← Chapters

ရန်သူအားလုံးကို သတ်ဖြတ်ခြင်း

Vol. 7 Ch. 698

ရန်သူအားလုံးကို သတ်ဖြတ်ခြင်း

Vol. 7 Ch. 698

"သေပြီ … အားလုံး သေကုန်ပြီ"

ဂျပန် ကင်ဒို မာစတာ တစ်ယောက်က သွေးပျက်စွာ ရေရွတ်၏။

ဟောင်ဂိုဏ်း ဘိုးဘေးခင်…

ဂုရုကြီး ရာမ…

အိုင်းမဟာ ဘုရားကျောင်း၏ ကောင်းကင် သခင်…

ကျော်ကြားသော တန်ခိုးရှင်ကြီးများကား မျက်တောင် တစ်ခတ်စာ အတွင်းမှာပင် သေဆုံး ကုန်ကြလေပြီ။ သူတော်စင် အဆင့် မူလ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ပင်လျှင် ကျန်ရစ် မနေခဲ့ချေ။

အရှေ့တောင် တစ်ခုလုံးတွင် အမှောင် လောကသားတို့၏ နီရဲသော သွေးများဖြင့် ချောင်းစီး နေ၏။

ယနေ့ကား အမှောင်ကမ္ဘာ၏ သမိုင်းတွင် မမေ့နိုင်ဖွယ်ရာ နေ့တစ်နေ့ ဖြစ်လာမည်မှာ သေချာသည်။

"ဟူး… ဟူး…"

ချန်းဖန်သည် ခရမ်းရောင် မိုးကြိုးဓားကို ကိုင်ရင်း ကောင်းကင်တွင် လွင့်မျောနေ၏။ သူ၏ မျက်လုံးများက အနီရောင် မီးများဖြင့် တဟုန်းဟုန်း တောက်လောင်နေသည်။

"ဝှစ်…"

အလန်သည် မြေပြင်မှ ရုန်းထကာ အတောင်ကို ခတ်ရင်း ကောင်းကင်သို့ ပျံတက် လာ၏။

သူ၏ မျက်လုံးပြာများသည် ဖရန်စစ်၏ အကြွင်းအကျန် ခန္ဓာသို့ ကျရောက်သည်နှင့် နာကျင်မှုများ စွန်းထင်းလာသည်။

"သေမျိုး… သင်က ဘုရားသခင်ရဲ့ ဘက်တော်သား တစ်ယောက်ကို သတ်ဖြတ် ရဲတယ်ပေါ့… သေမျိုး ကမ္ဘာကို ဘုရားသခင် လာတဲ့နေ့ကျရင် သင့်ကို ငရဲမှာ ပစ်ချပြီး ထာဝရ ဒုက္ခ ခံစားစေမယ်"

"ဘယ်ကောင်လာလာ ငါ့ဘက်က သတ်ဖို့ အဆင်သင့်ပဲ…"

ချန်းဖန်က ဂရုမစိုက်စွာ ဆိုလိုက်သည်။ သူ၏ မျက်နှာတွင်မူ အပြုံးတစ်ခုက တောက်ပ နေလေသည်။

"ငါ သွေးမျိုးဆက် ခြောက်ကောင်ကို ဆေးအဖြစ် ပြောင်းလဲဖို့ လုပ်ထားပေမဲ့ အဆင် မပြေခဲ့ဘူး… ဘာပဲဖြစ်ဖြစ် အလင်းမျိုးနွယ် တစ်ယောက်ကို အစားရတာလည်း မဆိုးပါဘူးလေ"

အလင်းမျိုးနွယ်များ၏ သွေးသည် သွေးမျိုးဆက်များထက် ပို၍ သန့်စင်သည်။ ထို့ကြောင့် အလန်၏ ခန္ဓာကိုယ်ကို ရတနာ ဆေးဝါး ပြုလုပ်ရန်မှာ ပြဿနာ မရှိချေ။

"သင် လုပ်ရဲလား…"

ဒေါသတရားသည် အလန်၏ မျက်လုံးများ၌ ကျွမ်းလောင်လာသည်။

ဘုရား၏သားတော် ကောင်းကင် တမန်တော် အနေဖြင့် သူသည် လူသားများကို သေးနုပ်သော ပုရွက်ဆိတ်များ အဖြစ်သာ မြင်သည်။ ထိုသို့သော ပုရွတ်ဆိတ် တစ်ကောင်က သူ့အား ဆေးလုပ်ပစ်မည်ဟု ပြောဆိုခြင်းမှာ သူ့အတွက် ခံရခက်လွန်းသည်။

