← Chapters

ကမ္ဘာသို့ တိုက်ရိုက် live လွှင့်ခြင်း

Vol. 7 Ch. 699

ကမ္ဘာသို့ တိုက်ရိုက် live လွှင့်ခြင်း

Vol. 7 Ch. 699

ခရစ်ယာန် ဘုရားကျောင်း အရှေ့တောင်သို့ ရောက်ရှိသည့် အချိန်မှစ၍ စီအိုင်အေသည် တိုက်ပွဲကို တိုက်ရိုက် စောင့်ကြည့် နေခဲ့သည်။

သွေးတောင်ပံ အဖွဲ့၏ ဟက်ကာ ပညာရှင် ရေဖယ်ကလည်း နည်းပညာပိုင်း အကူအညီဖြင့် တိုက်ပွဲအား ဖမ်းယူကာ အင်တာနက် ဖိုရမ်မှ တစ်ဆင့် တိုက်ရိုက် live လွှင့်နေခဲ့၏။

ထို့ကြောင့် ခရစ်ယာန် ဘုရားကျောင်းနှင့် မြောက်ပိုင်းချုံး၏ တိုက်ပွဲကို တစ်ကမ္ဘာလုံးမှ တိုက်ရိုက် ကြည့်နေကြသည်ဟု ဆိုနိုင်သည်။

"ဘယ်အဖွဲ့က နိုင်မယ်လို့ ထင်ကြလဲ…"

တစ်ယောက်က မေး၏။

"ခရစ်ယာန် ဘုရားကျောင်းပေါ့… သူတော်စင် ဖရန်စစ်နဲ့ တန်ခိုးရှင် အဆင့် ကိုးယောက် ပေါင်းထားတဲ့ အင်အားက ကမ္ဘာရဲ့ ဘယ်အင်အားစုကို မဆို ဖြိုခွဲနိုင်တယ်… ချန်းပေ့ရွှမ်း မရှိပဲနဲ့ ခရစ်ယာန် ဘုရားကျောင်းကို မြောက်ပိုင်းချုံး ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး"

များစွာသော လူများက တိကျ သေချာစွာ ဆိုကြသည်။

"သောက်ပြဿနာပဲ… မြောက်ပိုင်းချုံးမှာ မြေကမ္ဘာ အဆင့် နောက်တစ်ယောက် ရှိနေတာလား"

"သူက ဘယ်က ရောက်လာတာလဲ… ငါ တစ်ခါမှ မကြားဖူးဘူး"

"ကံကောင်းတာပဲ… ခရစ်ယာန် ဘုရားကျောင်းမှာလည်း တမန်တော် တစ်ပါး ရှိနေတယ်… သူတို့က ကမ္ဘာပေါ်မှာ အစွမ်း အထက်ဆုံး အင်အား အကြီးဆုံးပဲ"

ချန်းဟွိုက်အန်းနှင့် အလန်တို့၏ ပေါ်လာမှုက တစ်ကမ္ဘာလုံးကို အံ့အားသင့် သွားစေ၏။ ကမ္ဘာပေါ်၌ ပုန်းကွယ်နေသော မြေကမ္ဘာ အဆင့် နှစ်ယောက် ရှိနေဦးမည်ဟု မည်သူမျှ မတွေးမိကြချေ။

"နေဦး… ထပ်ရောက်လာတဲ့ တစ်ယောက်က ဘယ်သူလဲ"

လူများက စိတ်ဝင်တစားဖြင့် အဇူရာ အလင်းများ ဝန်းရံနေသည့် တစ်ယောက်အား ကြည့်ကြသည်။

"သူ… သူက…"

"ချန်းပေ့ရွှမ်း…"

လူတိုင်း လုံးဝ ဆွံ့အ သွားကြတော့၏။

ချန်းပေ့ရွှမ်းက သွေးပင်လယ် နျူကလိယ ပေါက်ကွဲမှုတွင် သေခဲ့သင့်သည် မဟုတ်လော။ သူက အဘယ်ကြောင့် အသက်ရှင် နေရသေး သနည်း။

