လမ်းတစ်လျှောက် သတ်ဖြတ်ခြင်း
Vol. 8 Ch. 701
ချန်းဖန် ကောင်းကင်သို့ ပျံတက်သည်နှင့် တစ်ချိန်တည်းတွင်ပင် နိုင်ငံကြီးများသည် အရေးပေါ် သတိပေးချက်များ လက်ခံ ရရှိကြ၏။ မရေတွက်နိုင်သော ဂြိုဟ်တုများသည် သွေး အလင်းတန်းကို ဖမ်းယူကြသည်။
ချန်းဖန်သည် မည်သည့် အရာကိုမျှ ဖုံးကွယ်ထားခြင်း မရှိချေ။ တိုက်ပွဲက စတင်နေပြီ ဖြစ်လေရာ သူသည် သူ မည်မျှ အစွမ်းထက်ကြောင်းကို ကမ္ဘာနှင့် အမေရိကန်အား ပြသမည် ဖြစ်သည်။
"ဟူး… ဟူး…"
ချန်းဖန်သည် အသံ၏ သုံးဆသော အမြန်နှုန်းကို ချိုးဖျက်ကာ သွေးအလင်းတန်း အသွင်ဖြင့် ပျံသန်းနေသည်။ မကြာခင်မှာသည် သူသည် တရုတ်မှ ထွက်ကာ အရှေ့ပင်လယ်သို့ ရောက်ရှိလာခဲ့သည်။
သူ၏ လတ်တလော ဦးတည်ချက်ကား တိုကျိုမြို့ ဖြစ်သည်။
"တီ… တီ… တီ…"
ဂျပန်နိုင်ငံ၏ အမိန့်ပေး စင်တာတွင် အချက်ပေးသံများ ဆူညံသွားသည်။
ဂျပန် ကာကွယ်ရေး ဝန်ကြီးသည် ကွန်ပျူတာ စခရင်တွင် ပေါ်နေသော သွေးအလင်းတန်းကို ကြည့်ကာ မျက်နှာ ဖြူရော် သွားသည်။
"သောက်ပြဿနာပဲ… သူ့ဇနီးလောင်းကို ဖမ်းတာ အမေရိကန်လေကွာ… ဘာလို့ ဂျပန်ကို လာနေရတာလဲ"
"ဆရာ… ကျွန်တော်တို့ သူ့ကို တားဖို့ တိုက်လေယာဉ် တစ်စင်း စေလွှတ်လိုက်ရမလား"
ဗိုလ်မှူးကြီး တစ်ယောက်က မေးသည်။
"မလွှတ်နဲ့… ဘာမှ မလှုပ်ရှားကြနဲ့"
ဂျပန် ကာကွယ်ရေး ဝန်ကြီးက မတ်တတ်ရပ်ကာ အမိန့်ပေး လိုက်သည်။
"ခုချက်ချင်း ဂျပန်မှာ ရှိတဲ့ အမေရိကန် စစ်တပ်ကို သတိပေးလိုက်… ဒါတွေ အားလုံးက အမေရိကန် လုပ်ထားတာ… သူတို့ပဲ ဖြေရှင်းရမယ်"
တစ်ချိန်တည်းတွင် ဖျူတီမန် လေတပ် စခန်းရှိ အမေရိကန် တိုက်လေယာဉ်များသည် စတင် လှုပ်ရှားနေကြပြီ ဖြစ်သည်။
"ဟူး… ဟူး…"
တစ်ဒါဇင် အရေအတွက် ရှိသည့် F15 နှင့် F-16 တိုက်လေယာဉ်များသည် ချန်းဖန် ရှိရာ အရပ်သို့ အမြင့်ဆုံးသော အမြန်နှုန်းဖြင့် ပျံသန်း နေကြသည်။
အမေရိကန်သည် စစ်ပွဲ အတွက် ပြင်ဆင်သင့်သည်များကို ပြင်ဆင်ခဲ့ပြီး ဖြစ်သည်။ သူတို့သည် ကမ္ဘာ့ နေရာ အနှံ့အပြား၌ စစ်အခြေစိုက် စခန်းများ ဖွဲ့စည်းကာ လူအင်အား၊ လက်နက် အင်အား ဖြည့်တင်းထားခဲ့၏။
