ခြိမ်းခြောက်မှု
Vol. 7 Ch. 700
အမေရိကန် မီဒီယာများကား အလွန်ပင် လွှမ်းမိုးနိုင်စွမ်း ရှိသည်။
တရား စစ်ဆေးခြင်း စတင်သည်နှင့် တစ်ကမ္ဘာလုံးရှိ TV လိုင်း များစွာသည် တိုက်ရိုက် Live လွှင့်ကြသည်။
မြောက်ပိုင်းချုံးသည် ယခုနှစ်များ၌ မြင့်တက်လာသော ကုမ္ပဏီ တစ်ခု ဖြစ်ပြီး သူတို့၏ ထုတ်ကုန် ရှင်သန်ခြင်း ရေစင်မှာလည်း အရှေ့တိုင်း၏ "ကောင်းကင် ရေစင်" အဖြစ် ထင်ရှားသည်။
သို့သော်လည်း လွန်ခဲ့သော တစ်လခန့်တွင် အနောက်တိုင်း နိုင်ငံများသည် ရှင်သန်ခြင်း ရေစင်ကို အန္တရာယ် ရှိသော ထုတ်ကုန် အဖြစ် ကြေညာခဲ့သည်။
ထိုကြေညာချက် အရဆိုလျှင် "ရှင်သန်ခြင်း ရေစင်" သည် များစွာသော ဆိုးကျိုးများ ရှိပြီး အထူးသဖြင့် ကလေးများ၏ ဉာဏ်ရည် ချို့တဲ့မှု၊ ခန္ဓာကိုယ် မသန်စွမ်း ဖြစ်နိုင်မှုနှင့် ကင်ဆာတို့ကို ဖြစ်စေသည်ဟု ဆိုသည်။
ထိုကြေညာချက်ကြောင့် မြောက်ပိုင်းချုံးသည် အောင်မြင် ကျော်ကြားသော နည်းပညာမြင့် ကုမ္ပဏီကြီး တစ်ခု အဖြစ်မှ နတ်ဆိုး မိစ္ဆာ စီးပွားရေး ကုမ္ပဏီ တစ်ခု အသွင် ပြောင်းလဲ သွားတော့သည်။
ယနေ့ကား ထို မြောက်ပိုင်းချုံး ကုမ္ပဏီ၏ စီအီးအိုကို ဖန့်ချုံးကို အမှုစစ်မည့်နေ့ ဖြစ်သည်။ ထို့ကြောင့်ပင် တစ်ကမ္ဘာလုံးရှိ လူများစွာမှာ TV မှ တစ်ဆင့် စိတ်ဝင်တစား စောင့်ကြည့် နေကြသည်။
***
ရန်ကျင်း ရုပ်ရှင် အကယ်ဒမီတွင်…
နင်ရှင်းသည် ရုတ်တရက် ထ၍ အော်ဟစ် လိုက်သည်။
"ဖေးဖေး… သူက ချန်းပေ့ရွှမ်းရဲ့ ဇနီးလောင်း ဖန့်ချုံး မဟုတ်လား… အမေရိကန်က သူ့ကို တရားစွဲထားတယ်တဲ့… ခု တရားရုံးတင် စစ်ဆေးတာကို တိုက်ရိုက် Live လွှင့်နေတယ်"
"ဘယ်လို…"
ရှု့ယုံဖေးက နင်ရှင်း၏ ဖုန်းကို ဆွဲယူကာ ကြည့်လိုက်တော့၏။
***
ကျင်းမြို့တော် ဖန့်မိသားစု စံအိမ်တွင်…
စုစုသည် တီဗွီ ရှေ့တွင် ထိုင်ရင်း ဖန့်မင်ဒီကို ဖက်ကာ ငိုနေခဲ့သည်။
ဖန့်မင်ဒီ၏ မျက်နှာသည်လည်း ဖြူရော်၍ နေ၏။ သူသည် လက်သီးကို တင်းတင်းဆုပ်ရင်း တီဗွီ စခရင်ပေါ်မှ အဖြူရောင်ဝတ် မိန်းကလေးကိုသာ စိုက်၍ ကြည့်နေခဲ့သည်။
ထိုမိန်းကလေးကား သူတို့၏ အချစ်ရဆုံး သမီးလေး ဖြစ်သည်။ သူတို့၏ တစ်ဦးတည်းသော ရင်သွေး ဖြစ်သည်။
