← Chapters

မြို့များကို ဖျက်ဆီးခြင်း

Vol. 8 Ch. 705

မြို့များကို ဖျက်ဆီးခြင်း

Vol. 8 Ch. 705

"သူ… အသက်ရှင် နေသေးတာလား"

လူတိုင်းသည် TV စခရင်၏ အလယ်တွင် ပေါ်နေသည့် သွေးရောင် အလင်းကို ကြည့်ရင်း ရေရွတ်လိုက်ကြသည်။

"သူက လူသား တစ်ယောက် မဟုတ်ဘူး ဘုရားသခင်ပဲ"

များစွာသော အမေရိကန်သားများပင် ထိုသို့ တွေးမိကြသည်။

အချို့ဆိုလျှင် ကြမ်းပြင်၌ သူတို့၏ ဒူးများကို ထောက်ကာ ခေါင်းကို ငုံ့၍ ဆုတောင်း နေကြပြီ ဖြစ်လေသည်။

"သူက နတ်ဘုရား ဝင်စားတဲ့လူပဲ… သူက အမေရိကန်ကို အပြစ်ပေးဖို့ ကောင်းကင်ဘုံက လာခဲ့တာ ဖြစ်မယ်"

မရေမတွက်နိုင်သော လူများက ထိတ်လန့်တကြား ပြောဆို ရေရွတ်ကြသည်။

တစ်ချိန်တည်းတွင် သိုင်းပညာနှင့် အမှောင် ကမ္ဘာတို့၏ အင်တာနက် ဖိုရမ်များမှာမူ လုံးဝ တိတ်ဆိတ် ဆွံ့အနေကြ၏။

အမှောင် ကမ္ဘာသားများသည် သူတို့၏ မျက်လုံးများကို ပေါက်ထွက်မတတ် ပြူးကျယ်ရင်း TV၊ ဖုန်း စခရင်များကိုသာ ကြည့်နေကြသည်။

"ငါတို့ နိုင်ငံတော့ တကယ့်ကို အမှားကြီး တစ်ခု လုပ်ခဲ့မိတာပဲ"

အီရီကာက သူမ၏ မျက်လုံးများကို ပိတ်ရင်း သက်ပြင်း တစ်ချက် ချလိုက်သည်။

"ဒီကောင်စုတ်လေး… အမြဲတမ်း လူတွေကို စိတ်ပူအောင် လုပ်တယ်"

ဝမ်ရှောက်ယွင်သည် မောပန်းစွာ ရေရွတ်ရင်း ကြမ်းပြင်ပေါ် ထိုင်ချလိုက်သည်။

သူမသည် စိတ်လှုပ်ရှားမှုကြောင့် မတ်တတ် ရပ်နိုင်ခြင်း မရှိတော့ချေ။

အမေရိကန်၊ ပင်တဂွန် စစ်ဌာနချုပ်…

"မဖြစ်နိုင်ဘူး… ဒါက မဖြစ်နိုင်ဘူး"

ဗိုလ်ချုပ်များစွာသည် ထိတ်လန့်မှုကို ခံစား နေရ၏။

နျူကလိယဗုံးများသည် ကမ္ဘာ့ အစွမ်းအထက်ဆုံး လက်နက်များ ဖြစ်ကာ လူဦးရေ တစ်သန်း ရှိသည့် မြို့ကြီး တစ်မြို့ကိုပင် ဖျက်ဆီးပစ်နိုက်သည်။

သို့သော်လည်း အရှေ့တိုင်းမှ ချန်းပေ့ရွှမ်းသည် နျူကလိယ တိုက်ခိုက်မှုမှ လွတ်မြောက်ခဲ့သည်။ ထိုအရာက လက်ခံရန် ခက်ခဲသော်လည်း ပြောင်းလဲ၍ မရနိုင်သော အမှန်တရားသာ ဖြစ်၏။

