နျူကလိယ လက်နက် ပြန်ပေါ်လာမှု
Vol. 8 Ch. 704
ပစိဖိတ် သမုဒ္ဒရာသည် အရှေ့မှ အနောက်သို့ ကီလိုမီတာ တစ်သောင်း ကျယ်ဝန်းသည်။
တရုတ်သည် သမုဒ္ဒရာ၏ အနောက်ဘက်တွင် တည်ရှိကာ အမေရိကန်သည် သမုဒ္ဒရာ၏ အရှေ့ဘက်၌ တည်ရှိ၏။
သို့သော်လည်း ချန်းဖန်သည် တရုတ်မှ အမေရိကန်သို့ ရောက်ရန် နှစ်နာရီမျှသာ အချိန်ယူ ပျံသန်းခဲ့ရသည်။ ထို့အပြင် ထို နှစ်နာရီ အတွင်း၌ သူသည် ကမ္ဘာတုန်လောက်သော တိုက်ပွဲများကို ဆင်နွှဲခဲ့သေးသည်။
"ဘုရားသခင်က ကမ္ဘာမြေကို ပြန်ရောက်လာခဲ့ပြီ"
"မဟုတ်ဘူး… သူက ဘုရားသခင် မဟုတ်ဘူး စူပါမန်း… အရှေ့တိုင်းရဲ့ စူပါမန်း"
"ရုပ်ရှင်ထဲမှာပဲ တွေ့ဖူးတဲ့ အရာတွေက အပြင်မှာ တကယ် ရှိနေမယ်လို့ ငါ တစ်ခါမှ မတွေးဖူးဘူး"
မရေမတွက်နိုင်သော လူများသည် အံ့ဩဘနန်း ပြောဆို နေကြ၏။
တစ်ချိန်တည်းတွင် အမေရိကန် အိမ်ဖြူတော်၊ ပါလီမန်နှင့် ပင်တဂွန် စစ်ဌာနချုပ်တို့မှာမူ ကမ္ဘာပျက် နေခဲ့သည်။
ဝန်ကြီး အာနိုးသည် ကွန်ပျူတာ စခရင်ကို ဖြူရော်သော မျက်နှာဖြင့် ငေးမော ကြည့်နေခဲ့၏။
"ဆရာ… နိုင်ငံသမ္မတက ကိုယ်စားလှယ် သုံးယောက်ကို လွှတ်ပြီး ချန်းပေ့ရွှမ်းကို တားနိုင် မတားနိုင် မေးခိုင်းလိုက်တယ်… နောက်ပြီး ပါလီမန်ကလည်း ဆရာ့ကို ဖြေရှင်းချက် ပေးဖို့ အမိန့်ပေးနေပြီ"
လက်ထောက်က စိုးရိမ်စွာဖြင့် လာရောက် တင်ပြသည်။
"ဒီအချိန်က အမေရိကန်ရဲ့ သေရေး ရှင်ရေး အခြေအနေကို ရောက်နေပြီ… နျူကလိယ လက်နက် သုံးဖို့ ကျုပ်ကို ခွင့်ပြုပေးပါ"
အာနိုးက ပြောသည်။
အိမ်ဖြူတော် အထူး ကိုယ်စားလှယ် သုံးယောက်က လေးနက်စွာ ခေါင်းညိတ် လိုက်ကြ၏။
"သမ္မတကြီးက ကျုပ်တို့ကို လျှို့ဝှက် သေတ္တာ ယူလာခိုင်း လိုက်တယ်… ချန်းပေ့ရွှမ်းကို သုတ်သင် နိုင်ဖို့ ကျုပ်တို့ လုပ်သင့်တာ အားလုံး လုပ်မှ ဖြစ်မယ်"
ရန်သူသည် ရောက်ရှိလာပြီ ဖြစ်ရာ အမေရိကန်သည် သူတို့၏ အင်အားကို ဖုံးကွယ် မနေတော့ချေ။
ရေတပ်၊ လေတပ်၊ ကြည်းတပ်၊ ကာကွယ်ရေး တပ်၊ မရိန်းတပ်…
အမေရိကန်သည် ခုခံ ကာကွယ်ရေး လိုင်းများကို နိုင်ငံ အနှံ့ချကာ ဖြန့်ကြက် ထား၏။
လေယာဉ်တင် စစ်သင်္ဘော ဆယ့်တစ်စင်း…
တိုက်လေယာဉ် အစင်းပေါင်း တစ်သောင်း သုံးထောင်…
တင့်ကားပေါင်း တစ်သောင်း…