သို့သော်လည်း ယခုတွင်မူ သူမသည် သေဒဏ်ပင် ချမှတ် ခံရနိုင်သော ပြစ်မှုတို့နှင့် ရင်ဆိုင် နေရသည်။ ထိုအရာကား လုံးဝ မမျှတသော အရာပင် ဖြစ်သည်။
***
မြောက်အရပ် တောင်တန်း၊ ဝမ်မိသားစု စံအိမ်…
"အဖေ အမေ… အမေရိကန်က ဖန့်ချုံးကို စစ်ဆေး နေပြီ… ချန်းဖန်က သူ့ သတို့သမီးကို ကယ်ဖို့ အညံ့ခံမှာ သေချာတယ်"
ဝမ်ကဲ့ချင်က ဝမ်းသာအားရ ဆိုလိုက်သည်။
"ကောင်းတယ်… အဲဒီကောင်မ သေသွားရင် ပိုတောင် ကောင်းသေးတယ်… ချစ်ရတဲ့ သူ တစ်ယောက် ဆုံးရှုံးရင် ဘယ်လို ခံစားရလဲ ဆိုတာ ဟိုခွေးကောင် သိသွားတာပေါ့"
ရွှယ်ဟုန်မေ့က နတ်ဆိုး အပြုံးဖြင့် ပြောလိုက်သည်။ ဝမ်မိသားစု၏ အခြားသော မိသားစုဝင်များမှာလည်း အောင်ပွဲခံကြ၏။
ဝမ်ကျုံးကော တစ်ယောက်သာ မျက်မှောင်ကြုတ်ရင်း စဉ်းစား နေခဲ့သည်။ ချန်းဖန်ကို သတ်ရန်က ထိုမျှ လွယ်ကူလိမ့်မည် မဟုတ်ကြောင်း သူ ကောင်းစွာ နားလည်၏။
***
မြေအောက်ကမ္ဘာ ဖိုရမ် တစ်ခုလုံးသည် တိတ်ဆိတ် နေ၏။
"မကြာခင် ကမ္ဘာမှာ ကြီးကြီးမားမား တစ်ခုခု ဖြစ်တော့မယ် ထင်တယ်"
လူတိုင်းသည် တိုက်ရိုက် Live လွှင့်နေသော ဖန်သားပြင်ကို ငေးကာ တွေဝေနေကြသည်။
တရား စစ်ဆေးခြင်းကား မကြာခင် စတင်တော့မည် ဖြစ်သည်။ ထိုအမှုကို အထူး တရားသူကြီး ကိုးယောက်က စစ်ဆေး ကြားနာမည် ဖြစ်သည်။
အလယ်တွင် ထိုင်နေသော အမျိုးသမီး တရားသူကြီး ဆူဆန် လီယန်က လေးနက်သော အမူအရာဖြင့် ဖန့်ချုံးအား ကြည့်လိုက်သည်။
"တရားခံ ဖန်ချုံး… သင်ဟာ တရား မဝင်ဆေး ထုတ်လုပ် ဖြန့်ဖြူးမှု လူသတ်မှု လူ့ကျင့်ဝတ် ဖောက်ဖျက်မှုတို့ အပါအဝင် ပစ်မှုပေါင်း ငါးဆယ့်ခြောက်ခုနဲ့ တရားစွဲ ခံထားရတယ်… သင့်ရဲ့ ဦးဆောင်မှု အောက်မှာ မြောက်ပိုင်းချုံးဟာ လူသေမှု ထောင်ပေါင်း များစွာကို ဖြစ်စေခဲ့တယ်… သင် ပြစ်မှုကို ဝန်ခံပါ သလား"
"ဒီပြစ်မှုကို ဝန်ခံဖို့ ငြင်းဆန်ပါတယ်… အဲဒီ စွပ်စွဲချက်တွေဟာ နိုင်ငံ အချို့ရဲ့ မြောက်ပိုင်းချုံး အပေါ် တစ်ဖက်သတ် ချောက်တွန်းမှုတွေသာ ဖြစ်ပါတယ်… ကျွန်မ အမေရိကန်ကို လာရတဲ့ အကြောင်းရင်းကလည်း အမေရိကန် စတားဝါး ကုမ္ပဏီရဲ့ အင်တာဗျူး အတွက် ဖိတ်ခေါ် မှုကြောင့်ပါ… ရှင်တို့မှာ ကျွန်မကို ခုလို ဖမ်းဆီးခွင့် မရှိပါဘူး"
ဖန့်ချုံးက ပြန်လည် ချေပလိုက်၏။