"ကလန့်…"

ရုတ်တရက် ကောင်းကင် အမျက်ဓားသည် တုန်ရီလာကာ မီတာ ဒါဇင်ပေါင်းများစွာ ရှည်လျားသော ဧရာမ ဓားကြီး အသွင် ပြောင်းလဲ၏။

"ဘုန်း…"

တိုက်ပွဲကား နောက်တစ်ကြိမ် စခဲ့လေပြီ ဖြစ်သည်။

ယခု တစ်ကြိမ်တွင်မူ ချန်းဖန်သည် လျှိုမနေတော့ချေ။

သူသည် ခရမ်းရောင် မိုးကြိုးဓားကို သုံးကာ ကမ္ဘာ တုန်လောက်သည့် ဓားချက်များကို ထုတ်ဖော်၏။

မိုးကြိုးဓားချက်များ အောက်၌ ကောင်းကင် တစ်ခုလုံးသည်ခရမ်းရောင် လျှပ်စီး ပင်လယ်ကြီး အသွင်သို့ ပြောင်းလဲသည်။ မိုးကြိုး နဂါးများသည် ထိုပင်လယ်၌ မြူးထူး ကခုန်ကြလေ၏။

တစ်ချိန်တည်းတွင် အလန်သည် တောက်ပသော အလင်းများကို ထုတ်ဖော်ရင်း သူ၏ အတောင်ပံများကို ဓားများသဖွယ် ပြောင်းလဲသည်။ ထိုဓားများက ကောင်းကင် အမျက်ဓားနှင့် ပူးပေါင်းကာ ချန်းဖန်၏ လျှပ်စီး ပင်လယ်ကို ခုခံလေ၏။

အလန်သည် မူလ အလယ်ဆင့် တစ်ယောက် ဖြစ်သည်။

သို့သော်လည်း အလင်းမျိုးနွယ်သည် စကြဝဠာတွင်ပင် ကြီးမားသော မျိုးနွယ်ကြီး တစ်ခု ဖြစ်သည်။

အလန်၏ သွေးသည် အစစ်အမှန် အလင်း နတ်ဘုရား တစ်ပါးထံမှ ဆင်းသက်လာရာ သာမန် ကျင့်ကြံသူများထက် ပို၍ သန့်စင် အစွမ်းထက်၏။

နှိုင်းယှဉ်ရလျှင် အလန်၏ တိုက်ခိုက်မှုသည် မြေကမ္ဘာ နတ်ဘုရား လဲ့ရှင်းထက်ပင် ပိုမို၍ အစွမ်းထက်သည်။

သို့သော် ကံမကောင်းသည်က အလန်သည် ချန်းဖန် ကဲ့သို့သော ပုဂ္ဂိုလ်နှင့် တွေ့ဆုံခဲ့ရခြင်းပင်။

"ဘုန်… ဘုန်း… ဘုန်း…"

ခရမ်းရောင် လျှပ်စီး ဓားချက်များ အောက်တွင် အလန်သည် တဖြည်းဖြည်း နောက်သို့ ဆုတ်နေရသည်။

သူသည် မြေကမ္ဘာ ထိပ်ဆုံး အဆင့် တစ်ယောက် အလား အစွမ်းထက်သော်လည်း ချန်းဖန်၏ ပြိုင်ဘက် မဟုတ်ခဲ့ချေ။

"ဘုန်း…"

ချန်းဖန်သည် ဓားကို ကိုင်လျှင် ပြင်းထန်သော အဟုန်ဖြင့် အလန်အား ဖြတ်ပိုင်း လိုက်သည်။

"အကာအကွယ်…"

အလန်၏ နောက်၌ အဖြူရောင် အလင်း တစ်ခု လင်းလက် တောက်ပလာသည်။ ထိုအလင်း အတွင်း၌ အတောင်ပံ တစ်စုံပါသော လူပုံရိပ် တစ်ခု ရှိနေ၏။

"ကလန့်…"

ချန်းဖန်၏ ဓားသည် ထိုအလင်းနှင့် ထိပ်တိုက် တွေ့ရာ နှစ်ခုစလုံး နောက်သို့ ပြိုင်တူ ဆုတ်လိုက်ရသည်။