အမြောက် ထောင်ပေါင်းများစွာနှင့် မရေ မတွက်နိုင်သော စစ်ဂြိုဟ်တုများ…
အမေရိကန် ပိုင်ဆိုင်ထားသော အင်အားကား သာမန် လူများ မခန့်မှန်းနိုင်သည် အထိ ကြီးကျယ် ခမ်းနားလွန်းသည်။
ထိုအင်အားမှာ ကမ္ဘာပေါ်ရှိ နိုင်ငံအားလုံး စုပေါင်းထားသည့် အင်အားထက်ပင် ပိုမို သာလွန်သေး၏။
မရေမတွက်နိုင်သော လူများသည် TV တွင် လာနေသည့် အမေရိကန်၏ စစ်အင်အား အခင်းအကျင်းကို ကြည့်ကာ ထိတ်လန့် လာကြသည်။
မည်သူက ထိုကဲ့သို့ မဟာ အင်အားကြီး နိုင်ငံကို စိန်ခေါ်ရဲသနည်း။ အမေရိကန်ကိုပင် ဖိအားပေးနိုင်သည် အထိ ထိုလူက မည်မျှ အစွမ်းထက် နေသနည်း။
မြောက်အမေရိကသို့ ရောက်ရှိပြီး နောက်၌ ချန်းဖန်သည် ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ် မနေတော့ချေ။
"ဝှစ်…"
ရုတ်တရက် သွေးရောင် အလင်းတန်းသည် လော့အိန်ဂျလိ၏ အထက်၌ ရုတ်တရက် ပေါ်လာ၏။
စစ်ပွဲကား စတင်တော့မည် ဖြစ်သည်။
"ဟူး… ဟူး…"
များပြားစွာသော F14 F15 F16 တိုက်လေယာဉ်များသည် ချန်းဖန်ကို တားဆီးရန် ပျံသန်းလာကြ၏။
"ဘုန်း… ဘုန်း…"
မရေမတွက်နိုင်သော လောင်ချာများကလည်း တစ်ဆယ် ကီလိုမီတာ အကွာအဝေးမှ အသံ၏ အမြန်နှုန်းဖြင့် ချန်းဖန်ထံ တိုးဝင်ကြ၏။
"ဟူး…"
ချန်းဖန်သည် မည်သို့မျှ အထူးတလှယ် လှုပ်ရှားခြင်း မပြုပဲ သွေးရောင် အလင်းကိုသာ ထုတ်လွှတ်ထားသည်။ သူ၏ စဦး အောင်မြင်ခြင်း ကောင်းကင် ခန္ဓာသည် သာမန် လောင်ချာလောက်ကို အရေးလုပ်စရာ မလိုချေ။
"ဘုန်း… ဘုန်း… ဘုန်း…"
ချန်းဖန် တည်ရှိရာ ကောင်းကင် တစ်ဝိုက်၌ မရေမတွက်နိုင်သော ပေါက်ကွဲမှုများဖြင့် ပြည့်နှက် သွား၏။
"အိုးမိုင်ဂေါ့…"
ထိုမြင်ကွင်းအား တွေ့သည်နှင့် ပိုင်းလော့ (လေယာဉ်မှူး) များစွာ၏ မျက်လုံးများသည် ပြူးကျယ် သွား၏။
သူတို့သည် မှတ်တမ်း ဗီဒီယိုထဲ၌ ချန်းဖန်ကို မြင်ဖူးသော်လည်း လက်တွေ့ မြင်ရသည့် အချိန်တွင် မအံ့ဩပဲ မနေနိုင်ချေ။
တစ်စုံတစ်ယောက်က ခန္ဓာကိုယ် သက်သက်ဖြင့် လောင်ချာ တိုက်ခိုက်မှုများကို ခုခံခြင်း…
ထိုအရာကား လွန်ကဲ လွန်းလှသည်။
"သတ်…"
ချန်းဖန်သည် ဓားချီအား ထုတ်ဖော်ကာ အသံ၏ ဆယ်ဆသော အမြန်နှုန်းဖြင့် လှုပ်ရှား လိုက်၏။
"ဝှစ်…"
ပိုင်းလော့များ သတိမမူမိခင်မှာပင် ချန်းဖန်၏ ခန္ဓာကိုယ်သည် ကောင်းကင်ကို ဖြတ်သန်းကာ တစ်ဆယ် ကီလိုမီတာခန့် အကွာအဝေး၌ ပြန်ပေါ် လာခဲ့သည်။