အားလုံး ခန့်မှန်းမိသည့် အတိုင်းပင် ချန်းဖန်၏ ရောက်ရှိလာမှု အပြီး၌ တိုက်ပွဲသည် လုံးဝ တစ်ဖက်သတ် ဆန်သွား၏။

တစ်ခဏ အတွင်းမှာပင် သူတော်စင် ဖရန်စစ် အပါအဝင် များစွာသော အမှောင် ကမ္ဘာသားများ အသတ် ခံရပြီး အလန်ပင် အဖမ်းခံ လိုက်ရသည်။

မရေမတွက်နိုင်သော လူများသည် ဆွံ့အနေမိကြဆဲ ဖြစ်သည်။

"ငါ မြောက်ပိုင်းချုံးကို လိုက်မသွားမိတာ ကံကောင်းတာပဲ"

လူများသည် သူတို့၏ ကံကောင်းမှု အတွက် သက်ပြင်းချကြ၏။

"ချန်းပေ့ရွှမ်းက တကယ့်ကို ကမ္ဘာ့ အစွမ်း အထက်ဆုံးပဲ…"

အချို့က တီးတိုး ရေရွတ်ကြသည်။

"ပေါ်ကွဲမှု တန်ချိန် မီလျံချီတဲ့ ဟိုက်ဒရိုဂျင် ဗုံးတောင် သူ့ကို မသတ်နိုင်ရင် ဘာက သူ့ကို သတ်နိုင်ဦးမှာလဲ"

လူအို အထွတ်အထိပ်ကြီး တစ်ယောက်က စီအိုင်အေ၏ ဖိုရပ်တွင် ထိတ်လန့်စွာ ရေးလိုက်၏။

သို့သော်လည်း မည်သူကမျှ သူ့အား အဖြေ မပေးကြချေ။ ပေးစရာ အဖြေလည်း မရှိ၍ ဖြစ်နိုင်သည်။

တစ်ခဏ အကြာ၌ ဖြူနက် နတ်ဆိုး အမဲလိုက်သူက သက်ပြင်းချရင်း လေးပင်စွာ ရေးသားလိုက်၏။

"ဒီတိုက်ပွဲ အပြီးမှာ ကမ္ဘာပေါ်မှာ ရှိတဲ့ ဘယ်သူက ချန်းပေ့ရွှမ်းကို ထိန်းချုပ်နိုင်ဦးမှာလဲ"

***

ရန်ကျင်း မြောက်အရပ် တောင်တန်း၊ ဝမ်မိသားစု စံအိမ်…

ချန်းဖန် သေဆုံးသွားပြီဟု သတင်းထွက် လာပြီး နောက်ပိုင်းတွင် အဘိုးကြီးဝမ်သည် မိသားစု ခေါင်းဆောင် နေရာကို ဝမ်ကဲ့ချင်အား လွှဲပြောင်း ပေးအပ်ကြောင်း ကြေညာခဲ့သည်။

ယခု ရက်ပိုင်းသည် ဝမ်မိသားစုမှ လူများ အတွက် ပျော်တပြုံးပြုံး ဖြစ်ရသော အချိန်များ ဖြစ်သည်။ အထူးသဖြင့် အဘွားကြီး ရွှယ်ဟုန်မေ့သည် ချန်ဖန် သေဆုံးသွားသည် ဆိုသော သတင်းကြောင့် ဝမ်းသာလုံးဆို့ နေခဲ့သည်။

"အဖေ… ဒီနေ့ ခရစ်ယာန် ဘုရားကျောင်းက မြောက်ပိုင်းချုံးကို တိုက်ခိုက်မယ်လို့ ကျွန်တော် သတင်းရတယ်"