"ဆက်ပြီး တိုက်ခိုက်ကြ… တစ်ခု အလုပ်မဖြစ်ရင် ဆယ်ခုနဲ့ သူ့ကို တိုက်မယ်… ဆယ်ခုက မလုံလောက်သေးရင် ငါတို့မှာ အခု တစ်ရာ ရှိတယ်"

ရေတပ်၏ ကွန်မန်ဒါက ထိုင်ရာမှ ထကာ အော်ဟစ် လိုက်၏။

ဝန်ကြီး အာနိုး၏ လက်များက တဆတ်ဆတ် တုန်ရီ၍ နေ၏။ သို့သော်လည်း သူသည် ရေတပ် ကွန်မန်ဒါကို မတားခဲ့ချေ။

မကြာခင် မစ်ဆိုရီပြည်နယ် နယ်စပ်နား၌ ဒုတိယမြောက် နျူကလိယဗုံး ကျရောက် ပေါက်ကွဲ၏။

သို့သော်လည်း ချန်းဖန်သည် အသံ၏ ဆယ်ဆသော အမြန်နှုန်းကို ချိုးဖျက်၍ ပေါက်ကွဲမှု ဧရိယာကို ရှောင်တိမ်းခဲ့ပြီး ဖြစ်သည်။

သူသည် ပထမ တစ်ကြိမ်ကပင် နျူကလိယ၏ တည်ရှိမှုကို အာရုံခံမိခဲ့သည်။ သူ၏ ခံနိုင်ရည် နှင့် အကန့်အသတ်ကို ဆန်းစစ်လိုသော ကြောင့်သာ  ရှောင်တိမ်းမှု မပြုပဲ ထိပ်တိုက် ရင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။

"နျူကလိယက တကယ့်ကို ကြောက်ဖို့ကောင်းတာပဲ… အဲဒါက ရွှေအမြုတေ အဆင့် အထွတ်အထိပ် တစ်ယောက်ရဲ့ တိုက်ခိုက်မှုနဲ့တောင် နှိုင်းယှဉ်နိုင်တယ်…  မာကျူရီ ဝတ်စုံ ရွှေရောင် မီးတောက် နတ်ဘုရား စွမ်းအားနဲ့ ကောင်းကင်ခန္ဓာတို့ကြောင့်သာ မဟုတ်ရင် ငါ အသက်ရှင်နိုင်မှာ မဟုတ်ဘူး"

ချန်းဖန်က တွေးလိုက်၏။

သူ၏ ကောင်းကင် ခန္ဓာသည် သွေးမျိုးဆက် ခြောက်ယောက်၏ အမတေကို စုပ်ယူ ပြီးနောက် ပိုမို၍ သန်မာ လာခဲ့သည်။ ထိုအရာ၏ စွမ်းအားသည် ရွှေအမြုတေ အဆင့်နှင့်ပင် နီးကပ်နေပြီ ဖြစ်သည်။

"မင်းတို့ကပဲ ငါ့ကို သတ်နိုင်မလား ငါကပဲ မင်းတို့ကို ရှင်းနိုင်မလား ကြည့်ရတာပေါ့"

ချန်းဖန်သည် အသံ၏ ဆယ်ဆသော အမြန်နှုန်းကို ချိုးဖျက်ရင်း ဆက်လက်၍ ပျံသန်းနေ၏။

တစ်ချိန်တည်းတွင် အမေရိကန်သည် ချန်းဖန်ကို သတ်ရန် အတွက် ရူးသွပ် နေခဲ့ပြီ ဖြစ်လေသည်။

"ဘုန်း…"

တတိမြောက် နျူကလိယဗုံးသည် မစ်ဆိုရီမြစ် အနား၌ ကျရောက်ကာ ပေါက်ကွဲ၏။

"ဘုန်း…"

စတုတ္ထမြောက် ဗုံးသည် စပရင်းဖီး အနားတွင် ပေါက်ကွဲ၏။ သို့သော်လည်း ချန်းဖန်သည် ပေါက်ကွဲမှုမှ ရှောင်တိမ်း လွတ်မြောက် နေခဲ့တုန်း ဖြစ်သည်။