"တရားခံ ဖန့်ချုံး… သင်ဆိုလိုချင်တာက ဒီ စွပ်စွဲမှု အားလုံးဟာ လုပ်ကြံ လီဆယ် ထားတာတွေလို့လား… ရှင်သန်ခြင်း ရေစင်ကို သုံးပြီးတဲ့နောက် လူပေါင်း ၁၅၄၉ ယောက် သေသွားတယ် ဆိုတာကို ပြင်သစ် ဂျာမနီ ဂျပန်တို့က သက်သေ ထွက်ဆိုထားတယ်နော်"
ဆူဆန် လီယန်၏ မျက်လုံးများ၌ စက်ဆုပ် ရွံရှာခြင်း အရိပ်အငွေ့ အချို့ ပေါ်နေ၏။
"ကျွန်မ ပြောတာ အမှန်ပါပဲ"
ဖန့်ချုံးက ခိုင်မာစွာဖြင့် ဆိုသည်။
တရား စစ်ဆေးခြင်းနှင့် တစ်ချိန်တည်းတွင် ခွန်းလွန်မှတစ်ဆင့် မြောက်ပိုင်းချုံးသို့ သတင်း များစွာ ရောက်ရှိနေခဲ့၏။
"ပင်တဂွန်က စစ်ပွဲ သတိပေးချက်ကို ထုတ်ပြန်ထားပြီး လောင်ချာတွေ မိုင်းတွေကို အသင့် ပြင်ဆင် နေပါတယ်… စစ်သင်္ဘောတွေ အားလုံးဟာ ကမ်းနားကနေ ခွာနေပြီ ဖြစ်ပြီး ရေတပ်သားတွေ အားလုံးလည်း လိုက်ပါလာ ပါတယ်"
"USS အေဘရာဟမ် လင်ကွန်းက ဂျပန် ယိုကိုဆာကာ ဆိပ်ကမ်းကနေ ထွက်ခွာ လာပါပြီ"
"နျူကလိယ ရေငုပ်သင်္ဘော ငါးစင်းက ဂျပန် ပိုင်နက်ကို ဝင်တော့မယ့်ပုံ ရပါတယ်"
"B-2 ကိုယ်ပျောက် ဗုံးကြဲလေယာဉ်တွေ ကယ်လီဖိုးနီးယား အခြေစိုက် လေတပ်စခန်း ကနေ အနောက်ဘက်ကို ဦးတည်ပြီး ထွက်ခွာ လာနေပါတယ်"
သတင်းများ ရောက်ရှိလာခြင်းနှင့် အတူ မြောက်ပိုင်းချုံး နန်းတော် အတွင်းရှိ လူများ၏ အမူအရာများသည် လေးနက် လာခဲ့၏။ ထိုအရာက အမေရိကန်သည် နျူကလိယ စစ်ပွဲ စတင်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။
"အရှင်ချန်း… အမေရိကန်ရဲ့ ကိုယ်စားလှယ် အဖွဲ့ ရန်ကျင်းမြို့ကို ရောက်လာပါတယ်… သူတို့က သွေးပင်လယ်မှာ ဖြစ်ခဲ့တဲ့ နားလည်မှု လွဲခဲ့တာတွေ အတွက် တောင်းပန်ပါတယ်တဲ့… သူတို့က အရှင်ချန်းနဲ့ အမေရိကန် အကြားမှာ ပြဿနာ မတက်ဖို့ မျှော်လင့် နေတယ်… နောက်ပြီး မိန်းကလေး ဖန့်ချုံးက အမေရိကန်မှာ သူတို့ရဲ့ ဧည့်သည် အဖြစ် နေဦးမှာပါတဲ့"
အဇူရာ နဂါးက ပြောသည်။
"ရွံစရာ ကောင်းလိုက်တာ…"
အားရှို့နှင့် အခြားလူများ၏ မျက်နှာများတွင် ခံပြင်းသော အမူအရာများ ပေါ်လာခဲ့၏။
တစ်ဖက်၌ အမေရိကန်သည် ကြီးကျယ်သော နျူကလိယ စစ်ပွဲကို ပြင်ဆင်နေပြီး အခြား တစ်ဖက်တွင်လည်း သူတို့သည် ငြိမ်းချမ်းရေး အတွက် ချန်းဖန်ကို တောင်းပန်နေ၏။