ညစာ စားပွဲတွင် ဝမ်ကဲ့ချင်က ဆိုသည်။

"ငါတို့ ဝမ်မိသားစုက မြေအောက် လောကနဲ့ ခပ်ဝေးဝေးမှာ နေသင့်တယ်… အဲဒါက ခွန်းလွန်နဲ့ ရဲ့ချင်စန်းတို့ ကိုင်တွယ်ရမယ့် ကိစ္စပဲလေ"

ဝမ်ကျုံးကောက ဆိုသည်။

"ဟို ခွေးကောင်လေးလည်း သေပြီ… သူ့ရဲ့ မိသားစုဝင် အားလုံးလည်း သေဖို့  ငါ မျှော်လင့်တယ်… အဲဒါမှ ရှောင်ချန်းရဲ့ အသက် အတွက် ငါတို့ လက်စားချေပြီးသား ဖြစ်မှာ"

ရွှယ်ဟုန်မေ့က မုန်းတီးစွာဖြင့် ရေရွတ် လိုက်သည်။

"ချန်းဖန် သေပြီ ဆိုတော့ ကျွန်တော်တို့ ဝမ် မိသားစုက ဆက်ပြီး နှိမ့်ချ နေစရာ အကြောင်း မရှိတော့ဘူး"

ဝမ်ကဲ့ရှန်းကလည်း ပျော်ရွှင်စွာ ပြောသည်။

ဝမ်ချန်းချန်းကမူ ဘာမှ ဝင်မပြောပဲ သူမ၏ ခေါင်းလေးကိုသာ ငုံ့နေခဲ့၏။

သူမသည် ချန်းဖန်ကို လေးစားသည့် တစ်ဦးတည်းသော ဝမ်မိသားစုဝင် ဖြစ်သည်။ ထို့ကြောင့် အားလုံးက ချန်းဖန် မကောင်းကြောင်း ပြောနေချိန်တွင် သူမ တစ်ခွန်းမျှပင် ဝင်မပြောခဲ့ခြင်း ဖြစ်သည်။

"တီ… တီ… တီ…"

သူတို့ ပျော်ရွှင်စွာ စားသောက် နေကြချိန်မှာပင် ဝမ်ကဲ့ချင်၏ ဖုန်းသည် မြည်လာခဲ့၏။

"ခဏနော်… အဖေ"

ဝမ်ကဲ့ချင်က သူ့အဖေကို ခွင့်တောင်းရင်း အပြုံးဖြင့် ဖုန်းကို ကောက်ကိုင်လိုက်သည်။ သို့သော်လည်း တစ်ခဏ အကြာ၌ သူ၏ မျက်နှာသည် ဖြူရော် ကျသွားတော့၏။

"ဘာဖြစ်တာလဲ… မြောက်ပိုင်းချုံး ကျဆုံး သွားပြီလား"

ရွှယ်ဟုန်မေ့က မေးလိုက်သည်။

ဝမ်ကဲ့ချင်က ဖုန်းကို ချရင်း လေးပင်စွာဖြင့် ဆိုလိုက်သည်။

"ချန်းပေ့ရွှမ်း ပြန်လာပြီ…"

ထိုစကားအား ကြားသည်နှင့် ညစာခန်းမ တစ်ခုလုံး တိတ်ဆိတ် သွားလေ၏။ မည်သူမှ ညစာကို ဆက်လက် စားသောက်ခြင်း မရှိကြတော့ချေ။

"ချန်းဖန် ပြန်လာပြီ…"

ဝမ်ကျုံးကော၏ လက်များသည် တဆတ်ဆတ် တုန်ရီနေသည်။ သူသည် စားသောက် နေသော တူကိုပင် ဆက်လက် ကိုင်နိုင်ခြင်း မရှိပဲ ပန်းကန်ပေါ် ပြန်တင် လိုက်ရသည်။

တစ်ချိန်တည်းတွင် ရွှယ်ဟုန်မေ့သည် အေးခဲကာ တောင့်တင်း နေခဲ့သည်။ သူမသည် မည်သည့် စကားမျှ မဆို နိုင်ချေ။

"အမေရိကန် ဘက်က ဘယ်လို ဆက်ပြီး လှုပ်ရှားမလဲ ကြည့်ရသေးတာပေါ့"