"ဒါက…"

ချန်းဖန်သည် မျက်မှောင် ကြုတ်လိုက်၏။

"ဒါက ငါ့အဖေ ပေးထားတဲ့ အကာအကွယ် နတ်ဘုရား နည်းစနစ်ပဲ… မြေကမ္ဘာ အဆင့် ဆယ်ယောက်တောင် အဲဒါကို ချိုးဖျက်နိုင်မှာ မဟုတ်ဘူး"

အလန်က ဆိုသည်။

ကမ္ဘာမြေသို့ လာသော တမန်တော် တစ်ယောက် အနေဖြင့် သူ့တွင် မည်သို့ ဝှက်ဖဲ မရှိပဲ နေမည်နည်း။

"ဟုတ်လား…"

ချန်းဖန်က ခရမ်းရောင် မိုးကြိုးဓားအား မြှောက်ကာ ဝှေ့ယမ်းလိုက်သည်။

"ဘုန်း…"

နဂါး ကိုးကောင်သည် ကြမ်းတမ်းစွာဖြင့် အလန်အား ကာကွယ်ထားသော အလင်းထံ တိုးဝင် တိုက်ခိုက်၏။

သို့သော် ထိုဓားချက်သည်လည်း အလင်းအား ထိုးဖောက်နိုင်စွမ်း မရှိချေ။

"အသုံးမဝင်ဘူး… ဒါက အစစ်အမှန် နတ်ဘုရား တစ်ပါးဆီက လာတဲ့ စွမ်းအားပဲ … မင်း အစစ်အမှန် နတ်ဘုရားတစ်ပါး မဖြစ်မချင်း ဒီအလင်းကို ထိုးဖောက်နိုင်မှာ မဟုတ်ဘူး"

အလန်က လှောင်ပြောင်သော အမူအရာဖြင့် ပြုံးလိုက်၏။

အစစ်အမှန် နတ်ဘုရားသည် ရွှေအမြုတေ အဆင့် ဖြစ်သည်။

ကမ္ဘာ၌ ရွှေအမြုတေ အဆင့် မရှိချေ။ ရှိခဲ့ဖူးသော ရွှေအမြုတေ အဆင့်များမှာလည်း ကမ္ဘာဂြိုဟ်မှ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။

"ချန်းပေ့ရွှမ်း … သင်ဟာ သေမျိုးတွေ ကြားထဲမှာ အင်အား အကြီးဆုံးလို့ ဆိုနိုင်တယ်… သင့်ရဲ့ ခန္ဓာကိုယ်ထဲမှာ ငါ့အဖေရဲ့ ပုံရိပ်ကို ငါတွေ့ရတယ်… ဒါပေမဲ့ အလင်းမျိုးနွယ်ကိုတော့ သင် ရန်မစသင့်ဘူး"

အလန်က သက်ပြင်းချရင်း ပြန်လည် ထွက်ခွာရန် ဟန်ပြင်လိုက်သည်။

"နေဦး…"

ချန်းဖန်က တားလိုက်၏။

"ဘာလဲ… တောင်းပန် မလို့လား… နောက်ကျ သွားပြီ"

အလန်က ရပ်ရင်း မေး၏။

"မဟုတ်ဘူး… ငါစဉ်းစားနေတာ"

ချန်းဖန်က မေးစေ့ကို ပွတ်သပ် လိုက်သည်။

"မင်းကို မထိခိုက်စေပဲ အလင်း အကာအရံကို ဘယ်လို ချိုးဖျက်ရမလဲ ဆိုတာကိုလေ… အဲဒါမှ မင်းကို ဆေးလုံး လုပ်လို့ ရမှာပေါ့"

ထိုအရာမှာ ချန်းဖန် ဟာသ လုပ်နေခြင်း မဟုတ်ချေ။

သူသည် ရွှေအမြုတေ အဆင့်ကို ရောက်ရှိခြင်း မရှိသေးသော်လည်း မိုးကြိုး ငါးခု ချိပ်တံဆိပ် သို့မဟုတ် ရုရှားမှ ရရှိခဲ့သော နျူကလိယ လက်နက် အသေးစား (ရုရှားက ပေးလိုက်တဲ့ သေတ္တာလေး) ကို အသုံးပြု၍  အလန်၏ အလင်း အတားအဆီးကို ချိုးဖျက်နိုင်သည်။