"ဘုန်း… ဘုန်း… ဘုန်း…"
ကောင်းကင် တစ်ခွင်၌ ကြီးမားသော မီးပွင့် မီးလုံးများ အစီအရီ ပေါ်လာခဲ့သည်။ ချန်းဖန်သည် လျှပ်တစ်ပြက် အတွင်းမှာပင် တိုက်လေယာဉ် လေးဆယ့် သုံးစင်းကို ဖျက်ဆီး ပစ်လိုက်ပြီ ဖြစ်လေသည်။
သို့သော်လည်း သူသည် ရပ်တန့်ခြင်း မရှိပဲ အခြား တိုက်လေယာဉ် အုပ်စုများထံ မျက်နှာမူ လိုက်၏။
"ဓားအစီအရင်…"
"ဝှစ်…"
ဓားအားဖြည့် ကျောက်မျက် အတွင်းမှ အလင်းတန်း တချို့ ထွက်ပေါ်လာကာ သေးငယ်သော ဓားပျံများ အသွင် ပြောင်းလဲ သွားသည်။
"ဝှစ်… ဝှစ်… ဝှစ်…"
ကောင်းကင်၌ စုစုပေါင်း ဓားပျံ ကိုးဆယ့်ကိုးစင်း ပေါ်ထွက်လာသည်။ ထိုဓားပျံ တစ်စင်းချင်းစီသည် တစ်ဝက်တစ်ပျက် ဝိညာဉ် လက်နက်များ ဖြစ်၏။
ထိုအရာကား ချင်ချန်းတောင် ဓားနန်းတော်၌ အပယ်ခံ ကိုးယောက် အဘိုးအို ထားရစ်ခဲ့သော ဓား အစီအရင်ပင် ဖြစ်သည်။
"သွား…"
ချန်းဖန်သည် အင်္ကျီလက်ကို ကြမ်းတမ်းစွာ ခါယမ်းလိုက်သည်။
"ဝှစ်… ဝှစ်…"
ဓားပျံ ကိုးဆယ့်ကိုးချောင်းသည် အလင်းတန်း ကိုးဆယ့်ကိုးခု သဏ္ဌာန် ပြောင်းလဲကာ တိုက်လေယာဉ်များထံ တိုးဝင်ပျံသန်း၏။
"ဘုန်း… ဘုန်း… ဘုန်း…"
အဆက်မပြတ် ပေါက်ကွဲသံများနှင့် အတူ ကောင်းကင်၌ တောက်ပသော မီးလုံးများ ဖြစ်ပေါ်လာပြန်သည်။
မျက်စိ တစ်မှိတ် အတွင်းမှာပင် တိုက်လေယာဉ် တစ်ရာခန့် ပေါက်ကွဲ ပျက်စီး သွားခဲ့ပြန်ပြီ ဖြစ်သည်။
ထိုအရာများသည် အသံ၏ အမြန်နှုန်းကို ချိုးဖျက်ထားသည့်တိုင် ဓားပျံများကိုမူ နှိုင်းယှဉ်နိုင်ခြင်း မရှိခဲ့ချေ။
"ဝှစ်… ဝှစ်… ဝှစ်…"
ဓားပျံများသည် ရပ်တန့်ခြင်း မရှိပဲ ကောင်းကင် တစ်ခွင် ဆက်လက် ဖြန့်ကြက်၏။
"ဘုန်း… ဘုန်း… ဘုန်း…"
သုံးကြိမ်မျှ လှည့်ပတ် တိုက်ခိုက် အပြီးတွင် ကောင်းကင်သည် လုံးဝ အလွတ်ပြန်ဖြစ် သွားသည်။
တစ်မိနစ် အတွင်းမှာပင် ဓားပျံများ၏ လှည့်ပတ် တိုက်ခိုက်မှု အောက်၌ ရာချီသော တိုက်လေယာဉ်များ ပေါက်ကွဲ ပျက်စီး သွားသည်။
လွတ်မြောက်ရန် ကြိုးစားနေသော အချို့သာ ကျန်ရစ်တော့၏။
"သူက…"
စစ်ပွဲကို ဂြိုဟ်တုများ၊ ဒရုန်းများမှ တစ်ဆင့် ကြည့်နေသော ပင်တဂွန် စစ်ဌာနချုပ် အတွင်းရှိ အရာရှိကြီးများ၏ မျက်နှာများကား ဖြူရော် နေကြပြီ ဖြစ်သည်။ သို့သော် ထိုအရာက သူတို့ တားနိုင်သော အရာ မဟုတ်ချေ။
