ကမ္ဘာအား အံ့အားသင့်စေခြင်း
Vol. 8 Ch. 703
လွန်ခဲ့သည့် နှစ်နစ်ရီ အတွင်း…
ဖန့်ချုံး၏ တရား စစ်ဆေးခြင်း ထုတ်လွှင့် ပြသမှုနှင့်အတူ အင်တာနက်ပေါ်၌ သတင်း အပိုင်းအစ အချို့ ပျံ့နှံ့နေခဲ့၏။
"ငါတို့ ကျင်းမြို့မှာ ထူးဆန်းတာ အချို့ ဖြစ်ခဲ့တယ်… အနီရောင် အလင်းတန်း တစ်ခုက ကောင်းကင်ကနေ အရှေ့ အရပ်ကို ပျံသန်းသွားတာ တွေ့လိုက်ရတယ်"
"ဟုတ်တယ်… ငါလည်း မြင်လိုက်တယ်… အချို့လူတွေ ပြောတာတော့ တရုတ်က ဂျပန်ကို တိုက်ခိုက်ဖို့ လောင်ချာ တစ်ခု ပစ်လွှတ်လိုက်တာတဲ့"
"ငါက ဝူကျိုးမြို့မှာနေတာ… ဒါပေမဲ့ မင်းတို့ ပြောတဲ့ အနီရောင် အလင်းတန်းကို ငါလည်း မြင်လိုက်တယ်"
တရုတ်လူမျိုး အင်တာနက် အသုံးပြုသူ အချို့က လိုင်းပေါ်တွင် ပို့စ်များ တင်ကြသည်။
မကြာခင်မှာပင် ဂျပန် အင်တာနက်ပေါ်၌ သတင်း အချို့ ပျံ့နှံ့လာ၏။
"ယာမာဂူချီ ကမ်းရိုးတန်းနားမှာ အနီရောင် ဂြိုဟ်သား တစ်ယောက်နဲ့ အမေရိကန် လေတပ်တို့ တိုက်ပွဲဖြစ်တာ ငါ ကိုယ်တိုင် တွေ့လိုက်တယ်… အဲဒီ ဂြိုဟ်သားက ဘာလက်နက်ကို သုံးလဲတော့ မသိဘူး… ခဏ အတွင်းမှာပဲ တိုင်လေယာဉ် တစ်ဒါဇင်လောက် ပေါက်ကွဲသွားတာပဲ"
အင်တာနက် အသုံးပြုသူ တစ်ယောက် ဗီဒီယိုဖိုင် တစ်ခုနှင့်အတူ ဆိုလာသည်။ သို့သော် ထိုဗီဒီယိုဖိုင်မှာ များစွာ ဝေဝါးနေရာ အခြားလူများက အတုဟု သတ်မှတ် လိုက်ကြသည်။
နောက် မိနစ်ပိုင်း အတွင်းမှာပင် ကမ္ဘာတုန်လောက်သော သတင်းတစ်ခု ထွက်ပေါ် လာ၏။
"ယိုကိုဆာကာ ဆိပ်ကမ်း တိုက်ခိုက် ဖျက်ဆီး ခံလိုက်ရတယ်… အမေရိကန်ရဲ့ USS အေဘရာဟမ် လင်ကွန်းလည်း နစ်မြုပ် သွားတယ်"
ထိုသတင်းက အင်တာနက်ပေါ် ပျံ့နှံ့၍ စက္ကန့်ပိုင်း အတွင်းမှာပင် ဂျပန် မီဒီယာများ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်သွား၏။
ထိုအရာကား ယိုကိုဆာကာ ဆိပ်ကမ်း ဖြစ်သည်။ အမေရိကန် စစ်သား သောင်းချီ စခန်းချ နေသည့် အရှေ့အာရှ၏ အမေရိကန် စစ်အခြေစိုက် စခန်း ဖြစ်သည်။
သို့သော်လည်း ယခုတွင်မူ ယိုကိုဆာကာ ဆိပ်ကမ်း ဖျက်ဆီးခံခဲ့ရသည့် အပြင် လေယာဉ်တင် စစ်သင်္ဘော တစ်စင်းပင် နှစ်မြှုပ် ခံခဲ့ရသည်။ မည်သည့် နိုင်ငံက ထိုမျှ အတင့်ရဲ ရသနည်း။
"ရုရှားရဲ့ လက်ချက်များလား…"