တစ်ချိန်တည်းတွင်ပင် သူတို့သည် ဖန့်ချုံးကို အသုံးပြု၍ ခြိမ်းခြောက်ရန် ကြိုးစား နေပြန်သည်။
ဖန့်ချုံးက သူတို့ထံတွင် ဧည့်သည် အဖြစ် နေမည်ဟု ဆိုသည်။ ထိုအရာက အမှန်တကယ်တွင်မူ ဓားစာခံ ခေါ်ထားခြင်းသာ ဖြစ်သည်။
"ရှောင်ဖန်…"
ဝမ်ရှောက်ယွင်က စိတ်ပူစွာဖြင့် ချန်းဖန်အား ကြည့်လိုက်သည်။
ချန်းဖန်သည် တိတ်ဆိတ်စွာပင် TV စခရင် ကိုသာ စူးစိုက် ကြည့်နေခဲ့သည်။ တရား စစ်ဆေးခြင်းကား ယခုအထိ ပြီးဆုံးခြင်း မရှိသေးချေ။
"ရှင်သန်ခြင်း ရေစင်ကို သောက်သုံးပြီးတဲ့ နောက်မှာ ရုတ်တရက် ဖျားနာတာ ခန္ဓာကိုယ် မသန်စွမ်း ဖြစ်တာမျိုး တရာလို သက်သေတွေ အများကြီး ရှိတယ်…"
တရားသူကြီး ဆူဆန် လီယန်က ဖန့်ချုံးအား ကြည့်ရင်း ခိုင်မာစွာ ဆိုလိုက်၏။
ထို့နောက် တရားလို သက်သေများက မှန်ကန်ကြောင်း တစ်ယောက်ပြီး သက်သေခံ ထွက်ဆိုကြသည်။ သူတို့သည် အင်္ဂလန်၊ ဂျပန်၊ ပြင်သစ်၊ အိန္ဒိယ အပါအဝင် ကမ္ဘာ အနှံ့အပြားမှ လာကြသူများ ဖြစ်သည်။
"ဒါ့အပြင် သင့်ရဲ့ သတို့သားလောင်းဟာ ကြီးမားတဲ့ ပစ်မှုကြီး တစ်ခုကိုလည်း ကျူးလွန် ထားသေးတယ်… ဂျပန် အစိုးရရဲ့ ပြောဆိုမှု အရဆို သူက ဂျပန်စစ်သား ထောင်ချီကို သတ်ဖြတ်ခဲ့တယ်တဲ့"
တရားသူကြီး ဆူဆပ် လီယန်က ဆက်လက် ပြောလိုက်သည်။
TV အား ကြည့်နေသည့် လူတိုင်း ဆွံ့အကာ တောင့်တင်း သွားကြ၏။
သူတို့သည် ဖန့်ချုံး၏ သတို့သားလောင်းမှာ မည်သူ ဖြစ်ကြောင်း ကောင်းစွာ သိကြသည်။ အမေရိကန်က ဖန့်ချုံးကို အသုံးပြု၍ သူ၏ သတို့သားကို ဖိအား ပေးချင်နေသည်လော။
***
ထိုအချိန် အမေရိကန် ပြည်ထောင်စု၏ မြို့တော်တွင်…
နိုင်ငံ၏ အာဏာ အရှိဆုံး လွှတ်တော် အမတ်များသည် အရေးပေါ် အစည်းအဝေး ခေါ်ယူကာ ဆွေးနွေးနေကြ၏။
လွှတ်တော်၏ ဒုတိယ ဥက္ကဋ္ဌ ခရု့လမ့်က မတ်တတ်ရပ်ကာ ပြောလိုက်၏။
"အားလုံးပဲ… ဒီနေ့ဟာ ငါတို့ရဲ့ သမိုင်းမှာ အမှတ်ရစရာနေ့ တစ်နေ့ ဖြစ်လာလိမ့်မယ်… ဒီနေ့မှာပဲ စူပါ ပါဝါတွေ ပိုင်ဆိုင်ထားတဲ့ လူသား တစ်ယောက်ဟာ အမေရိကန်ဆီမှာ လက်နက်ချ အညံ့ခံလိမ့်မယ်… ဒါဟာ ငါတို့ အားလုံး ကြိုးစားမှုကြောင့် ရလာတဲ့ ရလဒ်ပဲ… ကဲ တစ်ခွက် သောက်ပြီး ဂုဏ်ပြု လိုက်ရအောင်"
"ချီးယား…"