အချိန်စက်ဝိုင်းသည် အဆက်မပြတ် လှည့်ပတ် နေ၏။
ငါးမိနစ်မျှ အကြာ၌…
ချန်းဖန်သည် နာဗာတာရှိ အမြောက်တပ်ရင်း တစ်ခု အပါအဝင် ဒုတိယ ကာကွယ်ရေး လိုင်းကို ဖျက်ဆီး ပစ်ခဲ့သည်။
ဆယ်မိနစ်မျှ အကြာ၌…
ချန်းဖန်သည် ယူတာ့ ဒေသသို့ ရောက်ရှိ လာခဲ့သည်။
အမေရိကန်သည် လေတပ်ရင်း သုံးခုဖြင့် ချန်းဖန်အား ဆီးကြိုနေသော်လည်း ထိုတပ်ရင်း သုံးခုလုံး ဖျက်ဆီးခံရသည်။
ဆယ့်ငါးမိနစ်မျှ အကြာ၌…
ချန်းဖန်သည် ကိုလိုရာဒို ဒေသသို့ ဝင်လာခဲ့သည်။
စက္ကန့်ပိုင်း အတွင်းမှာပင် ထိုနေရာရှိ ကာကွယ်ရေး လိုင်းများ အားလုံးသည်လည်း ချန်းဖန်၏ တိုက်ခိုက်မှု အောက်၌ ဖျက်ဆီးခံခဲ့ရ ပြန်သည်။
ထိုကာကွယ်ရေး ခံတပ်လိုင်းများသည် ပထမ ကမ္ဘာစစ်နှင့် ဒုတိယ ကမ္ဘာစစ်တို့ အတွင်း၌ စတီးနံရံများ သဖွယ် ဖြစ်ခဲ့သော်လည်း ယခုတွင်မူ ချန်းဖန်ကို တားဆီးနိုင်ခြင်း အလျှင်း မရှိခဲ့ချေ။
"ဆရာ… စက္ကန့် သုံးဆယ် အတွင်း ပထမ ကာဗယ်ရီ တပ်ရင်း ကျရှုံးသွားပါပြီ…"
လက်ထောက် တစ်ယောက်က တုန်ရီစွာဖြင့် တင်ပြသည်။
ပင်တဂွန် အတွင်းရှိ လူတိုင်း တိတ်ဆိတ် နေကြ၏။
ပထမ ကာဗယ်ရီ တပ်ရင်းသည် အမေရိကန်၏ ရာစုနှစ်ချီ သက်တမ်းရှည် အထူး တပ်ရင်း တစ်ခု ဖြစ်သည်။ ထိုတပ်ရင်းတွင် တင့်ကား ရာပေါင်းများစွာ ရှိပြီး မရေ မတွက်နိုင်သော လောင်ချာ အမြောက်များလည်း ရှိသည်။
သို့သော်လည်း သူတို့သည် ချန်းဖန်ကို တားဆီးနိုင်စွမ်း မရှိခဲ့ချေ။
ပို၍ အရေးကြီးသော အရာကား ပထမ ကာဗယ်ရီ တပ်ရင်းသည် ကန်းဆက်တွင် အခြေစိုက်၏။ ကန်းဆက်သည် အမေရိက အနောက် အလယ်ပိုင်းတွင် တည်ရှိရာ မြို့တော် ဝါရှင်တန်နှင့် ကွာဝေးခြင်း မရှိတော့ချေ။
"ဆရာ… ကျုပ်တို့ ဆုံးဖြတ်ချက် ချမှ ဖြစ်တော့မယ်"
ရေတပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဘန်ဂျမင်က ဆော်ဩလိုက်သည်။
"ဟုတ်တယ်… ကျုပ်တို့ကို အမိန့်ပေးပါ"
အခြား ဗိုလ်ချုပ်များကလည်း တစ်ယောက်ပြီး တစ်ယောက် မတ်တတ်ရပ်ကာ ဝန်ကြီး အာနိုးကို ကြည့်ကြသည်။
ဝန်ကြီး အာနိုးသည် ထိုင်ခုံတွင် ငြိမ်သက်စွာ ထိုင်နေ၏။ သူသည် အနည်းငယ် ချီတုံချတုံ ဖြစ်ပြီးနောက် မျက်မှောင်ကြုတ်၍ ပြတ်သားစွာ ဆိုလိုက်သည်။