တစ်ခဏ အကြာ၌ ဝမ်ကျုံးကောက သက်ပြင်း တစ်ချက်  ဖြည်းညင်းစွာ ချလိုက်သည်။ သူ၏ မျက်လုံးများကမူ စိတ်ပျက်မှုများဖြင့် ပြည့်နှက် နေခဲ့သည်။

***

ထိုအချိန် ဟန်မိသားစု စံအိမ်…

"အဲဒါက နျူကလိယဗုံးလေ… ချန်းပေ့ရွှမ်းက နျူကလိယ ပေါက်ကွဲမှုကနေ လွတ်ခဲ့တာလား… သူက လူရော ဟုတ်သေးရဲ့လား"

ဟန်ကျန်းလီက မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်၏။

များစွာသော ဟန်မိသားစု ခေါင်းဆောင် အကြီးအကဲများမှာမူ မည်သည့် စကားမျှ မဆိုကြပဲ တိတ်ဆိတ်နေသည်။ သူတို့သည် ချန်းဖန် ပြန်လည် ရောက်ရှိလာခြင်း၏ အဓိပ္ပာယ် မည်မျှ လေးနက်ကြောင်း ဟန်ကျန်းလီထက် ပိုမို၍ နားလည်ကြသည်။

တစ်ခဏ အကြာ၌ အဘိုးကြီးဟန်က ဖြည်းညင်းစွာ ဆိုလိုက်သည်။

"ကျန်းတု… မင်း ညီကို အပြင်ထွက်ခွင့် ပိတ်ပြီး မြောက်ပိုင်းချုံးကို တောင်းပန်ဖို့ လူတစ်ယောက် လွှတ်လိုက်"

"ကောင်းပါပြီ… အဘိုး"

ဟန်ကျန်းတုက သူ၏ ခေါင်းအား ငုံ့လိုက်သည်။

ဝမ်မိသားစု၊ ဟန်မိသားစုတို့ ကဲ့သို့ပင် ရန်ကျင်း၏ အခြားသော မိသားစုကြီးများမှာလည်း ချန်းဖန် ပြန်လည် ရောက်ရှိ လာမှုကြောင့် အံ့ဩ ထိတ်လန့် နေကြသည်။

ရှောင်မိသားစုနှင့် ချင်မိသားစုတို့သည် ချန်းဖန်နှင့် ကောင်းမွန်သော ဆက်ဆံရေး တည်ထောင်ရန် အတွက် သူတို့၏ လူများကို စေလွှတ်ကြသည်။ သို့သော်လည်း မိသားစု ခေါင်းဆောင်များ ကိုယ်တိုင်ကမူ မသွားကြချေ။

"အမေရိကန်က ဒီကိစ္စကို အရမ်း အလေးအနက် ထားနေတယ်… သူတို့က ချန်းပေ့ရွှမ်းကို သတ်ဖို့ လက်လျှော့မှာ မဟုတ်ဘူး… ငါ့အထင် ပြောရရင် ချန်းပေ့ရွှမ်းက အမေရိကန်ကို နိုင်မှာ မဟုတ်ဘူး"

ရှောင်ချမ့်ဖန်းက လေးနက်စွာဖြင့် ဆိုသည်။ ရှောင်ရွှမ်နှင့် အခြားလူများက ခေါင်းညိတ် ကြ၏။

ချန်းဖန် မည်မျှပင် အစွမ်းထက် စေကာမူ သူ၏ ရန်သူမှာ အမေရိကန် ဖြစ်သည်။ အမေရိကန် ကဲ့သို့သော ကမ္ဘာ၏ အုပ်စိုးသူကို နိုင်ရန် ချန်းဖန်တွင် အခွင့်အရေး မရှိချေ။

တစ်ချိန်တည်းတွင်ပင် များစွာသော နိုင်ငံကြီးများသည် ချန်းဖန် ပြန်လာပြီ ဆိုသော သတင်းကြောင့် ဆွံ့အ နေကြသည်။