"ပဉ္စမ နျူကလိယ ဗုံး…"

"ဆဋ္ဌမ နျူကလိယ ဗုံး…"

"သတ္တမ နျူကလိယ ဗုံး…"

အမေရိကန်ကား မည်သည့် အရာကိုမျှ ဂရုစိုက်ခြင်း မရှိတော့ချေ။

သူတို့သည် တစ်ခဏ အတွင်းမှာပင် ချန်းဖန်ကို နျူကလိယဗုံး ခုနစ်လုံးဖြင့် တိုက်ခိုက်ခဲ့ပြီး ဖြစ်လေသည်။ နောက်ဆုံး နျူကလိယဗုံး တိုက်ခိုက်မှုဆိုလျှင် ပေါက်ကွဲမှု တန်ချိန် ခုနစ် မီလျံအထိ ပြင်းထန်၏။

"မင်းတို့ပဲ အဲဒီလို လုပ်နိုင်တယ်လို့ ထင်နေတာလား…"

ခုနစ်ခါမြောက် နျူကလိဖြင့် တိုက်ခိုက်ခံ အပြီးတွင် ချန်းဖန်သည် ဒေါသထွက်လာခဲ့ပြီ ဖြစ်သည်။

အမေရိကန်သည် သူ့အား အဆုံးတိုင် တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ပြီး ဖြစ်ဟန် ရသည်။ သို့ဖြစ်ရာ သူ့ဘက်မှလည်း ညှာတာနေရန် မလိုတော့ချေ။

"ငါကလည်း မင်းတို့ကို  ဖျက်ဆီးနိုင်စွမ်း ရှိတယ် ဆိုတာ ပြရမှာပေါ့…"

ချန်းဖန်၏ မျက်လုံးများ၌ အေးစက်ခြင်းများ ပြည့်နှက်လာသည်။

အေလင်နွိုင်း၊ ရော့ခ်မြို့…

ရော့ခ်မြို့သည် အမေရိကန်တွင် ကျော်ကြားသော စစ်တပ် အခြေစိုက်မြို့ တစ်မြို့ ဖြစ်သည်။

ဝါရှင်တန်၏ တံခါးကို စောင့်ကြပ်ရန် အတွက် ထိုနေရာတွင် စစ်သားပေါင်း တစ်သောင်း အမြဲလိုလို စခန်းချ နေတတ်ကြ၏။

ယနေ့တွင်…

ရော့ခ်မြို့ရှိ စစ်သားများ အားလုံးသည် စစ်ဝတ်စုံ လက်နက် အပြည့်ဖြင့် ချန်းဖန်အား တိုက်ခိုက်ရန် စောင့်မျှော်နေကြသည်။

"အဲဒီကောင်က ဘာလဲကွ… သူက ဘာလို့ အမေရိကန်ကို မုန်းနေတာလဲ… ဘာလို့ လာပြီး တိုက်ခိုက်ရတာလဲ… ဒါမှမဟုတ် သူများတွေ ပြောနေသလို တကယ်ကြီး ဘုရားက ငါတို့ အမေရိကန်တွေကို အပြစ်ပေးတာလား"

တပ်ကြပ် ဂျိမ်းက စီးကရက်ကို ခဲရင်း နားမလည်စွာ မေးသည်။

"ပါးစပ် ပိတ်ထားစမ်း… ရန်သူက ရန်သူပဲ… ဘယ်က ဘုရား ဖြစ်ရမှာလဲ… ရန်သူ ဘယ်လောက်ပဲ အစွမ်းထက်ထက် ငါတို့ သူ့ကို အနိုင်ယူရမယ်"

ဒုတိယ ဗိုလ်ကလေးက အော်ငေါက် လိုက်သည်။

အားလုံး စိတ်ရှည်စွာ စောင့်မျှော် နေချိန်မှာပင် စစ်သား တစ်ယောက်က ရုတ်တရက် ကောင်းကင်သို့ လက်ညှိုးထိုးကာ အော်ဟစ် လိုက်၏။