သို့သော်လည်း ယခုကဲ့သို့ ချန်းဖန်ဘက်မှ ဆုံးဖြတ်လိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားခဲ့ ကြချေ။
"ရပ်စမ်း… မင်း အရှေ့မှာ ရှိနေတာက ဂျပန်ပြည်ရဲ့ ပိုင်နက်ပဲ… မရပ်ပဲ ရှေ့ဆက်တိုးမယ် ဆိုရင် စစ်ကြေညာတယ်လို့ သတ်မှတ်မယ်"
အမေရိကန် တိုက်လေယာဉ်မှူးများက ချန်းဖန်အား မြင်သည်နှင့် သတိပေး ကြ၏။
"စိတ်ပျက်စရာ ကောင်တွေ…"
သွေးအလင်းတန်းက အသံ၏ ခုနစ်ဆကို ချိုးဖျက် သွားသည်။
"ဘုန်း… ဘုန်း… ဘုန်း…"
မျက်စိတစ်မှိတ် အတွင်းမှာပင် F-16 တိုက်လေယာဉ် အချို့မှာ အပိုင်းပိုင်း အစစ အဖြစ် ပေါက်ကွဲကုန်၏။
သို့သော်လည်း သွေးအလင်းတန်းမှာ ရပ်တန့်ခြင်း မရှိချေ။ ရှေ့သို့သာ ဆက်လက်၍ တိုးလေသည်။
"ဘုန်း… ဘုန်း… ဘုန်း…"
တိုက်လေယာဉ်များသည် တစ်စင်းပြီးတစ်စင်း မီးလုံးများ အသွင် ပြောင်းလဲကာ ပေါက်ကွဲကုန် ကြသည်။
သုံးဆယ် စက္ကန့် အတွင်းမှာပင် တစ်ဒါဇင်သော တိုက်လေယာဉ်များ အားလုံး ဖျက်ဆီး ခံလိုက်ရသည်။
"ဟူး… ဟူး…"
ချန်းဖန်သည် တိုကျိုမြို့သို့ ဆက်လက် ဦးတည် ပျံသန်း၏။
"သူ… သူက ဂြိုဟ်သားများလား"
ဂြိုဟ်တုမှ တစ်ဆင့် စောင့်ကြည့်နေသည့် လူများက ထိတ်လန့်တကြား ရေရွတ် မိကြသည်။
တစ်ချိန်တည်းတွင် ဂျပန် နိုင်ငံ အခြေစိုက် အမေရိကန် စစ်စခန်း၊ ပစိဖိတ် ရေတပ်စခန်စနှင့် အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်တို့၌ အချက်ပေးသံများ ဆူညံ သွားသည်။
"ဝန်ကြီး သံလက်သီး" ဟု နာမည်ကြီးသည့် ကာကွယ်ရေး ဝန်ကြီး အာနိုးသည် စခရင် ပေါ်ရှိ အနီရောင် အလင်းတန်းကို စူးစိုက် ကြည့်နေသည်။
ထိုအလင်းတန်းသည် ဂျပန် နိုင်ငံ၏ ရေပိုင်နက်ကို ဖြတ်သန်းကာ တိုကျိုမြို့သို့ ဦးတည် ပျံသန်းနေသည်။
ဂျပန်၏ အကျယ်အဝန်းသည် ဧရိယာ ကီလိုမီတာ ရာဂဏန်းသာ ရှိရာ သွေး အလင်းတန်းသည် ထိုနေရာသို့ ရောက်ရန် အချိန် ယူရမည် မဟုတ်ချေ။
"ဝန်ကြီး… ဂျပန်မှာ ရှိတဲ့ တိုက်လေယာဉ် အားလုံး ချန်းပေ့ရွှမ်းကို တားဖို့ ကျွန်တော် အမိန့်ပေး ပြီးပါပြီ"
ဂျပန်တွင် ရှိနေသည့် အမေရိကန် ကွန်မန်ဒါ တစ်ယောက်က အစီရင်ခံသည်။
"သူ့ကို ဂျပန်မှာ နာရီဝက်လောက်သာ တားထားနိုင်ရင် Guam အခြေစိုက် စခန်းက F-22 တိုက်လေယာဉ်တွေ အချိန်မီ ရောက်လာမှာပါ"