"ချန်းပေ့ရွှမ်းက ပြန်မလာခင် တစ်လလောက် ပျောက်ဆုံးနေခဲ့တယ်… သူက နျူကလိယ ပေါက်ကွဲမှုမှာ ဒဏ်ရာ ရသွားတာတော့ သေချာတယ်… ဒီအချက်က နျူကလိယ လက်နက်က သူ့ကို အန္တရာယ် ပြုနိုင်သေးတယ် ဆိုတာ ပြနေတယ်"

"ဟုတ်တယ်… ပေါက်ကွဲမှု တန်ချိန် တစ်မီလျံ ရှိတဲ့ နျူကလိယ လက်နက်က သူ့ကို ဒဏ်ရာ ရစေတယ် ဆိုရင်… ပေါက်ကွဲမှု တန်ချိန် တစ်ဘီလျံ ရှိတဲ့ လက်နက်က သူ့ကို သတ်နိုင်မှာ သေချာတယ်"

"အမေရိကန်မှာ ကမ္ဘာ့ အစွမ်း အထက်ဆုံး နျူကလိယ လက်နက်တွေ ရှိတယ်… သူတို့သာ ဆန္ဒ ရှိရင် ချန်းပေ့ရွှမ်းကို အကြိမ် တစ်ရာ သတ်လို့ ရတယ်"

"အမေရိကန်က သူတို့ရဲ့ နေရာကို တည်မြဲဖို့ အတွက် ဘယ်တော့မှ လက်လျှော့မှာ မဟုတ်ဘူး"

***

ထိုအချိန် အမေရိကန် နိုင်ငံ၊ အမည်မသိ တောင်ကြား…

ကတုံးတစ်စုသည် မြေအောက် အခြေစိုက် စခန်း၌ စုဝေးလျက် ဆွေးနွေး ပြောဆို နေကြသည်။

"မစ္စတာ ဘရု… ချန်းပေ့ရွှမ်း အသက်ရှင် ခဲ့တယ်တဲ့"

"ကြည့်ရတာ ငါတို့က သူ့ကို လျှော့တွက်ခဲ့မိပုံပဲ…  သူက သွေးပင်လယ် အတွင်းပိုင်းကို ရောက်နေတာ ဆိုတော့ ပေါက်ကွဲမှု ဗဟိုချက်နဲ့ ဝေးသွားတာ ကြောင့်လည်း ပါမယ်"

"နောက်တစ်ကြိမ်က သူ့ကို တိုက်ခိုက်ဖို့ ပစ်မှတ်က ခက်ခဲ သွားပြီ… ငါတို့ သူ လက်စား လာချေတာကို ဒီအတိုင်း ထိုင်စောင့် နေရတော့မှာလား"

ပညာရှိ လူကြီးများမှာ ထိတ်လန့်မှုကြောင့် ဇောချွေးများပင် ပျံနေခဲ့သည်။ သို့သော် အလယ်၌ ထိုင်နေသော မျက်လုံး အပြာရောင် လူက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

"ဘာမှ မဖြစ်ဘူး… စိတ်ပူ မနေကြနဲ့… ငါတို့မှာ ဝှက်ဖဲ ရှိပါသေးတယ်… အဲဒီ မိန်းကလေး ရှိနေသမျှ ငါတို့ ချန်းပေ့ရွှမ်းရဲ့ အသက်ကို ပိုင်တယ်"

"ခင်ဗျား ဆိုလိုတာက…"

ပညာရှိ လူကြီးများ၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှု အချို့ ဖြတ်ပြေးသွား၏။

***

ထိုအချိန် အရှေ့တောင်ကား တစ်ဖန် ပြန်လည် ငြိမ်းချမ်း နေခဲ့လေပြီ ဖြစ်သည်။

ချန်းဖန်သည် အစိမ်းရောင် နဂါး အစီအရင်ကို ဖွင့်တာ သူ၏ မိတ်ဆွေများ၊ မဟာမိတ်များကို မြောက်ပိုင်းချုံး နန်းတော်သို့ ဖိတ်ခေါ်ခဲ့သည်။

