော်လည်း သူတော်စင် တစ်ယောက် ဖြစ်သည်။ ထို့ကြောင့် သူ၏ ခန္ဓာကိုယ်သည် အသံ၏ အမြန်နှုန်းကို ချိုးဖျက်ကာ မီတာရာပေါင်း များစွာ အကွာအဝေးသို့ ခဏ အတွင်း ရောက်ရှိ သွားသည်။
သို့သော်လည်း ချန်းဖန်သည် ထိုအရာကို စိတ်ပူခြင်း မရှိချေ။ အဝေးမှ နေ၍ ဓားဖြင့် လှမ်းပိုင်းလိုက်သည်။
"သေလိုက်တော့…"
ချန်းဖန်၏ အသံ အဆုံး၌ ဖရန်စစ်၏ ခန္ဓာသည် နှစ်ပိုင်း ပြတ်ကာ ကောင်းကင်မှ မြေပြင်သို့ ပြုတ်ကျ၏။ သူ၏ နတ်ဘုရား စိတ်ဝိညာဉ်သည်လည်း အပိုင်းပိုင်း အစစ ကွဲပျက်ကာ လေနှင့် လွင့်ပါလေ၏။
သူတော်စင် တစ်ယောက်ကို ဓားတစ်ချက်ဖြင့် သတ်ဖြတ်ခြင်း…
မရေမတွက်နိုင်သော အမှောင်ကမ္ဘာမှ အရှင်သခင်များ ဆွံ့အ သွားကြ၏။
ချန်းပေ့ရွှမ်းကား နောက်တစ်ကြိမ် ကမ္ဘာအား ချောက်ချား စေခဲ့ပြန်ပြီ ဖြစ်လေသည်။
(ကျင့်ကြံခြင်း အဆင့်များ - ချီသန့်စင်ခြင်း အဆင့်၊ မူလအဆင့်၊ ရွှေအမြုတေ အဆင့်၊ ဝိညာဉ် အခြေတည် အဆင့်၊ ဝိညာဉ် ဖြစ်တည်ခြင်း အဆင့်၊ အာကာသ အဆင့်၊ တာအို ဖွဲ့စည်းခြင်း အဆင့်၊ အတိဒုက္ခ အဆင့်)
***