သို့သော်လည်း ထိုလက်နက် နှစ်ခုကို အသုံးပြုပါက အလန် သေသွားမည်မှာ သေချာ၏။

"ကောင်းပြီလေ… ဒီတိုက်ခိုက်မှုက ခွန်ရှု့ နယ်မြေက လူတွေ အတွက် ပြင်ဆင်ထားတာ… ခုတော့ မင်းကို အရင် မြင်ခွင့် ပေးရမှာပေါ့"

ချန်းဖန်က သက်ပြင်းချရင်း ရှေ့သို့ တစ်လှမ်း တိုးလိုက်၏။ ထို့နောက် သူ၏ မိုးကြိုးဓားကို ဝှေ့ယမ်းလိုက်သည်။

"ခရက်…"

အနက်ရောင် ဓားအလင်းသည် ပေါ်ထွက် လာ၏။

ထိုဓားအလင်းသည် သုံးပေခန့် ရှည်လျားပြီး အနားသတ်၍ ခရမ်းရောင် လျှပ်စီးများ ဖုံးလွှမ်းနေသည်။

"အဲဒါက… မိုးကြိုးဝိညာဉ် စုဒြာထဲက မိုးကြိုး နတ်ဘုရားဓား မလား"

ချန်းဟွိုက်အန်း၏ မျက်လုံးများသည် ပြူးကျယ် သွား၏။

မိုးကြိုး နတ်ဘုရားဓား…

ထိုဓားကား ရှေးဟောင်း မိုးကြိုး နတ်ဘုရားကို စကြဝဠာတွင် ပြိုင်ဘက် ကင်းစေခဲ့သော ဓားဖြစ်သည်။ ဒဏ္ဍာရီများအရ ဆိုလျှင် မိုးကြိုး နတ်ဘုရားသည် ထိုဓားကို အသုံးပြုကာ စကြဝဠာကိုပင် နှစ်ပိုင်း ဖြတ်ခဲ့ဖူးလေ၏။

"ဘုန်း…"

အနက်ရောင်ဓားသည် ကောင်းကင်ကို ဖြတ်သန်းကာ အလန်၏ အလင်းအကာအရံကို ခုတ်ပိုင်းလေ၏။

"မလုပ်နဲ့…"

ဓား၏ စွမ်းအားကို ခံစားမိသည်နှင့် အလန်၏ အလန်၏ မျက်နှာသည် ဖြူရော်သွား၏။

"ဘုန်း…"

ရှောင်တိမ်းရန် အချိန် မရမီတွင် အနက်ရောင် ဓားသည် အလင်း အကာအရံကို ထောပတ် အလား ဖြတ်သန်းကာ အလန်၏ နောက်ကျောအား ထိလေသည်။

"အား…"

ထိုပိုင်းဖြတ်မှုတွင်ပင် အလံ၏ အတောင်ပံ နှစ်ဖက်သည် ထက်ပိုင်း ပြတ်ကာ ကောင်းကင်မှ မြေပြင်သို့ ကျတော့၏။

အလင်းမျိုးနွယ်များ၏ စွမ်းအားသည် သူတို့၏ နောက်ကျောရှိ အတောင်ပံများမှ လာသည်။ အတောင်ပံများ ဆုံးရှုံးရခြင်းကား စွမ်းအား အမြုတေ ဆုံးရှုံးရခြင်းနှင့် အတူတူပင်။

"ချိပ်တံဆိပ်…"

ချန်းဖန်က လက်သင်္ကေတ တချို့ ဖန်တီးကာ အလန်ထံသို့ ပစ်လွှတ်လိုက်သည်။ ထို သင်္ကေတများက မိုးကြိုး အလင်းလုံး အသွင်ဖြင့် အလန်အား ပိတ်လှောင်သည်။

"ကဲ… မင်းတို့ အလှည့်ရောက်ပြီ"

မိုးကြိုး အလင်းလုံးကို ဓားအားဖြည့် ကျောက်မျက် အတွင်း ထည့်သွင်း သိမ်းဆည်းပြီးနောက် ချန်းဖန်သည် အမှောင် လောကသားများ ဘက်သို့ လှည့်လိုက်၏။

"တောင်း… တောင်းပန်ပါတယ် အရှင်ချန်း ခင်ဗျာ… ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ"