"နျူကလိယဗုံးကို ပစ်လိုက်တော့…"
စစ်ပွဲ စတင်သည်နှင့် အမေရိကန် စစ်တပ်ပိုင် ဂြိုဟ်တုများသည် ချန်းဖန်ကို အချိန်တိုင်း နီးပါး စောင့်ကြည့် နေခဲ့သည်။ ထို့ကြောင့် သူတို့သည် ချန်းဖန်၏ တည်နေရာနှင့် လမ်းကြောင်းကို လွယ်ကူစွာ တွက်ချက် ခန့်မှန်းနိုင်ကြသည်။
ချန်းဖန် ကန်းဆက်ရှိ အခြား တပ်ရင်း တစ်ခုကို အနိုင်ယူ ပြီးနောက် မြေကြီးသည် ငလျင် လှုပ်ခတ်သည့် အလား တဆတ်ဆတ် တုန်ခါလာ၏။
"ဘုန်း…"
၂၀၁၂ ခုနှစ်၊ ဩဂတ်လ ၁၅ ရက်၊ ညနေ ၅ နာရီ…
အမေရိကန်သည် ကန်းဆက် လွင်ပြင်များ၌ တန်ချိန် သုံးမီလျံ ရှိသော ဟိုက်ဒရိုဂျင်ဗုံးကို ဖောက်ခွဲခဲ့သည်။
တစ်ကမ္ဘာလုံး ဆွံ့အ သွားကြ၏။
ဘီလျံနှင့် ချီသောလူများသည် ဖုန်းများ၊ TV များမှ တစ်ဆင့် ကီလိုမီတာ ရာချီ ကြီးမားသော မှိုသဏ္ဌာန် မီးခိုးလုံးကြီးကို ငေးကြည့် နေမိကြသည်။
"သူ သေပြီ ထင်တယ်… နတ်ဘုရားတောင် နျုကလိယ ပေါက်ကွဲမှုကို ခုခံနိုင်မှာ မဟုတ်ဘူး… နျူကလိယကြောင့် ဖြစ်လာတဲ့ အပူချိန်က သန်း တစ်ဆယ် ဒီဂရီ အထိ ရှိတယ်တဲ့"
လူများသည် တုန်ရီစွာဖြင့် တီးတိုး ရေရွတ် လိုက်ကြသည်။
***
ရန်ကျန်း…
"သူ… သူ သေပြီလား"
နင်ရှင်းက အထစ်ထစ် အငေါ့ငေါ့ဖြင့် မေးလိုက်သည်။
ယခု တစ်ကြိမ်တွင် ရှု့ယုံဖေးသည် အဖြေ မပေးခဲ့ချေ။ သူမ၏ မျက်နှာကမူ သွေးဆုတ်ကာ ဖြူရော်ကျနေ၏။
***
ကျင်းမြို့တော်…
မြောက်ပိုင်းချုံး ဂိုဏ်းဝင် အားလုံးသည် ငြိမ်သက်စွာဖြင့် ထိုင်နေကြသည်။
မည်သူမှ စကားတစ်ခွန်းပင် မဆိုခဲ့ကြချေ။
***
ဝမ်မိသားစု စံအိမ်…
"အရမ်း ကောင်းတယ်… ဒီတစ်ခါတော့ ကောင်စုတ်လေး တကယ် သေပြီ"
ရွှယ်ဟုန်မေ့သည် လက်ခုပ် လက်ဝါးတီး၍ ပျော်ရွှင်စွာ အော်ဟစ်လိုက်သည်။
***
ဂျပန်၊ အနောက်တိုင်း နိုင်ငံများနှင့် အမေရိကန်တို့တွင်…
များစွာသော ချန်းဖန်၏ ရန်သူများသည် ချန်းဖန်၏ သေဆုံးမှု အတွက် အောင်ပွဲခံ နေကြသည်။
ရုတ်တရက်…
"ဘုန်း…"
ပေါက်ကွဲသံနှင့်အတူ မိုးကြိုး တိမ်တိုက်နှင့် မီးလျှံများ ဝန်းရံနေသည့် သွေးရောင် အလင်းတန်း တစ်ခုသည် မှိုပွင့် တိမ်တိုက် အကြားမှ တိုးကာ ထွက်ပေါ်လာ၏။
ထိုအခိုက်အတန့်၌ တစ်ကမ္ဘာလုံး ရုတ်ခြည်း ဆိတ်ငြိမ် သွားသည်။ လူတိုင်းသည်လည်း ဆွံ့အ သွားကြ၏။
***