အစိမ်းရောင် နဂါး အစီအရင် အတွင်းရှိ ဝိညာဉ်ချီ ပမာဏနှင့် ဝိညာဉ်ဆေးပင်များက အဇူရာ နဂါးနှင့် အခြားလူများကို ဆွံ့အ သွားစေ၏။

"သူတို့မှာ ဝိညာဉ် ဆေးပင်တွေ အများကြီး ရှိနေတာပဲ… ဒီဟာတွေကိုသာ သုံးရင် အထွတ်အထိပ် အဆင့် ဘယ်လောက်တောင် ပေါ်ထွက်လာမယ် မသိဘူး"

ကျားဖြူက တအံ့တဩဖြင့် ရေရွတ် လိုက်သည်။

လူတိုင်းသည် မြောက်ပိုင်းချုံး နန်းတော် ကြမ်းပြင်တွင် ထိုင်လိုက်ကြသည်။

ဝမ်ရှောက်ယွင်၊ အန်ရာနှင့် ချန်းဟွိုက်အန်း တို့သည် ချန်းဖန်၏ ပြန်လည် ရောက်ရှိလာမှု အတွက် အလွန်ပင် ကျေနပ် နေကြသည်။ ဝမ်ရှောက်ယွင် ဆိုလျှင် ချန်းဖန်အား ဖက်၍ ငိုယို၍ပင် နေခဲ့လေသည်။

"စိတ်မပူပါနဲ့တော့ အမေ… ကျွန်တော် အဆင်ပြေပါတယ်"

ချန်းဖန်က ပြုံးရင်း သူ၏ မိခင်ကို နှစ်သိမ့် လိုက်သည်။

ယူကီရှီရိုဆာနှင့် အခြားလူများ၏ မျက်နှာများမှာ ပြုံးနေခဲ့၏။ သို့သော်လည်း သူတို့၏ မျက်လုံးများထဲ၌ စိုးရိမ် ပူပန်မှု တစ်ခုက နေရာ ယူနေသည်။

"ဘာမှားနေလို့လဲ…"

ချန်းဖန်မှာ တစ်ခုခု ပုံမှန် မဟုတ်ကြောင်း သတိထားမိလိုက်၏။ သူက ချက်ချင်းပင် မေးလိုက်သည်။

"ရှောင်ချုံးရော ဘယ်မှာလဲ… သူက ဘာလို့ ဒီကို မလာတာလဲ"

ချန်းဖန်သည် တောင်ကြားမှ ထွက်ပြီးနောက် ကျန်းချူရန်ကို ဥရောပသို့ ပို့ကာ မြောက်ပိုင်းချုံးသို့ တတ်နိုင်သမျှ မြန်မြန် ပြန်လာခဲ့ခြင်း ဖြစ်သည်။ သူသည် မြောက်ပိုင်းချုံး၏ လုံခြုံရေး အတွက် အလွန် စိတ်ပူနေခဲ့ရာ ဖန့်ချုံး အကြောင်းကို သတိ မပြုမိခဲ့ချေ။

"ဖန့်ချုံးကို အမေရိကန်က ဖမ်းထားတယ်… စတားဝါး ကော်ပိုရေးရှင်းရဲ့ စီအီးအို ဘရုက အမေရိကန်ကို လာဖို့ သူ့ကို ဖိတ်ခေါ်ခဲ့တာ"

ဟွာရန်ဖန်းက စိတ်လေးလံစွာဖြင့် ရှင်းပြ လိုက်သည်။

"ဘယ်လို…"

ချန်းဖန်၏ မျက်လုံးများသည် အေးစက် သွား၏။ အခန်း အတွင်းရှိ လူအားလုံးသည် ထိုအေးစက်မှုကို ခံစားလိုက် ကြရသည်။