"မကြာခင် တတိယ ကမ္ဘာစစ်ကြီး ဖြစ်တော့မှာလား…"
"ဂြိုဟ်သားတွေ ကမ္ဘာမြေကို ကျူးကျော် နေပြီလား…"
ဂျပန် မီဒီယာများက သတင်းခေါင်းစဉ် အမျိုးမျိုးဖြင့် ဖွကြ၏။ လူများကလည်း စိတ်ဝင်တစား ငြင်းခုံ ဆွေးနွေးကြသည်။
သိပ်မကြာခင်မှာပင် ဒုတိယမြောက် သတင်းတစ်ခု တက်လာပြန်၏။ ထိုသတင်းကား ဖျူတီမန်ရှိ အမေရိကန် စစ်စခန်း ဖျက်ဆီး ခံရသည် ဆိုသော သတင်းပင်။
ဆယ့်ငါးမိနစ်မျှ အကြာ၌…
ဆက်ဆေဘိုရှိ အမေရိကန် စစ်စခန်း ဖျက်ဆီး ခံရသော သတင်းက ထွက်ပေါ် လာပြန်၏။
"ဘာဖြစ်နေတာလဲ…"
လူများကား ဆွံ့အနေကြပြီ ဖြစ်လေသည်။
ယိုကိုဆာကာ စစ်စခန်း ဖျက်ဆီးခံရခြင်းသည် မတော်တဆမှု တစ်ခုကြောင့် ဖြစ်နိုင်သည်။ သို့သော်လည်း တစ်ခဏ အတွင်း စစ်စခန်း သုံးခု ဖျက်ဆီးခံရခြင်းမှာမူ တော်ရုံ တိုက်ဆိုင်မှု မဖြစ်နိုင်တော့ချေ။
"တတိယ ကမ္ဘာစစ်က ဖြစ်တော့မှာလား…"
လူအိုကြီး တစ်ယောက်က တုန်ရီစွာဖြင့် ရေရွတ် လိုက်သည်။
များစွာသော TV လိုင်းများက အရေးပေါ် သတင်းကို ကြေညာ ထုတ်ပြန်ကြ၏။
"သိပ်မကြာခင်ကပဲ အမေရိကန် စစ်စခန်းတွေ တိုက်ခိုက်ခံရတယ်လို့ သတင်း ရရှိပါတယ် ရှင်… တိုက်ခိုက်သူကိုတော့ ယခုထိ သိရခြင်း မရှိသေးပါဘူးရှင်"
"ရုရှား အစိုးရကတော့ ဒီတိုက်ခိုက်မှုဟာ သူတို့ရဲ့ လက်ချက် မဟုတ်ဘူးလို့ ပြောထားပါတယ်… တရုတ်ဘက်ကတော့ ယခုထိ တိတ်ဆိတ် နေတုန်းပါ"
BBC, CNN, NBC စသည့် ကျော်ကြားသော ရုပ်မြင်သံကြား လိုင်းများ အားလုံးသည် တင်ဆက်နေကျ အစီအစဉ်များကို ရပ်ဆိုင်းကာ လတ်တလော ဖြစ်ပွားနေသည့် တိုက်ခိုက်ခံရမှု အကြောင်းကိုသာ အရေးပေး တင်ဆက်ကြ၏။
တစ်ချိန်တည်းတွင် အမေရိကန် လူထုသည် ဒေါသထွက် နေကြသည်။
သူတို့သည် အမေရိကန် စစ်တပ်ကို တိုက်ခိုက်သည့် လူ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းကို အမြန်ဆုံး ရှာဖွေ ချေမှုန်းနိုင်ရန် မျှော်လင့် နေကြသည်။
သို့သော်လည်း မကြာခင်မှာပင် ကမ္ဘာပျက်မတတ် သတင်းတစ်ခု ထွက်ပေါ် လာပြန်၏။
"ယခုပဲ ရရှိလာတဲ့ သတင်းတွေအရ ဟာဝိုင်အီကျွန်းစုတွေ တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်… အမေရိကန်ရဲ့ အင်ဒို - ပစိဖိတ် မြေအောက် စစ်စခန်း ဖျက်ဆီးခံရပြီး လေယာဉ်တင် စစ်သင်္ဘော သုံးစင် နှစ်မြှုပ် ခံခဲ့ရပါတယ်… ထောင်ပေါင်းများစွာသော စစ်သားတွေကတော့ သေသူသေ ဒဏ်ရာ ရသူရ ဖြစ်နေတယ်လို့ သတင်း ရရှိပါတယ်"