လွှတ်တော် အမတ်များက ခွက်များကို တိုက်လိုက်ကြ၏။
တစ်ချိန်တည်းတွင် မြောက်ပိုင်းချုံး နန်းတော် အတွင်း၌…
"အရှင်ချန်း… အမေရိကန်က သတင်းပို့ လာပါတယ်… တကယ်လို့ အရှင်ချန်းကသာ ငြိမ်းချမ်းရေး ယူဖို့ ငြင်းဆန်မယ် ဆိုရင် အမေရိကန်ကလည်း တိုက်ခိုက်ဖို့ အဆင်သင့်ပဲလို့ ပြောတယ်… သူတို့က နျူကလိယကို အသုံးပြုဖို့တောင် တွန့်ဆုတ်နေမှာ မဟုတ်ဘူးတဲ့… နောက်ပြီး မိန်းကလေး ဖန့်ချုံးလည်း သေဒဏ်ချ ခံရလိမ့်မယ်"
အဇူရာ နဂါးက စိတ်ပူစွာဖြင့် ပြောသည်။
"အင်္ဂလန် ပြင်သစ် ရုရှားတို့ အပါအဝင် နိုင်ငံတွေကလည်း ခင်ဗျားကို အမေရိကန်နဲ့ စေ့စပ် ဆွေးနွေးဖို့ မျှော်လင့် နေကြတယ်… တကယ်လို့ နျုကလိယ စစ်ပွဲသာ ဖြစ်မယ်ဆိုရင် ကမ္ဘာကြီး လုံးဝ ပျက်စီး သွားလိမ့်မယ်"
ရဲ့နန်ထင်းကလည်း နောက်ဆုံးရ သတင်းနှင့် အတူ ရောက်ရှိ လာသည်။
ဝမ်ရှောက်ယွင်နှင့် အခြားလူများ အားလုံး၏ မျက်နှာများမှာ ဖြူဖျော့ နေ၏။
အင်္ဂလန်၊ ပြင်သစ်၊ ရုရှား… စသည်တို့ကား ကမ္ဘာ၏ အင်အား အကြီးဆုံး မဟာ အင်အားကြီး နိုင်ငံများ ဖြစ်သည်။ အကယ်၍ ချန်းဖန်ကသာ လက်ခံရန် ငြင်းဆန်ပါက မြောက်ပိုင်းချုံးသည် တစ်ကမ္ဘာလုံးနှင့် ရင်ဆိုင်ရ ပေလိမ့်မည်။
မြောက်ပိုင်းချုံး နန်းတော် တစ်ခုလုံးသည် တိတ်ဆိတ် ငြိမ်သက်နေ၏။ လူတိုင်းသည် ချန်းဖန်ကို ကြည့်ရင်း သူ၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်း နေကြသည်။
ချန်းဖန်ကသာ လက်လျှော့ အရှုံးပေးရန် ဆုံးဖြတ်ပါက ထိုစစ်ပွဲက ဖြစ်လာမည် မဟုတ်ချေ။
အကယ်၍ ချန်းဖန်ဘက်မှ ဆက်လက် တိုက်ခိုက်ရန် ရွေးချယ်မည် ဆိုလျှင် နောက် ဖြစ်လာမည့် အရာကို မည်သူမျှ ခန့်မှန်းနိုင်တော့မည် မဟုတ်ပေ။
ချန်းဖန်ကမူ တိတ်ဆိတ်စွာဖြင့်ပင် TV မျက်နှာပြင်ကို ကြည့်နေတုန်း ဖြစ်သည်။
"တရားခံ ဖန့်ချုံး… သင် ကျူးလွန်ထားတဲ့ ပြစ်မှု ငါးဆယ့် ခြောက်ခုကို ဝန်ခံမယ် ဆိုရင် သင့်သတို့သားလောင်းရဲ့ အမှုကို ပလပ်ပေးမယ်"
ဆူဆန် လီယန်က ဖန့်ချုံးအား စူးစိုက် ကြည့်ရင်း ဆိုလိုက်သည်။ သိသာစွာပင် သူမသည် ဖန့်ချုံးကို ထောင်ချောက် အတွင်း ဆွဲသွင်းနေခြင်း ဖြစ်သည်။
ဖန့်ချုံးသည် ဘာမှ ပြန်မပြောပဲ ခေါင်းကို ငုံ့၍ ရပ်နေခဲ့သည်။ သူမ၏ မျက်နှာက ဖြူရော်ကျ၍ နေ၏။