"ဟေး… ဟိုကိုကြည့်ကြစမ်း"

လူတိုင်းက ထိုစစ်သား ညွှန်ပြရာသို့ ကြည့်လိုက်ရာ အနီရောင် တိမ်တိုက် တစ်ခုကို တွေ့ရသည်။

သိသာစွာပင် ထိုလှပသော တိမ်တိုက်သည် ညနေ ဆည်းဆာကြောင့် ဖြစ်ပေါ်နေခြင်း မဟုတ်ချေ။ ထိုအရာကား မီးနှင့် ဥက္ကာခဲ များသာလျှင် ဖြစ်၏။

"မိုးကြိုးငါးခု ချိပ်တံဆိပ်… ကောင်းကင်ပြို အစီအရင်"

မကြာခင် အဆုံးမဲ့ မီးနှင့် ဥက္ကာခဲ မိုးများသည် ကောင်းကင်မှ နေ၍ ရော့ခ် တစ်မြို့လုံးသို့ ဖုံးလွှမ်း သွားသည်။

"ဘုန်း… ဘုန်း… ဘုန်း…"

မိနစ်ပိုင်း အတွင်းမှာပင် အဆောက်အဦများ၊ သံချပ်ကာ တင့်ကားများ၊ အမြောက်များ အလုံးစုံသည် မီးနှင့် ဥက္ကာခဲတို့၏ ကျဆင်းမှု အောက်၌ အပျက်အစီးပုံ အဖြစ် ပြောင်းလဲ သွားတော့သည်။

ချန်းဖန်သည် တိုက်ခိုက်မှု တစ်ခု အတွင်းမှာပင် စစ်သား ထောင်ပေါင်းများစွာကို သတ်ကာ မြို့တစ်မြို့ကို ဖျက်ဆီးပစ်လိုက်ပြီ ဖြစ်သည်။

ထိုအရာကား ကောင်းကင်ပြို အစီအရင်၏ စွမ်းအားလည်း ဖြစ်၏။

မူလ အဆင့်သို့ ရောက်ရှိပြီးနောက် ချန်းဖန်သည် မိုးကြိုးငါးခု ချိပ်တံဆိပ်ကို သုံး၍ ကမ္ဘာ၏ ခေတ်မီ လက်နက်များနှင့် ယှဉ်နိုင်သော အစီအရင်များကို ခင်းကျင်း နေနိုင်ပြီ ဖြစ်သည်။

ထိုအစီအရင်များသည် စွမ်းအား မြင့်မား သကဲ့သို့ ခင်းကျင်းရန်မှာလည်း အနည်းငယ် အချိန်လို၏။ ထိုအရာများသည် လျှပ်တစ်ပြက် တိုက်ပွဲများ၌ သိပ် အသုံးမဝင်သော်လည်း ယခုကဲ့သို့ လှုပ်ရှားမှု အသေ ပစ်မှတ်ကို  တိုက်ခိုက်ရာ၌ အလွန် အသုံးဝင်သည်။

"ဘုန်း…"

ဆယ်မိနစ်မျှ အကြာ၌ ချန်းဖန်သည် အော့လွန် မြို့သို့ ရောက်ရှိ လာခဲ့၏။

အော့လွန်မြို့သည် သေးငယ်သော မြို့တစ်မြို့ ဖြစ်သော်လည်း စစ်သားပေါင်း တစ်သောင်းကျော်ဖြင့် ချန်းဖန်ကို ဆီးကြို ခဲ့၏။

သို့သော် သူတို့သည်လည်း ချန်းဖန်ကို တားနိုင်စွမ်း မရှိခဲ့ချေ။

မိုးကြိုးမုန်တိုင်း အစီအရင်၏ ဖျက်ဆီးမှု အောက်၌ မကြာခင် အော့လွန် တစ်မြို့လုံး ပြားပြားဝပ် သွား၏။