"သူ့ပစ်မှတ်က ဂျပန်မဟုတ်ဘူး… ယိုကိုဆာကာ"
ဝန်ကြီး အာနိုးက စခရင်ကို စူးစိုက် ကြည့်ရင်းမှ ဆိုလိုက်သည်။
"ယိုကိုဆာကာ…"
လူတိုင်းသည် တစ်စုံတစ်ခုကို စဉ်းစားမိသည်နှင့် ထိတ်လန့် သွားကြ၏။
"USS အေဘရာဟမ် လင်ကွန်းက ယိုကိုဆာကာ ဆိပ်ကမ်းမှာပဲ ရှိနေသေးတယ် မဟုတ်လား"
ယိုကိုဆာကာ…
ယိုကိုဆာကာ ဆိပ်ကမ်းသည် တိုကျို ပင်လယ်အော်၏ ကမ်းရိုးတန်းတွင် တည်ရှိပြီး အရှေ့ အာရှ၏ ပထမဆုံး စစ်အခြေစိုက် ဆိပ်ကမ်းလည်း ဖြစ်၏။
သာမန် အခြေအနေများ ဆိုလျှင် USS အေဘရာဟမ် လင်ကွန်း လေယာဉ်တင် စစ်သင်္ဘောကြီးသည် ယိုကိုဆာကာ ဆိပ်ကမ်းတွင် ကျောက်ချ ရပ်နား နေတတ်သည်။
သို့သော် ယနေ့တွင်မူ တစ်ခုခု အရေးကြီးသော အရာ လုပ်စရာ ရှိသည့် အလား USS အေဘရာဟမ် လင်ကွန်းသည် ဆိပ်ကမ်းမှ ထွက်ခွာနေခဲ့သည်။ သို့သော်လည်း ကမ်းခြေမှ မီတာ ရာဂဏန်းသာ ရောက်ရှိသေးရာ ဆိပ်ကမ်းတွင်သာ ရှိသေးသည်ဟု ဆိုနိုင်သည်။
"ဒီနေ့ အနီရောင် သတိပေးချက် ထုတ်ပြန် ထားတယ်… နောက်ပြီး လေယာဉ်တင် စစ်သင်္ဘောလည်း ထွက်ခွာနေပြီ… ဘာဖြစ်လို့လဲ မသိဘူး… ရုရှားက ဂျပန်ကို တိုက်ခိုက်မှာ မလို့လား"
ဆာဂျင် ဒေးဗစ်က နားမလည်စွာ ပြောလိုက်သည်။
"စိတ်မပူကြနဲ့… ရုရှားတွေက တတိယ ကမ္ဘာစစ် အတွက် အဆင်သင့် မဖြစ်မချင်း စပြီး လှုပ်ရှားဦးမှာ မဟုတ်ဘူး"
ဒုတိယ ဗိုလ်ကလေး ဂျွန်က ရယ်မောရင်း ပြောလိုက်၏။
"တူ… တူ… တူ…"
ထိုအချိန်မှာပင် အရေးပေါ် အချက်ပေးသံ ဆူညံလာ၏။
ဒေးဗစ်နှင့် ဂျွန်တို့ နှစ်ယောက်စလုံး ထိတ်လန့် သွားကြသည်။ ထိုအချက်ပေးသံသည် ရန်သူများ ယိုကိုဆာကာ ဆိပ်ကမ်းကို ကျူးကျော် တိုက်ခိုက်လာသည်ဟု ဆိုလိုသည်။
"ရန်သူက ဘယ်မှာလဲ… ဒီ အချက်ပေးသံက အတုများလား"
ဒေးဗစ်က ရေရွတ်သည်။
အမေရိကန် စစ်သားများသည်လည်း သူတို့ အခန်းများထဲမှ အလောတကြီး ပြေးထွက်လာကြ၏။
"ဘုန်း…"
ရုတ်တရက် မိုးကြိုးပစ်သံကဲ့သို့ အသံနက်ကြီး တစ်ခု ယိုကိုဆာကာ ဆိပ်ကမ်း အထက်တွင် ဖြစ်ပေါ်လာသည်။
စစ်သားများသည် ကောင်းကင်သို့ မော့ကြည့်ကြရာ လေထဲ၌ ရပ်တည်နေသည့် အနီရောင် အလင်းကို တွေ့ကြရသည်။ ထိုအလင်း အတွင်းတွင်မူ လူတစ်ယောက် မတ်တတ် ရပ်နေ၏။