ရုပ်သံလိုင်းများသည် သတင်းနှင့်အတူ ဗီဒီယိုဖိုင် တစ်ခုကိုပါ တင်ပြ လာခဲ့၏။
ထိုဗီဒီယိုသည် တိုးရစ် တစ်ယောက် ရိုက်ကူး ထားသော ဗီဒီယို ဖြစ်ကာ သွေးရောင် အလင်း တစ်ခုမှ စစ်စခန်းများကို တိုက်ခိုက်နေသည့် မြင်ကွင်းများ ပါဝင်နေ၏။
"ဒါက…"
ကမ္ဘာ တစ်ဝန်းရှိ လူတိုင်းသည် ဆွံ့အ ငြိမ်သက် သွားကြ၏။
ထိုအရာက အထူး ပြုလုပ်ချက်များဖြင့် ရိုက်ကူးထားသည့် ရုပ်ရှင်များထဲမှ မြင်ကွင်း တစ်ခုနှင့်ပင် တူနေသေးသည်။
ယခုတစ်ကြိမ်တွင် ဗီဒီယိုသည် အတန် ကြည်လင်ရာ လူတိုင်းသည် ပြတ်သားစွာ မြင်ကြရ၏။ သွေးရောင် အလင်းတန်း၏ အလယ်တွင် ရပ်နေသော နတ်ဆိုး သဏ္ဌာန် ပုံရိပ်ကိုပင် ရှင်းလင်းစွာ မြင်တွေ့ ကြရသည်။
"ဒါက… တကယ်ကြီးလား"
ကမ္ဘာ တစ်ဝန်းရှိ မရေမတွက်နိုင်သော လူများသည် မျက်တောင် မခတ် စတမ်း TV ကိုသာ စိုက်ကြည့် နေမိကြသည်။
"ကျွန်တော့်ရဲ့ဘဝ တစ်ခုလုံး မဟုတ်သေးဘူး လူသား သမိုင်း တစ်လျှောက်လုံးမှာ ဒီလို အရာမျိုး တစ်ခါမှ မဖြစ်ပေါ်ခဲ့ဖူးဘူး"
CNN သတင်း တင်ဆက်သူ ပူလစ်ဇာဆု သုံးခုရ ဂျော်ဂျီ စတီဖင်က စိတ်လှုပ်ရှားစွာဖြင့် ကြေညာ၏။
တစ်ချိန်တည်းတွင်ပင် များစွာသော လူများက ဆွေးနွေး ငြင်းခုံနေကြသည်။
သွေးရောင် အလင်းအတွင်းမှ လူရိပ်မှာ မည်သူ ဖြစ်မည်နည်း။ ဘုရားသခင်လော သို့မဟုတ် ငရဲပြည်မှ လူစီဖားလော။
"BBC သတင်း ရုပ်သံလိုင်းကနေ ကြိုဆိုပါတယ်… ကျွန်တော်ကတော့ သတင်း တင်ဆက်သူ ကင်ကာရှန်ပါ…"
"စီအိုင်အေနဲ့ အခြား သတင်း ဌာနတွေက စုစည်း ရရှိတဲ့ အချက်အလက်တွေအရ ကျွန်တော်တို့ဟာ သွေးရောင် အလင်းထဲက "စူပါမန်း" ကို အကြမ်းဖျင်း ခန့်မှန်း ထားနိုင်ပါတယ်… ဒီ ဓာတ်ပုံတွေ အရဆို သူက အာရှသား တစ်ယောက် ဖြစ်နိုင်ချေ ရှိပါတယ်"
"အာရှသား…"
များစွာသော လူများက လိုက်လံ ရေရွတ် မိကြသည်။
"အင်တာနက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်း အပိုင်းအစ အချို့ကို ခြေရာ ကောက်ကြည့်တဲ့ အခါမှာ အဲဒီ သွေးရောင် အလင်းတန်းက တရုတ်နိုင်ငံ ကျင်းမြို့ရဲ့ အရှေ့တောင်ကနေ လာခဲ့တာလို့ ခမ့်မှန်းရပါတယ်"