မိနစ် နှစ်ဆယ်မျှ အကြာ၌ ချန်းဖန်သည် မြေငလျင် အစီအရင်ကို အသုံးပြုကာ စစ်တပ် အခြေစိုက် တောင်တစ်လုံးကို ဖျက်ဆီး ပစ်လိုက်ပြန်သည်။

နာရီဝက်မျှ အကြာ၌ ချန်းဖန်သည် ရေးနော့စ် လေတပ် အခြေစိုက် စခန်းသို့ ရောက်ရှိ လာခဲ့သည်။

ထို့နောက် သူသည် ဓမ္မ အစီအရင် ခြောက်ခုကို ထုတ်ဖော်၍ ထိုနေရာရှိ လျှို့ဝှက် စစ်စခန်း ခြောက်ခုကို ဖျက်ဆီးပစ်ခဲ့သည်။

သို့သော်လည်း ချန်းဖန်ကား ရပ်တန့်ခြင်း အလျှင်း မရှိသေးချေ။

လေးဆယ့် ငါးမိနစ်မျှ အကြာ၌ သူသည် ဒီထွိုက်သို့ ရောက်ရှိ လာပြန်၏။

ဒီထွိုက်…

ဒီထွိုက်သည် မီချီဂန် ပြည်နယ်တွင် တည်ရှိသော ကြီးမားသည့် မြို့ကြီးတစ်မြို့ ဖြစ်ကာ အမေရိကန်၏ ကားမြို့တော်ဟု ထင်ရှား၏။

ကမ္ဘာကျော် ကားကုမ္ပဏီများသည် ဒီထွိုက်တွင် အခြေစိုက်ကြပြီး ထိုနေရာ၌ အလုပ်သမား ငါးသန်းကျော် မှီတင်းနေထိုင် ကြသည်။

သို့သော်လည်း ယနေ့တွင်မူ ဒီထွိုက်သည် လူသူ ကင်းမဲ့နေ၏။ ၎င်း၏ လမ်းများသည် လွတ်နေကာ အဆောက်အဦများကလည်း မီးရောင်များ ကင်းမဲ့နေသည်။

ချန်းဖန်သည် ကောင်းကင်တွင် ရပ်ရင်း သူ၏ အောက်ရှိ မြို့အလွတ်ကို အမူအရာ ကင်းမဲ့စွာ ငုံ့ ကြည့်လိုက်၏။

"ဒီနေ့ဟာ ကမ္ဘာပေါ်က လူသားတွေကို ငါတို့ ဘယ်လောက် အစွမ်းထက် သလဲ ဆိုတာ ပြရမယ့်နေ့ပဲ"

မရေမတွက်နိုင်သော ဂြိုဟ်တုများ၏ ဖမ်းယူမှု အောက်၌ ချန်းဖန်သည် သူ၏ လက်ကို ဖြည်းညင်းစွာ ဆန့်ထုတ် လိုက်သည်။

သူ၏ လက်ဝါးထက်တွင်မူ မိုးကြိုးအလင်းများ ဝန်းရံနေသည့် ရောင်စုံ ချိပ်တံဆိပ် တစ်ခု ရှိနေခဲ့၏။

"မိုးကြိုးငါးခု ချိပ်တံဆိပ်…"

"ဘုန်း…"

ရုတ်တရက် ဒီထွိုက် တစ်မြို့လုံးသည် မိုးကြိုး အလင်းဖြင့် ပြည့်နှက် ရှုပ်ထွေးသွား၏။ အလင်းများ ပြယ်လွင့်သွားသည့် အချိန်တွင်မူ ဒီထွိုက်မြို့သည် ဆက်လက် တည်ရှိခြင်း မရှိတော့ချေ။

များစွာသော နေအိမ်များ၊ စက်ရုံနှင့် အဆောက်အဦကြီးများ၊ လမ်းမကျယ်များကား အမှုန်အမွှား အသွင်ဖြင့် ပျောက်ကွယ် သွားခဲ့လေပြီ ဖြစ်သည်။

ရုတ်တရက် တစ်ကမ္ဘာလုံး တိတ်ဆိတ် သွား၏။

***

All Chapters