"ရှောင်ဖန်…"
ဝမ်ရှောက်ယွင်က ချန်းဖန်အား နောက်တစ်ကြိမ် ခေါ်လိုက်ပြန်သည်။
နောက်ဆုံးတွင် ချန်းဖန်သည် လှုပ်ရှားလာ၏။ သူသည် TV အား ကျောခိုင်းကာ ဝမ်ရှောက်ယွင်၊ ချန်းကောရှင်းတို့ ဘက်သို့ လှည့်လိုက်သည်။
ထို့နောက် သူ၏ ခေါင်းကို ငုံ့ကာ ဖြည်းညင်းစွာ ပြောလိုက်၏။
"အဖေ အမေ ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ… လွန်ခဲ့တဲ့ နှစ်တွေ အတွင်း ကျွန်တော် လုပ်ခဲ့တဲ့ လုပ်ရပ်တွေက အမေ အဖေတို့ကို ငြိမ်းငြိမ်းချမ်းချမ်း မနေရအောင် ဖြစ်စေခဲ့ပါတယ်… ဒါပေမဲ့ ဒီတစ်ကြိမ်လည်း ကျွန်တော် အဲဒီလို ထပ်လုပ်ရဦးမယ် ထင်ပါတယ်"
ချန်းဖန်၏ မျက်လုံးများက ဆုံးဖြတ်ချက် ပြတ်သားခြင်းများနှင့် ပြည့်နှက်၍ နေ၏။
"ဖန့်ချုံးဟာ ကျွန်တော် ချစ်ရတဲ့ ဇနီးပါ… ဒါပေမဲ့ သူဟာ ကျွန်တော့်ကြောင့် ဒုက္ခတွေ အများကြီး ခံစား နေရပါတယ်… ဒါကို ကျွန်တော် ဒီအတိုင်း ကြည့်မနေနိုင်ဘူး"
ချန်းကောရှင်းက ခေါင်းတစ်ချက် ညိတ်လိုက်၏။
ဝမ်ရှောက်ယွင်ကမူ တိတ်ဆိတ်စွာပင် သူမ၏ သားအား ကြည့်နေခဲ့သည်။ သူမသည် ဘာမှ ဝင်မပြောခဲ့ချေ။
"ငါ့သား မင်းက ယောက်ျား တစ်ယောက်ပဲ… မင်း လုပ်ရမယ့်အရာကို လုပ်ပါ… အဖေတို့ အတွက် မစိုးရိမ်နဲ့"
ချန်းကောရှင်းက ချန်းဖန်၏ ပခုံးအား ပုတ်လိုက်၏။
ယူကီရှီရိုဆာ၊ အားရှို့၊ အန်ရာနှင့် အခြား လူများကလည်း ချန်းဖန်အား ခေါင်းညိတ် ပြကြသည်။ သူတို့သည် ချန်းဖန် မည်သို့ ဆုံးဖြတ် စေကာမူ အမြဲ ပံ့ပိုးမည့်သူများ ဖြစ်သည်။
"ကောင်းပြီ…"
ချန်းဖန်က သက်ပြင်းတစ်ချက် ချရင်း တံခါးဆီသို့ မျက်နှာမူလိုက်၏။
"အရှင်ချန်း… ခင်ဗျား ဘယ်ကို သွားမလို့လဲ"
အဇူရာ နဂါးက စိတ်ပူစွာဖြင့် မေးလိုက်၏။
"ကျုပ် ဇနီးကို သွားပြန်ခေါ်မလို့"
စကားဆုံးသည်နှင့် ချန်းဖန်၏ ခန္ဓာကိုယ်က သွေး အလင်းတန်း တစ်ခုအသွင် ပြောင်းကာ ကောင်းကင်သို့ ထိုးတက် သွားတော့၏။
ထိုနေ့တွင်…
ကျင်းမြို့ရှိ လူထုသည် ကောင်းကင်ကို ထက်ဝက် ပိုင်းဖြတ်သွားသော အလင်းတန်း တစ်ခုကို မြင်တွေ့ လိုက်ကြရသည်။ သို့သော်လည်း ထိုအလင်းတန်းမှာ ဒဏ္ဍာရီ တစ်ခုကို ဖန်တီးမည့် အလင်းတန်း ဖြစ်မည်မှန်း သူတို့ မတွေးလိုက်မိကြချေ။
***