ဝမ်ရှောက်ယွင်၊ ချန်းကောရှင်း၊ အန်ရာနှင့် ဖန့်ချုံးတို့သည် ချန်းဖန် အတွက် အရေး အကြီးဆုံးသော လူများ ဖြစ်သည်။ ဖန့်ချုံးအား ယခုကဲ့သို့ ပြုမူခြင်းက ချန်းဖန် အတွက် ခွင့်လွှတ်၍ မရနိုင်သော အရာ ဖြစ်သည်။

"ရှောင်ဖန်… စိတ်ကို အေးအေးထားပါ… သား အသက်ရှင်နေတယ် ဆိုတာ သိသွားရင် အမေရိကန်က ရှောင်ချုံးကို ပြန်လွှတ်ပေးမှာပါ"

ဝမ်ရှောက်ယွင်က ဆိုလိုက်သည်။

"အဲဒီလို လုပ်ပါစေလို့ပဲ မျှော်လင့်တယ်"

ချန်းဖန်က အေးစက်စွာ ဆိုရင်း ထိုင်ရာမှ ထလိုက်၏။ သူသည် ဖန့်ချုံးကို သွားကယ်ရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။

ထိုအချိန်မှာပင် ပျံလွှားနီလေးသည် တက်ပလက် တစ်လုံးဖြင့် ရေးကြီးသုတ်ပျာ ရောက်ချ လာ၏။

"အမေရိကန်က ဖန့်ချုံးကို လူမြင်ကွင်းမှာ ထုတ်ပြဖို့ စီစဉ်နေတယ်… သူတို့ရဲ့ တိုက်ရိုက် live လွှင့်တာက စတောင်နေပြီ"

ချန်းဖန်တို့က ပျံလွှားနီလေး ပြသသည့် တက်ပလက် အတွင်း ကြည့်လိုက်ရာ တရားရုံး ဝက်ခြံ အတွင်း မတ်တတ် ရပ်နေသည့် အဖြူရောင် အင်္ကျီ ဝတ်ဆင်ထားသော ဖန့်ချုံးကို မြင်တွေ့ ကြရသည်။ သူမ၏ လက်မောင်း တစ်ဖက် တစ်ချက်ကိုမူ စစ်သား နှစ်ယောက်က ချုပ်ကိုင်ထား၏။

ဖန့်ချုံး၏ ပုံရိပ်လေးအား မြင်သည်နှင့် ချန်းဖန်၏ ခန္ဓာကိုယ်က တောင့်တင်း သွားသည်။

"ဘုန်း…"

ချန်းဖန်၏ ခန္ဓာကိုယ်မှ သတ်ဖြတ်ခြင်း စွမ်းအင်များ ပေါက်ကွဲ ထွက်လာ၏။ ထိုစွမ်းအင်များသည် အလွန် ကြောက်မက်ဖွယ် ကောင်းရကား ချန်းဟိုက်အန်းပင် နောက်သို့ ဆုတ်လိုက်ရသည်။

၂၀၁၂၊ ဩဂတ်လ ၁၅ ရက်…

အမေရိကန် ဖက်ဒရယ် အထူး တရားရုံးသည် မြောက်ပိုင်းချုံး စီအီးအို ဖန့်ချုံးအား စတင်ကာ အမှုစစ်၏။

သူမသည် ပြစ်မှုပေါင်း ငါးဆယ့် ခြောက်ခုဖြင့် တရားစွဲ ခံရပြီး တစ်ခုချင်းစီက တစ်သက် တစ်ကျွန်း သို့မဟုတ် သေဒဏ် စီရင်နိုင်သည် အထိ ပုဒ်မ ကြီးမားသည်။

အမှု စစ်ဆေးခြင်းအား ကမ္ဘာသို့ တိုက်ရိုက် Live ထုတ်လွှင့်ခဲ့ပြီး နိုင်ငံတိုင်း၊ လူတိုင်းသည် ထိုစစ်ဆေးမှုကို ကြည့်ရှုနိုင်ကြ၏။

***

All Chapters