"ဒါက…"
အမေရိကန် စစ်သားများသည် ကောင်းကင်ကို မော့ကြည့်ရင်း ဆွံ့အနေသည်။ တစ်ချိန်တည်းတွင် USS အေဘရာဟမ် လင်ကွန်း လေယာဉ်တင် သင်္ဘောကြီးသည် ကမ်းမှ ခွာရန် စက်ကို မိုင်ကုန်ဖွင့်နေ၏။
"သတ်…"
ရုတ်တရက် လူရိပ်ထံမှ အေးစက်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
"ဘုန်း…"
မီတာ တစ်ရာခန့် ရှည်သော ခရမ်းရောင် ဓားကြီး တစ်ချောင်း ပေါ်ပေါက်လာကာ USS အေဘရာဟမ် လင်ကွန်းကို ထိလေ၏။
"ဘုန်း…"
ဓား၏ ပိုင်းဖြတ်မှုတွင် သုံးရာ သုံးဆယ့် သုံးမီတာ ရှည်သော နျူကလိယသုံး လေယာဉ်တင် စစ်သင်္ဘောကြီးကား ထက်ပိုင်း ပြတ်ကာ သမုဒ္ဒရာသို့ နစ်မြုပ်လေသည်။
"ဘာလဲ…"
များစွာသော အမေရိကန် စစ်သားများသည် ဆွံ့အ သွားကြသည်။
ထိုအရာကား အမေရိကန်၏ ဂုဏ်ယူရသော USS အေဘရာဟမ် လေယာဉ်တင် စစ်သင်္ဘောကြီး ဖြစ်သည်။ သို့သော် ယနေ့တွင် ထိုအရာက ယခုကဲ့သို့ လွယ်လွယ် ကူကူ ဖျက်ဆီးခံလိုက်ရသည်လား။
"ဘုန်း… ဘုန်း… ဘုန်း…"
ယိုကိုဆာကာ ဆိပ်ကမ်း၌ သေနတ်သံများ၊ အမြောက်သံများ ဆူညံ ပွက်လောရိုက် သွား၏။
သို့သော်လည်း ချန်းဖန်သည် သူတို့ထက် များစွာ ပိုမို လျင်မြန်သည်။ သူသည် မျက်စိ တစ်မှိတ် အတွင်းမှာပင် မီတာထောင်ချီကို ဖြတ်သန်းသွား၏။
"ကလန့်…"
တစ်ချိန်တည်းတွင် ခရမ်းရောင် ဓားချီသည် ကောင်းကင်သို့ ဖြတ်သန်းကာ ယိုကိုဆာကာ ဆိပ်ကမ်းရှိ စစ် သင်္ဘောများ၊ အဆောက်အဦများကို ကြမ်းတမ်းစွာ ဖျက်ဆီးပစ်သည်။
ဆယ်မိနစ်ခန့် အကြာ၌ ချန်းဖန်သည် ယိုကိုဆာကာကို ချန်ရစ်ကာ အရှေ့အရပ်သို့ ဆက်လက် ပျံသန်း ထွက်ခွာသွားသည်။
အသက်ရှင် လွတ်မြောက် ကျန်ရစ်ခဲ့သော စစ်သားများသည် မြေပြင်မှ ထရပ်ကာ ပတ်ဝန်းကျင်အား လှည့်ပတ် ကြည့်လိုက်ကြသည်။ သို့သော်လည်း သူတို့ မြင်ရသည့် မြင်ကွင်းတိုင်းက အပျက်အစီးများသာ ဖြစ်၏။
ယိုကိုဆာကာ သို့မဟုတ် အရှေ့အာရှ၏ ပထမဆုံးသော စစ်တပ် ဆိပ်ကမ်းကား ဖျက်ဆီးခံခဲ့ရပြီ ဖြစ်လေသည်။
"တီ… တီ… တီ…"
ထိုအချိန်မှာပင် အင်တာကွန်မှ အသံတစ်ခု ထွက်ပေါ်လာသည်။