ကင်ကာရှန်က ဆက်လက်ကာ ကြေညာလိုက်သည်။
"သွေးရောင် အလင်းတန်းဟာ တရုတ် ကနေ အရှေ့ပင်လယ်ကို ပျံသန်းပြီး အမေရိကန် စစ်စခန်းတွေကို တိုက်ခိုက်ခဲ့တာပါ… သူ ဘာကြောင့် တိုက်ခိုက်ရသလဲ ဆိုတာတော့ ကျွန်တော်တို့ စုံစမ်း နေတုန်းပါပဲ"
***
တရုတ်နိုင်ငံ၊ ရန်ကျင်းမြို့…
ရှု့ယုံဖေးသည် BBC ၏ သတင်းကို ကြည့်ရင်း ဆွံ့အသွား၏။
နင်ရှင်းကမူ ထို "စူပါမန်း" မှာ မည်သူ ဖြစ်မည်မှန်း ခန့်မှန်း ပြောဆို နေသည်။ ထို အချိန်မှာပင် ရှု့ယုံဖေးက ရုတ်တရက် ပြောလိုက်၏။
"လျှောက်ခန့်မှန်း မနေနဲ့တော့… သူက ငါတို့ အသိထဲက တစ်ယောက်ပဲ"
"ဘယ်သူလဲ…"
နင်ရှင်းက အံ့အားသင့်ကာ မေးသည်။
"ချန်းဖန်…"
ရှု့ယုံဖေးက အဖြေပေးလိုက်သည်။
***
မြောက်အရပ် တောင်တန်း၊ ဝမ်မိသားစု စံအိမ်တွင်…
"အဲဒါ ချန်းဖန်ပဲ…"
ဝမ်ကျုံးကောက လေးနက်စွာဖြင့် ရေရွတ်လိုက်သည်။
အခြားသော ဝမ်မိသားစုဝင်များက ဆွံ့အကာ နေကြ၏။ ရွှယ်ဟုန်မေ့ကမူ ဘာမှ မပြောပဲ ကုလားထိုင်တွင် ထိုင်ကာ ငေးငိုင် နေခဲ့သည်။
"သူ… သူက ဘာလို့ အဲဒီလောက် အတင့်ရဲတာလဲ… အဲဒါက အမေရိကန်လေ"
ဝမ်ကဲ့ချင်က တီးတိုး ပြောဆိုလိုက်သည်။
ထိုအရာကား အမေရိကန် ဖြစ်သည်။
ကမ္ဘာ၏ အင်အား အကြီးဆုံး စိုးမိုးသူ ဖြစ်သည်။
သို့သော်လည်း ချန်းဖန်သည် အမေရိကန်၏ စစ်စခန်းများကို တိုက်ခိုက်ကာ ဖျက်ဆီး ပစ်ခဲ့၏။ ထိုလုပ်ရပ်က အမေရိကန်ကို စစ်ကြေညာ လိုက်ခြင်းနှင့် အတူတူပင်။
တစ်ချိန်တည်းတွင် ချင်မိသားစု၊ ရှောင် မိသားစု၊ ဟန်မိသားစုတို့မှာလည်း TV ကို ကြည့်ရင်း ဆွံ့အ နေခဲ့ကြ၏။
နောက်ဆုံး၌ သူတို့ကား ချန်းဖန်၏ အဆင့်အတန်းကို နားလည်ခဲ့ပြီ ဖြစ်လေသည်။
***
ဝူကျိုး၊ စုမိသားစု စံအိမ်…
အဘိုးကြီးစုသည် ဗီဒီယိုထဲရှိ သွေးရောင် အလင်းကို စူးစိုက် ကြည့်နေခဲ့သည်။ အတန်ကြာမှ သူက လေးပင်စွာ သက်ပြင်း တစ်ချက် ချလိုက်သည်။
"စုမိသားစုရဲ့ နှစ်သုံးရာ သမိုင်းကြောင်းမှာ နောက်ဆုံးတော့ ဖန့်ချုံးလိုမျိုး မျိုးဆက် တစ်ယောက် ရခဲ့ပြီ"
"ဒါပေမဲ့ ငါတို့ဟာ အဲဒီ အခွင့်အရေးကို ငြင်းပယ်ပြီး သူ့ကို မိသားစုရဲ့ အဝေး ရောက်အောင် တွန်းပို့ခဲ့တယ်"