ထိုင်းတော်ဝင် မိသားစုမှ လူများက ဒူးများကို ထောက်ချရင်း ချန်းဖန်အား အသနားခံ ကြသည်။

သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ ထိုလူများ အတွက် သနား ကြင်နာမှု ချန်းဖန်တွင် မရှိတော့ချေ။

"သတ်…"

သူက ဓားကို မြှောက်၍ ထိုလူများကို တစ်ချက်တည်း ခုတ်ပိုင်း သတ်ဖြတ်လိုက်၏။

"ပြေးကြဟေ့… ပြေးကြ"

တောင်းပန်၍ မရနိုင်မှန်း နားလည်သည်နှင့် များစွာသော အမှောင် လောကသားများက ထွက်ပြေးရန် ကြိုးစားကြသည်။ သို့သော်လည်း ခရမ်းရောင် မိုးကြိုးဓား ကိုင်ထားသော ချန်းဖန်၏ လက်မှ မည်ကဲ့သို့ လွတ်နိုင်ပါမည်နည်း။

"ဘုန်း… ဘုန်း… ဘုန်း…"

ခဏ အတွင်းမှာပင် အရှေ့တောင် တစ်ဝိုက်၌ မိုးကြိုးပင်လယ် ငရဲခန်း တစ်ခု ဖြစ်ပေါ်လာသည်။

အင်ဒိုနီးရှားမှ သိုင်းပညာရှင်များ…

အနောက် ဥရောပမှ ဘုန်းတော်ကြီးများ…

မြောက် အမေရိကမှ အရှင်သခင်များ…

ဟောင်ဂိုဏ်းမှ အထွတ်အထိပ်များ…

တောင်အမေရိကမှ မိုးသစ်တော စစ်သည်များ…

ချန်းဖန်သည် မည်သူ့ကိုမျှ အလွတ်ပေးရန် ဆန္ဒ မရှိချေ။ အားလုံးကို မိုးကြိုး ပင်လယ်ဖြင့် ဖုံးအုပ်ကာ သတ်ဖြတ်၏။

"ဘုန်း… ဘုန်း… ဘုန်း…"

ထောင်ချီသော အမှောင်လောက သားများသည် မိုးကြိုးပင်လယ်မှ လွတ်မြောက်ရန် ရုန်းကန် ကြိုးစား ကြသော်လည်း တစ်မုဟုတ်ချင်းပင် ဝါးမျို ပြာချ ခံရ၏။

ကြောက်မက်ဖွယ် ကောင်းသော မြင်ကွင်းကို ကြည့်ရင်း ခွန်းလွန်၏ လူများကား သွေးလွန့် နေပြပြီ ဖြစ်လေသည်။

"သူတော်စင် နှစ်ယောက် တန်ခိုးရှင် အဆင့် နှစ်ဆယ့်လေးယောက် အထွတ်အထိပ် အဆင့် တစ်ရာကျော်နဲ့ ထောင်ချီတဲ့ အမှောင် လောကသားတွေ… သူတို့တွေက မြေအောက် လောက တစ်ခုလုံး နီးပါးကို ကိုယ်စားပြုတယ်… ဒါပေမဲ့ ချန်းပေ့ရွှမ်းက သူတို့တွေကို တစ်ကိုယ်တည်း သတ်ပစ်လိုက်ပြီ… သူက တကယ်ပဲ ကမ္ဘာကြီးကို စိုးမိုးနိုင်တာပဲ"

အဇူရာ နဂါး၏ လက်များက တုန်ရီ၍ နေသည်။

ယခုတိုက်ပွဲ အပြီး၌ ကမ္ဘာပေါ်တွင် တန်ခိုးရှင် အဆင့် ရှိတော့မည် မဟုတ်သလို အထွတ်အထိပ် အဆင့်များလည်း ကျန်တော့မည် မဟုတ်ချေ။ အမှောင်ကမ္ဘာ တစ်ခုလုံး ကြီးမားစွာ ကျဆင်းသွားမည်မှာ ကျိန်းသေ၏။

"ဒီတိုက်ပွဲက ကမ္ဘာကြီးကို ဘယ်လောင်တောင် အံဩသွားစေမလဲ ဆိုတာ ငါ တွေးတောင် မတွေးနိုင်ဘူး"

ပျံလွှားနီလေးက ခေါင်းကို ငုံ့ရင်း ရေရွတ် လိုက်သည်။

***

All Chapters