"US အင်ဒို-ပစိဖိတ် အမိန်ပေး စစ်စခန်းကပါ… ယိုကိုဆာကာ ဆိပ်ကမ်း တိုက်ခိုက်ခံ ရတော့မယ်… ထပ်ပြောမယ်… ယိုကိုဆာကာ ဆိပ်ကမ်း တိုက်ခိုက်ခံ ရတော့မယ်… တိုက်ပွဲအတွက် အဆင်သင့် ပြင်ဆင်ထားပါ"
ဆာဂျင် ဒေးဗစ်က အင်တာကွန်ကို ကောက်ယူလိုက်သည်။ သူ၏ လက်များက တဆတ်ဆတ် တုန်ရီနေ၏။
"အကြောင်းပြန်ပါတယ်… ယိုကိုဆာကာ ဆိပ်ကမ်း ဖျက်ဆီးခံလိုက်ရပါပြီ… စစ်သား တစ်သောင်း အထက်နဲ့ USS အေဘရာဟမ် လင်ကွန်း ကျဆုံးသွားတယ်… တိုက်ခိုက်တဲ့ ရန်သူက တစ်ယောက်တည်းပဲ…"
ယိုကိုဆာကာ ဖျက်ဆီးခံရကြောင်း သိရသည်နှင့် အမေရိကန် အပါအဝင် ကမ္ဘာပေါ်ရှိ များစွာသော နိုင်ငံများ တုန်လှုပ် သွားကြတော့၏။
ယိုကိုဆာကာသည် အရှေ့အာရှ၏ ထိပ်တန်း စစ်တပ် ဆိပ်ကမ်းဖြစ်ပြီး ထောင်ပေါင်းများစွာသော အမေရိကန် စစ်သားများ ထိုနေရာတွင် စခန်းချ နေထိုင် ကြသည်။
ယခုတွင်မူ ထိုစစ်စခန်းကား ကျဆုံးခဲ့ရလေပြီ။ ထိုအရာကား အမေရိကန်ကို အတိအလင်း စစ်ကြေညာလိုက်ခြင်း ဖြစ်သည်။
သို့သော်လည်း ထိုအရာကား အစမျှသာ ဖြစ်သည်။ ချန်းဖန်သည် တိုက်ပွဲစတင်သည်နှင့် ထိန်းချုပ်ထားခြင်း မရှိတော့ချေ။
ဆယ်မိနစ်ခန့် အကြာ၌…
ဖျူတီမန် အမေရိကန် လေတပ်စခန်းမှ တိုက်လေယာဉ် တစ်ရာသည် ချန်းဖန်၏ ဖျက်ဆီးမှုကို ခံလိုက်ကြရ၏။
နာရီဝက်ခန့် အကြာ၌…
ဆက်ဆေဘိုရှိ အမေရိကန် ရေတပ်စခန်း တစ်ခုလုံးမှာ ချန်းဖန်၏ တိုက်ခိုက်မှု အောက်၌ ကျဆုံးသွားခဲ့၏။ ထောင်ချီသော အမေရိကန် စစ်သားများ ကျရှုံးကာ စစ်အခြေစိုက် စခန်း တစ်ခုလုံး ပစိဖိတ် သမုဒ္ဒရာ အတွင်း နှစ်မြှုပ် ခံလိုက်ရသည်။
လေးဆယ့်ငါးမိနစ်ခန့် အကြာ၌…
လေယာဉ်တင် စစ်သင်္ဘော တစ်စင်း အပါအဝင် Guam ရှိ အမေရိကန် ရေတပ် စခန်း တစ်ခုလုံး ဖျက်ဆီး ခံလိုက်ရပြန်၏။
တစ်နာရီမျှ အတောအတွင်းမှာပင် ပစိဖိတ် သမုဒ္ဒရာ အတွင်းရှိ အမေရိကန်၏ စစ်စခန်း လေးခု တိုက်ခိုက် ဖျက်ဆီးခံလိုက်ရပြီ ဖြစ်သည်။ ထိုတိုက်ပွဲများ အတွင်း လေယာဉ်တင် စစ်သင်္ဘောကြီး နှစ်စီးနှင့် စစ်သားပေါင်း သုံးသောင်းကျော် ကျဆုံးခဲ့ရ၏။
သို့သော်လည်း ထိုအရာကား အစမျှသာ။
သွေးရောင် အလင်းတန်းသည် ကောင်းကင်ကို ဖြတ်သန်းကာ ဟာဝိုင်ယီသို့ ဆက်လက် ဦးတည်ကာ ပျံသန်းနေ၏။
***