"အခုဆိုရင် သူ့အတွက်နဲ့ တစ်စုံတစ်ယောက်က အမေရိကန်ကိုတောင် စိန်ခေါ်နေပြီ"
"ငါတို့သာ ဖန့်ချုံးနဲ့ ပြဿနာ မဖြစ်ခဲ့ရင် စုမိသားစုက ထွန်းတောက်နေမှာ သေချာတယ်"
အခြား လူများကမူ တိတ်ဆိတ် နေကြ၏။ သူတို့၏ မျက်လုံးများကမူ နောင်တ တရားများဖြင့် ပြည့်နှက် နေခဲ့သည်။
ထိုအရာက မဟာ အင်အားကြီး နိုင်ငံတစ်ခုကို တစ်ယောက်တည်း ရင်ဆိုင်ခြင်း ဖြစ်သည်။ နိုင်သည် ဖြစ်စေ ကျရှုံးသည် ဖြစ်စေ ကမ္ဘာပေါ်ရှိ မျိုးဆက်ပေါင်း များစွာသည် သူ့အား နောင်နှစ်ပေါင်း ရာချီတိုင် သတိရ နေကြတော့မည် ဖြစ်သည်။
***
ကမ္ဘာပေါ်ရှိ မြေပေါ်၊ မြေအောက် အဖွဲ့အစည်း များစွာသည် တိုက်ပွဲအား အတွေး အမျိုးမျိုးဖြင့် ဆက်လက် စောင့်ကြည့်နေကြ၏။
အင်္ဂလန်၊ ပြင်သစ်၊ ရုရှား၊ ဂျာမနီ အပါအဝင် နိုင်ငံများသည် ချန်းဖန် အမေရိကန်သို့ သွားရောက်ကာ တိုက်ခိုက်ရဲလိမ့်မည်ဟု မျှော်လင့် မထားခဲ့ချေ။ တစ်ချိန်တည်းတွင် မြေအောက် ကမ္ဘာ တစ်ခုလုံးမှာလည်း ငြိမ်သက် နေခဲ့၏။
"ချန်းပေ့ရွှမ်းက အရမ်းကို မောက်မာလွန်းတယ်… သူက ဖိအားတွေ နျူကလိယ လက်နက်တွေ သူ့မိသားစုကို ခြိမ်းခြောက်တာတွေကိုတောင် ဂရုမစိုက်ဘူး… အမေရိကန်က သူ့ကို လျှော့တွက်မိတာပဲ"
တစ်ယောက်က သက်ပြင်းချရင်း ရေးသည်။
"အမေရိကန်တင် မဟုတ်ဘူး… ငါတို့ အားလုံး သူ့ကို လျှော့တွက် မိခဲ့ကြတာ"
မစ္စတာ လေ့လာသူက တည်ငြိမ်စွာဖြင့် ဆိုလိုက်၏။
"အစကတည်းက ငါတို့တွေ မှားနေခဲ့တာ… နတ်ဘုရား တစ်ပါး လူသားတွေရဲ့ ခြိမ်းခြောက်မှုကို ကြောက်လိမ့်မယ်လို့ ငါတို့ ထင်ခဲ့ကြတာ"
"ဒါပေမဲ့ ချန်းပေ့ရွှမ်းက လူသားလေ… နတ်ဘုရားမှ မဟုတ်တာ"
အခြား တစ်ယောက်က ဆိုသည်။
"ကောင်းကင်မှာ ပျံသန်းပြီး မဟာ အင်အားကြီး နိုင်ငံတွေနဲ့ စစ်တိုက်နိုင်ပြီ ဆိုကတည်းက သူက လူသား တစ်ယောက် မဟုတ်တော့ဘူး… နတ်ဘုရား တစ်ပါး ဖြစ်နေခဲ့ပြီ… နတ်ဘုရား တစ်ပါးက လွဲပြီး ဘယ်သူကမှ အဲဒီလို မလုပ်နိုင်ဘူး"
မစ္စတာ လေ့လာသူက ဆိုလိုက်၏။
ထို့နောက် ဖိုရမ် တစ်ခုလုံး ပြန်လည် ဆိတ်ငြိမ် သွားပြန်သည်။
တစ်ချိန်တည်းတွင်ပင် ချန်းဖန်၏ အရှေ့၌ ကုန်းမြေ တစ်ခု ပေါ်လာခဲ့သည်။
ထိုအရာကား အမေရိကန်ပင် ဖြစ်၏။
***